Thursday, October 6, 2011

ဗွီအိုအေ သောတရှင်များနဲ့ ဒေါ်အောင်ဆန်းစုကြည် - အပိုင်း (၄၀)

ဒီအပတ် အစီအစဉ်မှာတော့ မြန်မာအစိုးရအနေရဲ့ လတ်တလော ဆောင်ရွက်ချက်တွေထဲမှာ ပြုပြင်ပြောင်းလဲရေးအတွက် ခိုင်မာတဲ့ ခြေလှမ်းတွေတကယ်ပဲ တွေ့ရပြီလားလို့ မေးမြန်းသူ ပါဝင်သလို၊ အစိုးရကို အယုံမလွယ်ဖို့ဆိုပြီး သဘောထားပို့ မေးမြန်းလာသူတွေလည်း ရှိပါတယ်။ မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်လို့ကိစ္စနဲ့ မကြာသေးခင်က ရန်ကုန်မှာဖြစ်ခဲ့တဲ့ ရွှေဝါရောင်နှစ်ပတ်လည် ဝတ်ပြုဆုတောင်းဆန္ဒပြပွဲအပေါ် ဒေါ်အောင်ဆန်းစုကြည်ရဲ့အမြင်တွေကို ဗွီအိုအေ သောတရှင်က မေးမြန်းထားကြပါတယ်။

အရင်ဆုံးတော့ ကျော်ဝင်းနိုင် ကဒုံကနိ ဆိုတဲ့ သောတရှင်တဦးကတော့ မြစ်ဆုံကိစ္စတွေ အပြောများနေကြလို့ ၂၁ ရာစု ပင်လုံညီလာခံကိစ္စ မှေးမှိန်သွားပြီလားဆိုတာ အစချီပြီး၊ တိုင်းရင်းသားအရေးနဲ့ပတ်သက်လို့ မေးမြန်းထားပါတယ်။

မေး။ စစ်အစိုးရအသွင်ပြောင်း အာဏာအနုကြမ်းစီးအစိုးရက ပြည်သူတွေနဲ့ နိုင်ငံရေးသမားတွေကို အာရုံပြောင်းအောင် အစီအစဉ်ချလုပ်လိုက်တာလို့ ယူဆမိပါတယ်။ အခု ၂၁ရာစု ပင်လုံညီလာခံက စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ပြီး ဒီမိုကရေစီစနစ်ကို အခြေခိုင်စေဖို့အတွက် မဖြစ်မနေ လုပ်ဆောင်ရမယ့် တာဝန်တစ်ရပ်လို့ မြင်ပါတယ်။ မေးချင်တာက ၂၁ ရာစု ပင်လုံညီလာခံဆီသွားနိုင်ဖို့ ကျွန်တော်တို့ တိုင်းရင်းသားပြည်သူ လူထုအနေနဲ့ ဘာတွေ ဘယ်လို လုပ်ဆောင် အောင်မြင်နိုင်မလဲ။ အမေ့ရဲ့ရည်မှန်းချက်ဟာ တိုင်းရင်းသား ပြည်သူတွေရဲ့ ရည်မှန်းချက်ပါ။ အမေ့ရဲ့ ဦးဆောင်မှုအောက်မှာ ကျွန်တော်တို့ တိုင်းရင်းသားပြည်သူတွေက ဘယ်လိုပါဝင်ပူးပေါင်းရမလဲဆိုတာ ပြောပြပေးစေလိုပါတယ် အမေ ခင်ဗျား။

ဖြေ။ အခု မြစ်ဆုံ ရေကာတာစီမံကိန်း ဆိုင်းငံသွားရတာဟာ ပြည်သူလူထုရဲ့ တညီတညွတ်တည်း ထွက်လာတဲ့အသံကို သမတ ဦးသိန်းစိန်က အလေးထား ဆောင်ရွက်လိုက်တယ်လို့ အမေ မြင်ပါတယ်။ ဒီလို ဧရာဝတီအတွက် စိုးရိမ်တကြီး ထွက်လာတဲ့ အသံတွေထဲမှာ တိုင်းရင်းသားပေါင်းစုံရဲ့ အသံတွေ ပါပါတယ်။ တနည်းအားဖြင့် ပြောရမယ်ဆိုရင် ဧရာဝတီက ညီညွတ်ရေးကို ဖြစ်ပေါ်စေလိုက်တာပေါ့။ ဒါကြောင့် မြစ်ဆုံစီမံကိန်းကိစ္စဟာ ၂၁ ရာစုနှစ် ပင်လုံရဲ့ အဓိက ရည်မှန်းချက်ဖြစ်တဲ့ စစ်မှန်တဲ့ ပြည်ထောင်စုစိတ်ဓာတ် ထွန်းကားရေးကို ပံ့ပိုးပေးတယ်လို့ ပြောနိုင်ပါတယ်။ ပြည်ထောင်စုအရေးဆိုတာ အမေတို့ စိတ်ထဲမှာရော ဒီနိုင်ငံအတွက် အရေးကြီးဆုံးအကြောင်းအရာတွေထဲမှာရော မှေးမှိန်သွားမယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ ယခုလည်း ဒီကိစ္စနဲ့ပတ်သက်လို့ ပြည်သူလွှတ်တော်ကိုယ်စားပြုကော်မတီက တာဝန်ယူပြီး လုပ်ကိုင်နေဆဲပါ။

နိုင်မိုရ် စစ်တွေဆိုတဲ့ သောတရှင်ရဲ့ စာမှာတော့ သူ့အဖိုးဖြစ်သူ ပြောခဲ့တာကို ပြန်ကိုးကားပြီး၊ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အယုံအကြည်မလွယ်ဖို့ သူ့အမြင် သူ့သဘောထားကို ဆွေးနွေးပြီး မေးခွန်းထုတ်ထားပါတယ်။

မေး။ သားရဲ့အဖိုးက နိုင်ငံရေးသမားဟောင်းကြီးပါပဲ။ အဖိုး မဆုံးခင်က အမေ့အပေါ် မှတ်ချက်ပြု ပြောခဲ့တဲ့စကားကို ပြန်ပြောပြပါရစေ။ “နိုင်ငံရေးမှာ တဖက်သတ်ယုံကြည်နေလို့ မရဘူး၊ အပြန်အလှန် ပြီးတော့ အဖက်ဖက်က ယုံကြည်မှုရှိမှ လုပ်ငန်းကိုင်ငန်းတွေ ရည်ရွယ်တာတွေ အောင်မြင်မှာ။ ဒေါ်စုက အယုံလွယ် လွန်းနေတယ်ကွ။ အယုံလွယ်တော့ အားနည်းချက်အဖြစ်ကိုင်ပြီး တစ်ဖက်က အသုံးချသွားနိုင်တယ်။ မင်းမယုံရင် စောင့်ကြည့်” ဆိုပြီး ပြောပြခဲ့ဖူးပါတယ်။ 

အမေရေ အဖိုးပြောသလို စစ်အစိုးရကို ယုံလို့မရတာကတော့ သေချာပါတယ်။ မေးချင်တာက စစ်တပ်ကနေ အသွင်ပြောင်းတာဝန်ပေးထားတဲ့ ဌာနဆိုင်ရာအရာရှိတွေက ဆဲလ်တွေလို ဌာနတိုင်းမှာ ရှိနေတာ အမေ။ အဲဒီ အမှုထမ်း၊ အရာထမ်းတွေက အမိန့်နာခံဖို့ထက် တိုင်းရင်းသား ပြည်သူလူထုအကျိုးကို ဆောင်ရွက်ပေးရမယ်ဆိုတာကို သိမြင်လာအောင် ဘယ်လို လုပ်ရမလဲ။ တစ်နည်းအားဖြင့် တပ်ကို ကိုယ်စားပြု လုပ်ကိုင်နေတာထက် ပြည်သူ့အတွက် ကိုယ်စားပြုလာအောင် ဘယ်လို လုပ်ရမလဲ။

ဖြေ။ သားအဖိုးရဲ့ အမြင်က ဘာကို အခြေခံတယ်ဆိုတာ မသိပါဘူး။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့အတူ ခက်ခက်ခဲခဲ နှစ် ၂၀ ကျော် ရုန်းကန်ခဲ့ကြရတဲ့ အမေတို့တတွေဟာ အယုံလွယ်နိုင်တဲ့ အခြေအနေမှာ ဘယ်တုန်းကမှ မရှိခဲ့ပါဘူး။ ဒါပေမယ့် ငြိမ်းချမ်းတဲ့နည်းတွေနဲ့ ပြုပြင်ပြောင်းလဲနိုင်တယ်ဆိုတာကိုတော့ ခိုင်မာစွာ ယုံကြည်ချက်အဖြစ် ဆွဲကိုင်ထားပါတယ်။ ဒီလို ယုံကြည်ချက် မရှိဘူးဆိုရင် အစကတည်းက အကြမ်းမဖက်ရေးမူ တွေ့ဆုံဆွေးနွေး အဖြေရှာရေးမူတွေကို အခြေခံပြီး နိုင်ငံရေးလုပ်တာ အဓိပ္ပာယ်ရှိမှာ မဟုတ်ပါဘူး။ အတိတ်ကအဖြစ်ကြောင့် သတိထားစရာ အများကြီးရှိတာကို လက်ခံပါတယ်။ သတိနဲ့ သံသယ ဆိုတာ မတူပါဘူး။ သတိဆိုတာ အခြေအနေတွေကို ဂရုတစိုက် သေသေချာချာ လေ့လာဆင်ခြင်ပြီး၊ အကောင်းဆုံးအဖြေရှာတဲ့နည်းနဲ့ တိုးတက်ဖို့ ကြိုးစားတာပါပဲ။ အပြုသဘောဆောင်ပါတယ်။ သံသယများလွန်းရင်တော့ တိုးတက်မှု ဖြစ်ဖို့ဆိုတာ အင်မတန် ခဲယဉ်းပါလိမ့်မယ်။ ယုံကြည်ချက်အရ စွန့်စားသင့်တဲ့နေရာမှာ စွန့်စားပြီးလုပ်တာနဲ့ အယုံလွယ်တာဟာ အများကြီး ကွာခြားပါတယ်။

မော်လမြိုင်မြို့က မောင်အောင်နိုင်လတ်ဆိုသူကတော့ မြစ်ဆုံကိစ္စနဲ့ပတ်သက်လို့ အခြား ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေ ရှိပါသလား။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမြင်ကို မေးမြန်းထားပါတယ်။

မေး။ တကယ်လို့ မြစ်ဆုံကိစ္စက ဘယ်လိုမှ မတားဆီးနိုင်တော့ဘူးဆိုရင် အမေ ဘာလုပ်မယ်လို့ ရည်ရွယ်ထားပါသလဲ။ အောင်ပင်လယ်မဂ္ဂဇင်း တာဝန်ခံအယ်ဒီတာ ဒေါ်ဒေဝီသန့်စင်ကတော့ တရုတ်ကို ပြန်ပြီးပေးလျှော်ရမယ့် ငွေကြေးရဖို့ စိတ်အားထက်သန်တဲ့ ပြည်သူတွေ ထည့်ဝင်ငွေတွေ ပေါင်းစုပြီး မြစ်ဆုံ ပရောဂျက်အတွက် ပေးလျှော်ရင် ဖြစ်နိုင်မယ်လို့ နောက်ပိတ်ဆုံး ကြိုးပမ်းမှုအဖြစ် ပြောပြပါတယ်။ တခြား နည်းလမ်းတွေကိုလည်း ပြောပြပေးပါခင်ဗျား။

ဖြေ။ အခု စီမံကိန်းကို ငါးနှစ်တာ ရပ်ဆိုင်းထားတဲ့ကာလမှာ ရေရှည်တည်တံ့နိုင်မယ့်အဖြေကို အင်တိုက်အားတိုက် ရှာရမှာ ဖြစ်ပါတယ်။ နှစ်နိုင်ငံ အစိုးရနဲ့ နှစ်နိုင်ငံပြည်သူတွေဟာ အိမ်နီးချင်းနိုင်ငံတွေရဲ့ ဆက်ဆံရေးကောင်းဖို့ ဘယ်လောက် အရေးကြီးတယ်ဆိုတာကို စွဲစွဲမြဲမြဲ မှတ်ထားပြီး၊ အဖြေရှာရမှာပါ။ ဘယ်လို ခက်ခဲတဲ့ ပြဿနာပဲဖြစ်ဖြစ် အဖြေရှာတဲ့နေရာမှာ နှစ်ဦးနှစ်ဖက် တွေ့ဆုံဆွေးနွေး အပေးအယူလုပ်တာဟာ အကောင်းဆုံးအဖြေရနိုင်ဖို့ အကောင်းဆုံးနည်းလမ်းပါပဲ။

မေရီလန်းပြည်နယ်က ဦးဖိုးထိုက်ကတော့ မကြာသေးခင်က ရန်ကုန်မြို့မှာ ဖြစ်ခဲ့တဲ့ ရွှေဝါရောင်လှုပ်ရှားမှု နှစ်ပတ်လည် ဝတ်ပြု ဆုတောင်းကြတာတွေနဲ့ ပတ်သက်လို့ အမြင်အမျိုးမျိုးကြားရလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမြင်ကို သိချင်တယ်ဆိုပြီး မေးမြန်းထားပါတယ်။

မေး။ ရွှေဝါရောင် တော်လှန်ရေး သံဃာ့လှုပ်ရှားမှု နှစ်ပတ်လည်နေ့မှာ စုဝေးချီတက် ဝတ်ပြု ဆုတောင်းကြတာတွေနဲ့ ပတ်သက်ပြီး မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတွေကြားမှာ သဘောထား အမြင်တွေ ကွဲလွဲနေပါတယ်။ တချို့က တိုင်းပြည်အခြေအနေ တိုးတက်လာတဲ့ အနေအထားအပေါ်မှာ သွားပြီးထိခိုက်မှာ စိုးရိမ်တယ်လို့ ပြောပါတယ်။ တချို့ကလည်း ဒီလို ဆန္ဒပြပွဲတွေက လုပ်သင့်လုပ်ထိုက်တယ်ဆိုပြီး ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ရော ဆန္ဒပြပွဲတွေ ရှိသင့်နေပြီလို့ မြင်ပါသလား။

ဖြေ။ ကျမ သိသလောက် ရွှေဝါရောင်သံဃအရေးအခင်း နှစ်ပတ်လည်နေ့မှာ ဘုရားဝတ်ပြုဆုတောင်းပွဲတွေ ကျင်းပခဲ့တာဟာ အားလုံးလည်း အေးအေးဆေးဆေး ပြီးစီးသွားတာမို့ ဒီအဖြစ်အပျက်အပေါ်မှာ အခြေခံပြီး အငြင်းပွား စိတ်ဝမ်းကွဲစရာမလိုဘူးလို့ ထင်ပါတယ်။

နောက်ဆုံးမေးခွန်းကတော့ မြန်မာနိုင်ငံရေးကို စောင့်ကြည့်နေသူပါဆိုတဲ့ နယူးယောက်မြို့က ဒေါ်ခင်အေးသက်ရဲ့ မေးခွန်းပါ။ မကြာခင်တုန်းက Irreversible ဆိုတဲ့ စကားလုံးကို မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းက ပြောခဲ့သလို၊ Irreversible နောက်ကြောင်းပြန်လှည့်လို့မရတဲ့ ခြေလှမ်းတွေ လှမ်းဖို့ ကုလအတွင်းရေးမှုးချုပ် ဘန်ကီမွန်းရော အမေရိကန် အထူးကိုယ်စားလှယ် Derek Mitchell တို့ကပါ ပြောခဲ့ကြပါတယ် တဲ့။ ဒါနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမြင်သဘောထားကို သူက မေးမြန်းထားတာပါ။

မေး။ နိုင်ငံတကာက မြန်မာအစိုးရကို irreversible ခြေလှမ်းတွေ လှမ်းဖို့ တိုက်တွန်းနေတာကလည်း အဲဒီလို ခြေလှမ်းတွေ မတွေ့ရလို့ လို့ ထင်ပါတယ်။ ဦးဝဏ္ဏမောင်လွင် ဘယ်လိုပဲ ပြောပြော တကယ်လည်းပဲ မတွေ့ရသေးဘူးလို့ ပြောရမှာပါ။ သမတ ဦးသိန်းစိန် အကြံပေးတွေ ထောက်ပြနေတာကတော့ ဒေါ်စုနဲ့ သမတ ဦးသိန်းစိန် တွေ့တာ၊ ဦးအောင်ကြည်နဲ့ တွေ့တာ စသဖြင့်ပေါ့။ 

ဦးအောင်ကြည်နဲ့ တွေ့တာ ၁၀ ကြိမ်လောက်ရှိပြီ ဘာမှလဲ မယ်မယ်ရရ အပြောင်းအလဲ မတွေ့ပါဘူး။ ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံကို သမတရုံးမှာ ချိတ်တယ်ဆိုတာလည်း အချိန်မရွေး ပြန်ဖြုတ်ချနိုင်တာမို့ ဒါဟာ Irreversible မဟုတ်ပါဘူး၊ reversible ဖြစ်ပါတယ်။ ဝက်ဆိုဒ်တွေ ဖွင့်တာလည်း အချိန်မရွေး ပြန်ပိတ်နိုင်ပါတယ်။ စုဝေး ချီတက်တုန်း မဖမ်းတာကလည်း အချိန်မရွေး ပြန်ဖမ်းနိုင်တာပါပဲ။ သူတို့ပြောတဲ့ Irrevisible ခြေလှမ်းဆိုတာ သူတို့အာဏာတည်မြဲရေး အတွက် Irreversible ခြေလှမ်းလှမ်းနေရာမှာ တိုးတက်မှုတွေ ရတယ်လို့ ဆိုတာနေမှာပါ။ ဥပမာ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ထမ်းဆောင်ခွင့်ရမယ်ဆိုရင်လည်းပဲ ဒါဟာ မြန်မာအစိုးရအတွက် legitimacy ပိုရမယ့် irreversible ခြေလှမ်းပါ။ လောလောဆယ် irreversible ခြေလှမ်းဆိုရင် နိုင်ငံတကာက တောင်းဆိုနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ပါပဲ။ သာမန်အကျဉ်းသား နှစ်သောင်းတောင် သူတို့ ပြန်လွှတ်ပေးခဲ့တာပဲ။ အစိုးရတက်လာတာ ၈ လ ကျော်လာပါပြီ။ ဒေါ်စု အနေနဲ့ရော အစိုးရပြောနေတဲ့ Irreversible ခြေလှမ်းဆိုတာ မြင်ခဲ့ရပါလား။ ဒေါ်စုရဲ့အမြင်ကို သိချင်ပါတယ်။

ဖြေ။ Irreversible ဆိုတာကို နှစ်မျိုး မြင်လို့ရပါတယ်။ တမျိုးကတော့ လောကကြီးမှာ ဘာကိုမဆို ပြန်လှည့်လို့ မရဘူးဆိုတာ မရှိဘူး၊ ဒါကြောင့် Irreversible ဆိုတာ မရှိဘူးဆိုတာမျိုးပေါ့။ နောက်တမျိုးကတော့ အခြေခံကျတဲ့ အပြောင်းအလဲတွေ လုပ်ခြင်းအားဖြင့် ပြန်လှည့်ဖို့ရာ ခက်ခဲလွန်းသွားပြီး၊ လှည့်ဖို့ကိန်း အင်မတန် နည်းသွားတာ ဖြစ်ပါတယ်။ အခု Derek Mitchell တို့ပြောနေတဲ့ Irreversible ဆိုတာ ဒုတိယအမျိုးအစားလို့ မြင်ပါတယ်။

ဒီလို အခြေအနေကို ရောက်ဖို့ဆိုတာ အကြောင်းအရာ တခုတည်း နှစ်ခုတည်းပေါ်မှာ တည်တာမဟုတ်ပါဘူး။ လိုအပ်နေတဲ့ နိုင်ငံရေး အုပ်ချုပ်ရေး စီးပွားရေး အဆောက်အအုံတွေ ဘယ်လောက် ခိုင်မြဲသွားတယ်ဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ ဒီလို ခိုင်မြဲမှုကို အထောက်အကူပေးမယ့် ဆုံးဖြတ်ချက် အပြုအမူ မှန်သမျှကို ကြိုဆိုအားပေးပြီး၊ ဒီလို အပြုအမူတွေ အစဉ်တစိုက် ဆက်လက်တိုး၍ လုပ်သွားဖို့ တိုက်တွန်းရမှာပါ။ ဒါကြောင့် ကျမတို့ကလည်း အပြုသဘောဆောင်တဲ့ လုပ်ရပ်အားလုံးကို ထောက်ခံကြိုဆိုပြီး၊ နောက်ထပ် ဆက်လက် တိုးလို့ တိုးလို့ လုပ်ဆောင်ဖို့ကို တိုက်တွန်းရမှာ ဖြစ်ပါတယ်။

အခုနားဆင်ခဲ့ကြရတာကတော့ ဗွီအိုအေ သောတရှင်တွေရဲ့ မှတ်ချက်၊ အကြံပေးချက်နဲ့ မေးခွန်းတွေအပေါ် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားအမြင်နဲ့ အဖြေတွေ ဖြစ်ပါတယ်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗွီအိုအေ သောတရှင်တွေရဲ့ အမေးအဖြေ အစီအစဉ်ကို သီတင်းပတ်စဉ် ဗုဒ္ဓဟူးနေ့ မနက်ဘက် တိုက်ရိုက်လေလှိုင်း အစီအစဉ်နဲ့အတူ ထုတ်လွှင့်ပေးနေပြီး စနေ ညဘက် အစီအစဉ်မှာ ပြန်လည်နားဆင်နိုင်ပါတယ်။

ဗွီအိုအေသောတရှင်တွေနဲ့ မြန်မာလူထုအနေနဲ့ မြန်မာ့နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စတာတွေနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို မေးမြန်းချင်တာတွေရှိရင် ဗွီအိုအေ အီးမေးလိပ်စာ burmese@voanews.com ဆီ စာနဲ့ပဲဖြစ်ဖြစ်၊ အသံဖိုင်နဲ့ပဲဖြစ်ဖြစ် ကြိုတင်ပေးပို့ထားလို့ ရပါတယ်။


 

No comments: