ထိန်လင်း
ဆရာကြီးမင်းသုဝဏ်ဟာ ပထမ ကျောင်းသားသပိတ် ပေါ်ပေါက်ခဲ့တဲ့ ၁၉၂ဝ မှာ အသက် ၁၁ နှစ်သာ ရှိသေးတယ်ဆိုတော့ ပါဝင်ပတ်သက်မှုမရှိပေမယ့် ၁၉၃၆ ခုနှစ်မှာ ပေါ်ပေါက်တဲ့ ဒုတိယကျောင်းသားသပိတ်မှာတော့ တိုက်ရိုက်ပတ်သက်မှုမရှိရင်တောင် သွယ်ဝိုက်သောနည်းအားဖြင့် ပါဝင်ပတ်သက်ခဲ့တယ်လို့ ပြောနိုင်ပါတယ်။
ပတ်သက်ခဲ့ပုံက ဒီလိုပါ။ နောင်အခါ လူထုဒေါ်အမာ လို့အမည်တွင်မယ့် တက္ကသိုလ်ကျောင်းသူ အမာက အဲဒီတုန်းက သပိတ်မှောက်ကျောင်းသူပါ။ သပိတ်မှောက်ကျောင်းသားကျောင်းသူတွေဟာ ရွှေတိဂုံစေတီတော် မြောက်ဘက် စခန်းဇရပ်မှာ သပိတ်မှောက်ကောင်စီကို ဖွဲ့စည်းခဲ့ကြပြီးတဲ့နောက် ကျောင်းသူတွေကို မော်လမြိုင်ဇရပ်မှာ နေရာချပေးခဲ့ပါတယ်။
အဲဒီအချိန် ဆရာမင်းသုဝဏ်က ရန်ကုန်တက္ကသိုလ်မှာ အချိန်ပြည့်နည်းပြဆရာ ဖြစ်နေပါပြီ။ သူက သပိတ်မှောက် ကျောင်းသားတွေရှိရာ ရွှေတိဂုံစေတီကို ရောက်သွားတုန်း လူထုဒေါ်အမာရဲ့ အော်တိုစာအုပ်ထဲမှာ အခုလို ရေးပေးခဲ့ပါတယ်။
အဖြောင့်သည် အကောက် မဟုတ်
အဖြူသည် အမည်း မဟုတ်။
အမာကို မပျော့စေနှင့်
အဖြောင့်ကို မကောက်စေနှင့်
အဖြူကို မမည်းစေနှင့်။
ဆရာ့လက်ရေးနဲ့ ရေးပေးခဲ့တဲ့ အဲဒီမှတ်တမ်းစာအုပ်ကလေးကို လူထုဒေါ်အမာက တသက်လုံး သိမ်းဆည်းခဲ့တဲ့အကြောင်း ဆရာမင်းသုဝဏ် ကွယ်လွန်တဲ့အချိန်မှာ ဆောင်းပါးရေးသားခဲ့ပါတယ်။ တကယ်တော့ ကျောင်းသားသပိတ် ပေါ်ပေါက်တဲ့အချိန်မှာ တက္ကသိုလ်အာဏာပိုင်တွေနဲ့ ကျောင်းဆရာအများစုက ကျောင်းသားတွေကို သပိတ်လှန်ပြီး စာသင်ခန်းကို ပြန်ဖို့ တိုက်တွန်းခဲ့ကြတဲ့အချိန်ပါ။ အဲဒီလိုအချိန်မှာ သပိတ်မှောက်ကျောင်းသူကို အားပေးခဲ့တဲ့ ဆရာ့ရဲ့စိတ်ထားက ဘယ်လိုရှိမယ်ဆိုတာ ခန့်မှန်းနိုင်ပါတယ်။ သပြေညို၊ ဇာနည့်ထုံး၊ အမျိုးသားအောင်ပွဲနေ့ မင်္ဂလာနှုတ်ခွန်းဆက် စတဲ့ လွတ်လပ်ရေး အမျိုးသားရေးနဲ့သက်ဆိုင်တဲ့ ကဗျာတွေရေးသားခဲ့သလို ဗိုလ်ချုပ်အောင်ဆန်း၊ သခင်ကိုယ်တော်မှိုင်း တို့ကို ဂုဏ်ပြုတဲ့စာပေများလည်း ရေးသားခဲ့ပါတယ်။
လွတ်လပ်ရေးကြိုးပမ်းမှုကာလထဲမှာ စာပေတာဝန်ထမ်းဆောင်ရင်း ပါဝင်လာခဲ့တဲ့ ဆရာမင်းသုဝဏ်ဟာ ၁၉၈၈ အရေးတော်ပုံကာလအတွင်းမှာလည်း တာဝန်ကျေခဲ့ပါတယ်။ အထူးသဖြင့် စာပေအနုပညာရှင်တွေရဲ့ ဒီမိုကရေစီရေး တောင်းဆိုချက် ကြေညာချက်မှာ လက်မှတ်ထိုးဖို့ စာရေးဆရာငယ်တွေက သွားရောက် ပြောဆိုကြတဲ့အခါ ကြေညာချက်ကိုတောင်မကြည့်ဘဲ လက်မှတ်ထိုးပေးခဲ့သလို အရေးတော်ပုံကာလအတွင်း ကမာရွတ်မြို့နယ်မှာ စာရေးဆရာသမဂ္ဂ ဖွဲ့တော့ ဆရာကြီးက နာယက အဖြစ် ပါဝင်ခဲ့ပါတယ်။
၈၈ အရေးတော်ပုံကာလအတွင်း ညလုံးပေါက် ဆန္ဒပြခဲ့တဲ့ ကျောင်းသားတွေဆီကို ဆရာကြီး ရောက်လာခဲ့ပုံအကြောင်း ကဗျာဆရာ မောင်စွမ်းရည်က အခုလို ပြောပြဖူးပါတယ်။
“(ဆရာကြီးက)လှည်းတန်းလမ်းမဘက်က ဝင်လာတယ်၊ ဆန္ဒပြတဲ့နေရာကို။ ဝင်လာတော့ သူ့နောက်က အမျိုးသမီးငယ်ငယ်တစ်ယောက်က တွဲလာတယ်ပေါ့လေ။ တွဲလာတော့ ကျနော်တွေ့တော့ ‘ဟာ … ဆရာ၊ လာ လာ’ ဆိုတော့ ဆရာက ကြည့်ပြီး စိတ်ထိခိုက်ပြီး မျက်ရည်တွေကျနေတယ်။ မျက်ရည်တွေကျပြီးနေတော့ ကျနော်က ‘ဆရာရေ … ဒီကလေးတွေ တညလုံးပဲ မိုးစိုကြီးထဲနေကြတယ်။ အငယ်တွေရော အကြီးတွေရော’ ဆိုတော့ ကလေးတွေကွယ် ဒုက္ခခံလိုက်ကြတာ၊ သနားလိုက်တာ။ သတ္တိလည်း ကောင်းလိုက်ကြတာ … တဲ့။ ဒီလို သေနတ်တွေ ဘာတွေ ပစ်ကြခတ်ကြ လုပ်နေကြတဲ့အထဲထဲမှာ ဒီလို လုပ်ဖော်ရကြသေးတယ်။ တာဝန်ကျေတယ်။ ဒီကလေးတွေကို ငါ ချီးကျူးပါတယ်ကွယ်လို့ ပြောပြီးတော့ ငိုနေတော့ သူ့သမီးက ချော့ခေါ်သွားတယ်ပေါ့လေ။ ကျနော်လည်း လိုက်ပို့လိုက်တယ်။ အတော်လေးရောက်အောင် လိုက်ပို့ပြီး ကျနော်ပြန်လာတယ်။ ပြန်လာတဲ့အခါကျတော့ အထဲကကောင်တွေ ထွက်လာတယ်။ ခုနက အဘိုးကြီးက ဘယ်သူတုန်းတဲ့ တစ်ယောက်က။ ‘ဟာ … မင်းတို့ကွာ’ လို့။ ဆရာကြီး မင်းသုဝဏ်လေ လို့ ပြောလိုက်တယ်။ အဲဒီမှာတင် ဆရာကြီး မင်းသုဝဏ်ဆိုတာနဲ့ ပြန်ခေါ်ပေးပါတဲ့။ ဘေးကလူတွေ ဝုန်းဆို ထလာပြီးတော့ ဆရာ … ပြန်ခေါ်ပေးပါ၊ ပြန်ပြီးတော့ ဖိတ်ကြားပေးပါတဲ့။ ဟာ … သူ စိတ်မကောင်းဖြစ်နေရှာပါတယ်။ မလုပ်ပါနဲ့ လို့။ တော်တော်စိတ်ထိခိုက်သွားတယ်၊ မလုပ်ပါနဲ့ ဆိုတော့ မဟုတ်ဘူး တဲ့၊ ကျနော်တို့က ခဏလေးဖြစ်ဖြစ် သေသေချာချာ ဆရာကြီးကို များများမဟုတ်ပါဘူး၊ အားပေးစကားလေး တစ်ခွန်း နှစ်ခွန်းဖြစ်ဖြစ်၊ ကျနော်တို့က ဒီအတိုင်း ဆရာကြီးကို ပြန်မြင်ရရင်ဖြစ်ဖြစ်၊ ကျနော်တို့က ဆရာကြီးမှန်းမသိလို့ ဂါရဝ မပြုလိုက်ရလို့ပါ တဲ့။ ကန်တော့ချင်ပါတယ် ဘာတယ် ဆိုတော့ ဆရာကြီးဆီ ကျနော် သွားပါတယ်။
သွားပြီးတော့ ဆရာကြီးရေ … အဲဒီလိုပဲ တပည့်တွေက ကန်တော့ချင်တယ်။ ဆရာကြီးအနေနဲ့ မပြောနိုင်ရင်လည်း မပြောပါနဲ့ဆိုတော့ ‘ငါအရှက်ကွဲပါတယ်ကွာ။ ငါ မအောင့်နိုင်ဘူးကွ။ ဒီကလေးတွေကို မြင်ရတော့ မျက်ရည် မဆည်နိုင်ဘူးကွ။ အဲဒါကြောင့် ငါ မလိုက်ပါရစေနဲ့ကွာ’ ဆိုပြီး ‘ခဏ နေ’ ဆိုပြီးတော့ သူ ဂျပန်ပြည်က ပို့စကတ် ကတ်ပြားလေးတစ်ခု ဆွဲယူလိုက်ပြီးတော့ အဲဒီပေါ်မှာ ကျောဘက်မှာ ကဗျာရေးပါတယ်။ သပိတ်မှောက် ကျောင်းသားတွေကို ဂုဏ်ပြုတဲ့ကဗျာပါပဲ။ အဲဒီကဗျာကို ရေးပြီးတော့ ဒီကဗျာလေးနဲ့ မင်း သွားဖတ်လိုက်ပါတဲ့။ သွားဖတ်ခိုင်းတော့ ကျောင်းသားတွေက ကျနော့်ကို ကြိုဆိုပြီးတော့ ဘယ်လိုလဲ၊ ဘယ်လိုလဲပေါ့လေ။ ဆရာကြီးက စိတ်မကောင်းဘူး။ သူ အိနြေ္ဒမဆည်နိုင်ဘူး။ ပြောလို့ဆိုလို့လည်း ရမှာမဟုတ်ဘူး။ ပြီးတော့မှ အဆင်ပြေရင်လည်း လာခဲ့လိမ့်မပေါ့ကွာ။ သွားခေါ်တာပေါ့ လို့။ အခု ဆရာကြီးက ကိုယ်တိုင် ကဗျာရေးပြီးတော့ ပေးလိုက်တယ်။ ငါ့ကို ဖတ်ပြပါလို့ မှာလိုက်တယ်ဆိုတော့ လက်ခုပ်သြဘာ ပေးပြီးတော့ ဖတ်ပြခိုင်းတယ်။ ကျနော်ကလည်း ဖတ်တာက ညံ့တယ်။ တော်တော်ကြာကြာ … အားမရဘူး၊ ထပ်ဖတ်ပါဦး၊ ကျယ်ကျယ်ဖတ်ပါဗျို့ဆိုတော့ ကျနော်လည်း အဲဒါကို ဘယ်နှစ်ခေါက်မှန်းမသိဘူး ဖတ်ရတယ်။ လက်ခုပ်သြဘာ တဖြောင်းဖြောင်းနဲ့။ ဆရာကြီး ဂုဏ်ပြုတဲ့ကဗျာပါ”
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် အရွေးခံရပြီးတဲ့နောက် ဆရာကြီးရဲ့ကလောင်ကို စစ်အစိုးရက ကန့်သတ်ပိတ်ဆို့ခဲ့ပါတယ်။ အဲဒီလို ကာလအတွင်း ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကနေ ပထမဆုံး လွတ်မြောက်လာပြီး ခြံရှေ့ဟောပြောပွဲတွေနဲ့ ခြံတွင်းမှာ အခမ်းအနားတွေ ပြုလုပ်ခဲ့ပါတယ်။ အဲဒီကာလ ၁၉၉၆ ခုနှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံအတွင်းက မဏ္ဍပ်ထဲမှာပြုလုပ်တဲ့ လူငယ်များအတွက် ပညာပေးဟောပြောပွဲ တစ်ခုမှာ ဆရာကြီးက ‘ရှိတ်စပီးယား ဖွားမြင်ရာသို့’ ဆိုတဲ့ခေါင်းစဉ်နဲ့ သူ့ရဲ့ အင်္ဂလန်အတွေ့အကြုံတချို့အကြောင်းကို ပြောကြားခဲ့ပါတယ်။ ကျနော့်အနေနဲ့ အကြောင်းအရာတွေအားလုံး မမှတ်မိပေမယ့် ဆရာကြီးပေးထားတဲ့ အဲဒီ ခေါင်းစဉ်ကလေးကို ကြိုက်လို့ နောက်ပိုင်းမှာ ‘ဦးဖိုးကျား ဖွားမြင်ရာသို့’ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆောင်းပါးတစ်ပုဒ် ရေးဖြစ်ခဲ့ပါတယ်။
တကယ်တော့ ဆရာကြီး မင်းသုဝဏ်လို ဂုဏ်ပြုထိုက်တဲ့ပုဂ္ဂိုလ်တွေက ကျနော်တို့တိုင်းပြည်မှာ အများကြီး ပေါ်ထွက်ခဲ့ပါတယ်။ ဒါပေမယ့်လည်း လူစွမ်းကောင်းဆိုရင် နှိမ်နင်းတတ်တဲ့ ဟိုး သက်ဦးဆံပိုင် ပဒေသရာဇ်စနစ်ရဲ့ အလေ့အထတွေ ဆက်လက်တည်ရှိခဲ့လို့ ခေတ်အဆက်ဆက် တိမ်မြုပ်ပျောက်ကွယ်နေကြတာ ဖြစ်ပါတယ်။ အကယ်၍သာ လွတ်လပ်တဲ့တိုင်းပြည်တစ်ခု ဖြစ်ခဲ့မယ်ဆိုရင်တော့ ပညာရှင်တွေဟာ ပညာရှင်တွေနဲ့လျော်ညီတဲ့ အဆင့်အတန်းတစ်ခုမှာ ရပ်တည်ရှင်သန်နိုင်ကြမှာဖြစ်ပါတယ်။ ။
၃ဝ၊ ၉၊ ၂ဝဝ၈
No comments:
Post a Comment