Sunday, August 28, 2011

ဒုက္ခကို ပျားရည်ဆမ်း၍ - ၁၇ ( မောင်လွမ်းဏီ)

အာအက်ဖ်အေ သောတရှင်များ ခင်ဗျား

ထိုင်း-မြန်မာနယ်စပ်တွေမှာရှိတဲ့ ဒုက္ခသည်စခန်းတွေမှာ လူဝင်လူထွက် စာရင်းဇယားတွေ ရှုပ်ထွေးမှုတွေရှိနေတာကြောင့် ထိုင်းအာဏာပိုင်တွေအနေနဲ့ စိစစ်မှုတွေပြုလုပ်ပြီး မှတ်ပုံတင်လုပ်ငန်းတွေကို စနစ်တကျ လုပ်ကိုင်မယ်ဆိုတဲ့ သတင်းဟာ မေလဆန်းပိုင်းက စတင်ထွက်ပေါ်လာခဲ့ပါတယ်။ ဒုက္ခသည် လူဦးရေကို အတိအကျသိရှိနိုင်ဖို့အတွက် ခုလို စိစစ်စစ်ဆေးမှုတွေပြုလုပ်တာလို့ ပြောရမှာပါ။ ဒုက္ခသည် စခန်းဆိုတာကလည်း ခြံစည်းရိုး အထပ်ထပ်၊ အစောင့်အကြပ် ထူထူ၊ အကန့်အသတ် စည်းမျဉ်းဥပဒေ အမျိုးမျိုးတွေကြားကပဲ ဝင်သူ ထွက်သူတွေက ဥဒဟို ပျားပန်းခတ်နေတာကိုး။


ဒါ့ပြင် တတိယနိုင်ငံ အိပ်မက်တွေကလည်း နေ့ဖြစ်ဖြစ် ညဖြစ်ဖြစ် မက်နေကြရတာက အပ်ကြောင်းထပ်ရုံမက ချုပ်ရိုးကြောင်း ပြတ်နေပြီလို့ပဲ ဆိုရမှာပေါ့။ လွတ်မြောက်ရာလမ်းရဲ့ ဒုက္ခသည် တည်းခိုဆောင်ကြီးကတော့ ဘယ်သူတော့ မဝင်ရ။ ဘယ်သူတော့ မထွက်ရ မရှိပါဘူး။ ဒုက္ခသည်ဆန် ဆိုတာကလည်း တဦးတယောက်ထဲစားဖို့မှ မဟုတ်တာ မဟုတ်လား။

ဆိုတော့ကာ စစ်ဆေးစိစစ်မယ့်ရက်က မေလ ၂၃ ရက်လို့ ကြေငြာထားလေတော့ တာ့ခ်ခရိုင် အတွင်းက မြို့ရွာအသီးသီးမှာ အကြောင်းအမျိုးမျိုးနဲ့ ရောက်နေတဲ့သူတွေ၊ မဲဆောက်မြို့ပေါ်ကို ကျောင်းလာတက်ကြနေကြတဲ့ လူငယ် လူရွယ်တွေ၊ အလုပ်တက်လာလုပ်နေကြသူတွေဟာ မိမိတို့ အဝင်ပြ စာရင်းသွင်းထားတဲ့ စခန်းတွေထဲကို အမီ ပြေးလွှားအရောက်သွားကြသလို နေ့ချင်းညချင်း ဒုက္ခသည် တံဆိပ်ခတ်ခံရအောင် အူယားဖားယား ပြေးဝင်သူတွေလည်း အများသားလို့ ဆိုရမှာပေါ့။ မေလ ၂၀ ရက် လောက်ကစလို့ မဲဆောက်က သူရဲခြောက်လောက်အောင်ကို သွေ့ခြောက်တိတ်ဆိတ်နေပါတော့တယ်။ သတင်းတွေကလည်း နာရီမလပ် မဲဆောက် မီဒီယာလောကကို ရိုက်ခတ်နေတာပါ။

ဒီတကြိမ် မှတ်ပုံတင်၊ စာရင်းဝင်၊ ဓာတ်ပုံမှတ်တမ်းယူပြီးရင် ရိက္ခာလည်းရပြီ၊ အပြင်ထွက်ဖို့လည်း ခိုင်ပြီဆိုတဲ့ သတင်းစကားမျိုး။ ဒီအခွင့်အရေးကို စောင့်လာရတာ ၄ နှစ်ရှိခဲ့ပြီလေ။ ဒီတခါတော့ ထူးခြားမှုတွေ ရှိနိုင်တယ်။ ထိုင်းအာဏာပိုင်တွေက သေချာစစ်ဆေးမှာ။ သူတို့ မီးစိမ်းပြရင် အိုကေမှာစိုပြေပြီပေါ့လို့ ရွှင်လန်း ကြည်နူးသံတွေကလည်း လက်ကိုင်ဖုန်းတွေကတဆင့် မဲဆောက်က မိတ်ဆွေသင်္ဂဟတွေဆီကို ရေပက်မဝင် သောတဆင်ပေရော့ပါပဲ။

ထိုင်းနိုင်ငံ၊ တာခ်ခရိုင်အတွင်းမှာရှိတဲ့ မယ်လ၊ အုန်းပြန့်နဲ့ နို့ဖိုး ဒုက္ခသည်စခန်းကြီးတွေကို အဓိက စိစစ်မှာဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပေမယ့် ယခုလ ၂၃ ရက်နေ့က စလို့ ဒုက္ခသည်စခန်း ၂ ခုဖြစ်တဲ့ မယ်လနဲ့ အုန်းပြန့်စခန်း ၂ ခုကိုပဲ စိစစ်မှုတွေလုပ်တယ်လို့ ပြောရမှာပါ။ သို့ပေမယ့် စခန်း ၂ ခုမှာ ဆောင်ရွက် လုပ်ကိုင်ပုံက ကွဲပြားနေတာ တွေ့ရပြန်ပါတယ်။ အုန်းပြန့်စခန်းမှာဆိုရင် ရပ်ကွက် ၁၆ ခု ရှိပါတယ်။ တရပ်ကွက်မှာ အနည်းဆုံး လူဦးရေ ၂၀၀ ကနေ ၅၀၀ ရှိတယ်ပေါ့။ အုန်းပြန့် ဒုက္ခသည်စခန်းက တရား ဝင်ရော တရားမဝင်ရော နေထိုင်ခိုလှုံနေကြသူတွေ ၂ သောင်းခွဲနီးပါးရှိတဲ့ စခန်းကြီးဆိုပါတော့။ အုန်းပြန့်မှာ ကတော့ ၂၃ ရက်နေ့မှာပဲ ရပ်ကွက်အလိုက် စနစ်တကျ ဓာတ်ပုံရိုက် အမည်စာရင်း မှတ်ပုံတင်ရေးသွင်းမှုတွေ လုပ်ပါတယ်။ တယောက်ချင်း ဓာတ်ပုံရိုက် မှတ်တမ်းယူပေမယ့် တနေ့ တရပ်ကွက် ပြီးအောင်လုပ်တယ်လို့ စခန်းထဲမှာ မှတ်တမ်းရိုက်ပြီး မဲဆောက်ကို ပြန်ရောက်လာသူတချို့က ပြောပြပါတယ်။

ဘဲကလော် လို့လည်းခေါ်ဝေါ်တဲ့ မယ်လ ဒုက္ခသည်စခန်းကြီးကတော့ ထိုင်း-မြန်မာနယ်စပ်တွေမှာ ရှိကြတဲ့ ဒုက္ခသည်စခန်းတွေထဲမှာ ဒုက္ခသည်ဦးရေ ၅၀,၀၀၀ ကျော်ရှိတဲ့ ကမ္ဘာသိ ဒုက္ခသည်စခန်းကြီးပါ။ မယ်လစခန်းက ရပ်ကွက်တွေကို ဇုံအလိုက်သတ်မှတ်တာပါ။ ဇုံ အေ၊ ဇုံ ဘီ၊ ဇုံ စီ ဆိုရင် ဇုံတခုမှာ ရပ်ကွက် ၅ ခု တည်ဖွဲ့ထားတာပါ။ မယ်လ ဒုက္ခသည်စခန်းကတော့ ၂၃ ရက်နေ့မှာ စတင် စိစစ် စစ်ဆေးမယ်ဆိုပေမယ့် ဆောင်ရွက်လုပ်ကိုင်တာကို မတွေ့ရပါဘူး။ လက်ရှိနေထိုင်နေသူတွေနဲ့ စာရင်းဝင်ထားတဲ့သူတွေရဲ့ အမည် စာရင်းတွေကို ရပ်ကွက်ရုံးလိုနေရာမျိုးမှာ ကြော်ငြာကပ်ထားပါတယ်။

ဘယ်အိမ်ထောင်စု၊ ဘယ်မိသားစုတွေ က ဘယ်နေ့ဘယ်ရက်မှာ ဓာတ်ပုံရိုက်မယ်။ စာရင်းကောက်မယ်၊ အတည်ပြု သတ်မှတ်မယ်ဆိုတဲ့ နို့တစ်ပါ။ ပထမကြားထားသလို မဟုတ်တဲ့အတွက် မီးစင်ကြည့် ကရမှာပေါ့လို့ မှတ်ချက်ချသူတွေလည်းချ။ ၂၅ ရက်နေ့ထိ အလုပ်ရှင်ကို ခွင့်တိုင်ပြီးလာခဲ့တာ တလွဲတချော်တွေ ဖြစ်ပြန်ပြီလို့ ညည်းတွားသူလည်း ညည်းတွားကြပေါ့လေ။

ဒါနဲ့ပဲ ကိုယ့်ရက်ကို ကိုယ်မှတ်ပြီး မဲဆောက်ကို ပြန်ရောက်လာရုံရှိပါသေးတယ်။ မေလ ၂၅ ရက်နေ့မှာတော့ ဥပဒေ နောက်တမျိုးက ထပ်တိုးလို့ လာပြန်ပါတော့တယ်။ ပထမ ကပ်ထားတဲ့ ကြော်ငြာ စာရွက်တွေကို စုတ်ဖြဲလိုက်ပြီး ဇုံအလိုက် ရပ်ကွက်အလိုက် မိသားစုလိုက် ရက် ၆၀ အတွင်း အပြီး ဓာတ်ပုံ ရိုက်ရမည်ဆိုတဲ့ ကြော်ငြာပါပဲ။ ယခင်ပြောဆိုထားသလို တယောက်ချင်း တဦးချင်းမဟုတ်တော့ဘဲ မိသားစု အိမ်ထောင်စုလိုက် မှတ်ပုံတင်ရိုက်ကူးတော့မယ်ဆိုတဲ့ သဘောပါ။ ဘယ်နေ့ ဘယ်ရက် စတင်ဆောင်ရွက် လုပ်ကိုင်မယ်လို့လည်း တိတိကျကျ မဖော်ပြထားတော့ စခန်းတွင်းမှာ နေထိုင်နေသူတွေအတွက် ပြဿနာ မရှိပေမယ့် အနည်းဆုံး မဲဆောက်မှာ တက်အလုပ်လုပ်ကြသူတွေ၊ ကျောင်းလာတက်နေကြတဲ့ ကျောင်းသူ ကျောင်းသားလေးတွေအဖို့တော့ ကသီလင်တ ကသိကအောက်တွေ ဖြစ်ကြရပါတယ်။

ဒါ့ပြင် မှတ်ပုံတင် ပြီးပေမယ့် ရှောင်တခင် ဝင်ရောက်စစ်ဆေးလို့ စခန်းတွင်းမှာမရှိရင် စာရင်းကပယ်ဖျက်မယ့်အပြင် အရေးယူခြင်း ခံရမယ်လို့လည်း သတိပေးပြန်တော့ ခြေမကိုင်မိ လက်မကိုင်မိ နေမသိထိုင်မသာ ဆိုတဲ့ ဒုက္ခသည် လူတန်းစားတရပ်လည်း ရှိပြန်သေးကလားလို့ မှတ်ချက်ချရမလိုပါပဲ။

ကရင်စကားပဲတတ်တယ်။ ဘာစာမှလည်း မတတ်ဘူး။ ဘယ်နိုင်ငံမှလည်း မသွားချင်ပါဘူး။ ရွာလည်း ပြန်မရဘူး။ ခုအမိန့်တွေက စခန်းပြင်ဘက်ကို အင်ဥကောက် မျှစ်ချိုးသွားလို့မှ ရအုန်းမှာလားလို့ပဲတွေးပူတယ် ဆိုတဲ့ ကရင် အမိုးတယောက်ရဲ့ ဒုက္ခသည် ဘာသာစကားကို နားဆင်တဲ့အတွက် ကျေးဇူးတင်ပါတယ်။

မောင်လွမ်းဏီ
၂၅- ၅- ၂၀၁၁ 

မူရင်း - လွတ်လပ်သည့် အာရှအသံ www.rfa.org/burmese
သရုပ်ဖော် - မောင်မောင်တင်


 

No comments: