Tuesday, June 21, 2011

ဒီနေ့ဖတ်စရာ သတင်းများ (ဇွန်လ ၂၂ ရက်)

လူထုကြောက်နေတယ် ဖြည်းဖြည်းလုပ်မယ်
ဘီဘီစီ 21-6-2011

ရေဒီယို ဖိုး အစီအစဉ်က နှစ်စဉ်တင်ဆက်နေကြ ကမ္ဘာ့ခေါင်းဆောင်တွေ၊ နယ်ပယ် အသီးသီးက ထင်ရှားသူတွေရဲ့ ရေဒီယိုကနေ တဆင့် ပို့ချတဲ့ Reith Lecture လို့ ခေါ်တဲ့ အစီအစဉ်မှာ ဒီနှစ်တော့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပို့ချချက် နှစ်ခုကို ပို့ချပေးမှာ ဖြစ်ပါတယ်။

daw aung san suu kyiပြည်သူ့အခြေအနေမှန်ကို သိထားတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်စုဒီပို့ချချက်တွေအတွက် ဘီဘီစီက ရန်ကုန်လာပြီး ရိုက်ကူးခဲ့ပါတယ်။ ဒီအဖွဲ့မှာ ဘီဘီစီ ကမ္ဘာ့ သတင်း အယ်ဒီတာ ဂျွန် ဆင်ပဆင်လည်း ပါလာပြီး ဒေါ်အောင်ဆန်း စုကြည်ရဲ့ အိမ်မှာ တွေ့ဆုံ မေးမြန်းခဲ့ပါတယ်။

ဒ်ါအောင်ဆန်းစုကြည်က အိမ်ပေါက်ဝကနေ ခြံဝင်းထဲကို ဂျွန် ဆင်ပဆင်နဲ့ အတူထွက်လာ တာမှာ မြန်မာအင်္ကျံ အဝါရောင် လက်ရှည်ကို ဝတ်ထားပြီး အဝါရောင် နှင်းဆီပန်း သုံးပွင့်ကို ခေါင်းရဲ့ညာဘက်မှာ ပန်ထားပါတယ်။ဂျွန် ဆင်ပဆင်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ရှိ နိုင်ငံရေး လှုပ်ရှားနေတာတွေကို လူတွေက အားရပုံမရဘူး၊ လမ်းပေါ်ထွက် မြိုင်မြိုင်ဆိုင်ဆိုင် စည်းရုံးလှုပ်ရှား သင့်တယ်လို့ မေးပြော ပြောလိုက်တဲ့အခါ ဒေါ်အောင်ဆန်းစုကြည်က သူ ဒါကို စဉ်းစားမိတဲ့ အကြောင်း၊ လူတွေ ပြောဆိုကြတာကိုလည်း သူသိတဲ့ အကြောင်းနဲ့ နိုင်ငံရေးမှာက နည်းလမ်းတခုတည်း ပဲ ရှိတာမျိုး မဟုတ်ပါဘူးလို့ ပြန်ပြောပါတယ်

။ဒေါ်အောင်ဆန်းစုကြည်ဟာ ဂျွန် ဆင်ပဆင်နဲ့တွေ့ဆုံရာမှာ အနည်းငယ် ပင်ပန်းနွမ်းနယ် နေပုံရပေမယ့် မေးတာကို သေချာနားထောင်ပြီး ပြတ်ပြတ် သားသား အဖြေပေး ပါတယ်။တူနီးရှားနဲ့ အီဂျစ်မှာ လူထုလှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး ဂျွန်ဆင်ပဆင်က မေးခဲ့သလို ဒေါ်စုကလည်း ဟိုမှာ အာဏာရှင်တွေကို ဖြုတ်ချ နိုင်ခဲ့တယ် ဆိုတာ စစ်တပ်က လူထုကို ပစ်သတ်တာမျိုး မရှိဘူး၊ ဒီမှာက သတ်မှာလို့ ပြောခဲ့ပါတယ် ။

ဒ်ါအောင်ဆန်းစုကြည်က မြန်မာပြည်မှာ ဖြစ်နေတဲ့ ပြဿနာက လူထုဟာ လုံခြုံတယ်လို့ မခံစားရဘဲ ကြောက်နေကြတယ်၊ ကြောက်တာဟာ အဆိုးဝါးဆုံး ကိစ္စဖြစ်တယ်၊ မလုံခြုံမှုကို ခံစားရတဲ့အခါ ထိတ်လန့် စိုးရွံ့နေကြရတယ်။ ဒါကြောင့် လူထုဟာ ဖိနှိပ်ခံထားရသလို ဖြစ်နေတယ်လို့ တကယ့်လူထု ခံစားချက်ကို ခံစားမှုအပြည့်နဲ့ အေးအေးဆေးဆေး သုံးသပ်ပြောဆိုပါတယ်။

ဘီဘီစီ ကမ္ဘာ့သတင်းအယ်ဒီတာ ဂျွန် ဆင်ပဆင်ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကိုယ်တိုင် တွေ့မေးခဲ့သလို Reith ပို့ချမှုတွေမှာ ပြောခဲ့တာတွေကို ကောက်ယူ သုံးသပ်လို့ ဒေါ်အောင်ဆန်းစုကြည်ဟာ အကြမ်းဖက် လူထုလှုပ်ရှားမှုနဲ့ အစိုးရကို ရင်ဆိုင်တာထက် အချိန်ယူ ပြင်ဆင်ပြီးမှ လှုပ်ရှားသွားမယ့် သဘောရှိတယ်လို့ စောကြောမိကြောင်း သုံးသပ် ပြောဆို ပါတယ်။Reith လက်ချာတွေကို လာမယ့် ဇွန်လ ၂၈ ရက် နဲ့ ဇူလိုင် ၅ ရက် အင်္ဂါနေ့ မနက်တွေမှာ ဘီဘီစီ ရေဒီယို ဖိုးကနေ တင်ဆက်ပေးမှာ ဖြစ်ပါတယ်။



ဝမ့်ဟိုင်းဌာနချုပ် စီးနင်းသိမ်းပိုက်နိုင်ရန် ဓာတုလက်နက် သုံးသင့်လည်း သုံးရမည်ဟု နေပြည်တော်စစ်ရုံး ချုပ်ညွှန်ကြား
Tuesday, 21 June 2011 19:30 သျှမ်းသံတော်ဆင့်

ထိုးစစ်ဆင် တိုက်ခိုက်လာသည့် မြန်မာစစ်တပ်အား ပျောက်ကျားနည်းဖြင့် ၃ လကြာ ခုခံတိုက်ခိုက် နေသော သျှမ်းပြည်တိုးတက်ရေးပါတီ/သျှမ်းပြည် တပ်မတော် (SSPP/SSA) ၏ ဝမ့်ဟိုင်းဌာနချုပ်အား စီးနင်းသိမ်းပိုက် နိုင်ရန် ဓာတုလက်နက်သုံးသင့်လျှင် သုံးရမည်ဟု နေပြည်တော်စစ်ရုံးချုပ်မှ ညွှန်ကြား ထားကြောင်း စစ်ရုံး ချုပ်အတွင်းပိုင်းနှင့်ဝင်ဆန့် သည့် အသိုင်းအဝိုင်းက ပြောပါသည်။

“ဝမ့်ဟိုင်းဌာနချုပ် ဒါမှမဟုတ် စဝ်ပန်ဖှရဲ့ဌာနချုပ်ကို သိမ်းပိုက်နိုင်ဖို့ ဓာတုလက်နက်သုံးသင့်ရင်လဲ သုံးရမယ်လို့ ညွှန်ကြားထားတယ်။”အလားတူ SSPP/SSA ၏ ဝမ့်ဟိုင်းဌာနချုပ်ကို မဖြစ်မနေ စီးနင်းသိမ်းပိုက်နိုင်ရမည်ဟု လားရှိုးအခြေစိုက် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရုံးမှ အမိန့်ချကြောင်း ရမခတိုင်းရုံးနှင့် နီးစပ်သူတစ်ဦးက ပြောပါသည်။သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ် မိုင်းကောင်ကျေးရွာအုပ်စု တောင်ဘက် SSPP/SSA ၏ အဓိကမဟာဗျူ ဟာမြောက် လွယ်ဂျန့်ကင့် ရ မိုင် တပ်စခန်းကို ဂျွန်လ ၃ ရက်နေ့ မြန်မာစစ်တပ် တိုက်ခိုက်ခဲ့စဉ် ကလည်း မြန်မာ စစ်တပ်မှ ဓာတုလက်နက် အသုံးပြုခဲ့ကြောင်း တပ်မဟာ ၃၆ မှ တပ်မှူးတစ်ဦးက အထောက်အထားပြဆိုပြောကြား ခဲ့သည်။

တဖက်၌လည်း မြန်မာစစ်တပ်က ဝမ့်ဟိုင်းဌာနချုပ် အနီးသို့ စစ်အင်အားများ ပို့ဆောင်ဖြည့်တင်းလျက်ရှိ သည်။“၂၀ ရက် မနေ့က တောင်ကြီးကနေ စစ်ကားအစီး ၅၀ လဲချားကို မနက် ၈ နာရီ ရောက်လာတယ်။ ဒေသခံ တွေရဲ့ ကားတွေတောင် ချောဆွဲထားသေးတယ်။ ဝမ့်ဟိုင်းဘက်ကို တက်ဖို့ပေါ့” ဟု လဲချားဒေသခံတစ်ဦးက ပြောပါသည်။

မိုင်းရယ်ဖက်မှလည်း ဂျွန် ၁၈ ရက်နေ့၌ ဝမ့်ဟိုင်းဌာနချုပ်ဘက်သို့ ဆင်းလာကြောင်း SSPP/SSA မှ တပ်မှူး တစ်ဦးက ဆို၏။ဂျွန် ၁၄ ရက် သျှမ်းပြည်တိုင်းချုပ် ဒုဗိုလ်ချုပ်ကြီး အောင်သန်းထွဋ် လားရှိုးသို့ ရောက်ရှိစဉ် တပ်မ ၃၃ လည်း တရုတ်ဖြစ် FAW ၆ ဘီး စစ်ကား ၁၆ စီး ရမခတိုင်းရုံးသို့ ရောက်ရှိကြောင်း လားရှိုးကုန်သည်တစ်ဦးက လည်း ပြောပါသည်။

ထွက်ပေါက်တစ်ပေါက်တည်းသာ ပေးထားသည့် ပုံစံဖြင့် SSPP/SSA ဌာနချုပ် ဝမ့်ဟိုင်းအား မြန်မာစစ်တပ် က သုံးဖက်သုံးတန်မှ အင်အားဖြည့် ဝိုင်းရံပိတ်ဆို့ထားသည်ဟုလည်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော်(RCSS/SSA)ခေါင်းဆောင် စဝ်ယွတ်စစ် က ပြောဆို၏။

အမေရိကန် ကွန်ဂရက်သို့ ဒေါ်စု မိန့်ခွန်းပို့
မဇ္ဈိမသတင်းဌာန | အင်္ဂါနေ့၊ ဇွန်လ ၂၁ ရက် ၂၀၁၁ ခုနှစ် ၁၇ နာရီ ၂၁ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ ဗုဒ္ဓဟူးနေ့တွင် ကျင်းပမည့် အမေရိကန်ကွန်ဂရက် အာရှနှင့် ပစိဖိတ်ရေးရာ ဆပ်ကော်မတီ၏ မြန်မာ့အရေး ကြားနာပွဲသို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်း ဗွီဒီယိုကို ပေးပို့မည် ဖြစ်သည်။ အမေရိကန်ကွန်ဂရက်သို့ ပေးပို့မည့် ဒေါ်စု၏ ပထမဆုံး မိန့်ခွန်းဖြစ်ပြီး
မြန်မာနိုင်ငံအတွင်း၌ လူ့အခွင့်အရေး ချိုးဖောက်နေမှုများနှင့် ပတ်သတ်၍ ဒေါ်စုက မှတ်ချက်ပေးမည် ဖြစ်သည်။

ကြိုတင် ရိုက်ကူးထားသည့် ဗွီဒီယိုထဲတွင် ငြိမ်းချမ်းရေး နိုဗယ်ဆုရှင်က ၂ဝ၁ဝ နိုဝင်ဘာ ရွေးကောက်ပွဲတွင် အာဏာရလာသည့် မြန်မာနိုင်ငံ လက်ရှိသမ္မတ ဦးသိန်းစိန်၏ လက်ထက်တွင် ဖြစ်ပေါ်နေသည့် အခြေအနေများကို တင်ပြမည် ဖြစ်သည်။ ထိုဗွီဒီယိုခွေကို ဗုဒ္ဓဟူးနေ့ ဝါရှင်တန်တွင် ကျင်းပမည့် ကြားနာပွဲ၌ ပြသမည်ဖြစ်ပြီး
“ လျှို့ဝှက်ကန့်လန်ကာ နောက်ကွယ်သို့ ထိုးထွင်းကြည့်ရှု့ခြင်း” (ဟန်ဆောင် ရွေးကောက်ပွဲ နောက်ကွယ်မှ အမှန်တရားများနှင့် ခက်ခဲသည့် ရှေ့လမ်းခရီး) ဟု ခေါင်းစဉ် ပေးထားသည်။

မြန်မာအစိုးရ အဖွဲ့သစ် အနေဖြင့် နိုင်ငံတကာ အထင်အမြင်တွင် ရွေးကောက်ခံ အစိုးရအဖြစ် ယင်းတို့ကို ရှု့မြင်လာစေရန် ကြိုးပမ်းနေသော်လည်း ယခင် စစ်အစိုးရက နောက်ကွယ်မှ ကြိုးကိုင်နေသည်ဟု ယူဆမှုများ ရှိနေကာ ဝေဖန်မှုများကိုလည်း ဆက်လက် ရင်ဆိုင်နေရဆဲ ဖြစ်သည်။

ကြေညာချက်ထဲတွင် ကွန်ဂရက် လွှတ်တော်အမတ် Don Manzullo က မြန်မာ့အရေး ကြားနာပွဲတွင် “ ဟန်ဆောင် ရွေးကောက်ပွဲနှင့် ခက်ခဲသည့် မြန်မာ့ရှေ့ခရီးလမ်း” နှင့် ပတ်သတ်သည့် အချက်အလက်များကို ဦးစားပေး ဆွေးနွေးကြလိမ့်မည်ဟု ရေးသားထားသည်။

ဆပ်ကော်မတီခေါင်းဆောင် Illinois ပြည်နယ်မှ ရီပတ်ဘလစ်ကန် လွှတ်တော်အမတ် Manzullo က မြန်မာနိုင်ငံတွင်းရှိ တိုင်းရင်းသား အင်အားစုများအပေါ် အစိုးရ၏ ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေမှုများ၊ မြန်မာနိုင်ငံအတွင်း၌ လူ့အခွင့်အရေး ချိုးဖောက်နေမှုများနှင့် ပတ်သတ်၍ ကြားနာဆွေးနွေးမည်
ဖြစ်သည့်အတွက် စိတ်လှုပ်ရှားမိသည်ဟု ဆိုသည်။

အန်ဂျီအို အဖွဲ့အစည်း ဖြစ်သည့် US Campaign for Burma က ပြောကြားရာတွင် “ ကြားနာ ဆွေးနွေးပွဲကို အလျင်အမြန် လုပ်ဆောင်ရပါတယ်။ ဘာကြောင့်လဲ ဆိုတော့ မြန်မာအစိုးရဟာ နိုင်ငံမြောက်ပိုင်း ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်တွေက တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေကို ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ အတွက် ဒုက္ခသည် နှစ်သောင်းလောက်ဟာ တရုတ်-မြန်မာ နယ်စပ်တလျှောက်မှာ တိမ်းရှောင် ပုန်းအောင်းနေရပြီး တချို့လည်း တရုတ်နိုင်ငံထဲကို ထွက်ပြေးသွားရတာမျိုးတွေ ရှိပါတယ်” ဟု ဆိုသည်။

ကြားနာပွဲ၌ ဒေါ်အောင်ဆန်းစုကြည် ဗွီဒီယိုအပြင် US Campaign forBurma ၏ တွဲဖက်တည်ထောင်သူနှင့် အလုပ်အမှုဆောင် ဒါရိုက်တာ ဖြစ်သည့် နိုင်ငံရေး အကျဉ်းသားဟောင်း ဦးအောင်ဒင် JohnsHopkins စင်တာ၏
ပြည်သူ့ ကျန်းမာရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ဒါရိုက်တာနှင့် မြန်မာနိုင်ငံအတွင်း လူထု ကျန်းမာရေးနှင့် လူ့အခွင့်အရေး အခြေအနေ ဆိုင်ရာ ကိစ္စရပ်များကို စာအုပ်တွဲဖက် ရေးသားပြုစုခဲ့သူ ဒေါက်တာ Chris Beyrer တို့ကလည်း တက်ရောက် ဆွေးနွေးမည်ဟု အန်ဂျီအို အဖွဲ့၏ ကြေညာချက်ထဲတွင် ဖော်ပြထားသည်။

အသက် ၆၆နှစ် အရွယ်ရှိပြီ ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ၂၀၁၀ခုနှစ် နိုဝင်ဘာလတွင် နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက် နိုင်ငံတကာရှိ ဆွေးနွေးပွဲများသို့ သူ၏အမြင်များကို ပြောဆို
ဆွေးနွေးထားသည့် သတင်းစကားများ ပေးပို့လေးရှိပြီး အဆိုပါ သတင်းစကားအများစုမှာ ရန်ကုန်မြို့တွင် ရိုက်ကူးထားသည့် ဗွီဒီယို မိန့်ခွန်းများ ဖြစ်ကြသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန် ကွန်ဂရက်မှ ချီးမြှင့်သည့် ဂုဏ်ပြု ရွှေတံဆိပ်ဆု Congressional Gold Medal ကို၂ဝဝ၈ ခုနှစ်တွင် ရရှိခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန် ကွန်ဂရက်လွှတ်တော်၏ ထောက်ခံမှုကိုများစွာ ရရှိထားသူ ဖြစ်သည်။

ကော့ကရိတ်က အစိုးရတပ်ကို ဒီကေ ဘီအေ တိုက်
ဘီဘီစီ 21-6-2011
ကော့ကရိတ် ဘက်က ဒီကေဘီအေနဲ့ ကေအင်ယူ ပူးပေါင်းတပ် တွေက အစိုးရ တပ် ခလရ ၂၃၀ ရဲ့ ရေတံခွန်လေး စစ်စခန်းကို တနင်္လာနေ့ မွန်းလွဲ ပိုင်းက ဝင်ရောက် တိုက်ခိုက်ခဲ့ ပါတယ်။

အဲဒီ စခန်းဟာ ကော့ကရိတ်မြို့ ကနေ ၅ မိုင်လောက် ဝေးတဲ့ ကော့ကရိတ်နဲ့ မြဝတီ အဝေးပြေး ကားလမ်းမ ပေါ်မှာ ရှိပါတယ်။

နေ့လည် ၁၂ နာရီကျော်ကျော် လောက်မှာ ဝင်ရောက် တိုက်ခိုက် ခဲ့တာလို့ ဒီကေ ဘီအေ တပ်မှူး တစ်ယောက် ဖြစ်တဲ့ဗိုလ်မှူး ကျော်သက်က ဘီဘီစီကို ပြောပါတယ်။

အစိုးရ စစ်တပ် ဘက်က စစ်သား တစ်ယောက် ကျဆုံးပြီး နောက်ထပ် တစ်ယောက် ဒဏ်ရာရသွားတယ်၊ ဒီကေ ဘီအေနဲ့ ကေအင်ယူ ပူးပေါင်း တပ်တွေ ဘက်ကတော့၊ အထိ အခိုက် မရှိဘူး လို့လည်း သူက ပြောပါတယ်။

အသေ အပျောက် စာရင်းနဲ့ ပတ်သက်လို့ အစိုးရ ဘက်က ထုတ်ပြန်တာ မရှိသေးသလို ဘီဘီစီ ကလည်း သီးခြား အတည်ပြုနိုင်ခြင်း မရှိသေး ပါဘူး။

အလားတူ မြဝတီမြို့ တောင်ဘက် မိုင် ၁၂၀ လောက် အကွာက အဇင်းရွာ အခြေစိုက် အစိုးရ စစ်စခန်း တစ်ခုကို တနဂင်္နွေ နေ့က ဒီကေဘီအေတွေ ဝင်တိုက်ပြီး အစိုးရ စစ်တပ်က စစ်ဗိုလ် တစ်ယောက်ကို လက်ရ ဖမ်းဆီး သွားတယ်လို့ ဒေသခံ တွေက ပြော ပါတယ်။

ဒါကြောင့် အစိုးရ စစ်တပ်က အဇင်းရွာက ရွာသား တစ်ရာကျော်ကို သူပုန် နဲ့ အဆက် အသွယ်တွေ ဆိုပြီး ဖမ်းဆီး ရိုက်နှက် နေတယ်လို့လည်း ဆိုပါတယ်။

ဒီကေ ဘီအေက ဖမ်းသွားတဲ့ စစ်ဗိုလ်ကို ပြန်မလွှတ်ရင် ဖမ်းထားတဲ့ ရွာသား တွေရဲ့ ကံကြမ္မာကို အာမ မခံဘူးလို့ အစိုးရ စစ်တပ်က ရာဇသံပေးထား တယ်လို့ ရွာသား တွေက ပြောပါတယ်။

မြိုင်ကြီးငူ ဘက်မှာတော့ တပ်မ ၄၄ လက်အောက်ခံ တပ်တွေက မြိုင်ကြီးငူအနီး ကရင် ရွာသား တွေကို အစိုးရဘက် ပါအောင် စည်းရုံး နေပြီး တပ်မ ၁၁ က ရွှေဂွန်းဘက် ကနေ ကမမောင်း ရွာဘက်ကို တက်သွားတယ်လို့ ဒီကေဘီအေက ပြောပါတယ်။

မြိုင်ကြီးငူက ဒီကေဘီအေနဲ့ ကေအင်ယူ ပူးပေါင်း တပ်တွေ ရှိတဲ့ နေရာကို အစိုးရ တပ်တွေ တဖြည်းဖြည်း နီးကပ် လာနေတဲ့ အတွက် မကြာခင် တိုက်ပွဲတွေ ဖြစ်လာ နိုင်တယ်လို့ ဒီကေဘီအေ တပ်မှူး ဗိုလ်မှူး ကျော်သက်က ပြောပါတယ်။

သမ္မတက လယ်ယာသုတေသန လုပ်သည်ဟုဆို
ဆလိုင်း ဟံသာစန်း | အင်္ဂါနေ့၊ ဇွန်လ ၂၁ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၀၆ မိနစ်
နယူးဒေလီ (မဇ္ဈိမ) ။ ။ သမ္မတ ဦးသိန်းစိန်သည် လယ်ယာ စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများကို သုတေသန ပြုလုပ်လျှက်ရှိကြောင်း ပြည်တွင်း အပတ်စဉ်ထုတ် The Voice ဂျာနယ်က ရေးသားထားသည်။

နေပြည်တော်ရှိ စံပြလယ်ယာစိုက်ကွင်းများ၌ လယ်စိုက်ပျိုးကာ သုတေသန လုပ်နေသည်ဟု ဧရာဝတီတိုင်း ဝန်ကြီးချုပ် ဦးသိန်းအောင်က ဧရာဝတီတိုင်း ရေကြည်မြို့နယ်တွင် ကျင်းပသည့် လယ်ယာသုံး ပစ္စည်း ပေးအပ်ပွဲတွင်
ပြောဆိုကြောင်း The Voice ဂျာနယ်၏ အင်တာနက်ဝက်ဆိုက်တွင် ဖော်ပြထားသည်။

“ သူဟာ နိုင်ငံတော်သမ္မတ ဆိုသော်ငြားလည်း လယ်သမားတဦးကဲ့သို့ လယ်ယာကို သုတေသန လုပ်ပြီးတော့
တွေ့ရှိချက်ကို မူတည်ပြီး လယ်သမားတွေ ဖွံ့ဖြိုးတိုးတက်အောင် ဘယ်လိုလုပ်မလဲဆိုပြီး လမ်းညွှန်မှာကြားတယ်” ဟု The Voice က ဦးသိန်းအောင်ကို ကိုးကား၍ ရေးသားထားသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ လယ်ကွင်းထဲတွင် စပါး၊ ချဉ်ပေါင်၊ ကန်စွန်းစသည့် ဟင်းသီးဟင်းရွက်ပင်များ စိုက်ပျိုးထားသည့် အပြင် ဝက်နှင့် နွားများကိုလည်း မွေးမြူထားပြီး ၎င်းတိရိစ္ဆာန်များ၏ မစင်များကို ဓာတ်မြေသြဇာနှင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရာတွင် ပြန်လည် သုံးစွဲနေကြောင်း ဧရာဝတီတိုင်း ဝန်ကြီးချုပ် ဦးသိန်းအောင်က
ပြောသွားခဲ့သည်ဟု ဆိုသည်။

ထို့ပြင် နေပြည်တော်သို့ သွားရောက်သည့် ဦးသိန်းအောင်၏ ခရီးစဉ်များတွင် နိုင်ငံတော် သမ္မတက ၎င်းစိုက်ထားသည့် လယ်ကွင်းများကို လိုက်လံ ပြသလေ့ ရှိသည်ဟုလည်း ဦးသိန်းအောင်က ပြောကြောင်း ပါရှိသည်။

ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်က လယ်ယာစိုက်ပျိုးရေး သုတေသန လုပ်သည်ဆိုခြင်းအပေါ် လေ့လာသူ အများအပြားက သံသယ ဖြစ်ကြသည်။

သမ္မတအနေဖြင့် လယ်ယာ စိုက်ပျိုးရေးကို ကိုယ်တိုင် သုတေသန လုပ်နေခြင်းကို မနှစ်သက်ကြောင်း
ပြောကြားလာသူကတော့ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ယာယီဥက္ကဋ္ဌ ဧရာဝတီတိုင်း ဘိုကလေးမြို့နယ် ဇာတိသား ဦးနေမျိုးဝေ ဖြစ်သည်။

“သူက ကျနော်တို့ရဲ့ ခေါင်းဆောင်ဖြစ်နေတော့ လယ်ကွင်းထဲမှာ အချိန်သွားကုန်နေတာ မကြိုက်ဘူး။ သုတေသနက သူလုပ်ရမှာ မဟုတ်ဘူး။ သူက ညွှန်ကြားတာပဲ လုပ်ရမှာ။ သူကိုယ်တိုင် လုပ်တယ်ဆိုရင်တော့ မှားတယ်။ သုတေသန အဖွဲ့အစည်းတွေကို လုပ်ခိုင်းရင်တော့ မှန်ပါတယ်” ဟု ဦးနေမျိုးဝေက ပြောသည်။

ဦးနေမျိုးဝေသည် လယ်ယာမြေနှင့် လယ်သမားအရေး ကိစ္စ ဆော်သြနေသူတဦး ဖြစ်ပြီး ၎င်းတို့၏ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီသည် ခေတ်နှင့် မကိုက်ညီတော့သည့် မြေယာဥပဒေများကို ပြင်ဆင်ထားသည့် မြေယာဥပဒေကြမ်း တရပ်ကို ပြည်ထောင်စု လွှတ်တော်သို့ တင်ပြနိုင်ရန် ကြိုးပမ်းနေသည်။

မြန်မာနိုင်ငံ၏ ၅ ယောက်မြောက် သမ္မတ ဦးသိန်းစိန်သည် သမ္မတအဖြစ် တာဝန်ယူသည့် ကျမ်းသစ္စာ ကျိန်ဆိုပွဲတွင် မိမိတို့ အစိုးရသစ်အနေဖြင့် တောင်သူလယ်သမား အခွင့်အရေးများ ကာကွယ် စောင့်ရှောက်သည့် ဥပဒေများကို အစဉ် ခေတ်မီပြည်စုံနေအောင် ပြဋ္ဌာန်းဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ပြောဆိုထားသည်။

ထို့ပြင် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတတ်ရေး၊ လယ်ယာထွက်ကုန်များ သင့်တင့်သော ဈေးနှုန်းရရှိရေး၊ လယ်ယာ ထွက်ကုန်များ အရည်အသွေး မြင့်မားရေး တို့ကိုလည်း မြှင့်တင် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ကတိပေး ပြောဆိုထားသည်။

ကျူးကျော်ရပ်ကွက် ပြောင်းရတဲ့ အမေ့အိမ်
သဲသဲ | အင်္ဂါနေ့၊ ဇွန်လ ၂၁ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၁၅ မိနစ်
နယူးဒေလီ (မဇ္ဈိမ) ။ ။ ရပ်ကွက် အာဏာပိုင်များမှ အိမ်ရှင်ကို ဖိအားပေး ခြိမ်းခြောက်ခြင်းကြောင့် NLD ကွန်ယက်ချိတ် ကျောင်းတခုဖြစ်သည့် မြောက်ဥက္ကလာ အမေ့အိမ် အင်္ဂလိပ်စာသင်ကျောင်းမှာ နေရာသစ်သို့ အင်္ဂါနေ့တွင် ပြောင်းရွှေ့ ဖွင့်လှစ်လိုက်သည်။

ဇွန်လ ၂၂ ရက်နေ့ နောက်ဆုံးထား ပြောင်းရန် အိမ်ရှင်က တောင်းဆိုသဖြင့် မြောက်ဥက္ကလာ သုမာလာလမ်းမှ မြောက်ဥက္ကလာ၂ ရပ်ကွက် မုဒိတာလမ်း၊ အလက (၆) အနီးရှိ မြေကွက်သို့ ပြောင်းရွှေ့လိုက်ရကြောင်း ကျောင်းတာဝန်ခံ မသီတာဆွေက ပြောသည်။

“ကျူးကျော်ရပ်ကွက်လေးတခုမှာ မြေကွက်လေးတခု ဝယ်လိုက်တယ်။ လောလောဆယ် တိုင်ထောင် ဓနိမိုးထားတာ၊ ဘာမှ အဆင်သင့် မဖြစ်သေးဘူး။ သူတို့က တရက်တောင် လက်မခံလို့ မိုးထဲရေထဲ ပြောင်းရတာ” ဟု ကျောင်းတာဝန်ခံ မသီတာဆွေကပြောသည်။

အကာနှင့် ကြမ်းခင်း မရှိသေးသည့် ကျောင်းခန်းအတွက် လတ်တလောတွင် ပလတ်စတစ် မိုးကာများကာရံကာ ဆက်လက် သင်ကြားသွားမည်ဟု သူက ဆက်ပြောသည်။

အမေ့အိမ် ကျောင်းဖွင့်ရန် အိမ်ငှားပါက အိမ်ကို ချိတ်ပိတ်မည်ဟု ရပ်ကွက် အာဏာပိုင်များက ခြိမ်းခြောက်မှုများကြောင့်
ပြောင်းရွှေ့ရန် ခက်ခဲနေခဲ့ရာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ၏ အကူအညီဖြင့် အဆိုပါ မြေကွက်ကို ကျပ် ၁၂ သိန်းဖြင့် ဝယ်ယူခဲ့သည်။

စေတနာ့ဝန်ထမ်း ဆရာ ၅ ဦး ရှိပြီး၊ ကျောင်းသား ၄၀ ခန့် တက်ရောက်နေသည်။ ဘွဲ့ရ၊ တက္ကသိုလ် ကျောင်းသားနှင့် အထက်တန်းကျောင်းသားများ ပါဝင်ပြီး အခြေခံ အင်္ဂလိပ်စာသင်တန်း၊ ၉ တန်း၊ ၁၀ တန်း ဘာသာရပ်များလည်း သင်ကြားနေသည်။

အမေ့အိမ် (ပညာဒါန) အမည်ဖြင့် ကျောင်းခွဲ ၃ ခုရှိပြီး လှိုင်သာယာ ၁၄ ရပ်ကွက် မေခလမ်းရှိ အိမ်အမှတ် ၅၄၈ နှင့် မြောက်ဥက္ကလာ ၂ ရပ်ကွက် မာဃလမ်းရှိ အမှတ် ၂၆ တို့တွင်လည်း အသီးသီး ဖွင့်လှစ်ထားသည်။

နမ်ဆာပါ တံတားတွင် မြန်မာတပ်အချင်းချင်း ပစ်ခတ်မှုဖြစ်ပွား
Tuesday, 21 June 2011 19:46 KNG
ရှမ်းပြည်မြောက်ပိုင်း KIA တပ်မဟာ ၄ ဒေသနမ်ဆာပါ တံတား တွင် မြန်မာစစ်တပ်အချင်းချင်း မှားယွင်း ပစ်ခတ်မှု ဇွန် ၂၀၊ တနင်္လာနေ့ ည ၁၀ နာရီခွဲတွင် ဖြစ်ပွားခဲ့သည်။

နမ်ဆာပါတံတားစောင့်တပ်ဖွဲ့က တံတားအနီးချဉ်းကပ်လာ သည်ကို လိုက်လံရာမှ ဘုန်းကြီးကျောင်းတွင်ပုန်းအောင်း နေသည့် မြန်မာစစ်တပ်နှင့် ပစ်ခတ်ကြခြင်းဖြစ်သည်ဟု KIA တပ်မဟာ ၄ သတင်းရပ်ကွက် မှသိရသည်။

သေကြေဒဏ်ရာရမှုကို မသိရသော်လည်းမှားယွင်းပစ်ခတ်ကြ သည့်တပ်မှာ မုံးစီအခြေစိုက် ခမရ ၁၂၈ ဖြစ်သည်ဟုသိရ သည်။

သို့သော် ဒေသခံများက မြန်မာတပ်အချင်းချင်း ပစ်ခတ်မှုတွင် သေကြေဒဏ်ရာရမှုများရှိနိုင်သည်ဟု ပြောသည်။
ဒေါ်လာဈေးကြောင့် ရေထွက်ပစ္စည်းစက်ရုံများ အရှုံးပေါ်
ဧရာဝတီ Tuesday, 21 June 2011 12:27


မြန်မာငွေတန်ဖိုးတက်ပြီး အမေရိကန်ဒေါ်လာ တန်ဖိုးကျဆင်းမှုကြောင့် ပြည်ပသို့ရေထွက်ပစ္စည်း တင်ပို့သော လုပ်ငန်းများ ကျပ် သန်းပေါင်းများစွာ အရှုံးပေါ်လာသဖြင့် ရေထွက်ပစ္စည်းထုတ် စက်ရုံ အနည်းဆုံး ၂၀ ကျော် လုပ်ငန်း ယာယီ ရပ်ဆိုင်း လိုက်ရကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်း အဖွဲ့ချုပ်မှ သတင်းရရှိသည်။
ငွေလဲလှယ်သည့် ဈေးကွက်တွင် မြန်မာငွေတန်ဖိုးတက်ပြီး ဒေါ်လာတန်ဖိုး နိမ့်ကျခဲ့သဖြင့် မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန် လုပ်ငန်း အများစု ထိခိုက်နေကြောင်း၊ အဆိုးရွားဆုံးမှာ ငါး၊ ပုဇွန် မွေးမြူရေးလုပ်ငန်းများ အပါအ၀င် ရေထွက် ပစ္စည်းများ ပြည်ပသို့ တင်ပို့သော လုပ်ငန်းများဖြစ်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူတဦးက ပြောသည်။

“ရေထွက်ပစ္စည်း ဆိုတာမျိုးက လှောင်ထားလို့ရတဲ့ ကုန်ပစ္စည်း မျိုးလည်းမဟုတ်ဘူး။ အခုစက်ရုံတွေ စရပ်နေပြီ။ လာမယ့်နှစ်လ၊ သုံးလအတွင်း ဒီအတိုင်းသာ ဆက်သွားရင် စက်ရုံတော်တော်များများ ရပ်သွားဖို့ ရှိပါတယ်” ဟုမြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်၏ ပြောရေးဆိုခွင့်ရှိသူ တဦးက ရှင်းပြသည်။

ငွေလဲနှုန်း နိမ့်ကျခဲ့မှုကြောင့် အရင်းအနှီးကြီးပြီး အမြတ်ရရန် အချိန်စောင့်ဆိုင်းရသော ရေထွက်ပစ္စည်း တင်ပို့သည့်လုပ်ငန်းများ အကြီးအကျယ် အရှုံးပေါ်ခဲ့ရာ ငါး၊ ပုစွန် မွေးမြူရေး လုပ်ငန်းများလည်း အပါအ၀င်ဖြစ်ကြောင်း ငါးလုပ်ငန်း အဖွဲ့ချုပ်၏ အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်ကဆိုသည်။

ငါးမွေးမြူရေး လုပ်ငန်းများအတွက် လိုအပ်သော အစာကုန်ကြမ်း စရိတ်သည် နှစ်ဆခန့်တက်နေသဖြင့် လုပ်ငန်းရှင်များမှာ မိမိတို့ပိုင်ဆိုင်သော ပစ္စည်းများ ပေါင်နှံထုခွဲ ရောင်းချ၍ အရင်းအနှီး ရှာဖွေခဲ့ရကြောင်း၊ အရှုံး ပေါ်နေသော်လည်း ပြန်လည် ကောင်းမွန် လာနိုး မျှော်လင့်ချက်ဖြင့် လုပ်ငန်းဆက်လက် လည်ပတ်ခဲ့ရာမှ ယခုအချိန်တွင် အဆိုးဆုံး အခြေအနေများကို ရင်ဆိုင်နေရပြီဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

“ဘယ်လို ဖြေရှင်းရမလဲကို မသိတော့တဲ့ အခြေအနေပဲ။ ဒေါ်လာဈေးကလည်း မှန်းလို့မရအောင်ကို ကျနေပြီ။ မွေးမြူရေး လုပ်ငန်းရှင်တွေ အကုန်လုံး လုပ်ရင်း ကိုင်ရင်းနဲ့ကိုပဲ ရှုံးနေကြတာ” ဟု ပြည်ပသို့ ရေထွက်ပစ္စည်း တင်ပို့နေသော လုပ်ငန်းရှင်တဦးက ဆိုသည်။

ဆက်လက်၍ ၎င်းက ငါးလုပ်ငန်း အစည်းအဝေးများသို့ အစိုးရ ၀န်ကြီးများ၊ ညွှန်ချုပ်များ လာသည့်အခါတိုင်းတွင် ငွေလဲ နှုန်းကြောင့် ပြဿနာ တက်နေသည်ဟု တင်ပြသော်လည်း အဖြေထွက် မလာကြောင်း၊ အစိုးရ အာဏာပိုင်များ ဘက်က မည်သို့မျှ တာဝန်မယူပေးသေးကြောင်း ရှင်းပြသည်။

“ဘာဆက်လုပ်ရမလဲ မသိတဲ့အချိန်မှာ လုပ်ငန်း ရပ်နားထားတာက အကောင်းဆုံးဖြစ်နေတယ်” ဟု သူက ပြောသည်။

ယခုအခြေအနေတွင် အစိုးရ၏ဆုံးဖြတ်ချက်သည် ပို့ကုန်လုပ်ငန်းများ ရှင်သန်ရပ်တည်နိုင်ရေးအတွက် အရေးကြီးနေပြီး ငွေလဲနှုန်း ပြဿနာကို ဖြေရှင်းရန် မဖြစ်မနေ လိုအပ်လျှက်ရှိကြောင်း၊ ထိုသို့ မဟုတ်လျှင် မြန်မာ့ပို့ကုန် လုပ်ငန်းများ လုံးဝ ရပ်ဆိုင်းရမည် ဖြစ်ကြောင်း ပြည်တွင်းစီးပွားရေး ပညာရှင်တဦးက သုံးသပ်သည်။

“Export Earning (ပို့ကုန်ရငွေ) တန်ဖိုးမကျဖို့ ဘယ်လိုကိုင်တွယ်မလဲ။

ဒါ အရေးကြီးဆုံးပဲ။ ပို့ကုန်ရငွေ တန်ဖိုး တည်တည် ငြိမ်ငြိမ်နဲ့ လုပ်ငန်းရှင်တွေအတွက် လုပ်နိုင်ကိုင်နိုင်တဲ့ အနေအထားရောက်ဖို့ အစိုးရ၀င်ထိန်းဖို့ လုံးဝ လိုအပ်နေပြီ။ ဒီလိုမှ မဟုတ်ရင် ပို့ကုန်လုပ်ငန်း စပြိုလဲတာကနေ တိုင်းပြည်စီးပွားရေးတခုလုံး သေချာပေါက် ပြိုလဲမယ်” ဟု အဆိုပါပညာရှင်ကပြောသည်။

ယမန်နှစ်က ရေထွက်ပစ္စည်းပြည်ပတင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၅၅၀ ရရှိခဲ့ကြောင်း မွေးမြူရေးနှင့် ရေလုပ်ငန်း ၀န်ကြီးဌာနက တရားဝင် သတင်းထုတ်ပြန်ထားသည်။

လက်ရှိ အမေရိကန် တဒေါ်လာလျှင် ၇၉၀ ကျပ်ရှိပြီး ပို့ကုန်ရငွေ အမေရိကန်တဒေါ်လာလျှင် ၈၀၀ ကျပ် ၀န်းကျင်ရှိသည်။

မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ ရရှိသော သတင်းများအရ ပြည်တွင်းတွင် ပြည်ပပို့ ရေထွက်ပစ္စည်းထုတ် စက်ရုံစုစုပေါင်း ရာဂဏန်းကျော်ရှိကြောင်း သိရသည်။


ကချင် စစ်ပြေးဒုက္ခသည်များ စားနပ်ရိက္ခာ အခက်အခဲကြုံ
သန်းထိုက်ဦး Tuesday, 21 June 2011 18:58
တရုတ်-မြန်မာ နယ်စပ်သို့ တိမ်းရှောင်နေရသော ကချင်စစ်ပြေး ဒုက္ခသည်များ စားနပ်ရိက္ခာ အခက်အခဲနှင့် ကြုံတွေ့နေရကြောင်း သိရသည်။

ကျန်းမာရေး အတွက် ပြုစုရန် လူအင်အား၊ ဆေးဝါးများနှင့် နေရာထိုင်ခင်း စသည့် အကူအညီများ လိုအပ်နေကြောင်းလည်း ဒုက္ခ သည်များကို ကူညီဆောင်ရွက်ပေးနေသည့် မိုင်းဂျာက ဧရာဝတီသို့ ပြောသည်။
“ကျန်းမာရေးနဲ့ ပတ်သက်ပြီးမှ လူအင်အား လိုတယ်၊ အခု ဆေးဆရာ ဆိုလို့ ၂ ယောက်ပဲရှိတယ်”ဟု ၎င်းက ဆိုသည်။

လတ်တလောတွင် နီးစပ်ရာ ကျေးရွာများမှ ကောက်ခံရရှိသည့် အလှူ ငွေများဖြင့် ဒုက္ခသည်များကို ထောက်ပံ့ပေးထားကြောင်း မိုင်းဂျာက ဆက်ပြောသည်။

ထွက်ပြေးလာသည့် ဒုက္ခသည်များကို တရုတ်နိုင်ငံ ရင်ကျန်ပြည်နယ် မျက်နှာချင်းဆိုင် မြန်မာနိုင်ငံ ဘက်တွင် တည်ရှိသော အူရာပါ၊ နာရာပါ၊ နော်ဖရာကျေးရွာ ၃ ရွာ၌ ယာယီ ဒုက္ခသည်စခန်း တည်ဆောက်ပြီး ထားရှိရန် စီစဉ်နေကြောင်း သိရသည်။

ယာယီ စခန်း တည်ဆောက်မည့် နေရာများသည် ကချင် လွတ်လပ်ရေး တပ်မတော် ( KIA ) တပ်မဟာ ၃ ထိန်းချုပ်နယ်မြေ တွင်ရှိသည်။

KIA တွဲဖက် အတွင်းရေးမှူး ဦးလနန်ကမူ ဒုက္ခသည်များကို လတ်တလော အစားအသောက်နှင့် ဆေးဝါးများကို များစွာ မထောက်ပံ့ပေးနိုင်သော်လည်း အတတ်နိုင်ဆုံး ဖြေရှင်းပေးသွားမည် ဖြစ်ကြောင်း ပြောသည်။

ကချင်ဒုက္ခသည်အရေး ဆောင်ရွက်နေသော တာဝန်ရှိသူများအနေဖြင့်လည်း ဒုက္ခသည်များကို ဆက်လက်ကူညီဆောင်သွားမည်ဖြစ်ကြောင်း မိုင်းဂျာက ဆိုသည်။

စစ်ရေးအရ နှစ်ဘက်တင်းမာမှုများ ရှိနေသော်လည်း တိုက်ပွဲများ ထပ်မံဖြစ်ပွားမှုများ မကြားသိရသေးပေ။ သို့သော် KIA တပ်ဖွဲ့များ အနီးတွင် အစိုးရ တပ်များ နေရာယူထားဆဲ ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ပြီးခဲ့သည့် ရက်ပိုင်းက ကချင်ပြည်နယ် မိုးမောက် ဒေသတွင် ဖြစ်ပွားခဲ့သည့် အစိုးရတပ်နှင့် KIA တို့ အကြားတိုက်ပွဲများကြောင့် ဒုက္ခသည် တစ်သောင်းကျော် KIA ထိန်းချုပ်ဒေသများသို့ ခိုလှုံခဲ့ကြရကြောင်း၊ KIA ထိန်းချုပ်ဒေသနှင့် အလှမ်းဝေးသည့် ဒေ သခံ တချို့က မြစ်ကြီးနားမြို့ပေါ်ရှိ နီးစပ်ရာ ဆွေမျိုး၊ အသိမိတ်ဆွေများထံ သွားရောက်နေထိုင်ကြောင်း သိရသည်။

မြစ်ကြီးနား-နမ္မတီး ရထားလမ်း လုံ ခြုံရေး ပြည်သူများအားအလှည့်ကျ တာဝန်ပေး
Tuesday, 21 June 2011 16:47 KNG
မြန်မာစစ်တပ်နှင့်KIAတပ်ကြားတိုက်ပွဲများကြောင့်ရထားလမ်း လုံခြုံရေးတာဝန်ယူရန် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ နေထိုင်သူများအား သက်ဆိုင်ရာအာဏာပိုင်များက ညွှန်ကြားထားသည်။

မြစ်ကြီးနားမြို့ပေါ်ရပ်ကွက်များမှ တစ်ရပ်ကွက်လျှင် ၁၀ ဦးကျမြစ်ကြီးနားနမ္မတီးရထားလမ်းတစ်လျှောက်ရထားလမ်း လုံခြုံရေး ကင်းစောင့်တာဝန်များ အလှည့်ကျ ယူနေရသည်။

“ကျွန်တော်တို့ရပ်ကွက်ကတော့ ဒီ ကျွန်တော်တို့ရပ်ကွက်နဲ့ ဂျန်မိုင်ကောင်ဘက်မှာ တာဝန်ကျတယ်” ဟုမြို့ခံတစ်ဦးပြော သည်။

ရထားလမ်းသည် မြစ်ကြီးနားဘူတာရုံမှ မြို့ပေါ် မင်းရပ်၊ မြို့သစ်၊ ဧရာ၊ ရန်ကြီးအောင်၊ မြေမြင့်၊ ဒူကထောင်၊ ဂျန်မိုင်ကောင်၊ စံပြ ရပ်ကွက်များကို ဖြတ်သန်းပြီး နမ္မတီး၊ မိုးကောင်းဘက်သို့ ဦးတည်သွားသည်။

ရထားလမ်းလုံခြုံရေးအတွက် မိမိဆန္ဒအလျောက်သွားရောက်လိုသူမရှိသည့်အတွက် အခကြေးငွေဖြင့် လူငှါးရသည်။ လိုအပ်သည့်ငွေကြေးအတွက် ရပ်ကွက်အုပ်ချုပ်ရေးဌာနမှ ၎င်းရပ်ကွက်တွင်း အိမ်ထောင်စု အလိုက်ငွေကြေးကောက်ခံသည်။

ရမ်းဗြဲ လုပ်အားပေးစေခိုင်းမူကို ၀န်ကြီး တစ်ဦးက ပြုလုပ်
News Date:6/21/2011 နိရဉ္ဖရာ သတင်းဌာန

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်အတွင်း ပြည်သူလူထုမျာအား လုပ်အားပေး နေစေခိုင်းနေခြင်းကို ရခိုင်ပြည်နယ် ၀န်ကြီး တစ်ဦးမှ မည်သူ့ကိုမှ ဂရုမစိုက်ဘဲ အတင်းအဓမ္မ ပြုလုပ်နေကြောင်း သိရသည်။
ရမ်းဗြဲမြို့နယ် အတွင်း ရမ်းဗြဲ- ကျောက်နီမော်လမ်း၊ ရမ်းဗြဲ- လေးတောင်လမ်းနှင့် ရမ်းဗြဲ- ကျောက်ချောင်းလမ်းများကို မိုးတွင်းရာသီတွင် အပျက်အစီး မရှိစေရဟုဆိုကာ လမ်းများကို ပြုပြင်ခိုင်းရာ၌ ဒေသခံ လူထုအား အဖိုးအခ တစုံတရာ မပေးဘဲ စေခိုင်းနေခြင်း ဖြစ်သည်။

အမည်မဖေါ်လိုသူ အရပ်လူကြီး တစ်ဦးက " အခု ခိုင်းနေတာကို ရခိုင် လယ်ယာ၊ သစ်တောနဲ့ ဆည်မြောင်း ၀န်ကြီး အငြိမ်းစား ဗိုလ်မှူးကြီး ကျော်ခင်က ခိုင်းစေနေတာ ဖြစ်ပါတယ်။ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို စည်ပင်နဲ့ ပူးပေါင်းပြီး ဖိအားပေးကာ ရွာသားတွေကို စေခိုင်းနေတာ ဖြစ်ပါတယ်" ဟု ပြောသည်။

ဦးကျော်ခင်သည် ရမ်းဗြဲအမှတ် (၁) ပြည်နယ် လွှတ်တော် အမတ်ဖြစ်ပြီး ကြံခိုင်ရေးပါတီ၏ အမာခံ တစ်ဦးလည်း ဖြစ်သည်။ ယခုအခါ ဦးကျော်ခင်မှာ ရမ်းဗြဲမြို့သို့ ရောက်ရှိနေပြီး လမ်းများ ပြုပြင်ရေးကို ကြီးကြပ် ဆောင်ရွက်နေကြောင်း သိရသည်။

" ရွာသားတွေကို ခင်ဗျားတို့ လမ်းကို ကျုပ်တို့က ပိုက်ဆံမပေးနိုင်ဘူး။ ခင်ဗျားတို့ လမ်းကို ခင်ဗျားတို့ ခင်းရမယ်။ ခင်ဗျားတို့ ကိုယ်တိုင် ပျက်တဲ့လမ်းတွေကို လုပ်ရမယ် ဆိုပြီး အဲဒီလို ပြောပြီးတော့ ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးတွေနဲ့ ညှပ်ပြီး လုပ်နေပါတယ် ခင်ဗျား။ လမ်းတိုင်းမှာ ရွာသားတွေကို အတင်းခိုင်းပြီး လုပ်နေပါတယ် ခင်ဗျား" ဟု တခြား ကျေးရွာ သား တစ်ဦးကလည်း ပြောသည်။

ယခု လုပ်အားပေး စေခိုင်းခံနေရသော ကျေးရွာသားများမှာ ရမ်းဗြဲ - ကျောက်နီမော်လမ်း၊ ရမ်းဗြဲ- လေးတောင်လမ်းနှင့် ရမ်းဗြဲ- ကျောက်ချောင်းလမ်း တလျှောက်တွင် တည်ရှိသော ကျေးရွာများမှ ဖြစ်ကြသည်။

" ရမ်းဗြဲက အထွက်ကျေးရွာတွေ အကုန်လုံးက လူတွေကို ခိုင်းနေပါတယ်။ ရမ်းဗြဲ ကျောက်နီမော် လမ်းက အပိုင်းလိုက် အပိုင်းလိုက် ပြုပြင်နေပြီးတော့ ရမ်းဗြဲ လေးတောင်လမ်းက တစ်ခုလုံးကို ပြန်ပြင်နေပါတယ်။ အဲသလို ပြင်တဲ့နေရာမှာ ကျေးရွာသားတွေကို ခိုင်းနေတာ ဖြစ်ပါတယ်။"

ယခုကဲ့သို့ လုပ်အားပေး စေခိုင်းနေခြင်းကို ကျေးရွားများမှ ပြည်နယ် အဆင့်ဆိုင်ရာ အထက်လူကြီးများသို့ အသိပေး အကြောင်းကြားစာများ ရေးသားပေးပို့ထားကြောင်း သိရသည်။

အမည်မဖေါ်လိုသူ ပြည်နယ် အဆင့် တာဝန်ရှိသူ အမတ် တစ်ဦးမှလည်း ပြည်နယ် ၀န်ကြီး တစ်ဦးဖြစ်သူ ဦးကျော်ခင်မှ လုပ်အားပေး စေခိုင်းနေခြင်းကို အတည်ပြု ပြောကြားပြီး ယခုအခါ တိုင်ကြားစာကို လက်ခံ ရရှိထားပြီ ဖြစ်ကြောင်း ပြောကြားသည်။

၎င်းပြင် ဦးကျော်ခင်သည် ပြည်သူ့လွှတ်တော် အမတ် ဦးလှထူးနှင့် မြို့နယ် စည်ပင် ဦးစီးမှူး ဦးဌေးခင်တို့ ပူးပေါင်းပြီး လမ်းများတွင် မောင်းတံများ တပ်ဆင်ကာ ကားတစ်စီးကို ကျပ် ၁၀၀၀ နှင့် မော်တော် ဆိုင်ကယ် တစ်စီးကို ကျပ် ၂၀၀ စီကောက်ခံနေကြောင်းလည်း ကျေးရွာသားများက ပြောသည်။

ထိုကဲ့သို့ကောက်ခံနေသဖြင့် မော်တော်ဆိုင်ကယ် စီး၍ ကျောင်းတက် ကျောင်းဆင်း ပြုလုပ်သူ ဆရာများနှင့်လည်း မကြာခဏ ပြဿနာများ ပေါ်ပေါက်နေကြောင်း သိရသည်။ တခြား လူငယ် တစ်ဦးကလည်း ရမ်းဗြဲ ကျောက်နီမော် ကားလမ်းတွင် ငွေကောက်ခံနေခြင်းကို အတည် ပြု ပြောကြားသည်။

" ကားတစီးကို ၁၀၀၀ကျပ်၊ ဆိုင်ကယ် တစီး ၂၀၀ ကျပ် ကောက် ခံပါတယ်။ အဲဒီပိုက်ဆံတွေကို သူတို့နဲ့ အလွန်ရင်းနှီးတဲ့ ကိုကုလား ဆိုသူက ကောက်နေပါတယ်။ ကိုကုလားဆိုတာ နာမည်ပါ။ သူက ရခိုင်လူမျိုးပါ။ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးလှထူးရယ် ပြည်နယ်ဦးစီး ဦးဌေးခင်ရယ် တို့ရဲ့ အတွင်းလူပါ" ဟု ပြောသည်။

ရမ်းဗြဲ- ကျောက်နီမော် လမ်းကို ယမန်နှစ်က အစိုးရမှ တာဝန်ယူ တည်ဆောက်ပေးခဲ့သော်လည်း အစိုးရဘတ်ဂျက်နှင့် မလုံလောက်ဟု ဆိုကာ ဦးကျော်ခင်က အနီးအနားကျေးရွာများတွင်နေထိုင်သူ အိမ်ထောင်စု တခုစီမှ ကျပ် ၇၀၀၀ နှင့် ကျပ် ၁၀၀၀၀ စီကောက်ခံခဲ့သည်ဟု သိရသည်။

တရုတ်တွေ ဝင်လာတဲ့အခါမှာ စစ်တပ်တွေ ပါလာတယ်
ကိုဝိုင်း | အင်္ဂါနေ့၊ ဇွန်လ ၂၁ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၂၄ မိနစ်
(ကေအိုင်အို ပြောခွင့်ရ ဦးလနန်နှင့် အင်တာဗျူး)

ချင်းမိုင် (မဇ္ဈိမ) ။ ။ ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ဖြစ်ပွားမှုနှင့် ပတ်သက်၍ KIO ပြောခွင့်ရ တွဲဘက်အတွင်းရေးမှူး ဦးလနန်ကို မဇ္ဈိမသတင်းထောက် ကိုဝိုင်းက မေးမြန်းထားသည်။


ကချင်ပြည်နယ် လွှတ်တော်အမတ် ကြံ့ခိုင်ရေးပါတီ အတွင်းရေးမှူး-၂ ဦးသိန်းဇော်ဆီကို အပစ်ရပ်တဲ့ ကိစ္စ စာပြန်ရေးတယ် ဆိုတာကြားလို့။
“ဦးသိန်းဇော်က ကျနော်တို့ဘက်ကို စာပေးဖူးခဲ့တယ်။ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က သူ့ရှေ့တန်းမှာ ရောက်နေတဲ့ စစ်ကြောင်းတွေကို ညွှန်ကြားပြီးပြီ၊ ၁၈ ရက်နေ့ည ၈ နာရီက စပြီး KIA တပ် တွေသာ စမပစ်ဘူးဆိုရင် သူတို့တပ်တွေ မပစ်ဖို့ ညွှန်ကြားထားပြီးပြီဆိုတဲ့ အကြောင်းပေါ့နော်။ KIA ကလည်း ရှေ့တန်းတွေကို ညွှန်ကြားပေးပါ။ ရပ်ခိုင်းဖို့ ပေါ့နော်။ ဦးသိန်းဇော်က မြစ်ကြီးနားမြို့နယ် လွှတ်တော်ကိုယ်စားလှယ် တဦးအနေနဲ့ ရေးထားတဲ့စာ ဖြစ်နေတယ်။

ကျနော်တို့ စာမှာက ဦးသိန်းဇော်က လွှတ်တော် ကိုယ်စားလှယ် တယောက်အနေနဲ့ ရေးတယ်။ ကျနော်တို့က သက်သေ အချက်အလက်ကို တောင်းဆိုတာပါ။ အမိန့်စာ မဟုတ်သည့်တိုင် အဲဒီ ပြောဆိုချက်ကို အာမခံပေးနိုင်တဲ့ စစ်ဘက်ဆိုင်ရာ တဦးဦးကနေ အာမခံပေးချက်ကို တောင်းတာ။ ဦးသိန်းဇော်က တိုင်းမှူးကို သူပြောပြီးပြီ၊ တိုင်းမှူးက အမိန့်ထုတ်ပြီးပြီ ဆိုတာပဲပါတယ်။ ဒါပေမယ့် စစ်ဘက်ဆိုင်ရာက ရေးတဲ့စာ မရောက်ဖူး ဖြစ်နေတယ်။ အဲဒါကြောင့် သူတို့ ပေးပို့နိုင်ရင် ကျနော်တို့ က ပြန်စဉ်းစားမယ်ဆိုတဲ့ အပိုင်းပေါ့နော်။ သူတို့ဆီကရတာ ၁၉ ရက်နေ့မှာပဲ ကျနော်တို့ ၁၉ ရက်နေ့ ညပဲ ပြန်ပြီးအကြာင်းပြန်လိုက်တယ်။ ရရှိကြောင်းဆိုတဲ့ ပြန်ကြားချက်တော့ ရတယ်။ ကျနော်တို့ အီးမေးနဲ့ပဲ ပို့တာပါ။

နေပြည်တော်ကိုရော စာပို့တာ၊ အကြောင်းကြားတာ တခုခု မလုပ်ဘူးလား။

“မရှိပါဘူး။ ခုလိုဖြစ်လာတာကလည်း မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးကို ကျနော်တို့က အကြိမ်ကြိမ် ပါးစပ်နဲ့ တဖုံ၊ စာနဲ့တဖုံ ကြိုပြီးတော့ သတိပေးတဲ့ အပိုင်းတွေ အများကြီးရှိခဲ့တယ်။ အဲဒီတော့ ကျနော်တို့ဘက်ကစပြီး သက်ဆိုင်ရာ အစိုးရကို ဒါရပ်ရအောင်လုပ်မယ်လို့တော့ ကျနော်တို့ အဆိုပြုချက်တော့ လုပ်မှာ မဟုတ်ဘူး။ အခုတောင် ဦးသိန်းဇော်က လွှတ်လိုက်တဲ့ ကချင်အမျိုးသားများ အတိုင်ပင်ခံ ကောင်စီက လူတွေရောက်လာလို့ စာအကြောင်းကြားတာပါ”
အစိုးရတပ်တွေက ကချင်ပြည်နယ်ထဲမှာ ဘယ်လောက်များလည်း။

“နယ်ခံတပ်တွေ တပ်ရင်းပေါင်း ၃ဝ ပတ်ဝန်းကျင်လောက် ရှိမယ်။ အဲဒီတပ်တွေအားလုံးကို တိုက်ပွဲ ဝင်နိုင်ဖို့အတွက် လုံခြုံရေးကအစပေါ့ တပ်လှန့်ထားတဲ့ အနေအထားရှိတယ်။ တိုက်ပွဲဖြစ်လာတဲ့ နောက်ပိုင်းမှာ အောက်ပိုင်းက တက်လာတဲ့ တပ်တွေလညှ်း ရှိတယ်။ အားလုံးဆို ခန့်မှန်းရတော့ ခက်မယ်။ ၁၁ ရက်နေ့ တိုက်ပွဲတုန်းက သူတို့သုံးတာ တပ်ရင်း ၁၁ ရင်းရှိတယ်။ ဒါပေမယ့် အင်အားတော့ မပြည့်ဖူးပေါ့နော်။ တရင်းကို အယောက် ၄ဝ-၅ဝ-၆ဝ ပေါ့ အများဆုံး ၈ဝ ပေါ့”
အစိုးရစစ်တပ်က မုဒိန်းမှုတွေ ကျူးလွန်တယ်ဆိုတဲ့ သတင်းတွေ ထွက်နေပါတယ်။ ဒီကိစ္စကို အတည်ပြုနိုင်ပါလား။

“အဲဒီကိစ္စတော့ အမှန်တကယ်ပဲ ဖြစ်နေပါတယ်။ ဒုက္ခသည်တွေ ကျနော်တို့ဘက် ပြေးလာတာ အဲဒါပါပဲ။ အခုပြေးလာတဲ့ ဒုက္ခသည်တွေက တိုက်ပွဲ ဧရိယာထဲက မပါသေးဘူး။ သူတို့ ကျေးရွာတွေ မှာ တပ်မတော် စစ်ကြောင်းတွေ စခန်းချတော့ မသင်္ကာတဲ့ လူတွေကို ဖမ်းပြီးရိုက်တယ်။ ယောကျာင်္းတွေ ဆိုရင်ပေါ့။ အမျိုးသမီးတွေကိုတော့ အဖွားကြီးတွေပါ မကျန် ကလေးမတွေကိုပါ အဓမ္မပြုကျင့်တာမျိုး လုပ်ခဲ့တယ်။ အဲဒီ သတင်းတွေက ပြန့်သွားတော့ သူတို့အစိုးရ အုပ်ချုပ်တဲ့ ယန္တယားအောက်က ရွာထုတွေ ကျနော်တို့ဘက် ပြေးလာကြတယ်”
မုဒိန်းကျင့်တာ ရှိတယ်ဆိုတော့ အဖြစ်အပျက် တခုကို ထောက်ပြလို့ရမလား။

ဥပမာဆိုရင် တပ်မဟာ ၃ ဧရိယာ လွယ်ဂျယ်မြို့နယ်ထဲမှာ ခရုန်မူးဒါန်ရွာရှိတယ်။ လီဆူးရွာပါ။ ချာတိတ်မ တယောက်ကို မုဒိန်းကျင့်ပြီးတော့ သူ့မိဘနှစ်ပါးရှေ့မှာပဲ သေနတ်နဲ့ ပစ်သတ်လိုက် ပါတယ်။ မိဘတွေကလည်း ကြောက်ပြီးတော့ တရုတ်ပြည်ကို ပြေးဝင်သွားတယ်။ တရုတ်ကလူတွေ ပြောပြမှတဆင့် သိရတာပါ။ ဖြစ်တဲ့ တပ်ကလည်း ဘယ်တပ်ဆိုတာ သူတို့ ကောင်းကောင်း မပြောနိုင်ဘူး။ အတိအကျ အခိုင်လုံရဖို့တော့ ကျနော်တို့ အများကြီး ကြိုးစားနေပါတယ်။ အမျိုးသမီးရေးရာတွေကလည်း စုံစမ်းနေဆဲပါ။

တာပိန် ရေအားလျှပ်စစ် စီမံကိန်းကို KIA ရဲ့နှောင့်ယှက်မှုကနေ ကာကွယ်ရပါတယ်လို့ အစိုးရက အကြောင်းပြပါတယ်။

“အဲဒီ ရေအားလျှပ်စစ် လုပ်တဲ့နေရာဟာ KIA တပ်ဖွဲ့တွေက အရင့်အရင် နှစ်ပေါင်း ၃ဝ-၄ဝ ကတည်းက တပ်စွဲထားတဲ့နေရာ။


ကျနော်တို့ နားလည်မှု ပေးပါတယ်။ နောက်ပိုင်း တရုတ် အလုပ်သမားတွေ ဝင်လာတော့ စိစစ်ဖို့ဆိုပြီး လဝကတွေ ဝင်လာတယ်။ လဝကကို လုံခြုံရေးပေးဖို့ ဆိုပြီး ရဲက ပြန်ဝင်လာတယ်။ နောက်တော့ စစ်တပ်ပြန်ပါလာရော။ ကျနော်တို့ စိုးမိုးထားတဲ့ နယ်မြေ ကို နယ်ချဲ့လာတဲ့ သဘောလည်းရှိတယ်။ ဒါပေမယ့် ဗမာ့တပ်မတော် ရဲဘော်တွေနဲ့ ကချင်တပ်သားတွေ ပြဿနာ မရှိကြပါဘူး။ တရုတ်အပေါ်မှာ ကျနော်တို့က
ပြန်ပေးဆွဲတာမျိုး၊ ခြိမ်းခြောက်တာမျိုး မလုပ်ပါဘူး။ ကျနော်တို့က နယ်စပ်တလျှောက်မှာ တရုတ်နဲ့ အမြဲတမ်း ဆက်ဆံနေရတဲ့ အပိုင်းတွေ ရှိတယ်။ အခုမှမဟုတ်ဘူး။ တကယ့် လူဆိုးသွမ်းတွေ လုပ်တဲ့ အလုပ်မျိုး မလုပ်ဘူး။

KIO ဆိုတာ ကိုယ့်သိက္ခာနဲ့ နေတဲ့အဖွဲ့ပါ။ အဲဒီမှာ အလုပ်လုပ်တဲ့ တရုတ်ကုမ္ပဏီတွေ၊ သက်ဆိုင်ရာ တရုတ် အစိုးရဘက်က ဆိုင်ရာတွေ သိပါတယ်။ သူတို့က သူတို့ရဲ့အမှားတခုကို ခြေလှမ်းကျွံသွားတဲ့ အခါမှာ တောင်းပန်တာမျိုး ပြင်ဆင်တာမျိုး မလုပ်ပဲနဲ့ ပိုပြီးမှားအောင် ပြောဆိုချက်တွေပါပဲ”

လာဆာ ရေအားလျှပ်စစ် စီမံကိန်းနဲ့ တရုတ် အလုပ်သမားတွေအကြောင်း နည်းနည်း ပြောပြပါလား။

“အခုမှ လုပ်ငန်းဆောင်ရွက်နေဆဲပါ။ ဧရာဝတီမြစ်ဆုံရဲ့ အထက်မှာ မေခနဲ့ မေလိခမြစ် ဆိုတာရှိတယ်။ မေလိခရဲ့ အထက်ဘက်၊ ဆွန်ဘရာဘွန်ရဲ့ အောက်နားမှာရှိတယ်။ ကျနော်တို့ တပ်မဟာ ၁ ဧရိယာထဲမှာ ရှိတယ်။ အဲဒီမှာလည်း အရင်တုန်းက ဗမာစစ်တပ် မရှိဘူး။ သူတို့ ရေအားလျှပ်စစ် စီမံကိန်း လုပ်မယ်ဆိုပြီးတော့ တရုတ်တွေ ဝင်လာတဲ့အခါမှာ စစ်တပ်တွေ ပါလာတယ်။ ကျနော်တို့ နားလည်မှုပေးတယ်။ ဒါပေမယ့် အဲဒီမှာလုပ်တဲ့ တရုတ်တွေက ရေအားလျှပ်စစ် စီမံကိန်း လုပ်မယ် ဆိုပြီးတော့ တောင်ဖောက်မယ် ပြောပြီးတော့ ရေအားလျှပ်စစ် စီမံကိန်းခွင် အပြင်ဘက်မှာ သတ္တုရိုင်းတွေ လိုက်စမ်းသပ်ရှာတယ်။ အဲဒီဘက်မှာ ရွှေအများကြီး ထွက်တယ်။ အခြား တန်ဘိုးရှိတဲ့ သတ္တုရိုင်းတွေလည်း ရှိတယ်။ ကျနော်တို့က အဲဒီသတ္တုရိုင်းရှာတဲ့ အဖွဲ့ကို မောင်းထုတ်လိုက်တယ်”

ကချင်ပြည်နယ်ထဲမှာ ရေအားလျှပ်စစ် စီမံကိန်းကြီး ဘယ်နှစ်ခုလောက် ရှိလည်းခင်ဗျ။ တရုတ်နဲ့ လုပ်နေတာတွေပဲလား။

“စီမံချက်တွေ အများကြီးရှိပါတယ်။ ဧရာဝတီမြစ်ဆုံ စီမံကိန်းက အကြီးမားဆုံး။ ခုနပြောတဲ့ လာဆာ မှာ တခုဆောက်ဖို့ ရှိတယ်။ မေခမြစ်ရိုးတလျှောက်မှာလည်း ၄-၅ ခုလောက် ဆောက်ဖို့ စီမံကိန်းတွေ လုပ်ထားတာရှိတယ်။ အဲဒီကထွက်တဲ့ လျှပ်စစ်တွေကို တရုတ်ပြည်ကို ပြန်ရောင်းဖို့ပဲ။ အဲဒီမှာရှိတဲ့ ဒေသခံအတွက် ဘာမှအကျိုးမရှိပါဘူး။ တရုတ်တွေနဲ့ အေးရှားဝေါလ် Asia World ပေါင်းပြီး လုပ်ကြတယ်”

တရုတ်နိုင်ငံသားတွေက အဲဒီစီမံကိန်းတွေကို ဘယ်လမ်းတွေကနေ ဝင်လာတာလည်း။ KIA/ KIO ကိုဖြတ်သေးလား။

“ဧရာဝတီမြစ်ဖျားနဲ့ မြစ်ဆုံဘက် လုပ်တာကတော့ ကန်ပိုက်တီလမ်းက ဝင်ပါတယ်။ အဲဒီလမ်းက အရင်တုန်းက NDAK ခွင်ပေါ့နော်။ နောက် တာပိန် ရေအားလျှပ်စစ်ကတော့ ရင်ကျန်းဘက်၊ လွယ်ကြယ်လမ်းကလည်း ဝင်တယ်။ ကျနော်တို့ဂိတ်ကတော့ ဖြတ်စရာမရှိပါဘူး”

KIO/KIA ဝန်ထမ်းတွေ၊ တပ်ဖွဲ့ဝင်တွေကို အစိုးရတပ်က ဖမ်းထားတာ ဘယ်လောက်ရှိလည်း။

“အယောက် ၁ဝ ကျော်ရှိတယ်။ ကျနော်တို့ KIA နဲ့ ဆက်စပ်တယ် ဆိုပြီး ဖမ်းဆီးထားတာတွေလည်း ရှိသေးတယ်။ တယောက်မှ ပြန်မလွှတ်သေးဘူး။ ၂ဝ၁ဝ စက်တင်ဘာ ၃ဝ ရက် နောက်ပိုင်း ဖမ်းတာတွေပါ။ အခု မန္တလေးတိုင်း ဝန်ကြီးချုပ် အဲဒီတုန်းက စရဖ ဗိုလ်ချုပ်ရဲမြင့် တာဝန်ရှိတာပေါ့။ ဒီလ ၉ ရက်နေ့ နောက်ပိုင်းကတော့ သူတို့ဖမ်းပြီး သတ်လိုက်တဲ့ ဒုတပ်ကြပ်ချိန်းရိန်းပါပဲ”

အစိုးရကတော့ ၂ဝဝ၈ ဖွဲ့စည်းပုံကို ပြင်လို့ရတယ်။ လွှတ်တော်ကနေ တဆင့် ပြောမယ်လို့ ဆိုပါတယ်။

“ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို တကယ်တော့ မပြင်ဆင်နိုင်အောင် လုပ်ခဲ့တာပဲ။ ညီလာခံတက်တဲ့ တိုင်းရင်းသား
အုပ်စုတွေ အထူးသဖြင့် လက်နက်ကိုင်အဖွဲ့ ၁၃ ခု ကနေပြီးတော့ စာတမ်းတွေ တင်ခဲ့တာရှိတယ်။ KIO ကနေပြီးတော့ စာတမ်းတွေ တင်ခဲ့တယ်။ အဲဒီအချက်တွေကို သူတို့တချက်မှ လိုက်လျောပေးတာ မရှိခဲ့ဘူး။ အဲဒီတော့ တိုင်းရင်းသား အုပ်စုတွေ တောင်းဆိုထားတဲ့ တင်ပြထားတာ မပါတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဟာ ကျနော်တို့ဟာ သူတို့ရဲ့ ထောင်ချောက်ထဲ ပြန်ဝင်သွားတာနဲ့ အတူတူပဲ။ ဒါကြောင့် လွှတ်တော်အတိုင်းသွားကြမယ် လွှတ်တော်ထဲကနေ
ပြောဆိုကြမယ် ဒါဟာ လုံးဝမဖြစ်နိုင်တဲ့ ကိစ္စပါ”
ဒုက္ခသည်တွေက ဘယ်နေရာတွေမှာ ဘယ်နှစ်ယောက်လောက် ရှိနေလဲဗျ၊

“နယ်စပ်ဒေသတွေမှာ ကျနော်တို့ KIO ထိန်းချုပ်နယ်မြေထဲမှာ ရောက်နေတာကတော့ တသောင်း ကျော်တယ်။ အစိုးရ အုပ်ချုပ်မှုအောက်ကလူတွေပါ။ တိုက်ပွဲစဖြစ်တုန်းက တရုတ်ဘက် သွားကြ တာရှိတယ်။ တရုတ်ပြည်ကလည်း အခုက တိုက်ပွဲမရှိဘူး ဒါကြောင့် ပြန်သွားကြပါဆိုတဲ့ အဓိပ္ပါယ်မျိုးနဲ့ ပညာသားပါပါ ပြောဆိုကြတယ်။ တရုတ်ဘက်က ဒုက္ခသည် စခန်းတွေကလည်း အစီအမံ ကောင်းကောင်းနဲ့ လုပ်ထားတာ မရှိဘူးလို့ ပြောရမှာပဲခင်ဗျာ့။ ကျနော်တို့ KIO အုပ်ချုပ်နယ်မြေထဲ မှာ KIO အဖွဲ့အစည်း ကနေပြီးတော့ ဖြစ်နိုင်သလောက် ပံ့ပိုးပေးတာမျိုးတော့ လုပ်နေတယ်”

No comments: