သခင်ကိုယ်တော်မှိုင်း၏ ဘဝနှင့် စာပေ
ထိန်လင်း
မြန်မာပြည်ရဲ့ နိုင်ငံရေးစာပေတွေအကြောင်း ပြောကြမယ်ဆိုရင် ဆရာကြီးသခင်ကိုယ်တော်မှိုင်းနဲ့ သူ့ရဲ့စာ သူ့ရဲ့ကဗျာတွေကို ချန်လှပ်လို့မဖြစ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာ့လွတ်လပ်ရေးသမိုင်းမှာ ဆရာကြီးက လူပုဂ္ဂိုလ်အနေနဲ့ရော၊ စာပေအရပါ ဦးဆောင်မှုအခန်းက ပါဝင်ခဲ့လို့ပါပဲ။
ဆရာကြီးသခင်ကိုယ်တော်မှိုင်းဟာ မြန်မာပြည် အင်္ဂလိပ်လက်အောက် ကျရောက်ခဲ့တဲ့အချိန်မှာ အသက် ဆယ်နှစ်ကျော်နေပါပြီ။ အဲဒီအပြင် သီပေါမင်းနဲ့ စုဖုရားလတ်တို့ကို ဖမ်းဆီးခေါ်ဆောင်သွားတာကိုလည်း မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရသူဖြစ်ပါတယ်။ ဒါကြောင့် မြန်မာပြည်ကို တိုင်းတပါးအောက်က လွတ်မြောက်ဖို့ ကြိုးပမ်းရမယ်ဆိုတဲ့အသိ ငယ်ငယ်ကလေးတည်းက ကိန်းအောင်းခဲ့သူဖြစ်ပါတယ်။
ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ ဂုဏ်ပုဒ်ကိုဖော်ပြမယ်ဆိုရင် စာပေပညာရှင်၊ လွတ်လပ်ရေးနဲ့ ငြိမ်းချမ်းရေးဖခင်၊ မျိုးချစ်ပုဂ္ဂိုလ်ကြီး စသဖြင့် ခေါင်းစဉ်မျိုးစုံတပ်ပြီး ဖော်ပြမှ ပြည့်စုံပါလိမ့်မယ်။
ဘာကြောင့်လဲဆိုတော့ ဆရာကြီးဟာ မြန်မာ့လွတ်လပ်ရေးသမိုင်းစဉ်တလျှောက်လုံးမှာ အခန်းကဏ္ဍမျိုးစုံကနေ ပါဝင်လာခဲ့သူဖြစ်လို့ပါ။ မြန်မာပြည်မှာ သခင်ကိုယ်တော်မှိုင်းရဲ့အကြောင်း ကျယ်ကျယ်ပြန့်ပြန့် ဖော်ထုတ်ဖို့မလွယ်ပါဘူး။ သခင်ကိုယ်တော်မှိုင်းဟာ နိုင်ငံရေးလှုပ်ရှားမှုရဲ့ သင်္ကေတဖြစ်တယ်၊ သူ့အကြောင်းကို ထုတ်ဖော်နေတာကိုက နိုင်ငံရေးလှုပ်ရှားမှုအငွေ့အသက်တွေ ထွက်နိုင်တယ်လို့ အာဏာပိုင်အဆက်ဆက်က ထင်မြင်ယူဆထားပုံရပါတယ်။
အဲဒါကြောင့် ၁၉၇၆ ခုနှစ်မှာ ဆရာကြီးသခင်ကိုယ်တော်မှိုင်း အသက် ၁ဝဝ ပြည့် အမှတ်တရလုပ်ဖို့ ကြိုးစားခဲ့တဲ့ ရန်ကုန်တက္ကသိုလ်ကျောင်းသားအများအပြား ဖမ်းဆီးထောင်ချခြင်းခံခဲ့ရသလို ၁၉၉၆ ခုနှစ်တုန်းက သခင်ကိုယ်တော်မှိုင်း အသက် ၁၂ဝ ပြည့် အမှတ်တရထုတ်ဝေတဲ့ စာအုပ်ဆိုရင်လည်း ဆရာကြီးရဲ့ပုံကို စာအုပ်မျက်နှာဖုံးမှာ ဖော်ပြခွင့်မရခဲ့ပါဘူး။
ဒီလိုပဲ ရွှေတိဂုံစေတီတော် တောင်ဘက်မုခ်မှာရှိတဲ့ ဆရာကြီးရဲ့ ဂူဗိမာန်ကို ဝင်ခွင့်မပေးတော့တဲ့အတွက် အများသူငါ သွားရောက်ဂါရဝပြုခွင့်မရတော့တာ နှစ်ပေါင်း ၂ဝ ကျော်သွားပါပြီ။ သူ့ရဲ့စာပေတွေဆိုရင်လည်း ‘တို့ဗမာ ဝတ်ရွတ်စဉ်’ ဆိုတဲ့ ဘာသာရေးစာအုပ်က လွဲလို့ တခြားစာအုပ်တွေ ပြန်လည်ထုတ်ဝေနိုင်ခြင်း မရှိပါဘူး။
ဒါတွေဟာ ဘာကိုပြသလဲဆိုရင် ဆရာကြီးရဲ့ အရှိန်အဝါကြီးမှု ဘယ်လောက်ရှိတယ်ဆိုတာကို ဖော်ပြတာပဲ ဖြစ်ပါတယ်။ အဲဒီလို ပိတ်ဆို့မှုတွေကြားကပဲ ဆရာကြီးကွယ်လွန်ခဲ့တာ နှစ်ပေါင်း ၄ဝ ကျော်ခဲ့ပေမယ့် ဆရာကြီးရဲ့ စာပေအရှိန်အဝါ၊ ဆရာကြီးရဲ့ပုံရိပ်တွေက မပျောက်မပျက် တည်ရှိနေတုန်းပါပဲ။ နောင်တချိန် လွတ်လပ်တဲ့ခေတ်မှာဆိုရင်တော့ ဒီထက်ပိုပြီး နေရာယူထားနိုင်မယ်လို့ ယူဆရပါတယ်။
ဒီလိုဆိုတော့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ စာပေတွေက ဘာတွေလဲ၊ ခေတ်ကို ဘယ်လိုဖြတ်သန်းလာခဲ့သလဲ ဆိုတာကို အနည်းငယ် ရှင်းပြချင်ပါတယ်။ စာပေနဲ့ပတ်သက်လို့ ဆွေးနွေးတဲ့သဘောဆိုတော့ အတ္ထုပ္ပတ္တိကို အသေးစိတ်မပြောဘဲ တင်ပြမယ့်အကြောင်းအရာနဲ့ ဆက်စပ်တဲ့အပိုင်းကိုသာ ပြောသွားမှာဖြစ်ပါတယ်။
ဆရာကြီးသခင်ကိုယ်တော်မှိုင်းဟာ အသက် ၁၉ နှစ်မှာ ရန်ကုန်ကိုရောက်လာပြီး စာစီ၊ စာပြင်ဆရာ၊ အယ်ဒီတာ၊ သတင်းစာအယ်ဒီတာ အဖြစ်လုပ်ကိုင်ခဲ့ပြီး သတင်းစာအယ်ဒီတာ ဖြစ်တဲ့အချိန်မှာ ဆောင်းပါးတွေ စပြီးရေးခဲ့ပါတယ်။ ‘ရွှေတောင် မောင်လွမ်း’ဆိုတဲ့ ကလောင်နာမည်ကို ရှေ့ပိုင်းမှာ သုံးစွဲခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အင်္ဂလိပ်ကိုအထင်ကြီးပြီး ကိုယ့်နာမည်ရှေ့မှာ မစ္စတာ တပ်တဲ့ ဗမာတွေကို စက်ဆုပ်တဲ့အတွက် အဲဒီခေတ်ကနာမည်ကြီးတဲ့ ဝန်စာရေးဦးကြီးရဲ့ ‘ချဉ်ပေါင်ရွက်သည် မောင်မှိုင်း’ ဝတ္ထုထဲက လူရှုပ်လူပွေ ဇာတ်ကောင် ‘မောင်မှိုင်း’ရဲ့ အရှေ့မှာ မစ္စတာတပ်ပြီး မစ္စတာမောင်မှိုင်း ဆိုတဲ့ ကလောင်အမည်ကို ပြောင်းလဲသုံးစွဲခဲ့ပါတယ်။ သခင်ကိုယ်တော်မှိုင်း ဆိုတဲ့အမည်ကတော့ တို့ဗမာအစည်းအရုံးကို ဝင်ပြီး အဲဒီအသင်းကြီးရဲ့ နာယက ဖြစ်လာတဲ့နောက်ပိုင်းမှာ တွင်ခဲ့တဲ့အမည်ဖြစ်ပါတယ်။
ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ စာပေတွေမှာ ဗိုလ်ဋီကာ၊ သခင်ဋီကာ၊ ဒေါင်းဋီကာ၊ ဘွိုင်းကောက်ဋီကာ၊ ဂဠုန်ပျံဒီပနီဋီကာ စတဲ့ နိုင်ငံရေးသဘောတရားတွေပါရှိတဲ့ စာပေတွေပါဝင်သလို ကဗျာလင်္ကာတွေ၊ ရာဇဝင်တွေလည်း ပါဝင်ပါတယ်။
ဆရာကြီးရဲ့စိတ်ဓာတ်ထဲမှာ ငါတို့ တိုင်းတပါးလက်အောက် ရောက်ပြီ၊ တိုင်းတပါးရဲ့ လွှမ်းမိုးမှုအောက်မှာ ငါတို့ရဲ့ အမျိုးသားအမွေအနှစ်တွေ ဆုံးပါးရပြီလို့ ခံစားခဲ့ရတဲ့အတွက် အမျိုး ဘာသာ ယဉ်ကျေးမှု စာပေ စတဲ့အရာတွေ ပျောက်ပျက်သွားမှာ စိုးရိမ်ခဲ့ပါတယ်။ ဒါကြောင့် ကဗျာလင်္ကာတွေ ရေးသားတဲ့အခါ ကဗျာအမျိုးအစား စုံလင်နေအောင် ရေးဖွဲ့ခဲ့သလို ရှေးယခင် ပညာရှင်များရဲ့ စာပေတွေနဲ့၊ သူတို့နဲ့သက်ဆိုင်တဲ့ အကြောင်းတွေကိုပါ ထည့်သွင်းရေးသားလေ့ရှိပါတယ်။ ဆရာကြီးရဲ့ မဟာကဗျာလေးချိုးကြီးများဟာ အထူးထင်ရှားတဲ့ လက်ရာကောင်းများ ဖြစ်ပါတယ်။
၁၉၂ဝ မှာ အင်္ဂလိပ်ရဲ့ ကျွန်ပညာရေးစနစ်ကို ရန်ကုန်ကောလိပ်နဲ့ ယုဒဿန်ကောလိပ်က ကျောင်းသားတွေ သပိတ်မှောက်ကြတဲ့ သမိုင်းဝင် ပထမကျောင်းသားသပိတ် ပေါ်ပေါက်ခဲ့ပါတယ်။
သပိတ်မှောက် ကျောင်းသားတွေဟာ ကျွန်ပညာရေးမဟုတ်တဲ့ သခင်ပညာရေးစနစ် ထူထောင်ကြမယ်လို့ ဆုံးဖြတ်ချက်ချခဲ့ပြီး အမျိုးသားကျောင်းတွေ ဖွင့်လှစ်ကြဖို့ ပြင်ဆင်ကြပါတယ်။ အဲဒီအခါ ဆရာကြီးက သူရိယသတင်းစာတိုက်မှာ တာဝန်ယူနေချိန်ဖြစ်ပြီး ကျောင်းသားတွေနဲ့ ပူးပေါင်းဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ အဲဒီတုန်းက ဆရာကြီးရဲ့ မိန့်ဆိုချက်ကို စာရေးဆရာ သိန်းဖေမြင့်က ‘ဆရာလွန်း အတ္ထုပ္ပတ္တိ’စာအုပ်မှာ အခုလို ပြန်လည်ရေးပြထားပါတယ်။
“တပည့်တို့- ဆရာသည် တပည့်တို့ကဲ့သို့ပင် အမျိုးသားပညာရေးအတွက် ကြိုးစားဆောင်ရွက်တော့မည်။ ဆရာသည် သူရိယတိုက် လက်ရှိအလုပ်မှ ထွက်ခဲ့ပြီ။ ထွက်၍ တပည့်တို့နှင့် အလုပ်လုပ်မှ အကျိုးများမည်ဟု ဆရာယုံကြည်သည်။ ဆရာ့ကို တပည့်တို့နှင့်အတူတူ စာရင်းသွင်းလိုက်ပါ။ ဆရာ့အသက်ကို တပည့်တို့အားအပ်၏။ ဆရာ့မှာ ရှိသမျှစည်းစိမ်ကို အမျိုးသားပညာရေး အောင်မြင် ထမြောက်အောင် အသုံးပြုတော့မည်။ ဆရာ ဆည်းပူး သင်ကြားထားခဲ့သောပညာ၊ ဆရာ ဘဝါဘဝက ဖြည့်ခဲ့၍ ယခုဘဝ၌ ရသော ဂုဏ်သည် တပည့်တို့၏ ကိုယ်ပိုင်ပစ္စည်းဖြစ်ပြီး သုံးလိုရာ၌ သုံးကြလော့”
အဲဒီလို ဆုံးဖြတ်ချက်ချပြီးနောက်ပိုင်း အမျိုးသားကျောင်းက ပေးတဲ့ လစာငွေနဲ့ပဲ ရပ်တည်ရင်း အမျိုးသားကျောင်းမှာ မြန်မာစာနဲ့ ရာဇဝင် ဘာသာရပ်များ သင်ကြားပေးခဲ့ပါတယ်။ ကျောင်းက ပေးနိုင်တဲ့လစာက မလောက်ငှတဲ့အတွက် ဘားလမ်းနေအိမ်နဲ့ ဗဟန်းမှာရှိတဲ့ ကျောင်းကို ခြေကျင် အသွားအပြန် လုပ်ခဲ့ရပါတယ်။
တကယ်တော့လည်း စာရေးဆရာတစ်ယောက်ရဲ့ စာပေသြဇာ၊ လူအများရဲ့ အကြည်ညို အလေးစားခံရမှုဟာ သူရဲ့စိတ်စေတနာ ဘယ်လောက်အထိ နက်ရှိုင်းသလဲဆိုတဲ့အချက်ပေါ်မှာလည်း မူတည်နေပါလိမ့်မယ်။ ။
၂၃၊ ၆၊ ၂ဝဝ၈
ဒီမိုကရက်တစ်မြန်မာ့အသံ (DVB) မှ ပြန်လည်ကူးယူ ဖော်ပြပါတယ်။
No comments:
Post a Comment