Wednesday, August 31, 2011

ဒေါ်အောင်ဆန်းစုကြည်ရဲ့ Reith Lectures 1

ဒေါ်အောင်ဆန်းစုကြည်က ဘီဘီစီ Radio 4 ရဲ့ ၂၀၁၁ ခုနှစ် Reith Lectures အစီအစဉ်မှာ ဟောပြောချက်နှစ်ရပ် ပြုလုပ်ခဲ့ပါတယ်။ အဲဒီ အင်္ဂလိပ်လို ဟောပြောချက်တွေကို မြန်မာပိုင်း အစီအစဉ်က ဘာသာပြန်ဆိုပြီး အပိုင်းလိုက် တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

အခု အစီအစဉ်မှာတော့ လွတ်လပ်ခွင့်အကြောင်း ဟောပြောချက် ပထမပိုင်းကို နားဆင်နိုင်ကြပါတယ်။

လွတ်လပ်ခွင့် အကြောင်း

ဘီဘီစီကတဆင့် အခုလို မိတ်ဆွေတို့ကို စကားပြောရတာ ကျွန်မအဖို့မှာ အင်မတန်မှ ထူးခြားတဲ့ အဓိပ္ပာယ် ဆောင်ပါတယ်။ အဓိပ္ပာယ်က ဘာလဲဆိုတော့ ကျွန်မဟာ တရားဝင်အားဖြင့် လွတ်လပ်မှုရှိသော လူပုဂ္ဂိုလ်တယောက် တဖန်ပြန်လို့ဖြစ်ပြီဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။ ကျွန်မဟာ တရားဝင်အားဖြင့် လွတ်လပ်မှုမရှိသော လူတယောက် ဖြစ်နေခဲ့တုန်းက ဆိုလိုတာက နေအိမ်အကျယ်ချုပ်နဲ့နေခဲ့ရစဉ်တုန်းက ကျွန်မကို စကားပြောခဲ့သူဟာ ဘီဘီစီ ဖြစ်ပါတယ်။ ကျွန်မက နားထောင်ခဲ့ရသူပါ။ ဒါပေမယ့် အဲဒီလို နားထောင်ရတဲ့အတွက် လွတ်လပ်မှုတမျိုးကိုလည်း ကျွန်မ ရခဲ့ပါတယ်။ အခြားသော လူပုဂ္ဂိုလ်တို့ရဲ့ အတွေးအမြင်ကို စူးစမ်းနိုင်ခြင်းဆိုတဲ့ လွတ်လပ်မှုဖြစ်ပါတယ်။ လူပုဂ္ဂိုလ်ချင်း အတွေးအမြင် ဖလှယ်ရတာမျိုးနဲ့တော့ တထပ်တည်း တူညီတယ်လို့ မခေါ်နိုင်ပါဘူးပေါ့။ ဒါပေမယ့် လူသားချင်းဆက်သွယ်မှု ပုံစံတမျိုး ဖြစ်တယ်လို့ ခေါ်နိုင်ပါတယ်။


ကိုယ့်ရဲ့အတွေးအခေါ်၊ ကိုယ့်ရဲ့မျှော်လင့်ချက်၊ ကိုယ့်ရဲ့အရယ်အမောဆိုတာတွေကို မျှဝေချင်လို့ နောက်ပြီး တခါတလေမှာ ကိုယ့်ရဲ့ဒေါသ၊ ကိုယ့်ရဲ့ ဒေါမနဿကိုပင်လျှင် မျှဝေချင်လို့ သူတပါး လူသားတွေနဲ့ လွတ်လပ်စွာ ဆက်သွယ်ခွင့်ဆိုတာဟာ ဘယ်သောအခါမှ ချိုးဖောက်တာခံရဖို့မသင့်တဲ့ အခွင့်အရေးတခု ဖြစ်ပါတယ်။ ဒီနေ့ ကျွန်မဟာ မိတ်ဆွေတို့နဲ့ လူကိုယ်တိုင် မတွေ့မဆုံနိုင်သော်လည်းပဲ ကျွန်မအဖို့ရော နောက်ပြီး လွတ်လပ်မှုကင်းမဲ့ခြင်းလို့ ကျွန်မ ခေါ်ချင်တဲ့ ဝမ်းနည်းဖွယ်ရာကောင်းလှတဲ့ အခြေအနေကြီးမှာ နေထိုင်နေရတဲ့ ကမ္ဘာတဝှမ်းလုံးက တခြားသူတွေအဖို့ရော လွတ်လပ်ခွင့်ဆိုတာ ဘယ်လို အဓိပ္ပာယ် အနှစ်သာရ ပြည့်ဝသလဲဆိုတာနဲ့ပတ်သက်ပြီး ကျွန်မရဲ့ အတွေးအမြင်တွေကို မိတ်ဆွေတို့ဆီရောက်အောင်မျှဝေပေးလိုက်ခြင်းအားဖြင့် လူသားချင်း ဆက်သွယ်နိုင်ခွင့်ဆိုတဲ့ ကျွန်မရဲ့ အခွင့်အရေးကို အခုလို သုံးစွဲခွင့်ရရှိခြင်းအတွက် ကျွန်မ အင်မတန်မှ ကျေးဇူးတင်လှပါတယ်။

ပထမဦးဆုံးအကြိမ် ကျွန်မဖတ်ဖူးခဲ့တဲ့ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ စာအုပ်ဟာ အနေတော်ဖြစ်တာလို့ ခေါ်ရမလား၊ အတိတ်နိမိတ်ဖြစ်တယ်လို့ ခေါ်ရမလား၊ နှစ်ခုစလုံးပဲလို့ ပြောကောင်း ပြောနိုင်မလား၊ (Seven Years Solitary) ထောင်မှာ တယောက်ထဲ ခုနှစ်နှစ် ဆိုတဲ့ စာအုပ် ဖြစ်ပါတယ်။ Hungarian အမျိုးသမီးတယောက် ရေးခဲ့တာပါ။ ၁၉၅ဝ ပြည့်လွန်နှစ်တွေရဲ့ အစောပိုင်းကာလတုန်းက သူတို့ဆီမှာ ကွန်မြူနစ်ပါတီအတွင်း ဖြုတ်ထုတ်ပွဲကြီးတွေ ဖြစ်ပေါ်နေစဉ်အတွင်းတုန်းက အာဏာရှိသူတွေနဲ့ ဆန့်ကျင်ဘက်ဂိုဏ်းမှာ ပါဝင်ခဲ့တဲ့ အမျိုးသမီးတယောက် ရေးခဲ့တာပါ။ တယောက်ထဲနေရတဲ့ အမျိုးသမီးတယောက်ဟာ လူသားချင်း ဆက်သွယ်မှုဆိုလို့ နေ့စဉ်နဲ့အမျှ သူ့ရဲ့မာန်ကို ချိုးနိုင်သလောက်ချိုးဖို့ စဉ်းစားနေတဲ့ ယောက်ျားကြီးတွေနဲ့ ဆက်သွယ်မှုသာလျှင်ရှိတဲ့အထဲက နှစ်နဲ့ချီပြီးကြာအောင် ဦးနှောက်ကလည်း ထက်မြက်မြဲ ၊ စိတ်ဓာတ်ကလည်း မကျဘဲနေနိုင်ခဲ့တာဟာ ဘယ်လို ဆုံးဖြတ်ချက်ကြောင့်ပါလိမ့်၊ ဘယ်လို ကြံရည်ဖန်ရည်ကြောင့်ပါလိမ့်ဆိုပြီး အဲဒီတုန်းက ၁၃ နှစ်အရွယ် ကျွန်မဟာ စိတ်ဝင်တစား ဖြစ်ခဲ့မိပါတယ်။

အစိုးရဝါဒကို သဘောမတူတဲ့လုပ်ငန်းထဲ ဝင်ရောက်ဖို့၊ နောက်ပြီး အဲဒီ လုပ်ငန်းမှာ ဇွဲနဘဲနဲ့နေဖို့ ဆုံးဖြတ်ထားသူတွေရဲ့ အဖို့ရာမှာ ဒီလိုအပ်ချက်ဟာ ဆုံးရှုံးမှုကို ကြိုတွက်ပြီး ပြင်ဆင်ထားရတဲ့ အခြေခံအကျဆုံး လိုအပ်ချက်တခု ဖြစ်ပါတယ်။ အမှန်မှာ အခွင့်အရေး ဆုံးရှုံးခြင်းဟာ အစိုးရဝါဒကို ဝေဖန်သူတွေရဲ့ ဘဝအစိတ်အပိုင်း အကြီးကြီးတခု ဖြစ်ပါတယ်။ ဘယ်လို ပုဂ္ဂိုလ်မျိုးတွေဟာ အခွင့်အရေးဆုံးရှုံးမှုလမ်းကြောင်းကိုလျှောက်ဖို့ တမင်တကာ ရွေးချယ်တတ်ကြပါသလဲ၊ Max Weber ကတော့ နိုင်ငံရေးသမားတွေအဖို့ အဆုံးအဖြတ်ဖြစ်စေနိုင်လောက်အောင် အရေးကြီးတဲ့ အရည်အချင်း ၃ ခုဟာ စိတ်ဓာတ်ပြင်းထန်ခြင်း၊ တာဝန်သိခြင်း၊ အရေးကြီးတာနဲ့ အရေးမကြီးတာကို ခွဲခြားနိုင်ခြင်းတို့ဖြစ်တယ်လို့ ပြောပါတယ်။

ပထမ အချက်ဖြစ်တဲ့ စိတ်ဓာတ် ပြင်းပြင်းထန်ထန်နဲ့ ခွန်အားစိုက်ထုတ် လုပ်ကိုင်ခြင်းဖြစ်တယ်လို့ အဓိပ္ပာယ် ဖွင့်ဆိုပါတယ်။ အဲဒီလို စိတ်ဓာတ် ပြင်းထန်မှုမျိုးဟာ ဘေးအန္တရာယ် အများဆုံး နိုင်ငံရေးမျိုးဖြစ်တဲ့၊ အစိုးရဝါဒကို သဘောမတူတဲ့ နိုင်ငံရေးမှာ ပါဝင်ပြီး လုပ်ကိုင်သူတွေအဖို့ အလွန့်အလွန် အရေးကြီးပါတယ်။
ကျန်တဲ့ နိုင်ငံသားများနဲ့ တသီးတခြားလောကမှာ နေထိုင်ဖို့၊ အစိုးရဝါဒ ဝေဖန်မှုလောကမှာ နေထိုင်ဖို့၊ ကြေညာပြီးတော့ ဖြစ်စေ၊ မကြေညာဘဲနဲ့ဖြစ်စေ၊ ဆုံးဖြတ်ချက်ချမှတ်သူ လူတိုင်းလူတိုင်းရဲ့ အတွင်းသဏ္ဍာန်မှာ အဲဒီလို စိတ်ဓာတ် ပြင်းထန်မှုမျိုးရှိနေရပါတယ်။

ဒီလောကမှာနေထိုင်သူ လူထူးလူဆန်းတွေကို အမှတ်အသားပြုနိုင်ဖို့ရာ၊ အပြင်ပန်း လက္ခဏာရယ်လို့တော့ မရှိပါဘူး။ အန်အယ်ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဌာနချုပ်ကို ရုံးဖွင့်တဲ့ရက် ဘယ်ရက်မဆို လာကြည့်ပါ၊ ရေစိမ်ခံ အကြမ်းခံ အဖွဲ့ဝင်တွေအတွက် စီစဉ်ထားတဲ့ ခနောနီ ခနော်နဲ့ ပုံမလှ ပန်းမလှ ခပ်ရိုးရိုး အဆောက်အဦ ကလေးတခုပါ။ ဒီအဆောက်အဦကို အန်အယ်ဒီ တင်းကုပ်ဆိုပြီး အခေါ်ခံရတာဟာဖြင့် တကြိမ်မကတော့ပါဘူး။ ဒီလိုခေါ်ကြတဲ့ သူတွေဟာ စာနာတဲ့ စိတ်နဲ့ရော၊ မကြာခဏဆိုသလို ချီးကျူးတဲ့စိတ်နဲ့ရော ပြုံးပြီးခေါ်ကြလေ့ရှိတာဖြစ်တဲ့အတွက် ကျွန်မတို့ကလည်း စိတ်မဆိုးပါဘူး။ တကယ်တော့ ကမ္ဘာမှာ သြဇာသက်ရောက်မှု အကြီးမားဆုံး လှုပ်ရှားမှုတခုဟာ တင်းကုပ်တခုထဲမှာ အစပြုခဲ့တာ မဟုတ်လား။

ကျွန်မတို့ရဲ့ လူနေစရာ ကြပ်ကြပ်တည်းတည်းနဲ့ ခပ်စုပ်စုပ် ရုံးခန်းမှာ သူလို ကိုယ်လို ပုံပန်းသဏ္ဍာန် အများကြီးပေါက်တဲ့ လူတွေကို မိတ်ဆွေတို့ တွေ့ရပါလိမ့်မယ်။ ကဗျာဆန်ဆန် ပုံမကျပန်းမကျ ဆံပင်ပုံစံကြီးနဲ့ အဲဒီ သက်ကြီးရွယ်အိုကြီးက၊ သတင်းစာဆရာ လက်ဟောင်းကြီး တယောက်ပါ။ သူက အစိုးရဝါဒဝေဖန်သူ ထိပ်တန်းပုဂ္ဂိုလ်ကြီးတယောက်လည်း ဖြစ်ပါတယ်။ ထောင်ထဲမှာ နှစ်ပေါင်း ၂ဝ ကြာပြီး လွတ်လာတဲ့အချိန်မှာ သူ့ရဲ့ စိတ်မချမ်းမြေ့ဖွယ်ရာ အတွေ့အကြုံတွေအကြောင်း စာအုပ်တအုပ်ကို ချက်ခြင်းကောက်ပြီး ရေးပါတယ်။

စာအုပ်နာမည်က (Is This A Human Hell) ( ဘာလဲဟဲ့ လူ့ငရဲ) တဲ့။ ဗမာပြည်မှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူတွေ ထောင်နဲ့ချီအောင်ရှိနေဆဲဆိုတာကို အမှတ်ရနေစေဖို့အတွက်ဆိုပြီး သူက ထောင်အင်္ကျီ အပြာရောင်ကို အမြဲဝတ်ပါတယ်။ မျက်နှာမှာ သောကသော်လည်းကောင်း၊ အရိပ်အရောင်ကင်းရှင်းတဲ့ ဟောဒီ သပ်သပ် ရပ်ရပ်နဲ့ မျက်မှန်နဲ့ အမျိုးသမီးကတော့ ထောင်ထဲမှာ ၉ နှစ်နေခဲ့ရသူ ဆရာဝန်တယောက်ပါ။ လွန်ခဲ့တဲ့ ၃ နှစ်မှာ သူ လွတ်လပ်လာတဲ့အချိန်ကစလို့ သူဟာ ကျွန်မတို့ပါတီရဲ့ လူမှုရေးနဲ့ လူသားဒုက္ခ ကယ်ဆယ်စောင့်ရှောက်ရေး လုပ်ငန်းတွေမှာဝင်ရောက်ပြီး အားလပ်ရက်ရယ်လို့မရှိအေင် လုပ်ကိုင်နေခဲ့ပါတယ်။ အသက် ၈ဝ ကျော်အရွယ်ပိုင်း ရောက်နေတဲ့ ခင်ဖို့ကောင်းတဲ့ အဖွားအိုကြီးတချို့လည်း ရှိပါတယ်။

သူတို့ဟာ ၁၉၉၇ ခုနှစ်ကစပြီး ကျွန်မတို့ရဲ့ရုံးခန်းကို မှန်မှန်ရောက်လာလေ့ရှိသူတွပေါ့။ အဲဒီနှစ်ဟာ ကျွန်မတို့အဖို့ (Tsunami) ဒီရေလှိုင်းလုံးကြီး ရိုက်ခတ်ခဲ့တဲ့ နှစ် တနှစ်ပါပဲ။ အဲဒီနှစ်မှာ ဖိနှိပ်ချုပ်ချယ်မှု လှိုင်းလုံးအကြီးကြီးရဲ့ဒဏ်ကြောင့် ကျွန်မတို့ရဲ့ ဒီမိုကရေစီအရေးလှုပ်ရှားနေသူ အမြောက်အမြားဟာ ထောင်ထဲ ရောက်ကုန်ခဲ့ပါတယ်။ ကျွန်မတို့ပါတီရဲ့ အစည်းအဝေးတခုမှာ ကျွန်မက ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူတွေရဲ့ ဇနီး သားမယားတွေကိုရော သားငယ် သမီးငယ်တွေကိုရော မိအို ဖအိုတွေကိုရော ပြောပါတယ်။ ကျွန်မတို့ဆောင်ရွက်နေတဲ့အရေးကို ညီညီညွတ်ညွတ်နဲ့ ထောက်ခံကြပါ။ ကျွန်မတို့ဟာ လက်မြှောက် အရှုံးပေးမှာ မဟုတ်ကြောင်း၊ ထောက်ထဲမရောက်ဘဲကျန်ခဲ့တဲ့ ကျွန်မတို့ တတွေဟာ ထောင်ထဲရောက်လို့ လွတ်လပ်ခွင့် ချုပ်ချယ်ခံရသူတွေရဲ့ အလံတော်ကို ကောက်ကိုင်ခဲ့ကြတဲ့ သတ္တိခဲတွေအထဲမှာ အခုနပြောတဲ့ ခင်ဖို့ကောင်းတဲ့ အဖွားအိုကြီးတွေလည်း ပါဝင်ပါတယ်။ သူတို့ဟာ ခိုင်မြဲတဲ့ စိတ်ဓာတ် အင်အားကြီးကြီးမားမားနဲ့ အလံတော်ကို ကိုင်စွဲမြဲ ကိုင်စွဲနေကြပါတယ်။

ဆက်လက်ဖော်ပြပါမယ်။

သရုပ်ဖော် ကောက်ကြောင်းပန်းချီ - မင်းကျော်ခိုင်



 

No comments: