ဒီနှစ် ...။ ဆောင်းသည် ပီပီသသ။ အေးတမြမြနှင့် ရောက်ရှိနေခဲ့သည်။ ဆောင်းပီသနေကြောင်းကို နှင်းမှုန်တို့က ကြွားဝါဆင်ယင် ခြယ်မှုန်းပြနေလျက်။ ဟုတ်ပါသည်။ ငြင်းမနေပါနှင့်တော့။ ဆောင်းကို လက်ခံလိုက်ပါလေ ...။
ညတွေ ... ညတွေမှာ အိပ်မက်ထဲအထိ ဆောင်း၏ အထိအတွေ့ကို ခံစားရသည်။ ခဏ ... ခဏ အိပ်ယာမှ နိုးနိုးနေတတ်သည်။ အိပ်ယာက နိုးလာတိုင်း လွယ်လွယ်နှင့် ပြန်အိပ်မပျော်နိုင်တော့။ လွှမ်းခြုံထားသော အအေးဓာတ်အောက်တွင် ခန္ဓာကိုယ်က ကွေးကွေးကလေး ဖြစ်လို့သွားသည်။ တိုင်ပင်မထားဘဲ အတွေးရေယာဉ်ကြောမှာ နစ်မျောလျက် ... ။ ထိုစဉ် ဂန္ဓာရုံ သူမက အစွမ်းပြလို့လာသည်။ လေပြည်မှတဆင့် ... ။ အမည်ဖော်ပြ သတ်မှတ်ပြောဆိုရန် ခက်ခဲလှသော ပန်းပွင့်ရနံ့များ ...။
ရိပ်သာ အဆောက်အဦ၏ ဘေးဘက်တွင် ကျောက်စရစ်ခဲတို့ဖြင့် အတိပြီးသော လမ်းကလေးရှိသည်။ မော်တော်ကား၊ မော်တော်ဆိုင်ကယ်၊ စက်ဘီးနှင့် လူတို့သွား၍ရသော လမ်းကလေး ဖြစ်သည်။ လမ်းဘေးတွင် ပန်းပင်ကလေးများကို စီတန်းစိုက်ထားသည်။ ညက လေပြည်ထဲ မွှေးမြနေသည့် တရားခံသည် သူတို့ပဲ ဖြစ်ရမည်။ သူတို့၏ ဝတ်လစ်စားလစ် ကိုယ်ခန္ဓာပေါ်တွင် တညလုံး မင်းမူနေခဲ့သော နှင်း၏ ဝတ်ရည်တို့ဖြင့် ရွှဲရွှဲကို စိုလို့။ မချမ်းဘူးလား ဟု မေးလိုက်ချင်ပါသည်။ သူတို့ကတော့ စိုစိုရွှဲရွှဲ နှင်းရည်များနှင့်အပြိုင် လန်းလို့ ဆန်းလို့ ...။
ဆောင်းနံနက်ခင်းသည် နွေဦး၏ နံနက်ခင်းလိုပင် တမျိုးတဘာသာ ဆန်းသစ်လှပနေတတ်သည်။ မြေနီလမ်းကလေးများပင် ဖုံတသိပ်သိပ်။ ရှုရှိုက်ရသည့် လေသည် သန့်ရှင်းလတ်ဆတ်လွန်းစွ။ မျက်နှာ မသစ်ဘဲ နိုးထအစာရှာထွက်လာသည့် ငှက်ကလေးတွေက သူတို့ဘာသာ၊ သူတို့ရင်ခုန်သံဖြင့် ကိုယ်စီ တေးကို သီကြွေးလို့။ ချွေးကလေးစို့လာအောင် လမ်းကလေးကို စုန်ချီ၊ ဆန်ချီ လျှောက်လှမ်းနေလိုက်သည်။
အမြင်အာရုံတို့ ပိုမို ရှင်းလင်း ပြတ်သားလာသည်။ ကျောက်စရစ်လမ်းကလေးအပေါ်မှာ ဟိုတကွက် သည်တနေရာ ရှင်သန်နေသော အနင်းခံမြက်ပင်ကလေးများ။ စိမ်းမြ ကတ္တီပါအကွက်ကလေးများပေါ်တွင် သူတို့ကို တွေ့လိုက်ရသည်။ ပထမတော့ ကျောက်စရစ်ခဲကလေးများဟု ထင်လိုက်သည်။ မဟုတ်။ အသေအချာ ကြည်မိမှ ပန်းပွင့်ကလေးများ ဖြစ်နေသည်။ အရွယ်က ရွေးစေ့ထက်ပင် ငယ်ပါဦးမည်။ အရောင်က အဖြူ။ ပုံသဏ္ဌာန်က ပွင့်လွှာငါးခြပ်ကိုယ်စီနှင့် ကြယ်ကလေးများ။ ကြယ်ကလေးများ၏ ပုံဆောင် ပွင့် ...။
သူတို့သည် ကောင်းကင်ယံမှ ခုန်ဆင်းမြေခခဲ့လေသလား။ ညအခါ ကောင်းကင်ယံမှ မရေမတွက်နိုင်အောင် ကြွေသက်ခဲ့ရသည့် ကြယ်ကလေးများ ဝင်စား ရှင်သန် ဖူးပွင့်နေလေသလား။ ခံစားမှုကို ဦးစားပေးလိုက်သည့်အခါ အတွေးသည် လက်တွေ့မကျတော့။ သို့သော် နှလုံးသားက ထိုသို့ တင်စားဖော်ပြချက်ကို လိုလိုလားလား လက်သင့်ခံနေခဲ့သည်။ ဖြစ်နိုင်လျှင် ထိုပန်းကလေးများကို သည်ထက်မကသော ဖော်ပြညွှန်းဆိုချက်များဖြင့် ဂုဏ်ယူတင်စားလိုက်ချင်သေး ... ။
သူတို့ကို ဘုရားညောင်ရေအိုးတွင် ထိုးလှူလို့မရနိုင်သလို၊ သူတို့ကို တယုတယ စိုက်ပျိုးဖို့အတွက်လည်း မလိုပါ။ သူတို့ကို နေ့စဉ် ဂရုတစိုက် စောင့်ကြည့်ပေးစရာ မလိုသလို၊ သူတို့ကလည်း သူတို့ရှင်သန်ရေးအတွက် သူတို့ဘာသာ ရပ်တည် တိုက်ပွဲဝင်နိုင်ပါသည်။ သတ္တိတွေ အပြည့်။ သူတို့ကို ရောင်းဝယ်ဖော်ကားဖို့ ဈေးမတင်နိုင်သလို၊ သူတို့၏ တန်ဖိုးကိုလည်း အဘယ်အရာကမျှ ဖျက်ဆီးပစ်ဖို့ မစွမ်းနိုင်ပေ။
ပန်းဈေးထဲက အရောင်းခံ ပန်းကလေးတွေကို တွေ့နေမြင်နေကျ ဖြစ်သည်။ ပန်းချင်းအတူတူ မတူသည့် ဈေးနှုန်းကို သတ်မှတ်ပြဌာန်းခံနေရသည်။ သည့်ထက် ... ပန်းအမျိုးစားချင်း အတူတူကိုပင် အရောင်အသွေး၊ ကျန်းမာရေးနှင့် အသက်အရွယ်ကိုလိုက်၍ မတူသည့် တန်ဖိုးကို ဈေးဖြတ်ခံနေရသည်။ ဂရုစိုက်ခံရသည်လည်း သူတို့။ မလိုလို့ စွန့်ပစ်နင်းချေ ခံရပြန်တော့လည်း သူတို့ပင်။
ကျောက်စရစ်လမ်းကလေးအပေါ် နေ့စဉ်နှင့်အမျှ ကား၊ ဆိုင်ကယ်၊ စက်ဘီးတို့ မောင်းနှင် စီးနင်းသွားလာနေကြသည်။ လူတို့ ဥဒဟို နင်းဖြတ်သွားလာနေသည်ကတော့ ထည့်ပြောနေစရာပင် မလို။ သည့်ထက်မက ခွေးကလေးတွေကလည်း သူ့အပေါ်မှာ ပြေးလွှားဆော့ကစားကြသည်။ မောပန်းလာလျှင် အနားယူကာ လဲလျောင်း အိပ်စက်နေတတ်သည်။ ကြောင်ကလေးများကလည်း သူ့အပေါ်မှာ လမ်းလျှောက် မော်ဒယ်ပြိုင်ပွဲကို အံ့မခန်းဖွယ် တင်ဆက်လျက်။ လမ်းကလေးသည် ကျောက်စရစ်တို့ဖြင့် အတိပြီးနေပါသောကြောင့် မြေဆီလွှာဟူ၍ မရှိ။ အရွယ်အမျိုးမျိုးကို ဆောင်နေသော ချွန်မြလုံးချော ကျောက်ခဲကလေးများနှင့် ကြေမွနေသော ကျောက်မှုန့် အစအနများနှင့်သာ ... ။
သည်လမ်းကလေးပေါ်တွင် ငွေကြယ် ပန်းကလေးများ ဖူးပွင့်နေကြသည်။ ပန်းကလေးတွေ၏ မိခင် ပန်းပင်ကလေးများသည် လမ်းမ၏ မျက်နှာပြင်ပေါ်မှာ ကပ်လျက်။ သူတို့၏ ရင်ဘတ်များဖြင့် အပ်လျက်။ အနင်းခံ၊ အဖိခံနေရသည့်ကြားမှ ရုန်းကြွရှင်သန်လျက်။ သူတို့၏ ရင်သွေးငယ်များဖြစ်သော ပန်းပွင့်ကလေးများက ကမ္ဘာပေါ်မှာ ရှိရှိသမျှသော ပန်းတွေနှင့်အပြိုင် ပွင့်လန်းဝေဆာနေလျက်။
ပန်းကလေးတွေကို ရင်သပ်ရှုမော ခံစားငေးမောနေရင်းက အတွေးထဲတွင် သူတို့ကို အားကျခုံမင်လာမိသည်။ သူတို့၏ ဘဝ၊ ရှင်သန်မှု၊ တိုက်ပွဲ ... ။ သူတို့အတွက် မြေကို ထွန်ယက်ပေးစရာ မလို။ သူတို့ကိုယ်တိုင် ထွန်ယက်ခဲ့သည်။ သူတို့အတွက် ရေလောင်း ပေါင်းသင်ပေးဖို့ မလို။ သူတို့ဘာသာ ရုန်းကန်ရယူသည်။ သူတို့အတွက် ခမ်းနားလှသော အရပ်နေရာမလို။ သူတို့ ရောက်ရှိရှင်သန်နေရသည့် ပတ်ဝန်းကျင်ကိုသာ သူတို့၏ ရှင်သန်မှုဖြင့် သက်ရှိပန်းချီကားကို ခြယ်ရေးသည်။
သူတို့သည် အဆင်းသဏ္ဌာန်အရ လှချင်မှလှပါလိမ့်မည်။ သူတို့သည် ရနံ့အရ မွှေးမြချင်မှ မွေးမြနေပေလိမ့်မည်။ သူတို့ကို ဂရုစိုက်ချင်လည်း ရသည်။ မစိုက်ချင်လည်း ရသည်။ သူတို့ကို နင်းချေသွားလည်း ရသည်။ ရှောင်ကွင်းသွားလည်း ရသည်။ သို့သော် သူတို့သည် သူတို့ဘဝ၏ မရှိမဖြစ် ရှင်သန်နေမှုကို သူတို့၏တိုက်ပွဲများဖြင့် ရုန်းကန်ရှင်သန်နေမည်သာ ... ။
ထိုပန်းကလေးများ၏ အလှကို နေမင်းကြီးကပင် မနာလိုဝန်တို ရှိနေပါလိမ့်မည်။ သူတို့၏ ဂုဏ်ရည် ရနံ့တို့သည် ခံစားတတ်သော နှလုံးအိမ်တို့တွင် လွင့်မပျယ်နိုင်သော မွှေးမြမှုများဖြင့်။ ငိုချင်ရက် လက်တို့ဖြစ်နေသော အလွမ်းသည် ရုတ်တရက် ထိတ်လန့်သွားခဲ့သည်။ မည်သူမျှ မသိလောက်ဘူးဟု ထင်ပါသည်။ ရှက်ရယ်သံက အသံထွက်လို့ သွားသည်ကိုး။
သေချာပါသည်။ သည်ည၏ ဆောင်းအိပ်မက်သည် သူတို့နှင့်ပင် ရင်ခုန် ကြည်နူးနေရပါလိမ့်မည်။ အကြင်ည၏ ရနံ့သည်လည်း သူတို့၏ ရနံ့ပင်ဖြစ်လို့နေမှာ သေချာသည်။ ကျောက်စရစ်ကြမ်း မာခေါင်ခေါင်နှင့် လမ်းကလေးပေါ်မှာ ဘဝအပေါ်တွင် သစ္စာမြဲလျက်ရှိသော အလေ့ကျ ပန်းပွင့်ကလေးများ ... ။ အလေ့ကျ၏ ဖြတ်မရသော တန်ဖိုးကို သူတို့၏ အညံ့မခံတတ်သော၊ အရှုံးမပေးတတ်သော၊ ကမ္ဘာလောကအပေါ် မေတ္တာတရားတို့ဖြင့် ပေးဆပ်ခိုင်မြဲလျက်ရှိသော တိုက်ပွဲဝင် ဖူးပွင့်ဝေဆာမှုများဖြင့် ...။
စိတ်ကောက်နေပါသလား နှင်း ... ။ သတ္တိကောင်းလှတဲ့ အဲဒီ ပန်းပွင့်ကလေးတွေကို မင်းရဲ့ ငွေရောင်ကကြိုးတွေနဲ့ အနုပညာမြောက် ဂုဏ်ပြုလိုက်ပါ ... ။ သူတို့ဟာ အဖိုးထိုက် အဖိုးတန် ပန်းကလေးတွေ ...။ သူတို့ဆီက ကမ္ဘာလောကကြီးရဲ့ တော်လှန်ရေး အဘိဓမ္မာကို သင့်နှလုံးသားနဲ့ ခံစားသင်ယူလိုက်ပါလေ .... ။
၂၅၊ နိုဝင်ဘာ၊ ၂၀၁၁။
No comments:
Post a Comment