Thursday, July 7, 2011

7 July အမှတ်တရ ကဗျာများ

နေခြည်ပွင့်အကြွေမှာ
တက္ကသိုလ်မိုးဝါ

သည်အချိန်တွင်
ညို့မင်ပါးလျ၊ မြိုင်အထလည်း
မှိန်ပျမှေးမှေး၊ ရောင်ခြည်ဖေးတည့်
အတွေးမပျော်၊ ဖြူယော်နိမ့်ဆင်း
ညနေခင်းမှာ၊ ပစ်ကွင်းသဖွယ်
အန္တရာယ်ဝိုင်း၊ ဒုန်းစိုင်းပြေးရ
သမင်မ,လည်း၊ နေကျသည့်စွန်
ဝေးဝေးလွန်သို့
အားသွန်ခုန်ပေါက်တော့သည်တကား။ ။


အော် …
ကြီးထွားဆို့ပိတ်၊ ကျဲတောံဖိတ်သော
သစ်ရိပ်ကိုင်းကျ၊ “ဝက်သစ်ချ”လည်း
အာမှခြောက်သွေ့၊ ငိုခြင်းလွေ့ပြီး
ထန်ဝေ့လေရူး၊ မူးမူးဖိုလှိုက်
မဆည်ရှိုက်မို့၊ တခိုက်ဖြေလို
ဖရိုဖရဲ၊ သစ်ရွက်ကျဲများ
မစဲကြွေယင်း၊ ယိုယွင်းပျက်စီး
ယိမ်းယိုင်ပြီးသော်၊ ငြီးငွေ့ငေါထွက်
သစ်တခက်ကို၊ ဆက်လက်ထိုးစစ်
လူးလှိမ့်ပစ်အောင်
တွန့်ရစ် အချိုးမကျပါတကား။ ။

အို … သစ်ချပင် ...
သင်တဦးတည်း၊ မြည်းတွားညည်း၍
ငိုကြီးချက်မ၊ ရင်နာရအောင်
ပျပျအဖြေ၊ မမှုန်ဝေပါ
ညနေရောင်နှင့်၊ မတူလင့်သော်
နိမ့်မြင့်မြေလွှာ၊ သည်လူ့ရွှာဝယ်
ရောင်ဝါတောက်ပ၊ ရွှေရောင်မြနှင့်
များစွ “အနက်” ၊ တုဘက်ပြိုင်ဆိုင်
စိတ်မခိုင်ဘဲ
အနိုင်လုနေကြတကား ။ ။

အော် … ကျဆုံးသူတို့ -
မေ့ဘို့မရည်၊ ဒို့တိုင်တည်၏ -
လွမ်းထည်ဖြင့်ခြုံ၊ ဖုံး မလုံမို့
ကြုံတွေ့ခဲ့ချေ၊ ခန္ဓာကြွေလည်း
မသေနိုးထ၊ ဘဝမငြိမ်း
သွေးစိမ်းစီးလျက်၊ သည်ဒဏ်ချက်မှာ
အနဂ္ဃတန်ဖိုး ရှိသည်တကား။ ။


(၇- ၇- ၁၉၆၂ ညတွင် ရေးသည်)

မြက်ခင်းနီ မှတ်တမ်းကလေး
မောင်နွယ်ထွေး

“မြက်ခင်းနီသည်”
ယုံကြည်ဘယ်သူရှိမည်နည်း။
မယုံကြည်လျှင် ပြောပြချင်၏
ပုံပြင်တော့လည်း မဟုတ်ပါ။
အခါသင့်လျှင် …
အသင်သွားရောက်၊ သတင်းထောက်၍
ရှောံ(လျှောက်)သည့်လမ်းဘေး၊ မြက်ခင်းလေးကို
မေးကြည့်သောအခါ၊ ပြန်ပြောလာမည်
ရှိုက်ကာ ငိုကာနှင့်တကား။ ။

သည်နေရာတွင် …
အခါကြိမ်မျှ၊ များလှကျောင်းသား
စုပေါင်းအားနှင့် လာသွားပျော်ရွှင်
စာပေသင်ရင်း၊ ချစ်ချင်းဆွေးနွေး
လေပြေအေးတွင်၊ မေးလို့ပြောလို့
မောဘို့(ဖို့) မမြင်၊ ကျောင်းဥယျာဉ်မှာ
ခင်မင်စုရုံးခဲ့ကြသည်။

သည်နေရာတွင် …
အခါကြိမ်မျှ၊ ရှိခဲ့ကြ၏
ဂီတ စာနု၊ ဆွေးနွေးမှုဖြင့်
ရတုသဘင်၊ ဆင်ယင်ခန့်ညား
“ကျောင်းသားပွဲတော်” ၊ အားလုံးပျော်လို့
အဖေါ်ပေါင်းသင်း စုံခဲ့သည်။

သည်နေရာကို
သာယာကျွန်းမြ၊ တက္ကသီလာ
ခေါ်တွင်ပါလည်း၊ မကြာမီက
မုန်တိုင်းကျ၍၊ မြေခဆောက်အုံ
အုတ်ပုံပြောင်းလွဲ၊ ပန်းတွေလဲကြွေ
ရေတွေလဲနောက်၊ လူလဲပျောက်ခဲ့
ဝင်ရောက်ချဉ်းနင်း၊ ခြေသံပြင်းနှင့်
မြက်ခင်းတွေပေါ်၊ ကျူးကျော်ဖြတ်ပြေး
မေးသံအော်သံ၊ သေနတ်သံနှင့်
ရှိုက်သံဖုံးလွှမ်း၊ အမှောင်ခန်းဝယ်
ဆင်ကန်းတောတိုး၊ အဖြစ်ဆိုးလျှင်
ကြောရိုးစိမ့်မျှ ကြုံခဲ့သည်။

သည်နေ့မှစ …
မစိမ်းမြပြီ၊ စီးကျမျက်ရေ
သွေးနှင့်ဝေလို့၊ မြေနှင့်မြက်ခင်း
လိမ်းကျံရင်းဖြင့်၊ အဆင်းပြောင်းလွဲ
မြက်လဲမစိမ်း၊ သွေးရှိန်းရှိန်းနီ
ရုပ်မပီပုံ၊ ဇာတ်လမ်းစုံကို …
သင်ယုံကြည်လျှင်၊ မှတ်တမ်းတင်ကာ -
သားစဉ်မြေးဆက်၊ သမိုင်းဆက်လို့
ဆက်လက်ပြောကြားကြပါစေ။ ။

(ဇူလိုင် “၇” ရက်နေ့ … သို့)

အထက်ပါ ကဗျာ ၂ ပုဒ်သည် ၁၉၆၂ - ဇူလိုင် ၇ ရက် အရေးအခင်းဖြစ်ပြီး ၇ လအကြာ ဒဂုံဆောင် သဟာယနှင့် စာဘတ်အသင်းသစ်မှ ထုတ်ဝေခဲ့သည့် ဥဒါန်းမကြေ စာစောင် စာမျက်နှာ - (၁၀-၁၃) နှင့် (၁၈-၁၉) တို့မှ ကောက်နှုတ်ကာ မူရင်းသတ်ပုံအတိုင်း ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်။

No comments: