Wednesday, November 16, 2011

ရှော့ခ်သုံးခုနဲ့ ဖျံကြောင်ငါး (မောင်ဝံသ)

ကျွန်တော်က ဘဝရပ်တည်မှုအနေအထားအရ အခြေခံပြည်သူတွေနဲ့ တစ်သားတည်း၊ တစ်ဆက်တည်း ရှိနေတဲ့အပြင် စာနယ်ဇင်းသမားတစ်ယောက်ဆိုတဲ့ မိမိရဲ့ အသက်မွေးဝမ်းကျောင်း အလုပ်အရ မျက်စိ၊ နားကို ကျယ်ကျယ် ဖွင့်ထားရသူဖြစ်လို့ ပြည်သူတွေရဲ့ ရင်ခုန်သံကို အတော်ကလေး ကြည်ကြည်လင်လင် ပီပီသသ ကြားသိနေတယ်လို့ ပြောဝံ့တယ်ဗျ။ 

မြန်မာနိုင်ငံက အခြေခံပြည်သူလူထု အများစုကြီးရဲ့ ရင်ထဲက စကားသံကို အရင်းအတိုင်း ကြားရလေ့ရှိသူတစ်ယောက်အနေနဲ့ ပွင့်ပွင့်လင်းလင်းပြောရရင် ပြည်သူလူထု ဧရာမအများစုကြီးဟာ ၂၀၀၈ မှာ အတည်ပြုခဲ့တဲ့ အခြေခံဥပဒေနဲ့ပတ်သက်လို့ရော ၂၀၁၀ မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ပါ မျှော်လင့်ချက်ကြီးကြီးမားမား ထားခဲ့ကြတာ မဟုတ်ဘူးဗျ။ ရှင်းရှင်းပြောရရင် အဲဒီ နှစ်ခုစလုံးကို သိပ်စိတ်ဝင်စားခဲ့ကြတာ မဟုတ်ဘူးဗျာ။ အဲဒီကာလတွေတုန်းက ပြည်သူတွေအကြား “မဲပြာပုဆိုး” ပုံပြင်၊ “ရသေ့ရှစ်သောင်း” ပုံပြင်တွေပဲ ဆက်လက် တွင်ကျယ်ပျံ့နှံ့နေခဲ့တာ ဖြစ်တယ်ဗျ။ 

စိတ်ပျက်လက်ပျက်နဲ့

ထိုင်းထိုင်းမှိုင်းမှိုင်း တွေတွေဝေဝေဖြစ်နေကြတဲ့ ပြည်သူတွေ ရွေးကောက်ပွဲနီးလာချိန်မှာ ဒီမိုကရေစီကို လွှတ်တော်ကတစ်ဆင့် ဖော်ဆောင်မယ်လို့ ကြွေးကြော်ထားကြတဲ့ ပါတီတချို့ရဲ့ မဲဆွယ် လှုပ်ရှားမှုတွေကြောင့် နည်းနည်းကလေး လှုပ်တုတ်တုတ် ဖြစ်သွားခဲ့ကြသေးပေမယ့် ရွေးကောက်ပွဲအပြီး မဲရေတွက်ချိန်မှာ ဟိုက ဒီက ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာတဲ့ “ကြိုတင်မဲ” သတင်းတွေကြောင့် ပြန်ပြီး ပက်လက်လန်သွားခဲ့ကြရပြန်တယ်ဗျာ။ 

ရှော့ခ် သုံးခု

ဒါပေမယ့် ရွေးကောက်ပွဲနောက်ပိုင်းမှာ ပြည်သူတွေဟာ ရှော့ခ် Shock ကြီး သုံးခုနဲ့ ကြုံတွေ့ခဲ့ကြရတယ်ဗျ။
ပထမဆုံး ရှော့ခ်က ၂၀၁၀ ရွေးကောက်ပွဲနဲ့တက်လာတဲ့ အစိုးရအဖွဲ့ရဲ့ အကြီးအကဲ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ရဲ့ မိန့်ခွန်းတွေ ဖြစ်တယ်ဗျာ။ စစ်အစိုးရဟောင်းလက်ထက် ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူရဲ့ သမ္မတရာထူး လက်ခံမိန့်ခွန်းမှာ စစ်အစိုးရဟောင်းရဲ့ ထူးမခြားနား သဘောထားတွေပဲ ပါလာမှာပဲလို့ ပြည်သူတွေထင်ထားခဲ့ကြပေမယ့် မိန့်ခွန်းမှာပါတဲ့အချက် အတော်များများကြောင့် ပြည်သူတွေ အငိုက်မိပြီး ရှော့ခ်ရသွားခဲ့ကြတယ်ဗျ။ အထူးသဖြင့် နိုင်ငံရဲ့ အခြေအနေမှန်ကို ဝန်ခံလိုက်တဲ့အချက်၊ အခြေခံဥပဒေကို လက်မခံနိုင်သူတွေ၊ လွှတ်တော်ပြင်ပက နိုင်ငံရေး အင်အားစုတွေနဲ့လည်း လက်တွဲပူးပေါင်းဆောင်ရွက်သွားမယ်ဆိုတဲ့အချက်တွေက ငေးငေးငိုင်ငိုင် ဖြစ်နေကြတဲ့ ပြည်သူတွေကို လှုပ်နှိုးလိုက်သလို ဖြစ်သွားစေခဲ့တယ်ဗျ။

ဒုတိယရှော့ခ်က လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်တို့ ဗိုလ်ချုပ်အောင်ဆန်း ဓာတ်ပုံရှေ့မှာ ယှဉ်တွဲရပ်နေကြတဲ့ဓာတ်ပုံ သတင်းစာမှာ ပါလာခဲ့တုန်းက ဖြစ်တယ်ဗျာ။ ဆယ်စုနှစ် နှစ်ခုကျော်လောက် ရန်ဘက်လိုသဘောထား ဆက်ဆံလာခဲ့တဲ့အစိုးရနဲ့ သဘောထားကွဲပြားသူတစ်ယောက်ကို အခုအချိန်ကစပြီး တန်းတူရည်တူ ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီး ဆက်ဆံသွားတော့မယ်ဆိုတဲ့ သတင်းစကားနဲ့ လက်ရှိ တပ်မတော်ဟာ လူအများ (လူအနည်းလည်း ဖြစ်ချင်ဖြစ်မယ်ပေါ့ဗျာ) ထင်နေကြသလို စစ်အာဏာရှင်စနစ်ကို ကျင့်သုံးမယ့် တပ်မတော် မဟုတ်ဘဲ ပြည်သူတွေ ချစ်ခင်ကြည်ညိုလေးစားတဲ့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့လမ်းစဉ်အတိုင်း လျှောက်လှမ်းသွားမယ့် တပ်မတော်ဖြစ်တယ်ဆိုတဲ့ သတင်းစကားနှစ်ခုကို တစ်ပြိုင်တည်းမှာပေးပို့လိုက်တဲ့ အဲဒီ ဓာတ်ပုံကြောင့် ပြည်သူတွေရဲ့ မှုန်ဝါးဖျော့တော့နေတဲ့ မျှော်လင့်ချက် ဒုတိယရှော့ခ်ရပြီး ပိုမိုလင်းလက်တောက်ပသွားခဲ့တာ ဖြစ်တယ်ဗျ။

တတိယရှော့ခ်က ဧရာဝတီမြစ်ဆုံမှာ ရေကာတာ တည်ဆောက်မယ့် စီမံကိန်းကို ရပ်ဆိုင်းထားမယ်ဆိုတဲ့ သမ္မတကြီးရဲ့ ကြေညာချက်ထွက်ပေါ်လာချိန်မှာ ရခဲ့တာဖြစ်တယ်ဗျ။ အခြေခံဥပဒေနဲ့ ရွေးကောက်ပွဲရဲ့ ယုံကြည် အားထားလောက်ဖွယ်ရှိမှုအပေါ် သံသယကြီးစွာ ရှိ နေကြတဲ့ ပြည်သူတွေထံ မိမိတို့ အစိုးရဟာ ပြည်သူ့ဆန္ဒကို မဆန့်ကျင်တဲ့ အစိုးရဖြစ်တယ်ဆိုတဲ့ သတင်းစကားပေးပို့ခဲ့တဲ့ အဲဒီလုပ်ရပ်ကြောင့် တတိယရှော့ခ်ရသွားတဲ့ ပြည်သူတွေရဲ့ မျှော်လင့်ချက်ဟာ ဒီတစ်ကြိမ်မှာ အတော်ကလေးမြင့်မားတဲ့နေရာအထိ ရောက်ရှိသွားခဲ့တယ်ဗျ။

စိတ်ရှုပ်ထွေးစရာတွေ

ဒါပေမယ့် အဲဒီရှော့ခ်တွေ ရခဲ့တဲ့ကာလအတွင်းမှာရော နောက်ပိုင်းမှာပါ ပေါ်ထွက်လာတဲ့ အစိုးရရဲ့လုပ်ရပ်တွေကတော့ ပြည်သူတွေကို စိတ်ရှုပ်ထွေးမှုတွေပဲ ဖြစ်ပေါ်စေခဲ့တယ်လို့ ပြောရမယ်ဗျာ။

အဲဒီလုပ်ရပ်တွေအနက် အဓိကလုပ်တဲ့ လုပ်ရပ်တစ်ခုကတော့ နယ်စပ်ဒေသတွေမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ တိုက်ပွဲများ (တချို့အချိန်မှာ ပြင်းထန်စွာ) ဆက်လက်ဖြစ်ပွားနေတဲ့ကိစ္စ ဖြစ်တယ်ဗျ။ နောက်လုပ်ရပ်က မြန်မာပြည်သူကရော ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းကပါ တစိုက်မတ်မတ် တောင်းဆိုနေကြတဲ့ ယုံကြည်ချက်အကျဉ်းသားလွှတ်ပေးရေးကိစ္စ ဖြစ်တယ်ဗျ။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့အပေါ် လက်ရှိအစိုးရရဲ့ ပြုမူဆက်ဆံနေပုံကြောင့် လက်ရှိအစိုးရနဲ့ အရင်ကရှိခဲ့တဲ့ စစ်အစိုးရတွေ အခြားအခြေခံကစပြီး ပွဲပြီး ခြားနားမှုရှိနေပြီဆိုတဲ့ အယူအဆဟာ ထင်ယောင်ထင်မှားဖြစ်မှုတစ်ခုလားဆိုပြီး မေးခွန်းထုတ်စရာ ပေါ်ပေါက်နေတာ အမှန်ပဲဗျ။ အဲသလိုပဲ တိုင်းတစ်ပါးနယ်ချဲ့ ကိုလိုနီအစိုးရကတောင် သူနဲ့ သဘောထားမတူတဲ့သူတွေကို နိုင်ငံရေး အကျဉ်းသားလို့ သဘောထားနိုင်ခဲ့ပေမယ့် ဒီမိုကရေစီနိုင်ငံ တည်ဆောက်မယ်လို့ ပြောထားတဲ့ မြန်မာတိုင်းရင်းသား အရပ်သားအစိုးရက စစ်အစိုးရဟောင်းတွေလက်ထက်က ထောင်ဒဏ် ချမှတ်ခံထားကြရတဲ့ အစိုးရနဲ့ သဘောထားချင်းမတူသူတွေကို ယုံကြည်ချက်ကြောင့် အကျဉ်းချခံနေကြရသူများ သို့မဟုတ် နိုင်ငံရေးအကျဉ်းသား လို့တောင် သတ်မှတ်ခေါ်ဝေါ်သုံးစွဲနိုင်ခြင်းမရှိတဲ့ အချက်က လက်ရှိအရပ်သားအစိုးရရဲ့ ဒီမိုကရေစီ ကတိကဝတ်တွေအပေါ် သံသယတွေ ပိုမိုတိုးပွားလာအောင် အားပေးနေသလို ဖြစ်နေတယ်ဗျာ။

ဒီနောက်မှာ ကျွန်တော် ငယ်ငယ်က ကြားခဲ့ဖူးတဲ့ လူပြက်တစ်ယောက်ရဲ့ ပြက်လုံးကို သွားသတိရမိတယ်ဗျ။ လူပြက်က ရခိုင်လူမျိုး တံငါသည်တစ်ယောက် ပစ်လိုက်တဲ့ကွန်ထဲမှာ ဖျံတစ်ကောင်ပါလာလို့ ဖျံကို ဘာကောင်မှန်းမသိတဲ့ အဲဒီ တံငါသည် ညည်းပြောပြောပုံကို ရခိုင်လေသံနဲ့ပြောပြီး ပြက်လုံးထုတ်ခဲ့တယ်။ အဲဒီရခိုင်တံငါသည် ညည်းပုံက ဒီလိုဗျ။ “ဝေး ... ကြောင် လို့ဆိုရမှာကလည်း ရေထဲကရတော့ ကြောင်လို့ မဆိုနိုင်။ ငါး လို့ဆိုရမှာလည်း နှုတ်ခမ်းမွေးနဲ့မို့ ငါးလို့ မဆိုနိုင်။ ဒီကောင် ဘာကောင်လဲဝေ့” လို့ ဖြစ်တယ်ဗျ။

သမ္မတကြီးဦးသိန်းစိန်ရဲ့ အစိုးရအနေနဲ့ ကြောင်လား၊ ငါးလား ခွဲခြားမရဖြစ်နေသူတွေကို မကြာခင်အချိန်ကာလအတွင်း ကောင်းစွာ သင်္ကာရှင်းနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်းပါဗျ။

ဓာတ်ပုံ - အင်တာနက်


 

No comments: