Tuesday, June 21, 2011

ဒီမိုကရေစီနဲ့ မအပ်စပ်တဲ့ လူတန်းစား (လူထုစိန်ဝင်း)

“ရွှေ မရှိတာက ဘာမှ မဖြစ်ဘူး။ ဆန် မရှိရင်တော့ ဒုက္ခအကြီးအကျယ်ရောက်မှာ ..."

အထက်အညာ အင်းတော်ကြီးဒေသ မာန်လည်မြို့ကလေးက လူငယ်တယောက် ဂျာနယ်တိုက်တွေကို စုံစမ်းမေးမြန်းပြီး ရောက်လာတယ်။ ချစ်စရာ မြန်မာ့ရိုးရာ ဓလေ့အတိုင်း ရောက်ရောက်ချင်း ဦးချကန်တော့ပြီးမှ သူ့ကိုယ်သူ မိတ်ဆက်တယ်။ နောက်တော့ သူ့ရင်ထဲမှာ မျိုသိပ်ထားရတာတွေ များလွန်းလို့ ဘယ်လိုမှ အောင့်အီး မနေနိုင်တော့လို့ လာပြီးရင်ဖွင့်တာပါ လို့ နတ်သံမနှောဘဲ ပွင့်ပွင့်လင်းလင်း ပြောလိုက်တယ်။

ရွှေရှာ ကျောက်တူး

နေမကောင်းလို့ စာတောင်မရေးနိုင်တဲ့အချိန် ဖြစ်နေပေမယ့် သူ့ခမျာ ဒီလို ရင်ဖွင့်ဖို့ သက်သက် ဝေးလံခေါင်ဖျားဒေသက တပင်တပန်း လာခဲ့ရရှာတာဖြစ်တဲ့အတွက် သက်သာသလို နေရင်း နားထောင်ပေးခဲ့တယ်။ စကားပြောရင်သာ မောပြီး နားထောင်တာက မောမှမမောတာ။ သူ ပြောတာက သူတို့ဒေသတဝိုက်က လယ်သမားတွေ လယ်မလုပ်တော့ဘဲ မြစ်ရိုးတလျှောက် ရွှေရှာသူတွေက ရှာကြ၊ မှော်တွေထဲသွားပြီး ကျောက်တူးသူတွေက တူးကြ ဖြစ်နေတဲ့အတွက် တချိန်ချိန်မှာ သူများနိုင်ငံက ဆန်ကို ဝယ်စားရတဲ့အဖြစ်မျိုး ရောက်သွားမှာ စိုးရိမ်နေရပါတယ် တဲ့။ “ရွှေမရှိတာက ဘာမှ မဖြစ်ဘူး။ ဆန် မရှိရင်တော့ ဒုက္ခအကြီးအကျယ်ရောက်မှာ ခင်ဗျ”


မျက်နှာစိမ်းတွေ

အနီးအနားဝန်းကျင် ဒေသတွေကသာမက မန္တလေးလိုနေရာက မျက်နှာစိမ်းတွေလည်း အများကြီး တွေ့မြင်ကြရတယ်တဲ့။ ခြံစောင့်ရရင် တော်ပါပြီ၊ သွားနေပြီး လုပ်စားကြပါ။ ထွက်သမျှ သီးနှံတွေ အကုန်ယူပါလို့ ပြောတာတောင် သွားနေချင်သူ မရှိတဲ့ နေရာတွေက ခြံမြေတွေကို သိန်းရာနဲ့ ထောင်နဲ့ချီပေးပြီး ဝယ်တာကို မရောင်းချင်သူ ဘယ်သူရှိပါ့မလဲ။ ဒါ သဘာဝပဲ။ အပြစ်တင်လို့လည်း မရဘူး။ မနေ့ကတောင် သန်လျင် သီလဝါဆိပ်ကမ်းသွားရာ လမ်းဘေးဝဲယာရှိ လယ်ကွက်တွေကို အဝယ်လိုက်နေလို့ တဧကကို သိန်း ၂၀ လောက်နဲ့ ရောင်းနေကြတယ်ဆိုတဲ့ သတင်းတွေ ဂျာနယ် တစောင်မှာ ဖတ်လိုက်ရသေးတယ်။

ဇောကြီးလွန်းလို့

နိုင်ငံတည်ဆောက်စကာလမှာ စက်ရုံ၊ အလုပ်ရုံတွေ တည်ဆောက်ကြ၊ မြို့ပြဖွံ့ဖြိုးတွေ လုပ်ဆောင်ကြဆိုတာ လုပ်ရိုးလုပ်စဉ် ဖြစ်ရိုးဖြစ်စဉ်တွေမို့ ဒီသတင်းမျိုးတွေဟာ သိပ်မဆန်းပါဘူး။ ဒါပေမယ့် စည်းလွတ်ဝါးလွတ်တော့ မဖြစ်စေသင့်ဘူး။ ၁၉၅၀ ဦးပိုင်းကာလက လွတ်မြောက်လာစ တရုတ်ပြည်မှာ တည်ဆောက်ရေးဇောတွေ ကြီးမားလွန်ကဲပြီး ကျေးလက်ဒေသက အိမ်တိုင်းအိမ်တိုငှ်းှာ သံရည်ကျိုဖိုတွေ ရှိရမယ်။ သံတိုသံစတွေ စုဆောင်းရှာဖွေပြီး သံရည်ကျိုလုပ်ငန်း လုပ်ရမယ်။ သံနဲ့ သံမဏိများများ ထုတ်လုပ်နိုင်မှ မြန်မြန် စက်မှုနိုင်ငံကြီး တည်ဆောက်နိုင်မယ်ဆိုတဲ့ ‘မဟာခုန်ပျံကျော်လွှား’ (Great Leap Forward) စီမံကိန်းကြီး ချမှတ်လုပ်ဆောင်ခဲ့တာကြောင့် ကသောင်းကနင်း ဖြစ်မှုကြီး ကြောက်စရာကောင်းအောင် ပေါ်ပေါက်ခဲ့ဖူးတယ်။

သင်ခန်းစာယူသင့်

တောက လယ်သမားတွေ လယ်မစိုက်နိုင်တော့ စပါးမထွက်တော့ဘဲ ကြီးမားတဲ့ အငတ်ဘေးကြီး ကြုံတွေ့ခဲ့ရလို့ ပေါ်လစီ အမှားကို အမြန်စွန့်ပစ်ပြီး လယ်ယာစိုက်ပျိုးရေးကို ပြန်ပြီး ဦးစားပေးခဲ့ကြရတယ်။ ဒီအဖြစ်ကို ကောင်းကောင်း သင်ခန်းစာ ယူသင့်တယ်။ စက်ရုံတွေ ဆောက်ပါ။ မြို့ပြတွေ တည်ဆောက်ပါ။ ဒါပေမယ့် စိုက်ပျိုးနေတဲ့ လယ်ယာတွေ နေရာမှာတော့ မဆောက်သင့်ဘူး။ မြန်မာပြည်မှာ မြေလွတ်မြေရိုင်းတွေ အများကြီး ရှိပါတယ်။

စက်မှုလုပ်ငန်းနဲ့ အိုင်တီလုပ်ငန်းက စိုက်ပျိုးရေး လုပ်ငန်းထက် ပိုအရေးကြီးတယ်လို့ မယူဆသင့်ဘူး။ “ရွှေမရှိတာက ဘာမှ မဖြစ်ဘူး။ ဆန်မရှိရင်တော့ ဒုက္ခ အကြီးအကျယ်ရောက်မှာ ခင်ဗျ” ဆိုတဲ့ မာန်လည်က လူငယ်ပြောတဲ့ စကားကို မျက်ကွယ်ပြုမထားသင့်ဘူး။

ကမ္ဘာမှာ နံပါတ်တစ်

မြန်မာနိုင်ငံသားဟာ ဘိုးစဉ်ဘောင်ဆက်က စိုက်ပျိုးရေးနိုင်ငံ ဖြစ်တယ်။ နယ်ချဲ့လက်အောက် ကျရောက်နေစဉ် ကာလကတောင် ကမ္ဘာမှာ ဆန်တင်ပို့ ရောင်းချတဲ့ နံပါတ်တစ်နိုင်ငံ ဖြစ်ခဲ့တယ်။ ပတ်ဝန်းကျင် ဒေသနိုင်ငံတွေ အားလုံးလောက်နီးပါးဟာ အရွယ်အစား ပမာဏအားဖြင့် မြန်မာနိုင်ငံထက် ကြီးမားကျယ်ဝန်းကြတယ်။ မြေကွက်ဧရိယာ အများကြီး ရှိတယ်။

ဒါပေမယ့် ရေမြေအနေအထားနဲ့ ရာသီဥတု အခြေအနေက မြန်မာနိုင်ငံလောက် သပ္ပာယဖြစ်ပြီး မျှတတာ မရှိတာကြောင့် ဘယ်နိုင်ငံမှ ကောင်းကောင်း မစိုက်ပျိုးနိုင်ကြဘူး။ စိုက်ပြီးမိုးခေါင်လို့ သရောကြီး ခိုင်းတာနဲ့ ရိတ်သိမ်းခါနီးမှ မြစ်ရေ ချောင်းရေတွေ လျှံတက်လာလို့ ရွာကိုစွန့်ပြီး ကိုယ်လွတ် ရုန်းပြေးရတာနဲ့ အင်မတန် ဒုက္ခ ကြီးမားရှာကြတယ်။

အားလုံးပြိုသွားမယ်

မြန်မာနိုင်ငံမှာတော့ အပူလွန်လို့ အအေးလွန်လို့ လူတွေ အမြောက်အမြား သေကြရတာမျိုး မရှိသလို မိုးခေါင်လွန်းလို့၊ ရေကြီးလွန်းလို့ ဒုက္ခရောက်ရတာမျိုးလည်း ကြီးကြီးမားမား၊ များများစားစား မကြုံဖူးပါဘူး။ နာဂစ်ကတော့ ခြွင်းချက်ပေါ့။ နောက်ပြီးတော့ စိုက်ပျိုးရေးလုပ်ငန်းလို့ ပြောတဲ့အခါမှာ တောင်သူလယ်သမားနဲ့ ကောက်စိုက်သမတွေကိုချည်း မြင်နေလို့ မဖြစ်ဘူး။ စိုက်ပျိုးရေးလုပ်ငန်းကို အမှီပြုပြီး ရပ်တည်နေကြရတဲ့ လူဦးရေဟာ နိုင်ငံ့လူဦးရေရဲ့ ၇၅ ရာခိုင်နှုန်းလောက် ရှိပါတယ်။ စိုက်ပျိုးရေးယိုင်နဲ့သွားရင် ရန်ကုန် ဘုရင့်နောင်လို ကုန်စည်ဈေးကွက်ကြီး တခုလုံး ပြိုကျသွားမှာပါ။ တနိုင်ငံလုံးအနှံ့ရှိနေတဲ့ ဆန်စက်တွေနဲ့ ဆက်စပ် လုပ်ငန်းတွေ၊ လှေသမ္ဗန်နဲ့ သင်္ဘောတွေ၊ မော်တော်ကားတွေလည်း လုပ်စရာ မရှိတော့ဘဲ ဖြစ်ကုန်ကြမှာပါ။

မရှိမဖြစ် လိုအပ်ချက်

အဲဒါကြောင့် မလွဲမသွေ လုပ်ကိုလုပ်ရမယ့် စက်မှုတည်ဆောက်ရေးများ လုပ်တဲ့အခါမှာ စနစ်တကျ စီမံကိန်းချပြီးလုပ်ဖို့ အထူးလိုအပ်တယ်။ ဒါ့အပြင် မမေ့အပ်တဲ့ အချက်တခုက ဒီမိုကရေစီစနစ် ထူထောင်ရာမှာ တိုင်းသူပြည်သား အားလုံးရဲ့ တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်မှု မရှိမဖြစ် လိုအပ်တယ်ဆိုတာ ဖြစ်တယ်။ စိတ်ရောကိုယ်ပါ အားတက်သရော ပါဝင် ဆောင်ရွက်ဖို့ဆိုရင် တိုင်းပြည်ကို အုပ်ချုပ်နေတဲ့ အစိုးရဟာ သူတို့အားလုံး အတွက် မှန်မှန်ကန်ကန် လုပ်ဆောင်နေတယ်။ သူတို့ အကျိုးစီးပွားကို အမြဲတမ်း ကာကွယ်စောင့်ရှောက်ပေးနေတယ်လို့ သံသယ ကင်းကင်းနဲ့ လုံးဝ ယုံကြည် စိတ်ချမှု ရှိနေဖို့ လိုအပ်တယ်။

ကြိုးစားဆဲကာလ

အစိုးရတရပ်ဟာ ပြည်သူအများကို လျစ်လျူရှုပြီး လူတစု တဖွဲ့အတွက်သာ လုပ်ဆောင်နေတယ်။ လူတစု တဖွဲ့ အကျိုးစီးပွားကိုသာ ကာကွယ်စောင့်ရှောက်နေတယ်လို့ ထင်မြင်ယူဆနေရင်တော့ ဘယ်တော့မှ စိတ်ပါလက်ပါ တက်တက်ကြွကြွ ပါဝင်လာမှာ မဟုတ်တာ သေချာတယ်။ ဒီနေ့ လက်ရှိအစိုးရသစ်ဟာ ပြည်သူလူထုရဲ့ ယုံကြည်ကိုးစားမှုကို အပြည့်အဝ ရရှိဖို့ ကြိုးစားနေဆဲကာလ ဖြစ်တယ်။ အစိုးရ တာဝန်ရှိသူတွေ တယောက်ပြီးတယောက် ထွက်လာပြီး တရားဥပဒေကို မှန်မှန်ကန်ကန် တည့်တည့်မတ်မတ် လိုက်နာ အကောင်အထည် ဖော်ကြဖို့ ပြောကြားနေကြတာ တွေ့ရတယ်။ ဒါ အလွန်အရေးကြီးတဲ့အချက် ဖြစ်တယ်။ တရားဥပဒေဟာ ပြည်သူတွေကို အမြဲတမ်း ကာကွယ် စောင့်ရှောက်တယ်။ မျက်နှာ နှစ်ဖက် မရှိဘူး။ တရားဥပဒေရဲ့အထက်မှာ ဘယ်သူမှမရှိဘူးလို့ သူတို့ အမှန်တကယ် ယုံကြည်လာရင် ဘယ်လို အစိုးရမျိုးမဆို သူတို့ ထောက်ခံကြမှာ ဖြစ်တယ်။

လမ်းဘေးဈေးသည် ရှင်းတဲ့အခါ

ဒီလို အခြေအနေမှာ အဆင့်အသီးသီးက တာဝန်ရှိ ဝန်ထမ်းများဟာ စက်ရုံအလုပ်ရုံ (အစိုးရဖြစ်ဖြစ်၊ ပုဂ္ဂလိက ဖြစ်ဖြစ်) ဆောက်ဖို့ လယ်ယာမြေများ သိမ်းယူတဲ့အခါ၊ လမ်းဖောက် တံတားဆောက်ဖို့ လူနေအိမ်ခြေများ သိမ်းယူတဲ့အခါ၊ ယုတ်စွအဆုံး ပလက်ဖောင်းပေါ်က လမ်းဘေးဈေးသည်တွေ ရှင်းလင်းတဲ့အခါဖြစ်ဖြစ် ဥပဒေဟာ နှစ်မျိုး မရှိဘူးဆိုတာကို ပြတ်ပြတ်သားသားပြဖို့ လိုပါလိမ့်မယ်။ ဒီမိုကရေစီရဲ့ အနှစ်သာရဟာ နိုင်ငံသား တဦးချင်းစီရဲ့အကျိုးစီးပွားကို ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေထဲမှာ ထည့်သွင်းရေးဆွဲ ပြဋ္ဌာန်းပေးထားခြင်း ဖြစ်တယ်။

မအပ်စပ်ဘူး

ဥပဒေထဲမှာပါတယ်ဆိုရုံနဲ့လည်း မပြီးသေးဘူး။ တကယ်လက်တွေ့ ကာကွယ်စောင့်ရှောက်ပေးဖို့ လိုတယ်။ ပလက်ဖောင်းပေါ်မှာ ဈေးမရောင်းရဘူးဆိုရင် ဘယ်သူမှကို မရောင်းရတာမျိုး ဖြစ်သင့်တယ်။ ဒီမိုကရေစီစနစ်အောက်မှာ ပြည်သူပြည်သားအားလုံး တန်းတူညီမျှ အခွင့်အရေး ရှိတယ်။ အခွင့်ထူးခံ လူတန်းစားဆိုတာ ဒီမိုကရေစီနဲ့ နည်းနည်းလေးမှ မအပ်စပ်ပါဘူး။


http://www.news-eleven.com/ မှ ကူးယူဖော်ပြပါတယ်။

No comments: