Thursday, August 25, 2011

နိုင်ငံရေးအကျဉ်းသား လွှတ်ပေးရေး ကင်တားနား တောင်းဆို

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရဲ့ အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားဟာ ၅ ရက်ကြာ ခရီးစဉ်ပြီးဆုံးလို့ ပြန်မထွက်ခွာမီ သတင်းစာရှင်းပွဲမှာ နိုင်ငံရေးအကျဉ်းသားတွေကို မြန်မာနိုင်ငံမှာ အများအပြား ဆက်ဖမ်းထားတဲ့အပေါ် နိုင်ငံတကာကရော သူ့အနေနဲ့ပါ အလွန်စိုးရိမ်တယ်လို့ ပြောပါတယ်။


 
အမျိုးသားပြန်လည်သင့်မြတ်ရေးမှာ နိုင်ငံရေး အကျဉ်းသားတွေပြန်လွှတ်ရေးဟာ အလွန်အရေးပါတယ်လို့ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေနဲ့တွေ့တုန်းက ပြောကြားခဲ့တယ်လို့ သူက ဆိုပါတယ်။

မြန်မာအစိုးရ ရုပ်မြင်သံကြားမှာတော့ ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းက မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား သို့မဟုတ် ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူ မရှိဘူးလို့ ဖြေကြားတဲ့ပုံကို ပြသွားပါတယ်။
ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ်ကို သွားရောက်တွေ့ဆုံရာမှာ သူ့အနေနဲ့ ကင်တားနားနဲ့ ဆွေးနွေးရတာ အားရတယ်လို့ ထုတ်ဖော်ပြောကြားသွားပါတယ်။

သတင်းစာရှင်းလင်းပွဲမှာ မြန်မာနိုင်ငံမှာ ပြောင်းလဲတဲ့ လမ်းစတချို့ သူ မြင်တွေ့ခဲ့ရကြောင်း လူ့အခွင့်အရေးကိစ္စတွေ လုပ်စရာကျန်နေသေးသလို အရင်ခရီးစဉ်က အကြံပြုချက်တွေကို မလုပ်ရသေးတာ ကျန်သေးကြောင်း အခုခရီးစဉ်မှာ တွေ့ရှိတာတွေကို အစီရင်ခံမှာ ထည့်သွင်းရေးသားသွားမယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။
 
 
ခရီးစဉ်အတွင်း အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော် ၂ ရပ်မှ ဥက္ကဋ္ဌများ အပါအဝင် တရားသူကြီးချုပ် ရှေ့နေချုပ်တို့နဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒါ့အပြင် အင်းစိန်ထောင်မှာ နိုင်ငံရေး အကျဉ်းသားတွေနဲ့ တွေ့ခွင့်ရပြီး နိုင်ငံရေးပါတီတွေ၊ လူ့အခွင့်အရေး လှုပ်ရှားသူတွေနေဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

 
ကင်တားနားရဲ့ခရီးစဉ်ကို ကြိုဆိုပေမယ့် တခေါက်ထဲနဲ့တော့ လူ့အခွင့်အရေး အခြေအနေတွေ ရုတ်ခြည်းတိုးတက်လာမယ် လို့ မယုံကြည်ကြောင်း လုပ်စရာတွေ အများကြီးကျန်သေးကြောင်း လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးအဖွဲ့မှ ဦးမောင်မောင်လေးက ဘီဘီစီကို ပြောကြားသွားပါတယ်။

သတင်း - ဘီဘီစီ
ဓာတ်ပုံ - အေပီ၊ ရိုက်တာ



 

No comments: