Tuesday, November 29, 2011

ကိုလှရွှေနဲ့ ကျွန်တော် - ဖိုးသံ(လူထု)

ကျွန်တော် အစောကြီးကတည်းက နာမည်ကြားဖူးနေ၊ တွေ့ဖူးချင်နေတဲ့ ကိုလှရွှေကို အခုတော့ တွေ့ရပါပြီ။ သူ့ကို သိပ်တွေ့ဖူးချင်တဲ့အကြောင်းတွေထဲမှာက သူ့ကို တက္ကသိုလ်နှစ်လည်မဂ္ဂဇင်းတွေထဲမှာ အင်္ဂလိပ်စာ စာတည်းအဖြစ် ဓာတ်ပုံ တွေ့ဖူးနေတာ၊ အဲဒီတုန်းက ရှားရှားပါးပါး အစိုးရစကောလားရှစ်နဲ့ အင်္ဂလန်ကိုသွားပြီး လူထုကျန်းမာရေးပညာ (Public Health) လေ့လာဆည်းပူးခဲ့တာ၊ ကျွန်တော်တို့ သမဂ္ဂအသိုင်းအဝိုင်းထဲကနေပြီး ဒုတိုင်း ကျန်းမာရေးမှူး (စစ်ကိုင်းတိုင်း) ဖြစ်နေတာ စတာတွေအပြင် ကိုထွန်းကြည်ရဲ့ညီဝမ်းကွဲဖြစ်တယ်ဆိုတဲ့အကြောင်းကြောင့်လည်း ဖြစ်ပါတယ်။
 
ကိုထွန်းကြည်ဆိုတာ ရန်ကုန်ဆေးတက္ကသိုလ် (အဲဒီတုန်းက တခုတည်းရှိပါတယ်) သမဂ္ဂနဲ့ ရန်ကုန်တက္ကသိုလ်သမဂ္ဂ အသိုင်းအဝိုင်းမှာ လူသိများ၊ လူချစ်လူခင်များတဲ့ ကျောင်းသားခေါင်းဆောင်တယောက် ဖြစ်ပါတယ်။ သူလည်း ကိုလှရွှေလိုပဲ မြစ်ဝကျွန်းပေါ် ဟင်္သာတဇာတိပါ။ ကျွန်တော့်ဦးလေး ဒေါက်တာခင်မောင်အေးနဲ့ တတန်းတည်းသားဖြစ်ပြီး ဦးလေးကတဆင့် ကျွန်တော်တို့မိသားစုနဲ့ သိကျွမ်းပြီး ဆွေရင်းမျိုးရင်းလို ဝင်ထွက်သွားလာနေသူ ဖြစ်ပါတယ်။ သူက ကျွန်တော့်အစ်ကိုနဲ့ လက်ပွန်းတတီး နေထိုင်ပြီး အဘက်ဘက် သင်ကြားပေးခဲ့ပါတယ်။ ကျွန်တော်တို့ မောင်နှမအားလုံးကလည်း သူ့ကို ချစ်ခင်လေးစားကြပါတယ်။

တွေ့မယ့်တွေ့ရတော့ မန္တလေးနန်းတွင်းက ထောင်ဟောင်းကြီးရဲ့ (၁)တိုက်မှာ ဖြစ်ပါတယ်။ ကျွန်တော်က သူ့အရင် တပတ်လောက်ကတည်းက ရောက်နေတာပါ။ ကျွန်တော်က အခန်း တစ်၊ ကိုလှရွှေက အခန်း နှစ် ဖြစ်ပါတယ်။ ရောက်စ ပထမ ၂ ရက် ၃ ရက်မှာတော့ သူနဲ့က အသံနဲ့ပဲ နှုတ်ဆက်ပြောဆို ဆက်သွယ်နေကြတာပါ။

ဒါပေမဲ့ အဲဒီ (၁) တိုက်မှာ ရေမြောင်းပေါက်ထဲကနေ စာပေးတာ၊ စာကိုခဲနဲ့ထုပ်ပြီး လှမ်းပစ်ပေးတာတို့အပြင် တခြား ဆက်သွယ်တဲ့နည်းတွေလည်း ရှိပါသေးတယ်။ တကယ်က အဲဒီ ‘တိုက်’ ဆိုတာတွေဟာ စီတန်းနေတဲ့အခန်းတွေရဲ့ အပေါက်တွေကို သံတံခါးတွေ ကိုယ်စီတပ်ထားပြီး တိုက်ထဲမှာရှိတဲ့လူတွေကို အပြင်ကလူတွေ မမြင်နိုင်အောင် တံတိုင်းအမြင့်တွေ ခတ်ထားပါတယ်။ ထောင်ထဲရောက်ပြီးမှ တိုက်ထဲမှာထားတယ်ဆိုတာက ပုံမှန်အားဖြင့်တော့ (မဆလခေတ် မတိုင်မီ) စိတ်ရောဂါရှိသူတွေ၊ ကိုယ်ရေပြားရောဂါရှိသူတွေနဲ့ ထောင်ထဲမှာ ပြဿနာတက်သူတွေထားတာ ဖြစ်ပါတယ်။ ထောင်ထဲမှာ ပြဿနာတက်သူတွေကိုတော့ ယာယီပဲထားတာပါ။ ကျွန်တော်အခုပြောတဲ့ (၁)တိုက်ကို လက်ပါးတိုက် လို့ ခေါ်ပါတယ်။ လက်ပါးဆိုတာ အင်္ဂလိပ်စကားဖြစ်ပြီး ကိုယ်ရေပြားရောဂါသည်တွေကို ထားတဲ့ တိုက်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။ တခြားအကျဉ်းသားတွေနဲ့ ခွဲထားတဲ့သဘောပါ။

နောင်မှာ ဒီတိုက်တွေထဲကို နိုင်ငံရေးအကျဉ်းသားတွေ ထားလာတဲ့အခါမှာကျတော့ ယာယီခေတ္တမဟုတ်တော့ဘဲ နှစ်ရှည်လများ အခန်းကျဉ်းလေးထဲမှာထားတာ ဖြစ်လာပါတယ်။ ဒီအခါမှာ နိုင်ငံရေးအကျဉ်းသားတွေက တောင်းဆိုတိုက်ပွဲဝင်ကြတာနဲ့ တိုက်ခန်းသံတံခါးနဲ့ ရှေ့ကတံတိုင်းအကြားမှာ လမ်းလျှောက်ခွင့်ပြုပါတယ်။ ဒါပေမဲ့ အဲဒီရှေ့က ကွက်လပ်လေးကိုပဲ အခန်းခြားသလိုတကန့်စီ အုတ်ရိုးစီလိုက်ပါတယ်။ ဒါကြောင့် ကိုယ့်အခန်းရှေ့မှာသာ ကိုယ်က လှုပ်ရှားနိုင်ပြီး တခြားအခန်းကလူတွေနဲ့ မတွေ့နိုင်ဘူး ဖြစ်သွားပါတယ်။ ဒီလိုအနေအထားမှာ ကျွန်တော်တို့ဟာ လူလစ်ရင် လစ်သလို ရေချိုးဖို့ထားတဲ့ စဥ့်အိုးတွေပေါ်ကတဆင့် တခန်းနဲ့တခန်းကိုကန့်ထားတဲ့ တံတိုင်းပေါ်တက်ပြီး တယောက်နဲ့ တယောက်တွေ့၊ နှုတ်ဆက်စကား ပြောကြပါတယ်။ ဒါနဲ့ ကျနော်က ကိုလှရွှေကို တွေ့ဖူးချင်လို့ တံတိုင်းပေါ်တက်ဖို့ပြောတော့ သူက သူ့ဗလနဲ့ မတက်နိုင်ဘူးလို့ ပြောပါတယ်။ ဒီလိုနဲ့ နောက်တမျိုးစီစဉ်တာက (ဒါတွေက အဆက်ဆက် အကျဉ်းသားတွေက သင်ပေးသွားတာတွေပါ) ကျွန်တော်က အခန်းတံခါးပေါက် သံတံခါးပေါ် တက်ရပ်၊ သူက သူ့အခန်းက စဥ့်အိုးပေါ်မှာတက်ရပ်ရင် ကျွန်တော်က အဲဒီတံခါးအထက်က သံတိုင်လေးခုတန်းထားတဲ့ ပြတင်းပေါက်ကနေ သူ့ကို မြင်ရပါတယ်။ သူကလည်း ကျွန်တော့်ခေါင်းနဲ့ ပခုံးကို မြင်ရပါတယ်။

တွေ့ရတာက လက်က တံတောင်ဆစ်ကိုကျော်နေတဲ့ စွပ်ကျယ်အင်္ကျီအဖြူနဲ့ ပုဆိုးကွက်ထောက် အကြီးကြီးကို ဝတ်ထားတဲ့ အသားမည်းမည်း၊ ပိန်ပိန်၊ ပုပု၊ လက်ကြားမှာ ဆေးပြင်းလိပ်နဲ့။ နှုတ်ခမ်းမွေး မုတ်ဆိတ်မွေး ထိုးထိုးထောင်ထောင်နဲ့ အားရပါးရကြီး ပြုံးနေတဲ့ လူသားတဦးပါ။ နာမည်အရှိန်အစော်တွေနဲ့ လူပုံက တကယ့်ကို တခြားစီပါ။ ဒါပေမဲ့ သူ့အပြုံးကဖော်ပြနေတဲ့ ရိုးသားမက ကျွန်တော်ထင်ထားတာ မမှားဘူးလို့ ထောက်ခံနေပါတယ်။ 

အမော်အကြွား၊ အပိုစကားတွေ လုံးဝ မပြောတတ်တဲ့ ကိုလှရွှေဟာ သူနဲ့ နီးနီးကပ်ကပ်နေကြည့်လေ သူ့တန်ဖိုးကို သိရလေဆိုတဲ့လူမျိုး ဖြစ်ပါတယ်။ ကျွန်တော်က အသက်၂၁ နှစ်။ တက္ကသိုလ်က ကျောင်းထုတ်ခံခဲ့ရသူ၊ ပညာဗဟုသုတကို အမြဲ ငံ့လင့်တောင့်တနေသူဆိုတော့ တိုက်ခန်းထဲမှာ ညတိုင်း တခန်းနဲ့ တခန်းစကားပြောကြတယ်ဆိုရင် သူ့ဆီက ပညာဗဟုသုတတွေ နှိုက်မကုန်အောင် ရတတ်ပါတယ်။ သူ့အစ်ကိုဝမ်းကွဲ ကိုထွန်းကြည်ဟာလည်း သူ့လိုပဲ စာတွေ အများကြီးဖတ်ထားသူမို့ အချင်းချင်းတွေက ပုရောဟိတ်သဖွယ် မေးရ တိုင်ပင်ရသူ ဖြစ်ပါတယ်။ ကိုထွန်းကြည်ဟာ နောက်ကျတော့ မြစ်ဝကျွန်းပေါ်မှာ လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲရင်း ကျဆုံးသွားတယ်လို့ ကြားရပါတယ်။

ကိုလှရွှေဆီကသိရတဲ့ သူ့ရဲ့သမဂ္ဂဖြတ်သန်းမှုတွေအပြင် အင်္ဂလန်အတွေ့အကြုံ၊ စာပေဗဟုတတွေအပြင် သူ့ စဉ်းစားနည်းတွေဟာလည်း နားထောင်သူရဲ့ဦးနှောက်ကို အင်မတန် နှိုးဆွနိုင်စွမ်းရှိပါတယ်။ ဥပမာဆိုရင် လိပ်ခေါင်း ရောဂါအကြောင်း စကားစပ်မိရာကနေ သူက “ဖိုးသံရေ - ငါတော့ လိပ်ခေါင်းရောဂါနဲ့ (ဆိုက္ကားနင်းသူတွေ၊ ဆံပင်ညှပ်ဆရာတွေ ဖြစ်လေ့ရှိတဲ့) ခြေထောက်မှာ အကြောတွေထုံးတဲ့ရောဂါ (Varicose Vein) တွေဟာ လူတွေ လူဝံဘဝကနေ မတ်တတ်လျှောက်တဲ့အဆင့် ကူးပြောင်းရာမှာ အပြည့်အဝ အသားမကျသေးတဲ့လက္ခဏာ ထင်တာပဲ” ဆိုတာမျိုး ပြောထွက်လာတတ်ပါတယ်။ အဲဒီတုန်းကကျွန်တော်တို့က သမိုင်းရေးရာရုပ်ဝါဒနဲ့ အိန်ဂယ်ရေးတဲ့ အိမ်ထောင်စုနဲ့ ပုဂ္ဂလိကပိုင်ဆိုင်မှုရဲ့ မူလဘူတ စာအုပ်တို့ကို စိတ်ဝင်တစား ဖတ်နေကြတာပါ။ သူ့ ဒီ အပြောမျိုးကို ကျွန်တော်တို့လို လူသာမက သူနဲ့ကျွန်တော့်အခန်းပတ်ဝန်းကျင်မှာနေတဲ့ ရဟန်းပျိုနဲ့ ပထစ သံဃာ့နာယက ဆရာတော်ကြီးတွေ၊ အလံနီက ပုဂ္ဂိုလ်တွေပါ စိတ်ဝင်စားကြ၊ ဦးနှောက်လှုပ်ရှား ကြပါတယ်။ သူကစစ်ကိုင်းတိုင်းမှာ ကျန်းမာရေးမှူးလုပ်ရင်း ဗမာပြည်ရဲ့မြွေဘေးအန္တရာယ်ကိုလည်း စာရင်းဇယားတွေ ကောက်ယူပြုစု၊ သုတေသန လုပ်ပါတယ်။ ဗမာပြည်ဟာ ကမ္ဘာမှာမြွေကိုက်ခံရမှု အများဆုံးနိုင်ငံတွေစာရင်းမှာ ထိပ်ပိုင်းက ပါနေတာ၊ အောက်ဗမာပြည်မှာ မြွေပွေးဟာ အဓိက အန္တရာယ်ပေးတဲ့အကောင်ဖြစ်ပေမယ့် စစ်ကိုင်းတိုင်းထဲမှာ မြွေဟောက်က ပိုဆိုးနေတာ စတာတွေကို ကိန်းဂဏန်းတွေ၊ ဥပမာတွေနဲ့ ပြောပြတတ်ပါတယ်။ ပြီးမှ သူက လယ်သမားတွေ မြွေကိုက်ခံရပြီး မြွေဆေးမရှိလို့ သေကြရပုံ၊ ပိုးထိလို့ သေဆုံးသူတွေ (အညာမှာ မြွေကိုက်ခံရတာကို ပိုးထိတယ်လို့ ပြောပါတယ်) ထဲက အများတကာ့ အများစုကြီးဟာ ခြေကျင်းဝတ်တဝိုက်မှာ အပေါက်ခံရတာများကြောင်း၊ ဘီပီအိုင်က မြွေဆေးတွေ ထုတ်၊ ပြည်ပကိုတောင် တင်ပို့နေပေမယ့် ကျေးလက်ဆေးခန်းတွေမှာ မြွေဆေးထည့်ထားစရာ ရေခဲသေတ္တာမရှိလို့ (အဲဒီတုန်းကအခုလို ကျေးလက်တွေမှာ လျှပ်စစ်ပြဿနာ မရှိပါ) မြွေကိုက်ခံရရင် မြွေဆေးရှိတဲ့နေရာအထိ လှည်းနဲ့လူနဲ့ ပို့ရတော့ လမ်းမှာတင် သေဆုံးကြရပုံစတာတွေ သူပိုင်နိုင်တဲ့အတိုင်း အကျယ်အပြန့် ပြောပြတတ်ပါတယ်။ ပြီးတော့မှ သူက လယ်သမားတွေကို ဟာကျူလီ ဘွတ်ဖိနပ် (အဲဒီတုန်းက အစိုးရက လှုံ့ဆော်နေတဲ့ သားရေဖိနပ် အမျိုးအစား) ဝတ်ဖို့ ဆိုတာဟာလည်း သူတို့စီးပွားရေး အခြေအနေအရရော ရာသီဥတုအရရော မလွယ်ကူကြောင်း၊ စက်မှုလယ်ယာဖော်ထုတ်နိုင်မှသာ ဖြစ်နိုင်မယ်ထင်ကြောင်း စတဲ့ စဉ်းစားစရာတွေ ပြောပြတတ်ပါတယ်။

ကျွန်တော်တို့တိုက်ထဲမှာ ကိုကိုးကျွန်းမှာ ကျဆုံးသွားတဲ့ ကဗျာဆရာ ကိုလေးမောင်လည်း ရှိနေတော့ ကျွန်တော်တို့တတွေဟာ တိုက်ထဲမှာ ကဗျာတွေဖတ်ကြ၊ ရေးကြပါတယ်။ ကျွန်တော်ဟာ ထောင်ထဲကျမှ ကဗျာကို သေသေချာချာ ရေးဖြစ်တာပါ။ အဲဒီတုန်းက ထောင်အာဏာပိုင်တွေကလည်း အဲဒီတုန်းက မဆလ ထုတ်တဲ့ စာအုပ်၊ ဘာသာရေးစာအုပ်နဲ့ ကျောင်းစာအုပ်ပဲ သွင်းခွင့်ပေးတာမို့ ကဗျာစာအုပ်တွေ၊ အထူးသဖြင့် အင်္ဂလိပ်ကဗျာစာအုပ်တွေ အိမ်က မှာသွင်းကြပါတယ်။ ကျွန်တော်က ဘုရင်ဂျီ သာသနာပြုကျောင်းထွက်မို့ အင်္ဂလိပ်ဘာသာမှာ မဆိုးလှဘူးလို့ ဆိုနိုင်ပေမယ့် အဲဒီအချိန်တုန်းက အင်္ဂလိပ်ကဗျာတွေကို သိပ်လွယ်တာကလွဲရင် သေသေချာချာ မဖတ်ဖူး၊ အရသာ မခံဖူးပါဘူး။ ကိုလေးမောင်လည်း ကျွန်တော်နဲ့ မကွာလှဘူးထင်ပါတယ်။ 

ဒီလိုနဲ့ ကျနော်တို့အားလုံး ကိုလှရွှေကို ဆရာတင်ကြတော့တာပါပဲ။ သူကပဲ ကောင်းနိုးရာရာတွေ ရွေးပြီး ဘာသာပြန်ပေး ပါတယ်။ ထုံးစံအတိုင်း ဘိုင်ရွန် (Byron) ကိစ် (Keats)၊ ရှယ်လီ (Shelley) တို့ပါပဲ။ ဝါးဒ်စ်ဝပ်သ် (Wordsworth) တို့ တင်နီဆင် (Tennyson) တို့ လက်ရာတွေကိုတော့ ကျောင်းမှာသင်ဖူးတဲ့ အခံရှိထားတော့ သိပ်မခက်လှဘူးပေါ့။ မသိတဲ့ စကားလုံး အဘိဓာန်ထဲရှာလိုက်ရင် ခံစားလို့ ရတတ်ပါတယ်။ အိမ်သာသုံးဖို့ပေးတဲ့ စက္ကူအနားတွေမှာ သူ့ရဲ့ ဘာသာပြန် ကဗျာရှည်တွေကို တခုတ်တရ ဖတ်ရ၊ ခံစားရပါတယ်။ ဒီမှာစပ်မိလို့ပြောဖို့လိုတာက ကိုလှရွှေဟာ အဝတ်အစား၊ အစားအသောက်မှာ ဘာမှချေးမများဖြစ်သလို ဝတ်ဆင် စားသောက်နိုင်ပေမယ့် အနေအထိုင်၊ အလုပ်အကိုင်မှာ အင်မတန်မှ သပ်ယပ်ပါတယ်။ သူ့ လက်ရေးလက်သားကလည်း ညီညာ သပ်ရပ်လှပါတယ်။ ဒါကြောင့် ကျနော်တို့တတွေ တိုက်ထဲမှာ ကဗျာစာအုပ်ထုတ်၊ ကျမ်းရင်း ဘာသာပြန်တွေ (ဥပမာ ဖက်ဒ်ရစ် အိန်ဂယ်ရဲ့ ဒူးရင်းဆန့်ကျင်ရေးကျမ်းထဲက တချို့အခန်းတွေ၊ စတာလင်ရဲ့ဗော်ရှီဗစ်ပါတီ သမိုင်းထဲက အနုပဋိလောမနဲ့ သမိုင်းရုပ်ဝါဒအခန်း စတာ) ဖြန့်တာတွေ လုပ်ကြတော့ သူ့လက်ရေးနဲ့ပဲ ဖြစ်တော့တာပါပဲ။

ကိုလှရွှေရဲ့ ထူးခြားတဲ့အရည်အချင်းတခုကတော့ သူများတွေ ချစ်ခင်လေးစားအောင် နေထိုင်ပြောဆိုတတ်တာ ဖြစ်ပါတယ်။ ထောင်ထဲမှာ ကျနော်တို့လို လူငယ်တွေကသာမက ဆရာတော်ကြီးတွေ၊ ဇူဇကာ စစ်ဆင်ရေးနဲ့ အဖမ်းခံထားရတဲ့ အသက်အရွယ်ကြီးသူ သူဋ္ဌေးများကလည်း လေးစားခင်မင်ကြပါတယ်။ နောက်ပြီး အောက်ခြေ ထောင်အမှုထမ်းတွေနဲ့ တန်းစီး ဘာယာလို နိုင်ငံရေးအကျဉ်းသားတွေဆီမှာ လုပ်ကိုင်နေကြတဲ့ အကျဉ်းသားတွေကလည်း သူ့ကို လေးစားခင်မင်ကြပါတယ်။ သူ့ကို (၄) တိုက်ကနေ အဆောင်ပေါ်ကို ပို့လိုက်ပြီးတဲ့နောက် ၁၉၆၉ ခုနှစ်မှာ သူ ထောင်က လွတ်ပါတယ်။ အဲဒီအခါမှာ ဘဝတူရဲဘော်တွေက သူ့ပစ္စည်းတွေကို ထမ်းပြီး ထောင်းဗူးဝကို ရှင်လောင်းလှည့်သလို တပျော်တပါးကြီး လိုက်ပို့ကြပါတယ်။

သူ ထောင်ပြင်ကိုရောက်တော့ ကိုယ်ပိုင်ဆေးခန်းလေးဖွင့်စားတာပဲ လုပ်လို့ရပါတော့တယ်။ အစိုးရအလုပ်က ပြုတ်သွားပါပြီ။ ဒီလိုနဲ့ အိမ်မှာတင် ဆေးပေးခန်းလေးဖွင့်လိုက်တော့ စစ်ကိုင်းနယ်ထဲမှာ ‘နှလုံးလှဆရာဝန်’၊ ‘စေတနာဆရာဝန်’ ဆိုတဲ့ဘွဲ့ကို ရတော့တာပါပဲ။ သူက ထောင်ထဲတုန်းက စိတ်နေစိတ်ထား၊ စေတနာအတိုင်း ကုပေးတာဆိုတော့ စစ်ကိုင်းမြို့တဝိုက်မှာ တောရောမြို့ပါ နာမည်ရပြီး လူအများရဲ့လေးစားအားကိုးမှုကို ရခဲ့ပါတယ်။ သူဟာ သံဃာတော်နဲ့ သီလရင်တွေဆိုရင် ငွေကြေးမယူဘဲ ကုသပေးတာ၊ သူမပိုင် မနိုင်တဲ့၊ ကျွမ်းကျင်တဲ့ ဆရာဝန်တွေနဲ့သာ ကုသရမယ့် တီဘီလို၊ မျက်စိလို ရောဂါတွေကို ကုသဖို့ဆိုရင် ဘယ်ကိုသွားပါဆိုပြီး လမ်းညွှန်တဲ့အပြင် သူနဲ့သိတဲ့ အဲဒီက သက်ဆိုင်ရာ ဆရာဝန်ဆီ စာရေးပေးပါသေးတယ်။ ဒါကြောင့်လည်း သူ ကွယ်လွန်တဲ့အခါမှာ ကျေးလက်က အသုဘလိုက်ပို့သူတွေနဲ့ အင်မတန် ထူးထူးခြားခြား စည်ကားနေခဲ့တာပါ။

ကျနော် ထောင်ကလွတ်တဲ့နောက်မှာ သူနဲ့ ၂ ခါပဲ တွေ့ပါတော့တယ်။ တခါက စစ်ကိုင်းက သူ့အိမ်ကို သွားတွေ့တာပါ။ သူ့မှာ လူမမာတွေ၊ အလုပ်တွေနဲ့မို့ စကား သိပ်မပြောလိုက်ရပါဘူး။ နောက်တခါကတော့ သူ ကျွန်တော့်အိမ်ကို ဝင်လာတာပါ။ အဲဒီအခါမှာလည်း ကျနော့် အဖေတို့ အမေတို့ပါ အတူရှိနေတော့ စကားအများကြီး စိတ်ရှိတိုင်း မပြောလိုက်ရပါဘူး။ သူက ကျနော့်ကို “ဖိုးသံရေ .. ကိုယ်တော့ ဓနရှင်ပေါက်စအလုပ်ပဲ လုပ်နိုင်တယ်ကွာ” လို့ ပြောပါတယ်။ စံကျတဲ့ သူ့ရဲ့ ချစ်စရာနှိမ့်ချမှုပါ။

သူနဲ့ နောက်ဆုံးအဆက်အသွယ်ရတာကတော့ ကျနော် တရုတ်ပြည်ထဲရောက်မှ ဖြစ်ပါတယ်။ ၁၉၉၁ ခုနှစ်လို့ ထင်ပါတယ်။ အဲဒီတုန်းက သူက ဂျမေးကားမှာ အလုပ်လုပ်နေပါတယ်။ ဆောင်းတွင်းတမနက်မှာ သူ့ဆီက စာလေးတစောင် ရောက်လာပါတယ်။ သူ့စာအဖွင့်မှာက “အေအင်န် နဲ့ ဖိုးသံရေ- I lift my hat to you ပါကွာ” လို့ စထားပါတယ်။ အေအင်န် ဆိုတာက မန္တလေးထောင် (၁)တိုက်ထဲမှာ အခန်းချင်းကပ်လျက်နေခဲ့တဲ့၊ မြင်းခြံက ကိုကိုးကျွန်းပြန် ရဲဘော်အောင်ငြိမ်း ဖြစ်ပါတယ်။

သူ မလုပ်နိုင်တဲ့အလုပ်ကောင်းကို လုပ်နေသူတွေကို အားပေးတာဟာလည်း သူ့ ပင်ကိုယ်သဘာဝပါ။

အရေးတော်ပုံ ဂျာနယ် အတွဲ ၁ အမှတ် ၇ မှ ပြန်လည်ကူးယူ ဖော်ပြပါတယ်။



No comments: