ဗိုလ်ချုပ်အောင်ဆန်းကို လူထုက ဘာကြောင့်တမ်းတနေကြသလဲဆိုတော့ သူ့လို ကိုယ်ကျိုးမငဲ့ဘဲ တိုင်းပြည်နဲ့ လူမျိုးအတွက် တကယ့် ခေါင်းဆောင်အရည်အချင်းနဲ့ပြည့်စုံတဲ့ သူလိုခေါင်းဆောင်မျိုး အလိုရှိနေလို့ပဲ။
ပြည်တွင်းမှာ ဒေါ်အောင်ဆန်းစုကြည်က ခေါင်းဆောင်အရည်အချင်းနဲ့ပြည့်စုံတဲ့ လူထုခေါင်းဆောင်ဆိုတာ ငြင်းလို့မရပါဘူး။ သူ ခရီးသွားတဲ့အခါ သူ လူထုနဲ့ထိတွေ့တဲ့အခါတိုင်းမှာ လူထုက သူ့အပေါ် ဘယ်လောက်ချစ်ခင်လေးစားကြတယ်ဆိုတာ စစ်အုပ်စုကတောင် မနာလိုလို့ ဟိုဟာ ပိတ်ပင်၊ ဒီဟာပိတ်ပင်ဆိုတာ အားလုံးအသိပါ။
ကျနော်ပြောချင်တာက ပြည်ပမှာရှိနေတဲ့ ခေါင်းဆောင်ဆိုတဲ့သူတွေကိုပါ။ ပြည်ပမှာ လက်ရှိရှိနေကြတဲ့ တော်လှန်ရေး၊ နိုင်ငံရေးအဖွဲ့အစည်းတွေ အများကြီးရှိပေမယ့် အဲဒီအဖွဲ့အစည်းတွေရဲ့ ကိုယ်စားပြုခေါင်းဆောင် ဘယ်သူလဲဆိုရင်တော့ မရှိဘူးလို့ ပြောရမှာပဲ။
ဘာဖြစ်လို့လဲဆိုတော့ ခေါင်းဆောင်အရည်အချင်းနဲ့ ပြည့်စုံတဲ့သူ တယောက်မှမရှိလို့ပဲ။ သူတို့ကိုယ်သူတို့ ခေါင်းဆောင်ဆိုပြီး နေရာအတင်းယူထားကြပေမယ့် လူထုအကျိုး၊ နိုင်ငံအကျိုး ဘာတခုမှမလုပ်ဘဲ မြန်မာပြည်ထဲမှာ ပြည်သူတွေ ဘယ်လိုဒုက္ခရောက်နေတာ၊ ဘယ်လို လူ့အခွင့်အရေးတွေ ဆုံးရှုံးနေတာဆိုပြီး နိုင်ငံတကာလှည့် ငွေတောင်းပြီး သူတို့မိသားစုတင် မကဘူး၊ ရှိသမျှ ဆွေမျိုးတွေအကုန် ပြည်ပကိုခေါ်ထုတ်ပြီး မနေဘူးတဲ့ အိမ်ကြီးအိမ်ကောင်းတွေနဲ့နေ၊ မစားဘူးတဲ့ စားကောင်း သောက်ကောင်းတွေစား၊ မစီးဘူးတဲ့ ကားကောင်းတွေစီးနဲ့ တော်လှန်ရေး၊ နိုင်ငံရေးတွေနဲ့ ကြီးပွားနေကြပြီလေ။ တော်လှန်ရေးကြီး အဓွန့်ရှည်ပါစေဆိုတဲ့ ကြွေးကြော်သံ ထမအော်သေးတာပဲ ရှိတော့တယ်။
ကျနော်တို့ မြန်မာပြည်နယ်စပ်တလျောက်မှာ ဒုက္ခအခြေအနေအမျိုးမျိုးနဲ့ ရောက်လာကြတဲ့ ကိုယ့်နိုင်ငံသားတွေ အများကြီးရှိပါတယ်။ သူတို့မှာတော့ ရရာအလုပ်လုပ်ပြီး ပြည်တွင်းမှာ ကျန်ခဲ့တဲ့ မိဘဆွေမျိုးသားချင်းတွေဆီကို တတ်နိုင်သလောက် ခြိုးခြံချွေတာပြီး ပြန်ထောက်ပံ့နေကြတာပါ။
တချို့ဆို ပြည့်တန်ဆာအဖြစ် ရောင်းစားခံရလို့ ဘဝပျက်နေတဲ့ အမျိုးသမီးတွေလည်း မနည်းလှဘူး။ အဲဒီလို ဒုက္ခအမျိုးမျိုးနဲ့ ရင်ဆိုင်ရုန်းကန်နေကြတဲ့ ကိုယ့်နိုင်ငံက အမျိုးသား၊ အမျိုးသမီးတွေကို ကူညီရမယ့်အစား၊ စည်းရုံးရမယ့်အစား မတူသလို မတန်သလို ဆက်ဆံနေကြတာ တော်တော်ရင်နာဖို့ ကောင်းတယ်။ ဖြစ်ပုံတခု ပြောပြမယ်။ ပြည်တွင်းက အကြီးဆုံး အတိုက်အခံ အဖွဲ့အစည်းကြီးရဲ့ ပြည်ပမှာဖွဲ့ထားတဲ့ အဖွဲ့ခေါင်းဆောင်ပြောလိုက်တဲ့စကားကိုလည်း ကြည့်အုံး “ငါတို့က မင်းတို့လို ကလေကချေ မဟုတ်ဘူး၊ အဖွဲ့အစည်းက ကွ” တဲ့၊ ဒါ ကျနော့် ကိုယ်တွေ့။
အမှန်ပြောရရင် သူတို့ကမှ ကလေကချေဖြစ်နေတာ။ ဘာအလုပ်မှမလုပ်ဘဲ ပြည်တွင်းက ပြည်သူတွေရဲ့ အခြေအနေတွေကို အသုံးချပြီး နိုင်ငံတကာက ရတဲ့ပိုက်ဆံတွေနဲ့ ညနေတိုင်း ယမကာဝိုင်းနဲ့ ကာမဂုဏ်ခံစားနေကြတဲ့ ဒီခေါင်းဆောင်ဆိုတဲ့လူတွေက တနေ့ တနေ့ နဖူးကချွေး ခြေမ ကျတဲ့အထိလုပ်မှ ထိုင်းဘတ် လေးငါးခြောက်ဆယ်ပဲရတဲ့ ကိုယ့်ပြည်သူတွေကို ဒီလို စကားပြောရက်တာ ခင်ဗျားတို့ စဉ်းစားသာကြည့်တော့။ ဒီခေါင်းဆောင်ဆိုတဲ့လူတွေ ဘယ်အဆင့်အတန်းကို ရောက်သွားတယ်ဆိုတာ ...။
ကျနော်တို့ပြည်သူတွေ အလုပ်ကပြန်လာတိုင်း လမ်းကနေ အဲဒီ ခေါင်းဆောင်ဆိုတဲ့လူတွေနေတဲ့ အိမ်ကြီးတွေကိုကြည့်ပြီး “သြော် ... ငါတို့တိုင်းပြည်အတွက် ငါတို့ပြည်သူတွေ ကောင်းစားဖို့ သူတို့လုပ်နေကြတာပါလား” ဆိုတဲ့ အားကိုးတကြီးနဲ့ ကြည့်ကြည့်သွားကြတဲ့ သူတို့ရဲ့မျက်နှာတွေ အခုထိ ပြန်မြင်နေမိသေးတယ်။
နောက်တခု ရှိသေးတယ်။ ဘန်ကောက်မှာ ခေါင်းဆောင်ကြီးတယောက်ဆီကို ကိုယ့်ရဲဘော်တယောက်က နယ်စပ်ရှေ့တန်းစခန်းကိုပြန်ဖို့ လမ်းစရိတ် ဘတ်တရာတောင်းတော့ မရှိဘူး၊ မင်းဖာသာမင်း ပိုက်ဆံရှာပြီးပြန်တဲ့။
အဲဒီခေါင်းဆောင်ကြီး ဟိုတယ်မှာ ကော်ဖီသောက်တာ ဘတ် ခြောက်ဆယ် ကျတယ်။ ဟိုတယ်က ကော်ဖီလာချတဲ့ကောင်မလေးကို သနားလို့ဆိုပြီး ဘတ်တရာ ဘောက်ဆူးပေးလိုက်တယ်၊ အံ့ရော။
ဗိုလ်ချုပ်အောင်ဆန်းအကြောင်းပြန်ဆက်ရရင် ဗိုလ်ချုပ်ဟာ သေသာသေသွားတယ်၊ ဘာအဆောင်အယောင်မှ မရှိခဲ့ဘူး။ ရုပ်ရှင်ကြည့်တော့လည်း ငါးမူးတန်းက၊ ပဲပြုပ်နဲ့ နံပြားတောင် တခါတရံမှ စားခဲ့ရတာ။ အဝတ်အစားဆိုလည်း သုံးစုံထက် ပိုမရှိခဲ့ဘူး။ အကျင့်စာရိတ္တကြည့်အုံးမလား ဘာမှ ပြောစရာမရှိဘူး။
အဲဒီတော့ ပြည်ပက ခေါင်းဆောင်ကြီးများ ဒီလိုပုံနဲ့သာ ဆက်စခန်းသွားနေရင် တိုင်းပြည်နဲ့ လူမျိုးလည်း ပျောက်ဖို့ပဲရှိတော့တယ်။ နောက်မျိုးဆက်သစ်လူငယ်တွေကိုရော ဘယ်လို ဆိုးမွေ ကောင်းမွေတွေ ပေးနိုင်မှာလဲ။
ကျနော်တို့ တော်လှန်ရေးကြီးလည်း ၂၃ နှစ်တိုင်ခဲ့ပါပြီ။ မွဲပြာကျနေတဲ့ တိုင်းပြည်နဲ့ ကိုယ့်ပြည်သူတွေရဲ့မျက်နှာ၊ အသက်သွေးတွေနဲ့ရင်းပြီး ပေးဆပ်သွားခဲ့တဲ့ ကျနော်တို့ ညီတော်နောင်တော်တို့သွေးတွေလည်း မခြေက်သေးပါဘူး။ နိုင်ငံအနှံ့အပြားက အကျဉ်းထောင်တွေထဲမှာ နှစ်ရှည်အကျဉ်းကျခံနေရတဲ့ ကျနော်တို့ တော်လှန်ရေးရဲဘော်တွေရဲ့မျက်နှာတွေကို ထောက်ကြပါအုံး။
မှားမှန်းသိလို့ အမှန်ကိုပြင်လိုက်ရင် သူတော်ကောင်းစာရင်းဝင်မှာပါ။ မှားမှန်းသိသိကြီးနဲ့ မပြင်ဘဲ ဆက်မှား ဆက်မိုက်နေအုံးမယ်ဆိုရင်တော့ လူယုတ်မာပဲဖြစ်မယ်ဆိုတာ သိစေချင်တယ်။
ရှေ့က တကယ့်ခေါင်းဆောင်ကောင်းရှိရင် နောက်လိုက်ကောင်းတွေအဖြစ်လိုက်ဖို့ အားလုံးက အဆင်သင့်ပါ။
ဒေါ်အောင်ဆန်းစုကြည်ကို လူထုကချစ်တာဟာ ခေါင်းဆောင်ပီသလို့၊ လူထုအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံပြီး လူထုနဲ့တသားထဲရှိလို့။ သူ့ရဲ့ပုဂံဘုရားဖူးခရီးစဉ်မှာ လမ်းဘေးက ထမင်းဆိုင်မှာ ထမင်းဝင်စားတာသာ ကြည့်၊ လူထုချစ်တဲ့ခေါင်းဆောင်ဆိုတာ မဲနဲ့ဝယ်လို့ရတာ မဟုတ်ဘူး၊ လူထုရဲ့ရင်ထဲ၊ နှလုံးသားထဲကလာတဲ့ လေးစားကြည်ညိုမှုပဲ။
အားလုံးကို လူထုချစ်တဲ့ လူထုဘက်တော်သားတွေ ဖြစ်စေချင်ပါတယ်။
တိုက်ဆိုင်သူများရှိခဲ့ရင် ထိုသူများကို ရည်ညွန်းပါတယ်။
၁၂ ဇူလိုင်လ၊ ၂၀၁၁ ခုနှစ်
No comments:
Post a Comment