Sunday, November 13, 2011

NLD နဲ့ ၈၈ ညီညွတ်ရေး တပ်ပေါင်းစု (မောင်ဝံသ)

"နောက်ဆုံးတော့ အခမ်းအနားမှူးဖြစ်တဲ့ ကျွန်တော်က မူလ အစည်းအဝေးအစီအစဉ်မှာမပါတဲ့ ခေါင်းစဉ်ကို ကိုမိုးသီးက တင်နေတာဖြစ်လို့ ဆုံးဖြတ်စရာ မလိုပါဘူး၊ နောက်အစည်းအဝေးတစ်ခု၊ ဒေါ်စုပါ ပါဝင်တဲ့ အစည်းအဝေးတစ်ခုကျမှ အာဂျင်ဒါထဲ ကြိုထည့်ပြီး ဆုံးဖြတ်ကြတာပေါ့လို့ ပြောလိုက်တော့ မိုးသီး နောက်ဆုတ်သွားတယ်။ သို့ပေမယ့် ကျွန်တော့်အဖို့ ဘယ်တော့မှ မမေ့နိုင်တဲ့ စကားတွေကို ပြောပြီး နောက်ဆုတ်သွားတာပါ ..."

၁၁ သုံးလုံး သို့မဟုတ် ၁ ခြောက်လုံး ဂုဏ်ပြုမိတ်ဆုံပွဲကို Eleven မီဒီယာအုပ်စုက ဆီဒိုးနားဟိုတယ်မှာ ကျင်းပတဲ့အကြောင်း ကျွန်တော်စာတိုတစ်ပုဒ်ရေးပြီး Facebook တင်ခဲ့ပါတယ်။ 
နိဂုံးချုပ်အဖြစ် အောက်ပါစာသားများကို ရေးလိုက်ပါတယ်။ 

ည ၉ နာရီခွဲလောက်မှာ ပွဲပြီးသွားပေမယ့် ကျွန်တော် မပြန်ဖြစ်သေးဘူး။ ဒီလောက် မင်းပေါင်းစုံတဲ့ ပရိသတ်ကို ထိုင်ကြည့်နေမိတယ်။ အထူးသဖြင့် ၈၈ မျိုးဆက်တွေ။ သူတို့တွေဟာ အသက် ၄၅ နဲ့ ၅၀ ကြားရှိရော့မယ်။ သူတို့တွေဟာ ကျွန်တော်တို့နိုင်ငံရဲ့ အနာဂတ်နိုင်ငံရေးတာဝန်ယူမယ့်သူတွေပဲလို့ ကျွန်တော်ယုံကြည်တယ်။ ထောင်ထဲက မကြာခင် ပြန်ထွက်လာကြမယ့် ၈၈ မျိုးဆက်တွေနဲ့ သူတို့ ပေါင်းစည်းမိသွားရင် လေးစားခန့်ညားလောက်တဲ့ နိုင်ငံရေးအင်အားကြီး ဖြစ်သွားမယ်လို့ ကျွန်တော် ယုံကြည်နေတယ်။

မှတ်ပုံတင်ဖြစ်လိမ့်မယ်လို့ယုံကြည်ရတဲ့ NLD နဲ့ ၈၈ တွေ အားဖြည့်လိုက်ရင် မြန်မာ့နိုင်ငံရေး အခင်းအကျင်းတွေဟာ ပိုပြီး ပြည့်စုံ ပိုပြီး လှပလာလိမ့်မယ်လို့ ကျွန်တော် မြင်ယောင်နေမိပါတယ်ဗျာ။ 

အထက်ဖော်ပြပါ ကျွန်တော့်စာကို ဖတ်မိတဲ့ထဲက Facebook မိတ်ဆွေတစ်ယောက်က “၈၈ကို NLD အောက် ဇာတ်သွင်းဖို့ လော်ဘီမလုပ်ပါနဲ့ ဆရာရေ ... ကိုယ့်ပုံစံ ကိုယ့်ရပ်တည်မှုနဲ့ ကိုယ်လျှောက်လှမ်းဖို့ပဲ အားပေးသင့်ပါတယ်” လို့ ကွန်မင့်ရေးထားတာ တွေ့တယ်။

ကျွန်တော် စိတ်မကောင်းဖြစ်ရပါတယ်။ အဲဒီ ကွန်မင့်ရေးသူဟာ ကျွန်တော်နဲ့ စာချင်း ရင်းနှီးပါတယ်။ ယခင် သူ့အမြင်တွေကို ကျွန်တော်လေးလေးစားစား စောင့်ဖတ်နေခဲ့ပါတယ်။ သူဟာ ခုတလော ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးခြေလှမ်းတွေကို အဆက်မပြတ် ဝေဖန်နေသူ ဖြစ်လာပါတယ်။ သူ့ဝေဖန်ရေးတွေကိုလည်း ကျွန်တော် လေးစားပါတယ်။ 

သို့ပေမယ့် နည်းနည်း ရင့်သီးလာတယ်လို့ထင်ရတာ တစ်ခုကိုတော့ ကျွန်တော်က ထောက်ပြခဲ့ပါတယ်။ ခုတော့ ကျွန်တော့်ကိုပါ လွဲမှားတဲ့အမြင်နဲ့ ဝေဖန်လာပြန်ပါတယ်။ ကျွန်တော် ရေးခဲ့တဲ့စာသားတွေထဲမှာ ၈၈ ကို NLD အောက်ဇာတ်သွင်းဖို့ လော်ဘီလုပ်တယ် ပြောရအောင် တစ်ခုမှ မပါပါဘူး။ ကျွန်တော်ဟာ ၈၈ တွေကို တန်ဖိုးထားပါတယ်။ သူတို့ကိုယ်ပိုင်ရပ်တည်ဖို့ကိုပဲ ကျွန်တော် ဘယ်လို အားပေးခဲ့တယ်ဆိုတာ မင်းကိုနိုင် လွတ်လာရင် ကိုယ်တိုင်မေးကြည့်ပါ။ ခုချိန်မှာ ကျွန်တော်ထုတ်မပြောချင်ပါဘူး။ မင်းကိုနိုင်ကိုယ်တိုင်က ပြောတာကိုပဲ နားထောင်လိုက်ပါ။ 

ကိုင်း အဲဒီကိစ္စထားလိုက်ပြီး ပြောချင်တာနဲ့ ပြောသင့်တာလေးတွေ ဆက်ကြရအောင်။

၈၈ ခေါင်းဆောင်တွေဦးဆောင်တဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနဲ့ ဗကသတို့က NLD ခေါင်းဆောင် ဒေါ်စုကို ထိပ်မှာတင်ပြီး တပ်ပေါင်းစုဖွဲ့ဖို့ တွန်းအားပေးခဲ့ကြတဲ့ ဖြစ်ရပ်တစ်ခုအကြောင်း ပြောပြချင်တာပါ။ 

၁၉၈၉ခု ဖေဖော်ဝါရီလဒုတိယပတ်အတွင်း ဒေါ်စုရဲ့ခြံထဲက အဖွဲ့ချုပ် စည်းဝေးခန်းမ (တဲကြီး)မှာ မင်းကိုနိုင် ခေါင်းဆောင်တဲ့ ဗကသ အမှုဆောင်တွေ၊ မိုးသီးဇွန် ခေါင်းဆောင်တဲ့ လူ့ဘောင်သစ် အမှုဆောင်တွေ၊ အခြား မဟာမိတ်ပါတီ ကိုယ်စားလှယ်တွေနဲ့ အဖွဲ့ချုပ်ကိုယ်စားလှယ်တွေ အစည်းအဝေး ကျင်းပတယ်။ အဲဒီအချိန်မှာ ဒေါ်စုက ရှမ်းပြည်နယ်ကို ခရီးထွက်နေတယ်။ ဦးမိုးသူပါသွားတယ်။ ဖေဖောဝ၀ါရီ ၁၂ ပြည်ထောင်စုနေ့မှာ ပင်လုံကျောက်တိုင်ရှေ့ လူထုအစည်းအဝေးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြည်ထောင်စုတိုင်းရင်းသားများနဲ့ ညီညွတ်ရေးသဘောထားကို ဒေါ်စုက ကြေညာခဲ့ပါတယ်။

အဲဒီရက်ပိုင်းမှာပဲ အဖွဲ့ချုပ်က မဟာမိတ်များနဲ့ ပုံမှန်အစည်းအဝေးပြုလုပ်တာပါ။ ဆရာဦးဝင်းတင်က သဘာပတိ၊ ကျွန်တော်က အခမ်းအနားမှူး လုပ်ပါတယ်။

မဟာမိတ်အဖွဲ့တွေက ကိုယ်စားလှယ်တွေ မိန့်ခွန်းတွေ ပြောကြပါတယ်။ ဗကသ ဥက္ကဋ္ဌ မင်းကိုနိုင်က လေအေးလေးနဲ့ပဲ ဒီမိုကရေစီနိုင်ငံရေးအင်အားစုများ ညီညွတ်ကြဖို့ ၈၈ ကျောင်းသားများက လိုလားကြောင်း ပြောသွားတယ်။

မိုးသီးအလှည့်ကျတော့ သူ့ထုံးစံအတိုင်း စိတ်လိုက်မာန်ပါ ပြောတော့တာပါပဲ။ ပြောရင်းပြောရင်း ပါတီစုံညီညွတ်ရေး တပ်ပေါင်းစုဖွဲ့စည်းရေး လုပ်ရမယ်လို့ တောင်းဆိုပါတော့တယ်။ ဒေါ်စုကို ခေါင်းဆောင် တင်မယ်။ စစ်မှန်တဲ့ ဒီမိုကရေစီပါတီအားလုံးပါဝင်တဲ့ တပ်ပေါင်းစု ဖြစ်ရမယ်လို့ အဆိုပြုပါတယ်။ သူ့အဆိုကို ဒီအစည်းအဝေးက ဆုံးဖြတ်အတည်ပြုဖို့ ကိုမိုးသီးက တောင်းဆိုတော့ သဘာပတိ ဆရာဦးဝင်းတင်က ခုချက်ချင်း ဆုံးဖြတ်ဖို့ဆိုတာက ခင်ဗျားတို့ ခေါင်းဆောင်တင်မယ့် ဒေါ်စုက ဒီအစည်းအဝေးထဲမှာ မရှိဘူး၊ သူ့သဘောထားကို ရဖို့လည်း လိုသေးတယ်။ နောက်တစ်ခုက အဖွဲ့ချုပ်အနေနဲ့လည်း ဗဟိုအမှုဆောင် အစည်းအဝေးထိုင်ပြီးမှ ဆုံးဖြတ်လို့ရမှာဖြစ်တယ်လို့ ရှင်းပြပါတယ်။ 

မိုးသီးဇွန်က သူတို့လိုလားချက်တွေကို အားကြိုးမာန်တက် ဆက်ရှင်းပြပြီး အချိန်ဆွဲမနေပါနဲ့၊ အခု အစည်းအဝေးမှာ ခင်ဗျားတို့ NLD က ဗဟိုကော်မတီတွေ အားလုံးလိုလို တက်နေတာပဲ၊ ဆုံးဖြတ်လိုက်ပေါ့ တဲ့။ နောက်ဆုံးတော့ အခမ်းအနားမှူးဖြစ်တဲ့ ကျွန်တော်က မူလ အစည်းအဝေးအစီအစဉ်မှာမပါတဲ့ ခေါင်းစဉ်ကို ကိုမိုးသီးက တင်နေတာဖြစ်လို့ ဆုံးဖြတ်စရာ မလိုပါဘူး၊ နောက်အစည်းအဝေးတစ်ခု၊ ဒေါ်စုပါ ပါဝင်တဲ့ အစည်းအဝေးတစ်ခုကျမှ အာဂျင်ဒါထဲ ကြိုထည့်ပြီး ဆုံးဖြတ်ကြတာပေါ့လို့ ပြောလိုက်တော့ မိုးသီး နောက်ဆုတ်သွားတယ်။ သို့ပေမယ့် ကျွန်တော့်အဖို့ ဘယ်တော့မှ မမေ့နိုင်တဲ့ စကားတွေကို ပြောပြီး နောက်ဆုတ်သွားတာပါ။

“ခင်ဗျားတို့ မဆုံးဖြတ်နိုင်လို့ မဆုံးဖြတ်ရဲလို့ မဆုံးဖြတ်တာ မဟုတ်လား။ ခင်ဗျားတို့က ဘာနဲ့တူနေလဲဆိုတော့ ကျောင်းထိုင်ဆရာတော်မရှိရင် ဘာမှ ကိုယ်ပိုင်ဉာဏ်နဲ့မလုပ်ရဲတဲ့ ကိုရင်လေးတွေ၊ ကပ္ပိယတွေလို ဖြစ်နေပြီ” တဲ့ဗျာ။ 

ဆရာဦးဝင်းတင်ကို ထိပ်တိုက် မပြောချင်လို့လည်း ဖြစ်ပါလိမ့်မယ်။ ကျွန်တော့်ကို ဦးတည်ပြီး အဲဒီစကားတွေကို ပြောချလိုက်တာပါ။ ကျန်တဲ့ ဗဟိုကော်မတီလူကြီးတွေလည်း ဟာခနဲ ဖြစ်ကုန်ကြတာပေါ့။ ဒါပေမယ့် ကျွန်တော်ကတော့ စိတ်ဆိုးဟန်လုံးဝမပြဘဲ ရယ်နေလိုက်ပါတယ်။ ကျန်သေးတဲ့ အစည်းအဝေးအစီအစဉ်တွေ ပြီးအောင် ဆက်လုပ်ပြီး အောင်မြင်စွာ ရုပ်သိမ်းနိုင်ခဲ့ပါတယ်။

ကိုမိုးသီးလည်း အဲဒါပြီးတော့ ရက်ပိုင်းအတွင်းမှာပဲ မြေလျှိုးသွားတယ်။ ကိုပေါ်ကတော့ တစ်လလောက်အကြာ မတ်လထဲမှာ လမ်းပေါ်ကနေပဲ အဆွဲခံလိုက်ရတယ်။ သူက ကျွန်တော်တို့ထက် လေးလလောက်စောပြီး အင်းစိန်ရောက်တယ်။ ကျွန်တော်တို့က ဇူလိုင် ၂၀ မှာ ပါသွားပြီး သြဂုတ်လထဲကျမှ စစ်ကြောရေးကနေ အင်းစိန်ရောက်၊ နောက်တော့ ကိုပေါ်တို့ရှိနေတဲ့ အထူးတိုက်ကို ရောက်သွားတယ်။ 

စကားစပ်မိတဲ့အခါ “မိုးသီးက တို့ကို ကပ္ပိယတို့ ကိုရင်လေးတွေတို့ပြောတာ ကိုပေါ် ဘယ်လိုမြင်လဲ၊ သူနဲ့ သဘောထားအတူတူပဲလား” လို့ ကျွန်တော်ကမေးတော့ အဲဒါကတော့ မိုးသီးအမြင်ပေါ့ ကပ္ပိယကြီးရယ်လို့ နောက်သလိုလို ပြောင်သလိုလို ပြန်ပြောပါတယ်။ 

ကိုင်း ၈၈ တွေကို NLD အောက်ဇာတ်သွင်းဖို့ လော်ဘီ မလုပ်ပါနဲ့ လို့ ကျွန်တော့်ကို သတိပေးတဲ့ မိတ်ဆွေရေ -

ဒီစာလေးဖတ်ပြီးရင် ဘယ်သူက ဘယ်သူ့ကို ဇာတ်သွင်းချင်ခဲ့တာလဲဆိုတာ စဉ်းစားမိပါလိမ့်မယ်ဗျာ။
ဘာပဲပြောပြော ခုချိန်မှာတော့ NLD နဲ့ ၈၈ ညီညွတ်ရေးတပ်ပေါင်းစု ဖြစ်နိုင်ရင်တော့ အကောင်းဆုံးပေါ့။

မောင်ဝံသ
maungwuntha@gmail.com


 

No comments: