ဒီအပတ်မှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တရားဝင်ပါတီအဖြစ် ပြန်မှတ်ပုံတင်မယ့်အခြေအနေ၊ မြန်မာပြည် မတိုးတက်တာ အဓိက ဘာကြောင့်လဲ၊ ရခိုင်ပြည်နယ်အတွင်းက ရခိုင်လူမျိုးတွေနဲ့ အစ္စလာမ်ဘာသာဝင်တွေ ပဋိပက္ခအပေါ် အမြင် စတဲ့ ဗွီအိုအေ သောတရှင်တွေရဲ့ မေးမြန်းချက်နဲ့အတူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားတုံ့ပြန် ဖြေဆိုမှုကိုပါ ကြားရမှာပါ။
အရင်ဆုံးတော့ MTU ဝန်ထမ်းများဆိုတဲ့ မေးမြန်းချက်နဲ့ စတင်ပါမယ်။
မေး။ MTU က နြူကလီယားကျောင်းသားများ ဘွဲ့ကိုရဖို့ အချိန်ကုန် ဆုပ်လည်းစူး စားလည်းရူး ဘဝရောက်နေတာကို အမေလည်းတဆင့်ကြားသိပြီးဖြစ်မယ် ထင်ပါတယ်။ အမေ ဘယ်လို ထင်မြင်မိပါသလဲ၊ အမေ ဘယ်လို ကူညီပေးနိုင်မလဲ သိချင်ပါတယ်။
ဖြေ။ အမေတော့ MTU ဝန်ထမ်းတွေနဲ့ ပတ်သက်လို့ ဂဃနဏ မသိပါဘူး။ နြူကလီယားသင်တန်းတွေ ရပ်ထားတာကို ဆိုလိုတာဆိုရင် ဒီကိစ္စဟာ သက်ဆိုင်ရာဌာန ဆရာတွေ တာဝန်ခံတွေနဲ့ ဆွေးနွေးညှိနှိုင်းရမှာဖြစ်ပါတယ်။ ဘွဲ့ရခါနီးအထိ သင်ခဲ့ပြီးပြီဆိုရင် ဘွဲ့တခုခုတော့ ပေးသင့်တယ်ဆိုတာကို ဆရာတွေကလည်း သဘောပေါက်မယ်လို့ ထင်ပါတယ်။
အီးမေလ်းကတဆင့် အမည်ဖော်ပြမထားတဲ့ စာတစောင်ကတော့ မြန်မာပြည် မတိုးတက်ခြင်းရဲ့ တရားခံကို မေးထားပါတယ်။
ဖြေ။ မေးခွန်းက တိုတိုဆိုပေမယ့် အဖြေတိုတိုနဲ့တော့ အားလုံးခြုံငုံမိမှာ မဟုတ်ပါဘူး။ ဒီတော့ အဓိကကျတဲ့ အချက်တခုကိုပဲ ပြောပါရစေ။ ဒါကတော့ ပညာရေးဘက်မှာ အင်မတန်ခေတ်နောက်ကျသွားတဲ့ ကိစ္စဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ ရေရှည်ဖွံဖြိုးတိုးတက်ရေးအတွက် ပညာရေးဘက်မှာ အထူးအလေးထားပြီး လုပ်ကိုင်ဆောင်ရွက်ဖို့လိုပါတယ်။
ကိုဖိုးထက်ဆိုတဲ့ သောတရှင်တဦးကတော့ သူတို့ မြိတ်မြို့အခြေအနေ ဒေါ်စုကို တိုင်တင်ပြောထားတာပါ။
မေး။ အမေ့စုကို မေးစရာရှိလို့ပါ။ မြိတ်မြို့တွင် လမ်းများပျက်စီးနေသည်ကို ယနေ့တိုင် ပြင်ဆင်ခြင်း မရှိသေးပါ။
အစိုးရအင်ဂျင်နီရာများကို သိစေချင်ပါသည်။
ဖြေ။ မြိတ်မြို့ကလမ်းတွေ မပြင်တာကို ဗွီအိုအေ အမေးအဖြေကဏ္ဍကို နားထောင်နေတဲ့ သက်ဆိုင်ရာ အင်ဂျင်နီယာတွေ ဌာနဝန်ထမ်းတွေ သတိပြုပြီး တတ်နိုင်သမျှလုပ်ပေးကြပါလို့ မေတ္တာရပ်ခံလိုက်ပါတယ်။
ရခိုင်ပြည်နယ် မာန်အောင်မြို့က ကိုမြတ်သိန်းထွန်းကတော့ ရခိုင်ပြည်နယ်အတွင်းက ရခိုင်သားတွေနဲ့ အစ္စလာမ်ဘာသာဝင်များရဲ့ ပဋိပက္ခဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ထံ သူ့ရဲ့အမြင် တောင်းခံထားပါတယ်။
မေး။ ကျွန်တော်တို့ မြန်မာနိုင်ငံ၏ ဂုဏ်ယူလေးစားစရာ ငြိမ်းချမ်းရေး နိုဗယ်ဆုရှင်တစ်ယောက်အနေနှင့် ပြည်သူ့ဆန္ဒ ပြည်သူ့အသံကို နားထောင်ပြီး၊ အဆိုပါဆန္ဒတွေကို ဖြည့်စွက်ရန် သက်စွန့်ကြိုးပမ်းဆောင်ရွက်ခဲ့သည်ကို ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးလောကထဲ စတင်ခြေချခဲ့ချိန်မှစ၍ ယခုချိန်ထိ သံသယကင်းစွာ ကြားမြင် ယုံကြည်ခဲ့ရပါသည်။
ယခု ကျနော်တို့နိုင်ငံ အပြောင်းအလဲလမ်းကြောင်းပေါ် စတင်လျှောက်လှမ်းနေသည့်အချိန်မှာ တစ်ခါတစ်ရံ အစဉ်အလာစွဲ ကြီးမားလှသည့် မြန်မာပြည်သူလူထု၏ သဘောဆန္ဒနှင့် နိုင်ငံတကာ၏ လူ့အခွင့်အရေးနှင့် ပတ်သက်သည့် စံချိန်စံညွှန်းများ ထိပ်တိုက်တွေ့လာခဲ့သည်ရှိသော် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် မည်သည့်ဘက်က ရပ်တည်မည်ကို ရိုးသားစွာ သိရှိလိုပါသည်။
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသော ဒေသခံရခိုင်လူမျိုးများနှင့် နိုင်ငံသားဖြစ်ခွင့်မရသေးသော ဘင်္ဂလားအမျိုးအနွယ် အစ္စလာမ်ဘာသာဝင်များ၏ ပဋိပက္ခများအပေါ် မြန်မာနိုင်ငံသားအများစု၏ဆန္ဒနှင့် နိုင်ငံတကာ လူ့အခွင့်အရေး တောင်းဆိုချက်များ၊ အဆိုပါနှစ်ချက်တွင် မည်သည့်အချက်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ထောက်ခံမည်ဆိုသည်ကို သိရှိလိုပါသည်။ အဆိုပါလူမျိုးစုများနှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် လွှတ်တော် (သို့) အစိုးရအဖွဲ့ အတွင်း ဆုံးဖြတ်ပိုင်ခွင့်များရရှိလာမည့်အချိန်တွင် မည်သို့ကိုင်တွယ်ဖြေရှင်းသွားမည်ကိုပါ သိရှိလိုပါသည်။
ဖြေ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဘာအစိုးရ အာဏာမှမရှိသေးဘဲနဲ့ ဘယ်လိုအခြေအနေမှာ ဘာလုပ်မယ်ဆိုတာကို ကြိုတင်ပြောဖို့ မသင့်တော်သေးဘူးလို့ ထင်ပါတယ်။ မူအားဖြင့်ပြောရမယ်ဆိုရင် နိုင်ငံတနိုင်ငံမှာ ဥပဒေစိုးမိုးရေးကို အထွဋ်အထိပ်ထားရမှာပါ။ ဥပဒေအရ ပြဌာန်းထားတဲ့ အခွင့်အရေးတွေကို ထိမ်းသိမ်းစောင့်ရှောက်ဖို့ တာဝန်ဟာ အစိုးရအဖွဲ့တွေ နိုင်ငံရေးပါတီတွေမှာသာမက ပြည်သူတွေမှာလည်း ရှိပါတယ်။ အားလုံးဂရုပြုရမှာက အခြားလူတွေရဲ့ အခွင့်အရေးတွေကို အလေးမထားရင် တချိန်တခါမှာ ကိုယ့်အခွင့်အရေးတွေကိုလည်း ထိပါးလာနိုင်ပါတယ်။
၈၈ မျိုးဆက်ကျောင်းသား မြတ်မင်းလှိုင်ဆိုတဲ့ သောတရှင်ကတော့ မြန်မာလူမျိုးတွေမှာဖြစ်နေတဲ့ စိတ်ဓာတ်ဆိုပြီး သူ့အမြင် ဒေါ်အောင်ဆန်းစုကြည်ကို တိုင်တည်ရေးသားထားပါတယ်။
မေး။ အမေ ရွေးကောက်ပွဲဝင်ပါလို့ သားတို့ တိုက်တွန်းလိုက်ပါရစေ။ မှန်မှန်ကန်ကန်နဲ့ တိုင်းပြည်လူထု ကောင်းစားဖို့ အရေးဟာ အမေပဲရှိတယ်လို့ ယုံကြည်မိတယ်။ မြန်မာလူမျိုးတွေဟာ ဘယ်လိုဖြစ်နေလဲဆိုရင် တဦးအပေါ်တဦး မနာလိုတဲ့စိတ်၊ နှိမ်ချလိုချင်တဲ့စိတ်၊ မတူတဲ့အမြင်ကို တင်ပြလိုက်ရင် Complain များတယ်။ အထက်ဖား အောက်ဖိ၊ တပည့်မွေး ဆရာမွေး၊ အရည်ချင်းကို ဦးစားမပေး၊ မိမိနဲ့ပတ်သက်တဲ့ လူတွေကိုသာ ဦးစားပေးတဲ့စိတ်မျိုးဟာ အစိုးရအဖွဲ့အစည်းထဲမှာတင် မဟုတ်ပါဘူး Company, Private လုပ်ငန်းတွေမှာ အစရှိနေလို့ပါ။ နိုင်ငံခြား တိုင်းပြည်ဆိုရင်လည်း ဗမာများရင်ပိုပြီး သတိထားရတယ်လို့ သင်္ဘောသားများရဲ့ ပြောစကားလည်း ကြားရပါတယ် အမေ။
ရွှေဂုံတိုင်ရုံးမှာ အမေမိန့်ခွန်းပြောတဲ့အထဲ မတူတဲ့အမြင်တွေကို တဖြည်းဖြည်း ဖလှယ် သင်ယူသွားမယ်ဆိုတဲ့ စကားကို သား အရမ်းအားရကျေနပ်မိတယ် အမေ။ နောက်တခုက လူဆိုးရယ် လူကောင်းရယ်ဟု အယုံကြည် မရှိဘူး၊ လူတော်ရယ် လူညံ့ရယ်ဟု အယုံကြည်မရှိဘူး၊ လူတယောက်ဟာ သင်ယူစိတ်ရှိဖို့နဲ့ မရှိဖို့သာ အရေးကြီးတယ်ဆိုတဲ့စကား သားတို့ ကြိုးစားချင်တဲ့စိတ်ကို အင်မတန် အားရကျေနပ်မိတယ် အမေ။
ဖြေ။ မြန်မာလူမျိုးတွေရဲ့ အားနည်းချက်ကို အသေအချာ လေ့လာထားပြီး ပြုပြင်ချင်စိတ် ထက်သန်တဲ့ လူငယ်တွေ ရှိနေတာဟာ အမေတို့နိုင်ငံအတွက် အားရစရာ ကိစ္စတခုပါပဲ။ လူဆိုတာ အမှားရှိနိုင်ပါတယ်။ ဒီအမှားတွေကို ရင်ဆိုင်ရဲတဲ့ သတ္တိနဲ့ ပြုပြင်နိုင်တဲ့ အင်အားတွေက အဓိကပါပဲ။ ဒါကြောင့် အမေတို့နိုင်ငံအတွက် မျှော်လင့်ချက်တွေထားပြီး ရုန်းကန်လှုပ်ရှားနေတာပါ။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှတ်ပုံတင်ရေး မတင်ရေးနဲ့ ရွေးကောက်ပွဲဝင်ရေး မဝင်ရေးကိစ္စတွေကို များမကြာမီ ဗဟိုအစည်းအဝေးခေါ်ပြီး ဆုံးဖြတ်ချက်ချမှာဖြစ်ပါတယ်။ ဒီလို ဆုံးဖြတ်တဲ့နေရာမှာ နိုင်ငံရဲ့လိုအပ်ချက်တွေနဲ့ ပြည်သူတွေရဲ့မျှော်လင့်ချက်တွေကို အဓိကထားပြီး ဆောင်ရွက်မှာပါ။ အမေတို့ သားတို့လိုချင်နေတဲ့ ဒီမိုကရေစီ ပြည်ထောင်စုကြီး ဖြစ်ဖို့အရေးကို မျက်ခြေမပြတ် လုပ်သွားမှာဖြစ်ပါတယ်။
အခုနောက်ဆုံးတော့ မောင်သုညဆိုတဲ့ သောတရှင်ရဲ့ အန်အယ်ဒီ မှတ်ပုံတင်ရေးကိစ္စ မေးမြန်းချက်နဲ့ အဆုံးသတ်ချင်ပါတယ်။
မေး။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ။ မသိလို့ အန်တီကို တစ်ခုမေးပါရစေ။ ၂၀၀၈ ဖွဲ့စည်းပုံကို အခြေခံပြီး၊ လက်ရှိ ဦးသိန်းစိန် အစိုးရကိုထောက်ခံကာ NLD က ပါတီမှတ်ပုံတင်ခဲ့သည်ရှိသော် ၉၀ ခုနှစ် ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော ရှမ်း၊ ရခိုင် ပါတီတို့ကို မျက်ကွယ်ပြုရာ မရောက်ပေဘူးလား။ နောက် တချက်က ဖက်ဒရယ်မူကို အန်တီတစ်ဦးတည်းအနေနဲ့ လက်ခံပါသလား ဖြေကြားစေလိုပါသည်။
ဖြေ။ ၂၀၁၀ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ NLD မှတ်ပုံမတင်နိုင်ခဲ့တဲ့ အကြောင်းအချက်အလက်တွေကို တရားဝင် ထုတ်ပြန်ကြေညာထားပြီးဖြစ်ပါတယ်။ အန်တီတို့ဟာ ဒီမူတွေပေါ်မှာ အခြေခံပြီး မှတ်ပုံတင်ရေး မတင်ရေးကို ဆုံးဖြတ်မှာပါ။ NLD နဲ့ နှစ်ပေါင်းများစွာ ခိုင်ခိုင်မာမာ လက်တွဲခဲ့တဲ့ တိုင်းရင်းသားပါတီတွေကလည်း ဒီမူတွေကိုပဲ ကိုင်စွဲထားတာကြောင့် NLD ကပဲ မတူတဲ့သဘောထားနဲ့ လုပ်သွားတာမျိုး ဖြစ်မှာမဟုတ်ပါဘူး။ အန်တီက စစ်မှန်တဲ့ ပြည်ထောင်စုကို လိုလားသလို ဖယ်ဒရယ်ဆိုတဲ့ စကားလုံးအပေါ်မှာ နားလည်မှုလွဲပြီး စိုးရိမ်စရာမရှိဘူးလို့လည်း ယုံကြည်ပါတယ်။
ဗွီအိုအေ သောတရှင်တွေရဲ့ မေးခွန်းတွေကို ဖြေကြားပေးတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဗွီအိုအေ မြန်မာပိုင်းက အထူးကျေးဇူးတင်ပါတယ်။ အခုနားဆင်ခဲ့ကြရတာကတော့ ဗွီအိုအေ သောတရှင်တွေရဲ့ မှတ်ချက်၊ အကြံပေးချက်နဲ့ မေးခွန်းတွေအပေါ် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားအမြင်နဲ့ အဖြေတွေ ဖြစ်ပါတယ်။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗွီအိုအေ သောတရှင်တွေရဲ့ အမေးအဖြေ အစီအစဉ်ကို သီတင်းပတ်စဉ် ဗုဒ္ဓဟူးနေ့ မနက်ဘက် တိုက်ရိုက်လေလှိုင်း အစီအစဉ်နဲ့အတူ ထုတ်လွှင့်ပေးနေပြီး စနေ ညဘက် အစီအစဉ်မှာ ပြန်လည်နားဆင်နိုင်ပါတယ်။
ဗွီအိုအေ သောတရှင်တွေနဲ့ မြန်မာလူထုအနေနဲ့ မြန်မာ့နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စတာတွေနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို မေးမြန်းချင်တာတွေရှိရင် ဗွီအိုအေ အီးမေးလိပ်စာ burmese@voanews.com ဆီ စာနဲ့ပဲဖြစ်ဖြစ်၊ အသံဖိုင်နဲ့ပဲဖြစ်ဖြစ် ကြိုတင်ပေးပို့ထားလို့ ရပါတယ်။
No comments:
Post a Comment