"ကောင်းတာတွေ့ရင် ကောင်းတယ်လို့ရေးသလို၊ မကောင်းတာ တွေ့ရင်လည်း မကောင်းဘူးလို့ ရေးရတယ်။ အစိုးရသစ်ဝန်ကြီး ဦးအောင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံတာဟာ ကောင်းတဲ့ကိစ္စ ဖြစ်တယ်။ မင်္ဂလာသတင်း ဖြစ်တယ်။ ဒီလိုတွေ့ဆုံမှုမျိုး ထပ်ခါထပ်ခါပြုလုပ်ကြဖို့ တိုက်တွန်းနှိုးဆော်ရမယ် ..."
ဒီတခါအိပ်ရာက မထနိုင်ဖြစ်တာ တော်တော်ကြာသွားတယ်။ ဘယ်လောက်ထိ ကြာသွားလဲဆိုရင် နံပါးနှစ်ဖက်မှာ ဘိုလို bedsore လို့ခေါ်တဲ့ အိပ်ရာပွန်းနာတွေ ရလာတဲ့အထိပါပဲ။ သုံးလလုံးလုံး နေ့ရော ညပါ အိပ်ရာထဲမှာပဲနေပြီး ညာဘက်နံတောင်းနဲ့ စောင်းအိပ်လိုက်၊ ဘယ်ဘက်နံတောင်းနဲ့ စောင်းအိပ်လိုက်နဲ့သာ နေရတာကိုး။
စိတ်ပူရှာကြ
ရေးနေကျဂျာနယ်တွေအတွက် စာမရေးနိုင်တော့ နယ်ပေါင်းစုံက စာဖတ်ပရိတ်တွေ ဖုန်းဆက်ကြ၊ စာရေးကြနဲ့ စိတ်ပူရှာကြတယ်။ ရန်ကုန်နဲ့နီးတဲ့ဒေသက စာဖတ်သူများကတော့ လူကိုယ်တိုင်ရောက်လာပြီး စုံစမ်းမေးမြန်းကြတယ်။ နဂိုက ဧည့်မပြတ်ရတာထက်တောင်ပိုပြီး အရောက်အလာများတယ်။ နေမကောင်းဘူးကြားတော့ စာပေသမား သတင်းသမားတွေကလည်း စိတ်ပူပြီး တယောက်ပြီးတယောက် ရောက်ရောက်လာကြတယ်။ တချို့များဆို ဝိရိယကောင်းလွန်းလို့ နေမကောင်းတဲ့ကြားက ပြုံးတောင်ပြုံးမိသေးတယ်။ စာရေးနိုင်ပြီလားဆိုတာ သိချင်လို့လာတာပါဆိုပြီး အိပ်ရာထဲလှဲနေတဲ့သူကို ထောင့်မျိုးစုံကလှည့်ပြီး ဓာတ်ပုံရိုက်သူက ရိုက်၊ ဗီဒီယိုရိုက်သူက ရိုက်နဲ့ လုပ်ကြတော့ သတင်းသမားချင်း မဟုတ်လား။ သူတို့လာတဲ့ ရည်ရွယ်ချက်ကို မသိဘဲဘယ်နေပါ့မလဲ။
လူငယ်လေးတွေမို့ ဘာမှမပြောဘဲ ပြုံးရုံသာပြုံးနေလိုက်ပေမယ့် စိတ်ထဲကတော့ “မဂိုးသေးပါဘူးကွယ်၊ တသွေး တသံ တမိန့် ဆိုတဲ့ အာဏာရှင်စနစ် လုံးဝ ချုပ်ငြိမ်းပြီး ကျောင်းသား လူငယ်တွေ၊ ဆရာတော် သံဃာတော်တွေ၊ တပ်မတော်သားတွေနဲ့ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ပြည်သူတွေအားလုံး လိုလားတောင့်တနေကြတဲ့ ဒီမိုကရေစီနိုင်ငံတော်ကြီးကို မမြင်ရမချင်း အကြာကြီးကို နေသွားဦးမှာပါ” လို့ ပြောနေမိတယ်။ အနိစ္စ မသိ၊ တရားမရှိလို့ ပြောတာ မဟုတ်ဘူး။ ဒုတိယကမ္ဘာစစ်ကြီးမှာမွေးပြီး နှစ်ပေါင်း ၆၀ ကျော် ပြည်တွင်းစစ်ကြီးနဲ့ တပါတီ တဖွဲ့တစည်း အုပ်ချုပ်မှုအောက်မှာ နှစ်ပေါင်း ၅၀ နီးပါး နေထိုင်ခဲ့ရသူတဦးအနေနဲ့ ဒါလောက်ကလေး လိုလားတောင့်တတာဟာ မလွန်လောက်ဘူးထင်လို့ပါ။
ဒါကြောင့်
“စစ်ဆိုရင် မုန်းလွန်းလို့ ရေတောင် စစ်မသောက်ချင်ဘူး” လို့ ရှေးလူကြီးတွေ ပြောကြသလိုတောင် တခါတခါ ပြောချင်မိတယ်။ နှစ် ၆၀ ကျော် ပြည်တွင်းစစ်ကြီးအတွင်းမှာ တပ်ထဲဝင်သွားတဲ့ ဦးလေးသားချင်း စစ်ဗိုလ်တွေ တိုက်ပွဲမှာ ကျဆုံးသွားတာရှိသလို၊ ရဲဘော်ဖြူတွေထဲ ကွန်မြူနစ်တွေထဲ ရောက်သွားပြီး ကျဆုံးသွားတဲ့ ဆွေမျိုးတွေလည်း ရှိခဲ့တယ်။ ကိုယ် ကြီးလာတော့လည်း ဒီအတိုင်းပဲ။ သူငယ်ချင်း စစ်ဗိုလ်တချို့ ကျဆုံးသွားကြသလို တောထဲတောင်ထဲရောက်သွားပြီး တိုက်ပွဲမှာကျသွားတဲ့ ကျောင်းနေဖက် သူငယ်ချင်းတွေလည်း ရှိတယ်။ ဒါကြောင့် ငြိမ်းချမ်းရေးကို ချစ်တာ၊ ဒီမိုကရေစီကို လိုချင်တာ။
အဆုံးအဖြတ်ပြုနိုင်လောက်တဲ့ သတင်း
ဇူလိုင်ကုန်ခါနီးတော့ ဧည့်သည် အဝင်အထွက် ပိုများလာတယ်။ နည်းနည်း သက်သာသလိုမြင်ရရင် စကားပြောလာကြတယ်။ ရူးပတ်မားဒေါ့ရဲ့ မီဒီယာအင်ပါယာကြီး ကိစ္စအပေါ် ထင်မြင်ချက် မေးချင်လာကြတယ်။ ဇူလိုင်နောက်ဆုံးပတ်ရောက်တော့ မားဒေါ့ကိစ္စတုန်းက အလိုက်သိစွာနဲ့ ဘာမှမမေးဘဲ နှုတ်ဆိတ်နေခဲ့ကြတဲ့ မိတ်ဆွေတချို့တောင် မမေးဘဲမနေနိုင်ကြတော့ဘဲ “ထင်မြင်ချက်လေး ပေးပါဦး” လို့ ပြောလာကြတယ်။ မားဒေါ့ကိစ္စလိုမဟုတ်ဘဲ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးအတွက်တော့ အရေးကြီးဆုံး ထိပ်တန်းသတင်းကြီး မဟုတ်လား။ တိုင်းပြည်ရဲ့ ကံကြမ္မာကို အကောင်းအဆိုး အဆုံးအဖြတ်ပြုနိုင်လောက်တဲ့အထိ အရေးပါတဲ့ သတင်းကြီးပဲလေ။ အစိုးရသစ်ရဲ့ဝန်ကြီး ဦးအောင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံကြတဲ့ သတင်းပေကိုး။
သို့လော၊ သို့လော
သူတို့ အရေးတကြီးနဲ့ အလေးထားကြတာ မလွန်ပါဘူး။ ကိုယ်တိုင်လည်း အိပ်ရာက မထနိုင်ပေမယ့် သတင်းမှန်သမျှကိုတော့ မျက်ခြည်မပြတ် စောင့်ကြည့်နေခဲ့ရပါတယ်။ အစိုးရသစ်က ဦးအောင်ရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည် အမည်တပ်ပြီး သတိပေးချက်ထုတ်ပြန်လိုက်တော့ လူတိုင်းရဲ့စိတ်ထဲမှာ သို့လော သို့လော တွေးနေကြခိုက်မှာ မထင်မှတ်ဘဲ အစိုးရသစ်ရဲ့ ဝန်ကြီးဦးအောင်ကြည်က ဒေါ်အောင်ဆန်းစုကြည်နဲ့ နှစ်ဦးတည်း တွေ့ဆုံမယ်လို့ ကြေညာလိုက်တာကိုး။ ဒီတော့ ဘယ်လိုဖြစ်လာနိုင်သလဲ။ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနဲ့ တမျိုးသားလုံး စည်းလုံးညီညွတ်ရေးအတွက် အလားအလာကောင်းများ ဖြစ်နိုင်သလား။ စာနဲ့ သတိပေးချက်ကို ပိုပြီးခိုင်မာစေဖို့ လူကိုယ်တိုင် တွေ့ဆုံ သတိပေးတာလား။ ဒီလိုအခြေအနေမှာ ဒီမိုကရေစီအင်အားစုများအနေနဲ့ ဘာတွေ လုပ်ဆောင်သင့်ကြသလဲ စတဲ့ စတဲ့ လဲပေါင်းများစွာ၊ လားပေါင်းများစွာကို မေးခွန်းထုတ်နေကြတယ်။
ထင်မြင်ချက်မျိုးစုံ
“ထင်မြင်ချက်ပေးပါဦး” ဆိုလာ သူတွေကို ထင်မြင်ချက်မပေးမီ အရင်ဆုံးအနေနဲ့ လာသမျှဧည့်သည်မျိုးစုံနဲ့ မီဒီယာသမား ကြီးငယ်မျိုးစုံတို့ရဲ့ ပြောသံဆိုသံတွေနဲ့ ထင်မြင်ယူဆချက်တွေ၊ ဆန္ဒစွဲမှန်းဆမှု (wishful speculation) တွေကို စုစည်းကြည့်လိုက်တယ်။ ဒီလိုတွေ့ရတယ်။
(၁) ဘန်ကီမွန်းလို ဒါဟာ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးအတွက် ကောင်းမွန်တဲ့ လမ်းစဖြစ်တယ်ဆိုတဲ့ အကောင်းမြင်ရှုထောင့်က ကြည့်တဲ့သူများ။
(၂) အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် ပြောသလို၊ မှန်ကန်ကောင်းမွန်တဲ့လမ်းကြောင်း ဖြစ်တယ်။ ဒါပေမယ့် ဒါလောက်နဲ့ မလုံလောက်သေးဘူး။ လက်တွေ့ အလုပ်နဲ့ သက်သေပြဖို့လိုတယ်ဆိုတဲ့ ‘ထောက်ကွက်’ လုပ်သူများ။
(၃) အမေရိကန်နဲ့ အာဆီယံနိုင်ငံတွေက ပရက်ရှာ(ဖိအား) ပေးနေတာတွေ လျော့ကျသွားစေဖို့နဲ့ အာဆီယံမှာ ဥက္ကဋ္ဌ နေရာရယူဖို့အတွက် လှည့်ကွက်သက်သက်မို့ “အရာကြီးနဲ့ ဘာဘူကြီး’ လို ထူးမခြားနားပါပဲလို့ ဆိုသူများ။
(၄)တွေ့ဆုံကြတဲ့ ဘက်နှစ်ဖက်မှာ ကိုယ်စီကိုယ်စီ ဘယ်လိုရည်ရွယ်ချက်တွေ ရှိနေရှိနေ၊ တဖက်နဲ့တဖက် ကျောခိုင်းနေတာထက်တော့ မျက်နှာချင်းဆိုင် တွေ့ဆုံတာက ပိုကောင်းတယ်။ ဒါကြောင့် ထောက်ခံသင့်တယ်။ တွေ့ဆုံပွဲကနေ ဆွေးနွေးပွဲဖြစ်အောင် အားလုံးဝိုင်းပြီး တွန်းအားပေးရမယ်လို့ ဆိုတဲ့သူများ။
အကျိုးတော်ဆောင် လုပ်ဖို့
အဓိကအနေနဲ့တော့ အဲဒီ ၄ မျိုး ၄ စား တွေ့ရတယ်။ ဒီကြားထဲမှာ တွေ့ဆုံဆွေးနွေးပွဲဖြစ်မြောက်ဖို့အတွက် နှစ်ဖက်စလုံးနဲ့ ထိတွေ့မှု အများဆုံးရရှိနေတဲ့ မီဒီယာကြီးတွေက ‘အကျိုးတော်ဆောင်’ ဝင်လုပ်ပေးရင် မကောင်းဘူးလားလို့ ပြောလာသူ နှစ်ဦး သုံးဦးလည်း ရှိသေးတယ်။ သူတို့ကတော့ လူနည်းစုလေးမို့ အထက်မှာ ပြောခဲ့တဲ့ ၄ မျိုး ၄ စားထဲ ထည့်မတွက်ဘဲ ချန်လှပ်ထားခဲ့တာပါ။ မီဒီယာကြီးတွေလို့ပြောတော့ ကိုယ်နဲ့လည်း ဆက်စပ်နေတာကြောင့် ဖြေတဲ့အခါမှာတော့ ထည့်သွင်း ဖြေကြားသွားပါမယ်။
ကြိုတင်ပြောပါရစေ
ထင်မြင်ချက်ပေးဖို့ ပြောသူများထဲမှာ နိုင်ငံရေးသမားတွေပါသလို၊ မီဒီယာသမားတွေလည်း ပါပါတယ်။ နိုင်ငံရေးသမား မီဒီယာသမားမဟုတ်တဲ့ ရိုးရိုးလူငယ်တွေလည်း တော်တော်များများ ပါကြတယ်။ ကိုယ်တိုင်က နိုင်ငံရေးပါတီတခုခုမှာ ပါဝင်ပတ်သက်နေသူမဟုတ်ဘဲ သတင်းမီဒီယာသမား သက်သက်သာဖြစ်တာကြောင့် နိုင်ငံရေးသမားလို ‘ခွဲခြမ်းစိပ်ဖြာ’ (analyse) စဉ်းစားတာမျိုး မလုပ်နိုင်ပါဘူး။ သတင်းသမားတယောက်ရဲ့ သုံးသပ်ဝေဖန်ချက် ရေးသလိုမျိုးသာ ဖြေတတ်တယ်။ ဒါကြာင့် နိုင်ငံရေး သုံးသပ်ဝေဖန်ချက် စစ်တမ်းတခုလို မကြည့်ဘဲ၊ ပုံနှိပ်ဖော်ပြဖို့ သတင်းစာ၊ ဂျာနယ်ထဲမှာရေးတဲ့ သတင်းသုံးသပ်ချက် ဆောင်းပါးတပုဒ်အဖြစ်နဲ့သာ ရှုမြင်ပါလို့ ကြိုတင်ပြောထားပါရစေ။
မင်္ဂလာသတင်း
သတင်းသမားဆိုတာ သတင်းဖြစ်လာရင် ဖြစ်လာတဲ့အတိုင်း အပိုအလိုမရှိ အမှန်အတိုင်း အရှိအတိုင်း ရေးရတယ်။ သုံးသပ်ဝေဖန်ရာမှာလည်း ကောင်းတာတွေ့ရင် ကောင်းတယ်လို့ရေးသလို၊ မကောင်းတာ တွေ့ရင်လည်း မကောင်းဘူးလို့ ရေးရတယ်။ အစိုးရသစ်ဝန်ကြီး ဦးအောင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံတာဟာ ကောင်းတဲ့ကိစ္စ ဖြစ်တယ်။ မင်္ဂလာသတင်း ဖြစ်တယ်။ ဒီလိုတွေ့ဆုံမှုမျိုး ထပ်ခါထပ်ခါပြုလုပ်ကြဖို့ တိုက်တွန်းနှိုးဆော်ရမယ်။ ဒီတွေ့ဆုံမှုမတိုင်မီက အာဇာနည်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့အဖွဲ့ဝင်တွေ ချီတက်အလေးပြုဖို့ကိစ္စနဲ့ပတ်သက်ပြီး တာဝန်ရှိသူချင်း တွေ့ဆုံညှိနှိုင်း ဆောင်ရွက်ခဲ့ကြတယ်လို့ သိရတယ်။ သားအမိနှစ်ယောက်ရဲ့ ပုဂံဘုရားဖူးခရီးစဉ်မှာလည်း တာဝန်ရှိသူချင်း တွေ့ဆုံညှိနှိုင်း ဆောင်ရွက်ခဲ့ကြတယ်လို့ သိရတယ်။
တွေ့ဆုံခြင်း ရလဒ်
အာဇာနည်နေ့ကိစ္စရော၊ ပုဂံဘုရားဖူးကိစ္စပါ မြန်မာနိုင်ငံသားတွေသာမက ကမ္ဘာတခုလုံးကပါ ရင်တမမနဲ့ စောင့်ကြည့်နေခဲ့ကြပေမယ့် မဖြစ်သင့်မဖြစ်ထိုက်တဲ့ကိစ္စမျိုး တခုမှဖြစ်ပေါ်မလာခဲ့ဘဲ အေးအေးချမ်းချမ်းနဲ့ ပြီးဆုံးသွားခဲ့တယ်။ ဒါဟာ နှစ်ဦးနှစ်ဖက် တွေ့ဆုံညှိနှိုင်းမှုကြောင့် ထွက်ပေါ်လာတဲ့ ရလဒ်ဖြစ်တယ်။ ပြည်သူပြည်သားအားလုံး ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြရတယ်။ ကမ္ဘာမှာအစိုးရသစ်ရဲ့ ဂုဏ်သိက္ခာလည်း တက်သွားစေတယ်။ အစိုးရသစ်ဟာ လုံခြုံရေးရှုထောင့်တခုတည်းကသာကြည့်ပြီး လုံခြုံရေးအတွက် စစ်တပ်တွေ ရဲတပ်တွေ အများအပြားချထားခြင်းမပြုဘဲ နိုင်ငံရေးရှုထောင့်ကပါ ရှုမြင်သုံးသပ်ပြီး ပါးပါးနပ်နပ်ဆောင်ရွက်ခဲ့တာကြောင့် ဒီလိုရလဒ်မျိုး ရရှိခဲ့တာဖြစ်တယ်။
အာမခံချက်ပေး
ဒီမိုကရေစီနိုင်ငံတိုင်းမှာ တိုင်းသူပြည်သားအားလုံးအတွက် လွတ်လပ်စွာ ပြောဆိုရေးသားခွင့်၊ စည်းရုံးလှုပ်ရှားခွင့်၊ အသင်းအပင်းဖွဲ့စည်းခွင့်၊ ဆန္ဒပြ စာတမ်းလှည့်လည်ခွင့်တို့ကို ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမှာ ထည့်သွင်းရေးသားပြီး အာမခံချက်ပေးထားကြတယ်။ မြန်မာနိုင်ငံက လက်ရှိဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေမှာလည်း ပြဋ္ဌာန်းပေးထားတယ်။ ဆန္ဒပြတယ်ဆိုတာ ဒီမိုကရေစီနိုင်ငံတွေမှာ မထူးဆန်းပါဘူး။ အမေရိကန်၊ အင်္ဂလန်၊ ဂျပန်၊ တောင်ကိုရီးယား လမ်းမတွေပေါ်မှာ လူ လေးငါးဆယ်လောက်ကနေ လေးငါးရာနဲ့ လေးငါးထောင်ထိ ဆိုင်းဘုတ်လေးတွေကိုင်ပြီး စီတန်း လမ်းလျှောက်နေကြတာတွေ ရုပ်မြင်သံကြားမှာ နေ့တိုင်းတွေ့နေကြရတာပါ။ ဆန္ဒပြသူက ပြ၊ လမ်းသွားလမ်းလာတွေက သွားမြဲ လာမြဲ၊ ရုံးသူရုံးသားတွေက ရုံးတက်မြဲပါပဲ။ ဆန္ဒပြသူတွေကလည်း သူတို့ပြစရာရှိတာ ပြ၊ တောင်းဆိုချက် ပေးစရာရှိတာတွေပေးပြီး အေးအေးဆေးဆေးပြန်သွားကြတာပါပဲ။
ပြောမယုံ ကြုံဖူးမှသိ
လုံခြုံရေးရှုထောင့်တခုတည်းက မကြည့်ဘဲ နိုင်ငံရေးရှုထောင့်ကပါ ရှုမြင်သုံးသပ်လို့ ရလဒ်ကောင်းရခဲ့တဲ့ ‘ဖြစ်ရပ်ဆန်း’ တခု အာဇာနည်နေ့က ကြားသိခဲ့ရတယ်။ မြောက်ဒဂုံက လူပေါင်း နှစ်ဆယ် အစိတ်လောက်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့အဖွဲ့ ချီတက်အလေးပြုမှာကို သွားရောက်ပူးပေါင်းဖို့အတွက် စီတန်းထွက်ခွာလာကြတယ်။
အဲဒီမှာ ‘မပြောမယုံ ကြုံဖူးမှသိ’ လို့ပြောရမယ့်ဖြစ်ရပ်ကို တွေ့ရတယ်။ စီတန်းချီတက်လာသူတွေကို လုံခြုံရေး တာဝန်ရှိသူတွေက ရင်ဆိုင်တွေ့ဆုံ မေးမြန်းပြီးတော့ သူတို့သွားလိုရာအရောက် ကားတွေပေါ်တင်ပြီး လိုက်ပို့လိုက်သတဲ့။ ကဲ အဲဒါထက် ဆန်းတဲ့သတင်းရှိသေးရဲလား။ ဒီလုံခြုံရေးအဖွဲ့ဝင်များရဲ့ လုပ်နည်းလုပ်ဟန်ကို မချီးကျူးဘဲ မနေနိုင်ဘူး။ နမူနာကောင်းလေး ဖြစ်ပါစေလို့ အောက်မေ့လိုက်ရတယ်။
ဗျူဟာတွေ လိုတယ်
သတင်းသမားတယောက်အနေနဲ့ မြင်တာကို မြင်တဲ့အတိုင်းပြောတာဖြစ်တယ်။ မမြင်ရတဲ့ကိစ္စ မဖြစ်သေးတဲ့ကိစ္စကို ပြောလို့ မရပါဘူး။ အစိုးရက ဘာရည်ရွယ်ချက်နဲ့လုပ်တယ်ဆိုတာ မသိပါဘူး။ သိအောင်လုပ်တဲ့ကိစ္စက နိုင်ငံရေး ပါတီတွေရဲ့ အလုပ်ပါ။ သတင်းသမား အလုပ်မဟုတ်ဘူး။ နိုင်ငံရေးပါတီတွေဆိုတာက မဟာဗျူဟာတွေ၊ နည်းဗျူဟာတွေ ချမှတ်လုပ်ဆောင်ရတာဖြစ်တော့ တဖက်သားရဲ့ရည်ရွယ်ချက်နဲ့ တဖက်သားရဲ့အခံစိတ်ဓာတ်ကို အသေးစိတ် လေ့လာတွက်ချက်ပြီး မှန်းဆရတယ်။ အဲဒီလို မှန်းဆရာမှာ မှန်ကန်ဖို့ သိပ်အရေးကြီးတယ်။ ‘ဆန္ဒစွဲမှန်းဆချက်’ (wishful speculation) မဖြစ်ဖို့ လိုတယ်။ မြန်မာပြည်နိုင်ငံရေး အသိုင်းအဝိုင်းထဲက ပုဂ္ဂိုလ်အများစု မှားလေ့ရှိတဲ့ အမှားမျိုး ထပ်မမှားစေဖို့ သတိထားသင့်တယ်။ အမေရိကန်နဲ့အီးယူက ဖိအားပေးလို့ အာဆီယံက ‘ပရက်ရှာ’ ပေးလို့ အစိုးရက လိုက်လျောလာတာဆိုတဲ့ အမြင်ဟာ အင်မတန်မှားယွင်းတဲ့ အမြင်ဖြစ်တယ်။ နှစ်ပေါင်း ငါးဆယ်နီးပါး လက်တွေ့ မြင်တွေ့ခဲ့ရတဲ့ အချက်ကတော့ မြန်မာအစိုးရဟာ ဘယ်သူ့ဖိအားကိုမှ ဂရုမစိုက်ဘူးဆိုတဲ့ အချက် ဖြစ်တယ်။ သမ္မတ ဘီလ်ကလင်တန်ရဲ့ ဖိအားကိုတောင် အရေးမလုပ်ခဲ့တဲ့ အစိုးရဟာ သူ့မိန်းမ ဟီလာရီလို နိုင်ငံခြားရေးဝန်ကြီးရဲ့ မိန့်ခွန်းလောက်ကို ဂရုစိုက်နားထောင်မှာတောင် မဟုတ်ပါဘူး။
အပ်နဲ့ ထွင်းလို့မရ
အရေးကြီးတာက ကိုယ့်အားကိုယ်ကိုးဖို့ပဲ ဖြစ်တယ်။ ကိုယ့်မှာ ခံ့ညား ရိုသေလောက်တဲ့ အင်အားရှိမှ အများက လေးစားမှာဖြစ်တယ်။ သတင်းသမားတယောက်ရဲ့ မျက်စိထဲမှာ လောလောဆယ်မြင်နေရတဲ့ အဖြစ်အပျက်တွေ သတင်းတွေက ကြာရှည်လစ်လျူရှုထားရင် ‘အပ်နဲ့ထွင်း’ ရုံနဲ့ မရတဲ့အခြေအနေအထိ ရောက်လာနိုင်ပါတယ်။ တိုင်းရင်းသားဒေသအားလုံးလိုလိုမှာ စစ်ပွဲတွေ အရှိန်ပြင်းပြင်းနဲ့ဖြစ်လာနေတာတွေဟာ အင်မတန် အန္တရာယ်ကြီးလှတယ်လို့ သဘောရတယ်။ စိတ်မချမ်းသာစရာ ဖြစ်တယ်။ တပ်မတော်သား ကျဆုံးလည်း မြန်မာပဲ။ ကေအိုင်အေကကျလည်း မြန်မာပဲ။ ဒီကေဘီအေနဲ့ ကေအင်န်ယူကသေလည်း မြန်မာပဲ။ ရှမ်းဘက်ကကျလည်း မြန်မာနိုင်ငံသားပဲ။ ကိုယ့်အချင်းချင်း တိုက်နေသတ်နေရတာ ဘာကောင်းလို့လဲ။
မျက်နှာမလှတဲ့ ကိစ္စ
ခုချိန်မှာ မြန်မာတမျိုးသားလုံးအတွက် အရေးကြီးဆုံးက သေနတ်သံတွေရပ်စဲပြီး အသေအပျောက် သတင်းတွေ မကြားရတော့ဖို့ ဖြစ်တယ်။ ဒီကိစ္စကို အားလုံး ဝိုင်းဝန်းကြိုးစားကြစေချင်တယ်။ နောက်အရေးကြီးတာတခုကတော့ အစိုးရအတွက်လည်း နိုင်ငံတကာမှာ မျက်နှာမလှဖြစ်နေရတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ၈၈ မျိုးဆက် ခေါင်းဆောင်တွေ အပါအဝင် လူပေါင်းနှစ်ထောင်နီးပါး ကိစ္စဖြစ်တယ်။ ဒီလို ထိန်းသိမ်းထားမှုတွေဟာ အစိုးရအတွက် မျက်နှာမလှဖြစ်ရုံသာမက တိုင်းပြည်အတွက်လည်း စွမ်းအားတွေ အဟောသိကံဖြစ်ရာရောက်တယ်လို့ ယူဆပါတယ်။ ဒါ့အပြင် ဧရာဝတီမြစ်ကြီး ကယ်တင်ရေးကိစ္စ၊ လယ်သမားတွေ အကြောင်းအမျိုးမျိုးကြောင့် လယ်မလုပ်နိုင်ကြတော့ဘဲ မြို့တက်ပြီး ရွှေ့ပြောင်းလုပ်သားဖြစ်ကုန်တဲ့ ကိစ္စ၊ မြန်မာအမျိုးသမီးတွေ အိမ်နီးချင်းနိုင်ငံတွေဘက် ရောင်းစားခံနေရတဲ့ ကိစ္စ၊ ချမ်းသာသူတစုက ပိုပိုချမ်းသာနေပြီး ဆင်းရဲသူတွေက ပိုပိုပြီး ဆင်းရဲလာနေတဲ့ ကိစ္စ၊ စတဲ့ စတဲ့ ကိစ္စတွေက မနည်းလှဘူး။
ဝန်ကြီးဦးအောင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံရာကနေ ဆွေးနွေးတဲ့အဆင့်ကို ရောက်ရင်တောင် ဖြေရှင်းရမယ့် ပြဿနာတွေ တောင်လိုပုံနေတယ်လို့ ဆိုချင်တယ်။ အဲဒါကြောင့် တွေ့ဆုံပွဲကနေ ဆွေးနွေးပွဲဖြစ်လာအောင် အားလုံးဝိုင်းဝန်း ကြိုးစားကြဖို့ မြန်နိုင်သမျှ အမြန်ဆုံး ဆောင်ရွက်ကြဖို့ နှိုးဆော်လိုက်ပါတယ်။
ဆက်ရေးပါဦးမယ်။
Eleven Media Group မှ ပြန်လည်ကူးယူ ဖော်ပြပါတယ်။
No comments:
Post a Comment