ရှစ်လေးလုံးသည် အရေးအခင်းမဟုတ် ၁၃၀၀ ပြည့် ရေနံမြေသပိတ်ကြီးပြီးလျှင် ဒုတိယမြောက် လူထုလှုပ်ရှားမှု အရေးတော်ပုံကြီးဖြစ်သည် (ဆရာကြီး ဒဂုန်တာရာ)
ရှစ်လေးလုံးသည် ဒုတိယမြောက်လွတ်လပ်ရေးတိုက်ပွဲဖြစ်သည် (ဒေါ်အောင်ဆန်းစုကြည်)
ကျုပ်တို့ကျောင်းသားတွေဟာ ကွန်ပါဘူး မရလို့၊ ဘောပင် မရလို့ လမ်းမတွေပေါ်ထွက်ပြီး သောက်ကမြင်းကျောထကြတာ မဟုတ်ဘူး။ မတရားမှုကို တော်လှန်ဖို့အတွက် ကျောင်းခန်းတွေထဲက ထွက်လာတာဖြစ်တယ် (မင်းကိုနိုင် - ၁၉၈၉ ပြည်ထောင်စုနေ့ ဒီ/ငြိမ်း ဌာနချုပ်)
စစ်တပ်ဆိုတာ မိုးပေါ်ကို ထောင်မပစ်ဘူး။ ပစ်ရင် မှန်အောင်ပစ်တယ် (အာဏာရှင်ဟောင်း ဦးနေဝင်း - ရှစ်လေးလုံး အရေးတော်ပုံ မတိုင်ခင်လေးတွင် တိုင်းပြည်ကိုပြောသည့် မိန့်ခွန်း)
စစ်တပ်ကို စိတ်နဲ့တောင် မပစ်မှားပါနဲ့ (စစ်အာဏာသိမ်း ဒုတိယ ခေါင်းဆောင် ဦးအောင်ကြီး)။
အထက်ပါ စကားလုံးများသည် ကျနော်တို့တတွေရဲ့ နုနယ်သည့် ကျောင်းသားဘဝမှာပင် မိမိ တိုင်းပြည်မှာ ဘာတွေဖြစ်နေသည်၊ ဘာတွေလုပ်ရမည်၊ ဘယ်သူတွေသည် အမှန်တရားရဲ့ဘက်တော်သား ဖြစ်သည်၊ မည်သူတွေသည် တိုင်းပြည်ကို ဖျက်စီးနေသူများဖြစ်သည် ဆိုသည်ကို ဆုံးဖြတ်ပေးခဲ့သည့် စကားလုံးများပင် ဖြစ်ပေသည်။ မိမိတိုင်းပြည်ကိုလည်း နောက်ပြန် လှည့်ကြည့်မိလိုက်သည့်အချက်များ ဖြစ်ခဲ့ရပေသည်။ ကျောင်းသားဘဝဆိုသည်မှာ ပျော်ရွှင်မှုများအတည့်ဖြင့် ရှေ့တက်လှမ်းမည်ဟု မျှော်လင့်မိခဲ့သော်လည်း ပြည်သူကို ရန်သူအဖြစ်သတ်မှတ်သည့် လူမဆန်သည့် လုပ်ရပ်ပိုင်ရှင် ဦးနေဝင်း စကားလုံးသည် နုနယ်သည့် ကျနော်တို့ဘဝများစွာကို နာကျည်းစရာစိတ်၊ တော်လှန်ရေးဆိုသည့်ဘဝ၊ တော်လှန်ရမည်ဆိုသည့် အသိစိတ်များကိုစတင် ကိန်အောင်းလိုက်စေခဲ့ပေသည်။
အထက်ပါ အဆိုအမိန့်များတွင် အပေါ်မှ အဆိုအမိန့်ပိုင်ရှင် ၃ ဦးသည် တတိုင်းပြည်လုံး လေးစားရသောသူ ၃ ဦးဖြစ်ပြီး အောက်မှ အဆိုအမိန့်ပိုင်ရှင် ၂ ဦးမှာတော့ တိုင်းပြည်ကို စစ်ကျွန်စနစ်သို့ စနစ်တကျ သွတ်သွင်းခဲ့သူ ၂ ဦးအဖြစ် သမိုင်းတွင် မှတ်တမ်းတင်ခဲ့ပြီး ဖြစ်ပေသည်။ ၁၉၆၂ မှသည် ၁၉၈၈ အထိ တိုင်းပြည်တွင် စစ်အာဏာရှင်စနစ်ကို တရားဝင်ဖြစ်စေရန် အရောင်အမျိုးမျိုးပြောင်းလဲပြီး အုပ်ချုပ်ခဲ့သူများလည်း ဖြစ်ပေသည်။ ထို ခေတ်ဆိုး စနစ်ဆိုးကာလများကို အပြီးတိုင် ခြေမှုန်းသုတ်သင်လိုက်သည့် ရှစ်လေးလုံးအရေးတော်ပုံကြီးကို စတင်မွေးဖွာပေးလိုက်ရာ ရန်ကုန်စက်မှု တက္ကသိုလ်မှ လွင့်ထွက်လာသည့် မီးပွားသည် နှစ်ပေါင်း ၂၆ နှစ်တိုင်တိုင် ခိုအောင်းနေခဲ့သည့် ယမ်းအိုးပေါ်သို့ ကျရောက်ခဲ့ပေသည်။
ကျောင်းသားများ ဦးဆောင်မှုဖြင့် တတိုင်းပြည်လုံး ထကြွတော်လှန်ခဲ့သည့် ၈. ၈. ၈၈ ရှစ်လေးလုံး အရေးတော်ပုံနေ့ကြီးသည် မြန်မာတွင်မက ကမ္ဘာသို့ပင် ကျော်ကြားခဲ့ရပေသည်။ အာဇာနည် ထောင်ပေါင်း များစွာတို့မှာ အသက်ပေါင်းများစွာ ဘဝပေါင်းများစွာကို ပေးဆပ်ခဲ့ရပေသည်။ ပေးဆပ်နေရတုန်းပင် ဖြစ်ပေသည်။ ကျနော်တို့ကိုယ်တိုင်ဆင်နွှဲခဲ့သည့် ရှစ်လေးလုံးတိုက်ပွဲသည် မဆလ တပါတီစနစ်ဆိုးကို အပြီးတိုင်ချေမှုန်းခဲ့ပြီးလည်း ဖြစ်ပေသည်။ ထိုသည်ကိုပင် ဦးအောင်ကြီးမှ ဦးနေဝင်း ကိုယ်တိုင်ကပင် ရိုက်ခွဲဖျက်စီးလိုက်သည်ဟုပင် ပြောခဲ့သေးသည်။ (သူ့အဆိုအရ မဆလ အိုးချမ်းပဲ့ပါတီ) အမှန်မှာ လူထုတော်လှန်ရေးကို သေးသိမ်အောင်ပြောချင်းပင် ဖြစ်ပါသည်။ မဆလ လက်ဝေခံ စစ်ခေါင်းဆောင် အဆက်ဆက်မှ ရှစ်လေးလုံးနေ့ကို သေးသိမ်ပပျောက်အောင် နည်းမျိုးစုံဖြင့် ဖျောက်ဖျက်နေသော်လည်း ကျနော်တို့မျိုးဆက်များမှ ထိုနေ့ရောက် တိုင်းပြည်တွင်း၊ ပြည်ပတွင် နှစ်စဉ်ကျင်းပလာခဲ့သည်မှာ ၂၃ နှစ်ကာလသို့ပင် ရောက်ရှိခဲ့ပေသည်။
သမိုင်းဆိုသည်မှာ မည်သို့မှ ဖျောက်ဖျက်၍ မရသလို၊ သမိုင်းကို ဖျောက်ဖျက်ဖို့ ကြိုးစားသူများသည် သမိုင်း၏တရားခံများပင် ဖြစ်ပေသည်။ သမိုင်းဆိုသည်မှာ မှန်သည် မှားသည်မရှိ၊ တကယ်ဖြစ်ခဲ့သည်ကို သမိုင်းဟု ခေါ်ပါသည်။ ထို့ကြောင့် ထိုနေ့ ထိုရက်ကိုရောက်တိုင်း ကျနော်တို့ ရင်ထဲမှာ လက်ဆုပ်လက်ကိုင်မပြနိုင်သည့် ခံစားချက်တွေကို ကိုယ်စီကိုယ်စီ ခံစားနေကြမည်။ ကိုယ်တိုင် ပါဝင်ခဲ့တဲ့ တော်လှန်ဖက် သူငယ်ချင်းများ ရင်ထဲတွင်လည်း ထိုခံစားချက်မျိုး ရှိနေမည်ဆိုသည်ကို ကျနော် ယုံကြည်မိနေပါသည်။ ထိုနည်းအတူ သားပျောက် မိခင်များ၊ သားသမီးကို ရှင်ကွဲခွဲနေရသည့် မိခင် ဖခင်များလည်း ထိုနည်းတူစွာ အောက့်မေ တသသ ဖြစ်နေကြပေမည်။
ကျနော်တို့ မှီတင်းနေထိုင်ရာ အမိနိုင်ငံတော်ကြီးသည်ကား ရှေးပဒေသရာဇ်တွေလက်ထက် မှသည် ယနေ့အထိ ဒဏ်ရာဒဏ်ချက်ပေါင်းများစွာဖြင့် ရှင်သန်နေရသည်မှာ အင်မတန်မှ နည်ကျည်းဖွယ်ရာအတိပင် ဖြစ်ပေသည်။ ထိုအရေးတော်ပုံကြီးမှ ကျနော်တို့အား များစွာသော သင်္ခန်းစာတွေကို ပေးခဲ့ပေသည်။ ကျနော်တို့လုပ်နိုင်ခဲ့သည်မှာ ပြည်သူလူထုကို တော်လှန်ရေးထဲသို့ ပါဝင်လာအောင် လှုံ့ဆော်နိုင်ခဲ့ပြီး မတရားသည့် တပါတီစနစ်အား မြေလှန်ခဲ့သော်လည်း ကျနော်တို့တွင် တိကျသည့် ဦးဆောင်မှုစနစ် မရှိခြင်း၊ တိကျသေချာသည့် ညီညွတ်ရေးလမ်းစဉ်များ မရှိခြင်း၊ အပြန်အလှန် လေးစားသည့်စနစ်ကို မတည်ဆောင်နိုင်ခြင်း၊ စစ်အာဏာရှင်တို့၏ ပရိယာယ်ကို ကြိုတင် မဆန်းစစ်နိုင်ခြင်း၊ မိမိ လုပ်သင့်လုပ်ထိုက်သည့်အခြေအနေတွင် တွေဝေနေခဲ့ခြင်း၊ မာန်မာန တရားတွေအား ပြိုင်နေခြင်းများဖြင့် အချိန်များကုန်ခဲ့ရပေသည်။ ရှစ်လေးလုံးအရေးတော်ပုံကြီးမှလည်း မင်းတို့ကောင်တွေ ဒါတွေဖြစ်နေပြီဆိုတာကို မီးမောင်းထိုးပြခဲ့ပေသည်။
ထို့ကြောင့် အင်အားကြီးမားသည့် ကျနော်တို့ မြန်မာ့တော်လှန်ရေးလှိုင်းကြီးသည်လည်း တဖြည်းဖြည်း အင်အားချိနဲ့ခဲ့ပြီး အောင်မြင်မှုနဲ့ ဝေးခဲ့ရပေသည်။ အထူးသဖြင့် ခေါင်းဆောင်ဆိုသူများ ညီညွတ်ရေးတရားဟောနေသူများ ကိုယ်တိုင်ပင် ညီညွတ်ရေးများ ပျက်စီးနေသည်ကို တွေ့ရပေသည်။ ယနေ့အချိန်အခါတွင် တော်လှန်ရေးသမားများ၊ ဒီမိုကရက်တစ်ဆိုသူများကိုယ်တိုင် ပြန်ဆန်းစစ်သင့်သည်မှာ မိမိအနေဖြင့်ရော ဒီမိုကရေစီကျင့်စဉ်ကို တကယ်တမ်း ယုံကြည်နေပါသလား၊ တကယ်ရော ကျင့်သုံးနေပါသလား ဆိုသည်ပင်ဖြစ်သည်။ အများအားဖြင့် တွေ့ရသည်မှာ အများစုသဘောထားကို လက်ခံသည်၊ အနည်းစုသဘောထားကို လေးစားသည်ဟု ယျေဘူယ ပြောနေသော်ငြားလည်း၊ တကယ်တမ်း တွေ့နေရသည်မှာ မိမိနှင့် သဘောထား မတိုက်ဆိုင်လျှင် လုံးဝ ပူးပေါင်းဆောင်ရွက်ခြင်းမရှိသလို လိုအပ်ရင် နောက်ထပ် တဖွဲ့ထောင်ရန် ဝန်မလေးတော့ပါ။ အများဘက်မှ ရပ်တည်သူများကလည်း အနည်းစုကို ရန်သူလို သဘောထားပြီး အဖွဲ့အတွင်းမှဖယ်ထုတ်ရန် ကြိုးစားကြပေသည်။ အုပ်စုဖွဲ့ခြင်း တဦးဦးနှင့်အားပြိုင်ခြင်း၊ မင်း ဘာကောင် ငါ ဘာကောင် ဆိုသည့် အစွယ်များကို ရသည့်နေရာကနေ ထုတ်ပြတတ်ကြပေသည်။
ထိုကဲ့သို့ အတွေးအခေါ်များကြောင့် မိမိအဖွဲ့အစည်းတွင် အင်အားများ ချို့တဲ့ပြီး သူ့အလိုလို ပြိုကွဲ ပျက်စီးခဲ့သည့် သာဓက များစွာရှိခဲ့ပေသည်။ ဒါကြောင့်လည်း စစ်အာဏာရှင်စနစ်မှာ တကျော့ပြန် ခေါင်းထောင်နေခြင်းဖြင့် ကြုံတွေ့ခဲ့ရပေသည်။ ရှစ်လေးလုံး အရေးတော်ပုံကြီး ထိုသို့သော ဖြစ်ရပ်များကို မျက်ရည်စက်လက်ဖြင့် ယူကြုံးမရဖြစ်နေမည်မှာ သေချာပါသည်။ ကျဆုံးသွားခဲ့သော အာဇာနည် အထောင်သောင်းတို့ကလည်း ကျနော်တို့အား သေချာပေါက် အသုံးမကျတဲ့ကောင်တွေအဖြစ် သတ်မှတ်နေမည်မှာ မလွဲပါ။
ထို့ကြောင့် နောင်လာမည့်ကာလများတွင် ရှစ်လေးလုံးအရေးတော်ပုံကြီးမှ ပေးနေသည့် သင်္ခန်းစာများကို သေချာစွာယူကြရင်း အနာဂတ်တိုင်းပြည်အတွက်၊ ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေး၊ ဖယ်ဒရယ်ပြည်ထောင်စုအရေးအတွက် ညီညွတ်သော၊ လေးစားမှု အပြည့်ရှိသော၊ အချောင်သမား စိတ်ကင်းစင်သော၊ စိတ်ကောင်း စေတနာကောင်းများကို မွေးမြူနိုင်မှသာ မြန်မာပြည်ကြီး တိုးတက်အောင်မြင်မည် ဖြစ်ပေသည်။ ယနေ့အချိန်အခါတွင် ကျနော်တို့တွင် မှန်ကန်တိကျသည့်၊ ပြည်သူ့မျက်နှာကိုသာကြည့်သည့် ခေါင်းဆောင်ကောင်းတွေ ရှိနေပါသည်၊ ထိုခေါင်းဆောင်များကို ရှစ်လေးလုံးအရေးတော်ပုံကြီးမှ မွေးထုတ်ပေးခဲ့ပြီး ဖြစ်ပါသည်။ သူတို့တတွေသည် ပြည်သူပြည်သားများ ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာဖို့အတွက် ပြည်သူ့မျက်ရည်များ ထာဝရတိတ်သွားစေရန်အတွက် မီးပုံထဲတွင်ကနေသည့် သူရဲကောင်းငှက်များပင် ဖြစ်ပါသည်။ ထိုသူများမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် ရှစ်ဆယ့်ရှစ်မျိုးဆက် ကျောင်းသားခေါင်းဆောင်များ၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူများပင် ဖြစ်ပါသည်။
ကျနော်တို့အားလုံး ထိုခေါင်းဆောင်များနောက်သို့ နောက်လိုက်ကောင်းများ ပီသစွာဖြင့် အတူလက်တွဲပြီး ချီတက်ရန်သာ ဖြစ်ပါသည်။ ဖြစ်ပြီးခဲ့သည်များကို ပြန်လည်သုံးသပ်ပြီး မိမိတို့ ဘယ်လမ်းကိုလိုက်မလဲဆိုသည်ကို တိကျစွာဆုံးဖြတ်ဖို့ အချိန်ရောက်နေပေပြီ။ ယနေ့ အာရပ်ကမ္ဘာတွင် ဖြစ်ပွားနေသည့် လှိုင်းဆိုသည်မျိုးကို ကျနော်တို့ မြန်မာနိုင်ငံက လွန်ခဲ့သည့် ၂၃ နှစ်မှာကတည်းက စတင်ပြီးခဲ့ပြီဖြစ်သည်။ ကျနော်တို့လူမျိုးတွေ မညံ့ပါ။ သို့သော် တူနီးရှားလို၊ အီဂျစ်လိုနိုင်ငံများတွင် အောင်မြင်မှု ရနေပေသည်။ ကျနော်တို့ မအောင်မြင်သေးပါ။ အင်မတန်မှ ဝမ်းနည်းစရာကောင်းလှပါသည်။ သို့သော် ကျနော်တို့ ဇွဲလျှော့စရာ မလိုပါ၊ ယုံကြည်ချက်ပြည့်ဝစွာဖြင့် ရှစ်လေးလုံးအချိန်က စိတ်ဓာတ်ကို မွေးမြူရင်း မပြီးဆုံးသေးသည့်တိုက်ပွဲအား ဆက်လက်တိုက်ပွဲ ဝင်နေရဦးမည်ဖြစ်ပါသည်။
ရှစ်လေးလုံးအရေးတော်ပုံနေ့ ကမ္ဘာတည်သရွေ့ တည်ရှိရမည်။
ပြည်သူကို မတရားအနိုင်ကျင့် စော်ကားသူများ ကျဆုံးရမည်။
ဒီမိုကရေစီရေးတိုက်ပွဲ ချွင်းချက်မရှိ အောင်မြင်ရမည်။
ကျဆုံးသွားသော အာဇာနည် သူရဲကောင်းအပေါင်းအား အစဉ်လေးစား ဂုဏ်ပြုလျှက်။
၇၊ ၂၆၊ ၂၀၁၁
No comments:
Post a Comment