ဒီသတင်းပတ်မှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြန်မှတ်ပုံတင်မယ့် အလားအလာနဲ့ပတ်သက်ပြီးတော့ သောတရှင်တွေရဲ့ ထင်မြင်ယူဆချက်နဲ့ မေးမြန်းချက်တွေ၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ မေးမြန်းချက်၊ ၂၀၀၈ ဖွဲ့စည်းပုံအရ မြန်မာနိုင်ငံတော် အလံသစ်နဲ့ပတ်သက်လို့ အမြင်သဘောထား မေးမြန်းချက်၊ စစ်တပ် တမတ်သား လွှတ်တော် အပါအဝင် ဖွဲ့စည်းပုံ ပြန်ပြင်ဆင်နိုင်ရေးအလားအလာ စတာတွေအပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်က ပြန်လည် တုံ့ပြန်ဆွေးနွေးထားပါတယ်။
အလံသစ်နဲ့ပတ်သက်လို့ သဘောထားကို တောင်ကြီးက ဂျော်နီထွန်းဆိုတဲ့ သောတရှင်က အင်္ဂလိပ်လို့ ရေးသား မေးမြန်းထားပါတယ်။ ဒါကို အနှစ်ချုပ်ပြီး ဖတ်ပြပါမယ်။
မေး။ မြန်မာအလံသစ်နဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ကို မေးမြန်းလိုပါတယ် တဲ့၊ သူ့အမြင်မှာတော့ ဒီအလံသစ်ကို သူ မကြိုက်ဘူးလို့ ရေးပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့အမြင်ကိုလည်း ပြန်လည်တောင်းခံထားပါတယ်။ ဒါကြောင့်မို့ အလံသစ်ကို ပြန်လဲပြောင်းလဲလို့ရနိုင်မလား မေးမြန်းထားပါတယ်။ အလံသစ်အတွက် အကောင်းဆုံးပုံစံတခုရဖို့ ပုံစံမျိုးစုံကို နှိုင်းယှဉ်ရွေးချယ်ခွင့်ရရင် ကောင်းမယ်လို့ သူ့သဘောထားကို ပြောထားပါတယ်။
ရန်ကုန်မြို့က ကိုဇော်နိုင်ဦးဆိုတဲ့ သောတရှင်ကတော့ ပြည်တွင်းစစ်နဲ့ပတ်သက်လို့ အမြင်သဘောထားကို မေးမြန်းထားပါတယ်။
မေး။ အန်တီစုခင်ဗျား ကျန်းမာပါစေလို့ ကျနော် ဆုတောင်းလိုက်ပါတယ်။ ကျနော် မေးခွန်းတခု မေးချင်ပါတယ်။ လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က အန်တီစုက ပြည်တွင်းစစ်နဲ့ပတ်သက်လို့ ပြောဖူးပါတယ်။ ဒီပြည်တွင်းစစ်ဖြစ်ရတဲ့အကြောင်းကတော့ လွှတ်တော်တွေ မရှိလို့ပေါ့လေ။ လွှတ်တော်ရှိရင် ဒီလွတ်တော်တွေမှာ ပြောကြဆိုကြရင် နယ်စပ်တွေမှာ တိုက်စရာမလိုဘူးပေါ့။ ဒီနေ့တော့ လွှတ်တော်လည်း ရှိနေပြီ၊ ဒီမှာ လွှတ်တော်ရှိနေရဲ့သားနဲ့ နယ်စပ်တွေမှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်နေတယ်ဆိုတာတွေ့ရတော့ ဒါကို ဘာဖြစ်လို့လဲ ကျနော် သိချင်ပါတယ်။
ဖြေ။ လွှတ်တော်တွေဟာ ခိုင်မာပြီး အနှစ်သာရပြည့်ဝတဲ့ ဒီမိုကရေစီအဆောက်အဦတွေအဆင့်ကို ရောက်ဖို့လိုသလို စနေပြီဖြစ်တဲ့ စစ်မီးတွေ ငြိမ်းဖို့အတွက်လည်း လုပ်ဆောင်ရပါလိမ့်မယ်။ ကာကွယ်ခြင်းဟာ ကုသခြင်းထက် ပိုပြီး ကောင်းမွန်တယ်လို့ ဆိုသလို၊ ကနဦးကတည်းက ပြဿနာတွေကို လွှတ်တော်တွင်းမှာ ဖြေရှင်းတဲ့ အစဉ်အလာကိုသာ ချမှတ်နိုင်ခဲ့မယ်ဆိုရင် အန်တီပြောသလို ငြင်းခုံစရာကိစ္စတွေကို ငြိမ်းချမ်းတဲ့နိုင်ငံရေးနည်းသုံးပြီး ဖြေရှင်းနိုင်မှာပါ။ အခုအချိန်မှာတော့ ကုစားရမယ့် ကိစ္စတွေကို ကုစားပြီးမှ အန်တီတို့လိုချင်တဲ့ နိုင်ငံရေးနည်းနဲ့ဖြေရှင်းတဲ့အစဉ်အလာကို အကောင်အထည်ဖော်နိုင်မှာ ဖြစ်ပါတယ်။
ကျော်ဝင်းထွန်းဆိုတဲ့ သောတရှင်ကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှတ်ပုံတင်မယ့်ကိစ္စမှာ ရှေ့ဆက်ဘာတွေ လုပ်ဖို့ အစီအစဉ်ရှိသလဲဆိုပြီးတော့ မေးမြန်းထားပါတယ်။
မေး။ အန်တီစုခင်ဗျား အကယ်လို့များ NLD က ပါတီမှတ်ပုံတင် ကြားဖြတ်ရွေးကောက်ပွဲဝင်၊ နောက်ထပ် ရွေးကောက်ပွဲတခုလည်း ထပ်ဝင်ပြီးလို့ ပြည်သူ့သဘောထားနဲ့ တရားဥပဒေစိုးမိုးတဲ့ခေတ်ကို မရောက်ခဲ့ရင် နောက်ထပ် ငါးနှစ် ခြောက်နှစ်ကြာပြီးနောက် NLD က ဘာလုပ်ဖို့ အစီအစဉ်ရှိသလဲဆိုတာ ပြည်သူထဲက ပြည်သူတယောက်အနေနဲ့ သိချင်ပါတယ်ခင်ဗျ။ Plan B သဘောမျိုးကို ဆိုလိုတာပါ။ ကျနော်တို့လည်း အဲလိုအခါကျရင် ဘာလုပ်ရမယ်ဆိုတာ သိချင်ပါတယ်။
ဖြေ။ နိုင်ငံရေးမှာ ၅ နှစ် ၆ နှစ်မဆိုထားနဲ့ ငါးရက် ၆ ရက်အတွင်းမှာတောင်မှ အပြောင်းအလဲကြီးတွေ အများကြီး ဖြစ်နိုင်ပါတယ်။ ဒီတော့ ရေရှည်အတွက် စဉ်းစားတဲ့အခါမှာ plan B သာမက plan C D E F တို့ကိုလည်း ဖြစ်နိုင်ချေတွေ အဖြစ် ခေါင်းထဲမှာ ထည့်ထားရပါတယ်။ ဒါပေမယ့် ဒီလို လိုအပ်ရင်သုံးရန် အစီအစဉ်တွေကို ကြေညာဖော်ထုတ်ခြင်းဟာ ဒီလိုအစီအစဉ်တွေ မဖြစ်မြောက်စရာ အကြောင်းတခုလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့်မို့လို့လဲ အမြဲသတိချပ်ရပါတယ်။ အန်တီတို့ အကောင်အထည်ဖော်မယ့် အစီအစဉ်တွေနဲ့ ပတ်သက်လို့ သင့်တော်တဲ့အချိန်အခါမှာပဲ ပြောပြလိမ့်ရှိပါတယ်။
ကိုသီဟဆိုတဲ့ သောတရှင်ကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှတ်ပုံတင်မယ့်အရေးနဲ့ပတ်သက်ပြီးတော့ သဘောထားပေးပို့ ဆွေးနွေးပါတယ်။ သူ့ရေးသားချက် အပြည့်အစုံကို ဒေါ်အောင်ဆန်းစုကြည်ထံ ပေးပို့ခဲ့ပေမယ့်၊ အခု အစီအစဉ်မှာတော့ အချိန်အကန့်အသတ်ကြောင့် အနှစ်ချုပ်ဖော်ပြလိုက်ရပါတယ်။
မေး။ ပထမအကြိမ် ရွေးကောက်ပွဲကျင်းပမယ်ဆိုကတည်းက မဝင်သင့်တဲ့အခြေအနေမို့ မဝင်ဖို့ ဆုံးဖြတ်ခဲ့တာကို ထောက်ခံ ကျေနပ်ခဲ့ပါတယ်။ ဒါပေမယ့် အခုချိန်မှာတော့ NLD အနေနဲ့ ပြန်လည် သုံးသပ်ပြီး ဆုံးဖြတ်သင့်တယ်လို့ ထင်ပါတယ်။ ဒါဟာ ပြောင်းလဲလာတဲ့ အခြေအနေနဲ့ အချိန်အခါအရ ပြောင်းလဲကျင့်သုံးရမယ့် မူဝါဒလို့ လက်ခံပါတယ်။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲသည် စစ်အစိုးရက ကြည်ကြည်ဖြူဖြူ ကျင်းပပေးခဲ့သည့် လွတ်လပ်သော ရွေးကောက်ပွဲ တစ်ခုပါ။ အဲဒီ ရွေးကောက်ပွဲရလာဒ်ကို အခု လွတ်တော်တွင်းမှာ အကောင်အထည် ဖော်လို့ရပါသလား။ တကယ်လို့ ရမယ်ဆိုရင် အဲဒီတုန်းကို ရွေးကောက်ခံခဲ့ရတဲ့ သက်ရှိထင်ရှားရှိနေသူတွေ လွတ်တော်တွင်းကို ပြန်လည် ဝင်ရောက်စေချင်ပါတယ်။
ဖြေ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ဒီလ ၁၈ ရက်နေ့မှာ ပါတီမှတ်ပုံတင်ရေးမတင် ရွေးကောက်ပွဲ ဝင်ရေးမဝင်ရေး ကိစ္စတွေကိုဆုံးဖြတ်ဖို့ ဗဟိုကော်မတီ အစည်းအဝေးခေါ်ထားတယ်ဆိုတာ သား ကြားပြီးလောက်ပြီ ထင်ပါတယ်။ ဒီ စည်းဝေး ဆွေးနွေးပွဲမတိုင်ခင် အထက်ပါကိစ္စတွေနဲ့ ပတ်သက်လို့ အမေ့သဘောထားတွေကို ထုတ်ဖော်ပြောဖို့ဆိုတာ မသင့်တော်ပါဘူး။ အစည်းအဝေးမှာ ပြောဆိုဆုံးဖြတ်တဲ့အခါ သားတို့လို ပြည်သူတွေရဲ့ အမြင်တွေကိုလည်း ထည့်သွင်း စဉ်းစားသွားမှာ ဖြစ်ပါတယ်။ ဒီလို နိုင်ငံရေးကိစ္စတွေမှာ တဦးနဲ့တဦး သဘောထားမတူညီတာတွေ ရှိတာတိုင်အောင် ပြည်သူတွေက စိတ်ပါဝင်စားပြီး ဆွေးနွေးပြောဆိုကြတာဟာ အနာဂတ် ဒီမိုကရေစီပြည်ထောင်စုအတွက် အလားအလာကောင်းဖြစ်လို့ သား တင်ပြတာတွေအတွက်လည်း ကျေးဇူးတင်ပါတယ်။
အခုနောက်ဆုံးမေးခွန်းဖြစ်တဲ့ မတူကွဲပြားခြင်းနဲ့ငြိမ်းချမ်းရေးပါတီက ကိုညိုမင်းလွင်ရဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ဆွေးနွေးမေးမြန်းချက်ကိုလည်း အပြည့်အစုံရေးသားချက်ကို ဒေါ်အောင်ဆန်းစုကြည်ကို ပေးပို့ထားပါတယ်။ ဒါပေမယ့် ဒီနေရာမှာတော့ အနှစ်ချုပ်ဖော်ပြလိုက်ရပါတယ်။ ကိုညိုမင်းလွင်ဟာ ၂၀၁၀ ရွေးကောက်ပွဲမှာ မင်္ဂလာဒုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူဖြစ်ပါတယ်။
မေး။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်အရပ်ရပ်မှာ တပ်မတော်က ၂၅ % ယူထားပြီပါလျှက်၊ ရွေးကောက်ပွဲမှာလည်း တပ်မတော်သားတွေ ဝင်ရောက်မဲပေးပါတယ်၊ ကျွန်တော်အတွေ့အကြုံအရ တပ်မတော်သားအများစုဟာ လွတ်လပ်စွာ မဲပေးခွင့်မရခဲ့တာက တစ်ကြောင်း၊ ၂၅ % ယူထားတဲ့အတွက် တပ်မတော်ကိုယ်စားပြု ကိုယ်စားလှယ်များ အလိုအလျောက်ရရှိပြီးဖြစ်သည်က တစ်ကြောင်းတို့ကြောင့် နောင်ကျင်းပလာနိုင်တဲ့ ကြားဖြတ်ရွေးကောက်ပွဲတွင်ဖြစ်စေ၊ သက်တမ်းပြည့်လို့ ကျင်းပမယ့် ရွေးကောက်ပွဲတွင်ဖြစ်စေ၊ တပ်မတော်သားတွေ ဝင်ရောက်မဲပေးခြင်း၊ အခွင့်အရေး နှစ်ထပ်ကွမ်းယူခြင်းမျိုးကို တားမြစ်လိုပါတယ်၊ နိုင်ငံသားအားလုံးအနေနဲ့လည်း တားမြစ်သင့်တယ်လို့ယူဆပါတယ်။ တပ်မတော်က နိုင်ငံရေးလုပ်တာကို မလိုလားတာမဟုတ်ပါ၊ ပြည်သူတွေထက်အခွင့်အရေး ပို မယူစေလိုခြင်းသာ ဖြစ်ပါတယ်။
ဖြေ။ အန်တီတို့ NLD က နိုင်ငံရေးလမ်းစဉ်တွေနဲ့ပတ်သက်လို့ ဆုံးဖြတ်ချက်မချခင်မှာ တတ်နိုင်သလောက် အဖက်ဖက်က ဆင်ခြင်သုံးသပ်ပါတယ်။ ပြည်သူတွေရဲ့ သဘောထားတွေကိုလည်း ကြိုးစားပြီးတော့ သိနိုင်အောင်လုပ်ပါတယ်။ အခု NLD မှတ်ပုံတင်ရေး မတင်ရေးကိစ္စကိုလည်း သေသေချာချာ လေ့လာစဉ်းစားပြီး ဆုံးဖြတ်ကြမှာပါ။ ဒီမိုကရေစီ သဘောထားအရ မတူညီတဲ့အတွေးအခေါ်တွေရှိမှာကို လက်ခံရင်းနဲ့ အများသဘောတူ ဆုံးဖြတ်ချချတဲ့ မူဝါဒကို စွဲကိုင်မှာဖြစ်ပါတယ်။
ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ပတ်သက်လို့ ဆင်ခြင်သုံးသပ်စရာ အချက်အလက်တွေဟာ တခုမက ရှိပါတယ်။ ဒါတွေဟာလည်း ပြည်သူတွေအပေါ် ဆန္ဒကိုအခြေခံပြီး သက်ဆိုင်ရာအဖွဲ့အစည်း အုပ်စုများအကြားမှာ ညှိုနှိုင်းဖြေရှင်းဖို့ ဦးတည်ရမယ်လိုပဲ မြင်ပါတယ်။
ဗွီအိုအေ သောတရှင်တွေရဲ့ မေးခွန်းတွေကို ဖြေကြားပေးတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဗွီအိုအေ မြန်မာပိုင်းက အထူးကျေးဇူးတင်ပါတယ်။ အခုနားဆင်ခဲ့ကြရတာကတော့ ဗွီအိုအေသောတရှင်တွေရဲ့ မှတ်ချက်၊ အကြံပေးချက်နဲ့ မေးခွန်းတွေအပေါ် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားအမြင်နဲ့ အဖြေတွေ ဖြစ်ပါတယ်။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗွီအိုအေ သောတရှင်တွေရဲ့ အမေးအဖြေ အစီအစဉ်ကို သီတင်းပတ်စဉ် ဗုဒ္ဓဟူးနေ့ မနက်ဘက် တိုက်ရိုက်လေလှိုင်း အစီအစဉ်နဲ့အတူ ထုတ်လွှင့်ပေးနေပြီး စနေ ညဘက် အစီအစဉ်မှာ ပြန်လည်နားဆင်နိုင်ပါတယ်။ ဗွီအိုအေ သောတရှင်တွေနဲ့ မြန်မာလူထုအနေနဲ့ မြန်မာ့နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စတာတွေနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို မေးမြန်းချင်တာတွေရှိရင် ဗွီအိုအေအီးမေးလိပ်စာ burmese@voanews.com ဆီ စာနဲ့ပဲဖြစ်ဖြစ်၊ အသံဖိုင်နဲ့ပဲဖြစ်ဖြစ် ကြိုတင်ပေးပို့ထားလို့ ရပါတယ်။
No comments:
Post a Comment