Sunday, June 5, 2011

ဗွီအိုအေ ပရိသတ်နဲ့ ဒေါ်အောင်ဆန်းစုကြည်

ဒီသီတင်းပတ်အတွက် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဗွီအိုအေပရိသတ်က မေးထားတဲ့ မေးခွန်းတွေထဲမှာ NLD အပေါ် အစိုးရရဲ့အမြင်၊ ပြဿနာတွေ ပြေလည်ရေး လက်ရှိအစိုးရနဲ့ ဆွေးနွေးဖို့ NLD ရဲ့ ကြိုးပမ်းအားထုတ်မှု၊ လာဘ်စားမှု တိုက်ဖျက်ရေးအခြေအနေ၊ မြန်မာပြည်ကြီး မရှိတော့မှာ ပူမိသူရဲ့ စိုးရိမ်စိတ်၊ စီးပွားရေးဘာသာရပ်ဆိုင်ရာ အခြေခံဗဟုသုတတွေ မျှဝေပေးဖို့ ကမ်းလှမ်းချက်၊ မြန်မာငွေ ဈေးတက်လို့ အခက်ပွေနေရတဲ့ အခြေအနေနဲ့ စီးပွားရေးကျ၊ ဆင်းရဲတွင်းနက်၊ လူသားအရင်း အမြစ်ချို့တဲ့နေရတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့နည်းလမ်း စတာတွေနဲ့ပတ်သက်ပြီး မေးမြန်း ဖြေဆိုထားပါတယ်။

ပထမဆုံးမေးခွန်းကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အပေါ် အစိုးရရဲ့အမြင်ကို ဖိုးသားငယ်ဆိုတဲ့ သောတရှင်က မေးထားတာဖြစ်ပါတယ်။

မေး။ ။ အစိုးရက NLD ကို ဘယ်လိုထင်ပါသလဲ။ မတရားအသင်းအဖြစ် မကြေညာရဲသလို တရားဝင် နိုင်ငံရေးပါတီအဖြစ်လည်း အသိအမှတ်မပြုနိုင်ဘူး ဖြစ်နေတယ်။ လက်ရှိအခြေအနေအရ အစိုးရကပဲ အမြတ် ထွက်နေပါတယ်။


ဖြေ။ ။ အစိုးရက NLD ကို ဘယ်လိုထင်သလဲဆိုတာ သိချင်ရင် အစိုးရကိုပဲ မေးရမယ်ထင်ပါတယ်။ NLD နဲ့ပတ်သက်လို့ မှတ်ပုံတင်ပျက်သွားပြီလို့ ပြောတာရှိပေမယ့် ဒီလိုပြောကြားချက်တွေဟာ တရားဥပဒေ သဘောနဲ့ မကိုက်ညီတာကြောင့် ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင် တရားရုံးမှာ အမှုတင်သွင်းဖို့ ပြင်ဆင်နေပါတယ်။

ကိုဖိုးသားငယ်ပြောသလို အစိုးရပဲ အမြတ်ထွက်တယ်ဆိုတာကိုတော့ သဘောမပေါက်ပါဘူး။ ပြည်သူ့ ကွန်ယက်နဲ့ ချိတ်ဆက်ပြီး အဖွဲ့ချုပ်အနေနဲ့ နိုင်ငံရေး၊ လူမှုရေးလုပ်ငန်းတွေ အဆက်မပြတ် ဆောင်ရွက်နေနိုင်တာမို့လို့ ပြည်သူတွေအမြတ်ထွက်ဖို့ တဖက်တလမ်းကနေပြီးတော့ လုပ်ပေးနေနိုင်တယ်လို့ ယူဆပါတယ်။

လက်ရှိ မြန်မာနိုင်ငံပြဿနာတွေ ပြေလည်ရေးအတွက် NLD က အစိုးရနဲ့ တွေ့ဆုံဆွေးနွေးရေး တွန်းတွန်းတိုက်တိုက် လုပ်မနေဘူးလို့ ယူဆပုံရတဲ့ သောတရှင် Forever Young က အခုလို မေးထားပါတယ်။

မေး။ ။ NLD အနေနဲ့ လူ့အောက်ကျို့လို့ လူပိမသေဘူးဆိုတဲ့ ဆိုရိုးစကားကို လက်ခံနိုင်ပါသလား။ ဆိုလိုတာက အကျဉ်းသားတွေ လွတ်မြောက်ရေးကိစ္စပဲဖြစ်ဖြစ်၊ တွေ့ဆုံဆွေးနွေးရေးကိစ္စပဲဖြစ်ဖြစ်၊ NLD မှာ လက်ရှိ ရှိနေတဲ့ အရင်က ကာကွယ်ရေးဦးစီးချုပ်ဖြစ်ခဲ့တဲ့ ဦးတင်ဦးအနေနဲ့ လက်ရှိ စစ်တပ်မှာပဲဖြစ်ဖြစ်၊ အရပ်ဘက်မှာပဲဖြစ်ဖြစ် ကြီးငယ်မရွေး တနည်းမဟုတ်တနည်း ပတ်သက်ခဲ့ကြသူများ ရှိကိုရှိလိမ့်မယ်လို့ထင်ပါတယ်။ ဒီလိုအခြေအနေတွေ ရှိနေလျက်နဲ့ စာဖြင့်ဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ၊ ကြားခံလူ တယောက်ဖြင့်ဖြစ်စေ၊ လက်ရှိ အစိုးရသမ္မတ (သို့) ပေါက်ရောက်နိုင်မည့်သူကို အကျိုးအကြောင်း အတိုချုပ်ကလေးကိုမျှ မဆွေးနွေး နိုင်တာက လူ့အောက်ကျို့လို့ လူပိသေမယ်ထင်နေလို့ အခြားလူတွေအတွက် မစဉ်းစားသေးတာလား။

ဖြေ။ ။ ပြောသင့်ပြောထိုက်တဲ့ အကျိုးအကြောင်းတွေနဲ့ပတ်သက်လို့ ကြေညာချက်တွေထုတ်၊ စာတွေရေးပြီး ပို့ပေးခဲ့တာတွေ အင်မတန်မှ များနေပါပြီ။ လူကိုယ်တိုင် သွားရောက်ပြောဆိုနိုင်ဖို့ ဆွေးနွေးရေး တောင်းဆိုတာလည်း အကြိမ်ပေါင်း မရေမတွက်နိုင်အောင်ပါပဲ။ လက်ခုပ်ဆိုတာ နှစ်ဘက်တီးမှမြည်သလို တဖက်က ဘယ်လိုပဲပြောပြော၊ ဘယ်လိုပဲ ပြောချင်ပြောချင်၊ တဖက်က နားထောင်လာအောင် လုပ်နိုင်တဲ့အထိကတော့ ဆက်ပြီးတော့ ကြိုးစားသွားရမှာပါပဲ။

သမ္မတသစ်က သန့်ရှင်းတဲ့အစိုးရ၊ ကောင်းမွန်တဲ့အုပ်ချုပ်ရေးဆိုပြီး မိန့်ခွန်းထဲမှာ ပြောခဲ့ပြီးကတည်းက လူတွေ စိတ်ဝင်တစားနဲ့ စောင့်ကြည့်နေတဲ့ လာဘ်စားမှုတိုက်ဖျက်ရေးကိစ္စကလည်း မကြာခနပါလေ့ရှိတဲ့ မေးခွန်းဖြစ်ပါတယ်။ လာဘ်စားမှုတိုက်ဖျက်ရေးနဲ့ပတ်သက်ပြီး ဒီတပတ်မှာ မေးထားသူကတော့ ခိုင်မျိုးထွန်း (စစ်တွေ) ဆိုတဲ့ သောတရှင်ဖြစ်ပါတယ်။

မေး။ ။ ဦးသိန်းစိန်၏ လာဘ်စားမှုတိုက်ဖျက်ရေးအစီစဉ်ကို ဒေါ်စုအနေနဲ့ ဘယ်လိုမြင်ပါသလဲ။ လာဘ်စားမှု ပပျောက်သွားပြီလား၊ ဒေါ်စုရဲ့ထင်မြင်ချက်လေး ပြောပြပေးပါ။

ဖြေ။ ။ လာဘ်စားမှုတိုက်ဖျက်ရေး အစီအစဉ်ကို အောင်အောင်မြင်မြင် အကောင်အထည်ဖော်နိုင်မယ်ဆိုရင် တိုင်းပြည်အတွက် အကျိုးရှိနိုင်မှာပါ။ ဘယ်လောက်အထိ အောင်မြင်မယ်ဆိုတာကတော့ အချိန်ယူပြီး ကြည့်ရမယ့်ကိစ္စ ဖြစ်ပါတယ်။

သန့်ရှင်းတဲ့အစိုးရ ဖြစ်စေရမယ်လို့ ကြေညာပြီးတက်လာတဲ့ ကမ္ဘာတလွှားက အစိုးရ အတော်များများက နှစ်ရှည် အကျင့်ပျက်ခြစားမှုတွေကို တိုက်ဖျက်တဲ့နေရာမှာ စေတနာပါကြရင်တောင်မှ အခက်အခဲတွေ များလွန်းတာကြောင့် မအောင်မြင်နိုင်တာတွေကိုလည်း တွေ့ရပါတယ်။
လေးပင်တဲ့အကြောင်းအရာတွေကြားထဲမှာ ပေါ့ပေါ့ပါးပါး ရယ်စရာလေးတခုနဲ့ ပုံပြင်ဆန်ဆန် ဇာတ်လမ်းလေး ပြောပြီး မေးထားတဲ့ သောတရှင် မင်းထွန်းရဲ့ မေးခွန်းကတော့ ဒီလိုပါ။

မေး။ ။ အားလုံးအတွက် ပင်ပန်းနေတဲ့အမေ့ကို သား ရယ်စရာလေး ပြောပြပါရစေ … နိုင်ငံခြားကိုသွားတဲ့ လူတယောက်က ပြောတယ် ... စင်္ကာပူက မြန်မာနိုင်ငံထက် သေးတယ်ဆိုလို့ သူ စင်္ကာပူကို သွားတာ၊ စင်္ကာပူရောက်တော့ မြန်မာပြည်ကသေးတာ သူ တွေ့ရတယ်။ ဒါနဲ့ သူ နောက်တနိုင်ငံသွားတော့လည်း မြန်မာပြည်က သေးပြန်ရော၊ သူ ၄ နိုင်ငံလောက်လည်း ရောက်ပြီးရော မြန်မာပြည်က သေးသေးလေးပဲရှိတာ တွေ့ရရော၊ သူလည်း မြန်မာပြည်ကြီး မရှိတော့မှာစိုးရိမ်ပြီး ဆက်မသွားရဲတော့ဘူး တဲ့၊ အဲဒါ တကယ်လား အမေ၊ သားလည်း စိုးရိမ်လို့ပါ။

ဖြေ။ ။ သားပြောတဲ့ပုံပြင်ကလေးကို ဆက်ပြီးတော့ မေးချင်ပါတယ်။ ၄ နိုင်ငံသွားပြီး ဆက်မသွားရဲတော့ ဘာလုပ်သလဲ၊ ဘယ်နားမှာနေသလဲဆိုတာ သိချင်ပါတယ်။ ဒီနိုင်ငံကိုပဲ ပြန်လာပြီး နိုင်ငံကြီးဖြစ်အောင် လို့ ဝိုင်းကူပေးလို့ရှိရင် ကောင်းမယ်လို့ ထင်ပါတယ်။

သားရဲ့ တပြောင်းတလဲ ဟာသမေးခွန်းလေးကြောင့် စိတ်ရွှင်လန်းရပါတယ်။ ကျေးဇူးတင်ပါတယ်။ ဘေးက လူတွေလည်း ဝိုင်းရယ်ကြပါတယ်။

ဒီအစီအစဉ်မှာ စီးပွားရေးနဲ့ပတ်သက်တဲ့ မေးခွန်းတွေကို မကြာခဏမေးလေ့ရှိတဲ့ သောတရှင် အောင်ကိုကိုက ဒီသီတင်းပတ်မှာတော့ စီးပွားရေးပညာရပ်နဲ့ပတ်သက်ပြီး NLD အဖွဲ့ဝင်တွေကို အဝေးသင်နည်းလမ်းနဲ့ ပညာ မျှဝေချင်တယ်လို့ ကမ်းလှမ်းထားပါတယ်။

မေး။ ။ ကျနော်က စီးပွားရေးဘာသာရပ်၊ စီးပွားရေးမူဝါဒဆိုင်ရာ ဘာသာရပ်တွေကို အထူးပြု လေ့လာထားပါတယ်။ တကယ်လို့ ဒေါ်အောင်ဆန်းစုကြည်က လုပ်စေချင်တယ်ဆိုရင် စီးပွားရေး ဘာသာရပ်ဆိုင်ရာ၊ စီးပွားရေးမူဝါဒဆိုင်ရာ ကျနော်သိထားတဲ့ ဗဟုသုတတွေကို NLD အဖွဲ့ဝင်တွေအတွက် အဝေးသင်နည်းလမ်းနဲ့ ပြန်လည်မျှဝေနိုင်ပါတယ်။ လူတွေအားလုံးဟာ စီးပွားရေးဘာသာရပ်နဲ့ပတ်သက်လို့ အခြေခံဗဟုသုတရှိသင့်သလို အထူးသဖြင့် ပြည်ပမှာ ပညာသင် တတ်မြောက်ထားသူတွေအနေနဲ့ မိမိသိထားတဲ့ ဗဟုသုတတွေကို ပြည်တွင်းက လူထုအတွက် ပြန်လည် မျှဝေပေးဖို့လည်း ကျနော် တိုက်တွန်းချင်ပါတယ်။ ကျနော်တို့တိုင်းပြည်ဟာ အိမ်နီးချင်းနိုင်ငံတွေနဲ့ယှဉ်ရင် အများကြီး နောက်ကျ ကျန်နေခဲ့ပါပြီ။

ဖြေ။ ။ ကိုအောင်ကိုကိုက အဝေးသင်အဖြစ် အန်တီတို့ NLD လူငယ်တွေနဲ့ ကွန်ယက်ထဲက လူငယ်တွေကို စီးပွားရေးပညာတွေ ဆင့်ကမ်းပေးနိုင်မယ်ဆိုရင် ဝမ်းပန်းတသာနဲ့ လက်ခံမှာပါ။ ဘယ်လိုပုံစံနဲ့ အဝေးသင်ပို့ချချက်တွေကို စီစဉ်မယ်၊ မြန်မာဘာသာနဲ့ ပို့ချပေးလို့ ရမလားဆိုတာတွေကို သိချင်ပါတယ်။ ဗွီအိုအေမှတဆင့် NLD ကို အကြောင်းပြန်ပေးစေချင်ပါတယ်။

အမေရိကန်ဒေါ်လာနဲ့ မြန်မာကျပ်ငွေ လဲလှယ်တာမှာ မြန်မာငွေဈေးက တက်ပြီးရင်း တက်နေတဲ့အတွက် ပြည်ပမှာ ပင်ပင်ပန်းပန်း အလုပ်သွားလုပ်ပြီး မြန်မာပြည်တွင်းက မိသားစုတွေကို ထောက်ပံ့နေကြသူတွေ အကျပ်အတည်း ဖြစ်နေရတာကို ထင်ဟပ်ပြသနေတဲ့ မေးခွန်းတခုကိုတော့ ထူးအောင်ကို ဆိုတဲ့ သောတရှင်က မေးထားပါတယ်။

မေး။ ။ အမေ ပြောပြပါအမေရယ်၊ ကျွန်တော်က တောသားမို့ပါ ... တောသားမို့ မလေးရှား သွားပြန်တော့လည်း ဈေးကစားခံနေရတာက မြန်မာငွေဈေးကွက်ပဲ အမေရေ ... ရောက်ခါစမှာ မလေး ၁ ရင်းဂစ်ကို ၃၈၀ ကျပ် .. ရွှေဈေး ၅၀၀၀၀၀ ကျော် ... ယခု ၁ ရင်းဂစ် ၂၇၀ ကျပ် ... ရွှေဈေး ၇၀၀၀၀၀ နီးပါး ... ခုအခါ အိမ်ကိုပို့တဲ့ငွေကလည်း ကုန်ဈေးနှုန်းတွေတက်လို့ အိမ်ကလူတွေလည်း မွဲနေပြီ အမေရေ ... အဲဒါ ရွှေဆိုတဲ့ မကောင်းဆိုးဝါးဈေးတက်လို့၊ မြန်မာငွေဆိုတဲ့တန်ဖိုး တက်လာတယ်လို့ အစိုးရသစ်က ပြောနေသေး ... အမေ … သား ငတောသား မသိလို့ ပြောပြပေးပါလား အမေရယ် .... အမေ့ဘဝ အေးမြပါစေလို့ …

ဖြေ။ ။ ရွှေဈေးတက်ရတဲ့ အကြောင်းတခုက မြန်မာနိုင်ငံမှာ အရောင်းအဝယ်တွေ ကျဆင်းနေလို့ ဒေါ်လာ လိုအပ်မှုနည်းပြီး ဒေါ်လာဈေးကျတာနဲ့ ဆက်စပ်နေတယ်လို့ အများက ယူဆပါတယ်။ အဲဒီတော့ သားတို့လို နိုင်ငံခြားက ငွေပြန်ပို့ရတဲ့လူတွေလည်း ပိုပြီး အခက်အခဲတွေ ကြုံတွေ့ရတာပေါ့။

တချို့ပြောနေကြတာကတော့ အခုတလော အဆောက်အဦတွေ၊ မြေတွေ အရမ်းအဝယ်သွက်နေလို့ ဒေါ်လာတွေ တရားမဝင်လမ်းကြောင်းက ထိုးဖောက်နေတာကြောင့် ဒေါ်လာဈေး ထပ်ပြီးတောင် ကျဦးမယ်တဲ့။ သားကို စိတ်ဓာတ်ကျအောင်ပြောတာ မဟုတ်ပါဘူးနော်။ ဖြစ်နိုင်ခြေကို စဉ်းစားပြီး ပြင်ဆင်သင့်တာတွေ ပြင်ဆင်ထားနိုင်ဖို့ အသိပေးတဲ့သဘောပါပဲ။

အမေတို့တောသားလေးတွေ နိုင်ငံခြားမှာ အမျိုးမျိုး အနှိမ်ခံနေရတဲ့ဘဝတွေက အမြန်ဆုံး လွတ်မြောက်နိုင်စေဖို့ ဒီမိုကရေစီကွန်ယက်နဲ့အတူ NLD က ဆက်ပြီး ကြိုးစားသွားပါမယ်။

ဒီသီတင်းပတ်အတွက် အမေးအဖြေကဏ္ဍကိုတော့ ပြည်တွင်းက သတင်းသမားတဦးရဲ့ မေးခွန်းနဲ့ အဆုံးသတ်ပါရစေ။ စီးပွားရေး ကျနေတာ၊ ပညာရေးနိမ့်ကျနေတာ၊ လူသားအရင်းအမြစ် ချို့တဲ့နေတာ စတဲ့အခြေအနေတွေကို ထောက်ပြထားပြီး ဒီအခြေအနေတွေ တိုးတက်ကောင်းမွန်လာဖို့ နိုင်ငံရေးပြဿနာတွေ ဖြေရှင်းနိုင်ရေး အလားအလာကို မေးမြန်းထားပါတယ်။


မေး။ ။ တိုင်းပြည်ရဲ့ စီးပွားရေးက ကျဆင်းနေတယ်လို့မြင်ပါတယ်။ တကယ်တမ်း ဂျီဒီပီ တက်တယ်ဆိုရင်တောင် အခြေခံလူတန်းစားနဲ့ မပတ်သက်ပါဘူး။ Quality of Life ကိုလည်း GDP နဲ့ တွက်လို့မရပါဘူး။ မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေမှာ နိုင်ငံလူဦးရေရဲ့ ၂၆.၅ % ဟာ တနေ့ဝင်ငွေ တစ်ဒေါ်လာအောက်နဲ့ ရပ်တည်နေကြတာပါ။ တဖက်မှာ Education Sector ကလည်း နိမ့်နေတာ တွေ့ရပါတယ်။ ဘွဲ့ရဦးရေတွေ များပေမယ့် နိုင်ငံတကာအသိအမှတ်ပြုတဲ့ ဘွဲ့မျိုးတွေ မဟုတ်ဘူး။ ပြီးတော့ ဘွဲ့နဲ့လျော်ညီတဲ့ အလုပ်အကိုင်မျိုး ဖန်တီးမပေးနိုင်တဲ့အတွက်ကြောင့် ဘွဲ့က သပ်သပ်၊ အသက်မွေးဝမ်းကြောင်းအလုပ်က သပ်သပ် ဖြစ်နေတတ်ကြပါတယ်။ ခြုံပြောရရင် လက်ရှိ မြန်မာလူ့အဖွဲ့အစည်းရဲ့ HR (Human Resources) က အရမ်းကျနေပါတယ်။ ဒါနဲ့ပတ်သက်ပြီး လက်ရှိအစိုးရအဖွဲ့နဲ့ President ကို ဘာများ အကြံပြု ပြောကြားချင်ပါသလဲလို့ မေးချင်ပါတယ်။
အခု ကမ္ဘာပေါ်မှာ အဆင်းရဲဆုံး ၄၉ နိုင်ငံထဲ မြန်မာနိုင်ငံ ပါပါတယ်။ အာရှပစိဖိတ်နိုင်ငံတွေထဲက စီးပွားရေး ဖွံ့ဖြိုးမှု အနိမ့်ကျဆုံးနဲ့ တိုးတက်မှု အနှေးကွေးဆုံး ၁၄ နိုင်ငံမှာလည်း မြန်မာပါပါတယ်။ ပြီးတော့ ပြင်ပက ပေးတဲ့ ODA (Official Development Assistance) ရရှိတဲ့အထဲမှာလည်း မြန်မာနိုင်ငံက အနိမ့်ဆုံးပါပဲ။ အဲတော့ လက်ရှိဖြစ်ပေါ်နေတဲ့ အနေအထားတွေကို ဖြေရှင်းဖို့ ဘယ်လို Master Plan တွေနဲ့သာ သင့်တော်တယ်ထင်ပါသလဲ သိချင်ပါတယ်။ နိုင်ငံရေးပြဿနာတွေ ပြေလည်မှဆိုရင် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြဿနာ တွေကို နှစ်ဦးနှစ်ဖက် ပူးပေါင်း ဆောင်ရွက်နိုင်မယ့်ကိစ္စကကော လက်ရှိ အခင်းအကျင်းတွေအရ ဘယ်လောက် အားရစရာရှိပါသလဲ။

ဖြေ။ ။ ဒီအစိုးရကို စီးပွားရေးအရ အကြံပေးဖို့ဆိုပြီး တရားဝင် တာဝန်ပေးထားတဲ့အဖွဲ့က ဒီ မေးခွန်းတွေကို ဖြေရမှာလို့ ထင်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ စီးပွားရေး သဘောထားတွေကိုတော့ အဖွဲ့ချုပ်က တရားဝင်ထုတ်ပြန်ခဲ့တဲ့ စီးပွားရေးနဲ့ပတ်သက်တဲ့ စာတမ်း၊ Sanctions နဲ့ပတ်သက်တဲ့ စာတမ်းနဲ့ Davos ညီလာခံကိုပို့သခဲ့တဲ့ ကျမရဲ့ စီးပွားရေး ထင်မြင်ချက်တွေကိုဖတ်ရင် သိနိုင်ပါလိမ့်မယ်။ နိုင်ငံရေးပြဿနာတွေ ပြေလည်ဖို့ဆိုတာနဲ့ ပတ်သက်လို့ လက်ရှိအခင်းအကျင်း ဘယ်လောက် အားရစရာ ရှိ မရှိထက် ဖြေရှင်းချင်တဲ့လူတွေက ဘယ့်လောက် ကြိုးစားအားထုတ်တယ်ဆိုတာက ပိုပြီးတော့ အရေးကြီးတယ်လို့ ထင်ပါတယ်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗွီအိုအေသောတရှင်တွေရဲ့ အမေးအဖြေ အစီအစဉ်ကို သီတင်းပတ်စဉ် ဗုဒ္ဓဟူးနေ့ မနက်ဘက် တိုက်ရိုက်လေလှိုင်း အစီအစဉ်နဲ့အတူ ထုတ်လွှင့်ပေးနေပြီး စနေ ညဘက် အစီအစဉ်မှာ ပြန်လည်နားဆင်နိုင်ပါတယ်။

ဗွီအိုအေသောတရှင်တွေနဲ့ မြန်မာလူထုအနေနဲ့ မြန်မာ့နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စတာတွေနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို မေးမြန်းချင်တာတွေရှိရင် ဗွီအိုအေ အီးမေးလိပ်စာ burmese@voanews.com ဆီ စာနဲ့ပဲဖြစ်ဖြစ်၊ အသံဖိုင်နဲ့ပဲဖြစ်ဖြစ် ကြိုတင်ပေးပို့ထားလို့ ရပါတယ်။

VOA သတင်းဌာနမှ ကူးယူဖော်ပြပါတယ်။ 

No comments: