Friday, June 10, 2011

မြန်မာတွေကြား စာနဲ့စကား (မောင်ဧရာ)

နှုတ်ပြောမှာ “တွေ”ကို သုံးပေမယ့် အရေးကျတော့ “တို့”ကို သုံးရတယ်။ “နဲ့” ကို “နှင့်” သုံးတယ်။ ဒါကို စာရေးတဲ့ ဟန်နဲ့ ရေးကြည့်မယ်ဆိုရင် “မြန်မာတို့ကြား စာနှင့် စကား”လို့ ရေးရမှာပါ။ မြန်မာစာကို နေ့တိုင်း ရေးနေကြတယ်။ မြန်မာစကားကို နေ့တိုင်း ပြောနေကြတယ်။

“စကားပြောသလို ရေးရမယ်” ဆိုတဲ့ လှုပ်ရှားမှုဂယက်ဟာ တစ်ခါက တော်တော်လေး ရိုက်ခတ်ခဲ့ပါတယ်။ အပြောနဲ့ အရေးစကား မြန်မာ အဘိဓာန် အကျဉ်းချုပ်မှာ ဒီလို ဖွင့်ဆိုတယ်။

အပြော-န(အပျော)
၁။ နှုတ်ဖြင့် ထုတ်ဖော် မြွက်ဆိုခြင်း၊ နှုတ်ဖြင့် ထုတ်ဖော်မြွက်ဆိုသော စကား
၂။ နှုတ်ဖြင့် ထုတ်ဖော် ပြောဆိုပုံ။ “အပြောစကား”လို့ ရေးတာ မတွေ့ရဘူး။ “နှုတ်ပြော”လို့ ရေးရမယ် ထင်ပါတယ်။

အရေးစကား-န(အယေးစကား)
အကြောင်းကိစ္စ၊ အဖြစ်အခင်း တစ်စုံတစ်ရာနှင့် သက်ဆိုင်သော စကား။ ဒါက “စကား”ကို စာနဲ့ရေးတာလို့ အဓိပ္ပာယ် မရဘူး။ “အရေး”လို့ပဲ ပြောရမှာ ထင်ပါတယ်။ “စကား ပြောသလို ရေးရမယ်”ဆိုတာ စကားပြေကို စကားပြောတဲ့ အသံထွက် အတိုင်း ရေးရမယ်လို့ ဆိုလိုတာ နေမှာပါ။

ဥပမာ-
ကျွန်တော်သည်=ကျွန်တော်ဟာ
စာရေးသည်=စာရေးတယ်
“ကျွန်တော်သည် စာရေးသည်” ကို “ကျွန်တော်ဟာ စာရေးတယ်”လို့ ရေးရမယ့် သဘော မဟုတ်လား။ အဲဒီလို ရေးတာကို “စကား ပြောသလိုကို စကားပြေနဲ့ ရေးတယ်”လို့ ပြောလို့ မရဘူးလား။

“စကားပြောသလို ရေးရမယ်” ဆိုတာ အဲဒီလိုမျိုး ရေးတာကို ဆိုလိုတာ မဟုတ်လား။ တခြား အဓိပ္ပာယ်များ ထွက်နေတာ ရှိသေးလား။ စဉ်းစား ကြည့်တာပါ။

“စကားပြေ”ဆိုတာ သဒ္ဒါအရ “နာမ်”။ အသံထွက်က “ဇဂဗျေ”။ အဓိပ္ပာယ် ဖွင့်ဆိုတာက “စာလုံး အရေအတွက်၊ ကာရန် အချိတ်အဆက်၊ အသံ အနေအထား စသည်ဖြင့် စည်းမျဉ်း သတ်မှတ်မထားသော စကား သို့မဟုတ် စာ” တဲ့။ “စကားပြင်” နဲ့ အတူတူတဲ့။

အခြေခံပညာ အထက်တန်း ပင်ရင်းမြန်မာ စကားပြေ လက်ရွေးစင် ကျောင်းသုံး ပြဋ္ဌာန်း စာအုပ်မှာတော့ ဒီလို ရေးထားပါတယ်။ “စကားပြေ ဆိုသည်မှာ ပြေပြေပြစ်ပြစ် ဖွဲ့စည်း သုံးနှုန်းထားသော စကားမျိုး၊ စာမျိုးပင်ဖြစ်သည်။ နေ့စဉ် ပြောဆို၊ ရေးသား ဆက်သွယ်မှု ကိစ္စများသာမက ပညာသင် ကိစ္စ၊ ရုံးကိစ္စ၊ သိပံ္ပ၊ ၀ိဇ္ဇာ ဘာသာရပ် အမျိုးမျိုးတို့ကို ရေးမှတ် တင်ပြသော ကိစ္စ၊ တွေးခေါ်ခံစားမှုတို့ကို ဖွင့်ဆိုဖော်ထုတ် အပ်သောကိစ္စ စသည်တို့ကိုလည်း စကားပြေနဲ့ ရေးသားကြသည်” တဲ့။ တစ်ခု စဉ်းစားမိတာက “စကားပြေ တစ်ပုဒ် ရေးသည်” ဆိုတဲ့ စကားပြေကို “ဇဂဗျေ တစ်ပုဒ်ရေးတယ်” လို့တော့ ရေးတာ မတွေ့ဖူးတာပါ။

စကားပြေနဲ့ စကားပြော

“စကားပြေ” နဲ့ “စကားပြော” ဟာ နှစ်လုံးတည်း (ထဲ) နဲ့ ကပ်ရှုပ် နေတတ်ပါတယ်။ စကားပြော အသံထွက် အတိုင်း ရေးတာကို “စကားပြေ” လို့ခေါ်တယ် မဟုတ်လား။ ကဗျာမှာလည်း “စကား ပြောရစ်သမ်” နဲ့ရေးတယ်ဆိုတဲ့ ကဗျာတွေ ရှိတယ်။ စကားပြောသလို ရေးထား တဲ့ “စကားပြေ” နဲ့ စကားပြော ရစ်သမ် နဲ့ရေးစပ်တဲ့ “ကဗျာ” တွေလို့ပဲ ပြောကြ၊ ရေးကြတာ တွေ့ဖူးတယ်။

“စကားပြော” မှာတော့ “စစ်”တာ “မစစ်” တာရယ်လို့ မရှိနိုင်ပါဘူး။ စကား ပြောသလို ရေးတဲ့ အခါမှာပဲ စကား ပြောသလို အသံထွက် အတိုင်း ပီပီပြင်ပြင် မရေးဘဲ စာသံ ပေသံနဲ့ရော ထွေးနေတာမျိုးပဲ ရှိနိုင်ပါတယ်။

မှားတတ်တဲ့ အမှားများ
မြန်မာစာကို စနစ်တကျ ရေးနိုင်ပြီး မြန်မာ စကားကို မှန်မှန်ကန်ကန် ပြောနိုင်ဖို့ မှားတတ်တဲ့ အမှားတွေကို သိထားဖို့ လိုအပ်ပါတယ်။ နမူနာ လောက်ပဲ တင်ပြနိုင်ပါတယ်။ ပဲ နဲ့ ဘဲ။ ။ “ပဲ” ဟာ အနက်စွဲ အရေး။ “ပဲ၊ ပက်၊ ပင်” ဟာ အနက် တူ။ ဒါကြောင့် ဒီလိုသုံးတယ်။

၁။
လူပဲ၊ နတ်ပဲ၊ ဗြဟ္မာပဲ၊ သူပဲ၊ ငါပဲ၊ ဆရာပဲ၊ ကျောင်းသားပဲ၊ စာအုပ်ပဲ၊ အိမ်ပဲ၊ ကျောင်းပဲ၊ မြစ်ပဲ... “ပဲ၊ ပင်” ရဲ့ အနက်ဟာ ပေါင်းစည်းနက် ဖြစ်ပြီး “စင်စစ်” လို့ အနက်ဖွင့်ရင် ရနိုင်တယ်။ “ပက်” က ရှေးက သုံးစွဲရိုး။ လူပဲ = လူစင်စစ်၊ နတ်ပဲ = နတ်စင်စစ်၊ ဗြဟ္မာပဲ = ဗြဟ္မာစင်စစ်... “ပင်၊ ပင်လျှင်” တို့နဲ့ ဖလှယ်နိုင် ပြီး “စင်စစ်” လို့ အနက် ပေးလို့ရရင် “ပဲ” ကို သုံးပါတယ်။ စားပဲ စားနိုင်လွန်း၊ တတ်ပဲ တတ်နိုင်လွန်း၊ ပြောပဲ ပြောနိုင်လွန်း၊ သောက်ပဲ သောက်နိုင်လွန်း စသဖြင့်ပေါ့။

“ဘဲ” ဟာ “ဖဲ” ရဲ့ အသံစွဲအရေး ဖြစ်တယ်။ “ဖဲ” ဆိုတာ ဖဲကြဉ်ခြင်း အနက်၊ ဖဲခွာခြင်း အနက် ရှိတယ်။ ရှောင်ကြဉ်တာ၊ တားမြစ်တာ၊ ငြင်းပယ် တာပေါ့။ ဒါကြောင့် “ဘဲ” ကို တားမြစ် ခြင်းအနက်၊ ငြင်းပယ်ခြင်း အနက်ရှိတဲ့ “မ” နဲ့ တွဲပြီး သုံးကြရတယ်။ ဒီလိုလေ။ “မသိဘဲ၊ မစားဘဲ၊ မသွားဘဲ၊ မလာ ဘဲ၊ မကျက်ဘဲ၊ မဖတ်ဘဲ စသဖြင့်ပေါ့။(မ...(ကြိယာ)...ဘဲ)

ဖက် နဲ့ ဘက်

“ဖက်” မှာ အနက် ရှိတယ်။ “ဘက်” မှာ အနက်မရှိ။ “ဖက်” ဟာ အနက်စွဲ အရေး။ “ဘက်” က အသံစွဲ အရေး။

၁။
ကြိယာ “ဖက်”- သာဓက။ စုံဖက်၊ စွက်ဖက်၊ ဖက်စပ်၊ ဖက်တွဲ၊ လိုက်ဖက်၊ ယှဉ်ဖက်၊ ဆွဲဖက်၊ တွဲဖက်၊...

၂။
အဖော်အဖက်- သာဓက။ ကူဖော်လောင်ဖက်၊ ကြင်ဖော်ကြင်ဖက်၊ ဆေးဖော်ကြောဖက်၊ ဆေးဖော်ဝါးဖက်၊ လုပ်ဖော်ကိုင်ဖက်၊ သွားဖော်လာဖက်၊ ...

၃။
သင်္ချာနဲ့ တွဲတဲ့ “ဖက်”- သာဓက။ တစ်ဖက်တစ်ချက်၊ နှစ်ဦးနှစ်ဖက်၊ သုံး ဖက်မြင်၊ လေးဖက်နာ၊ အနားငါးဖက် ပဉ္စဂံ၊ လေးလုံးခြောက်ဖက်၊ ...

၁။
အရပ်မျက်နှာနဲ့ တွဲရင် “ဘက်”- သာဓက။ အရှေ့ဘက်၊ အနောက်ဘက်၊ တောင်ဘက်၊ မြောက်ဘက်၊...

၂။
တည်နေရာနဲ့ တွဲရင် “ဘက်”- သာဓက။ အိမ်ဘက်မှာ၊ ဈေးဘက်မှာ၊ မြစ်ဘက်မှာ၊ ရွာဘက်မှာ၊ တောဘက် မှာ၊ ၀ဲဘက်၊ ယာဘက်၊ ...

၃။
သူ၊ ငါ၊ ကျား၊ မ စတာတွေနဲ့ တွဲရင် “ဘက်”-သာဓက။ သူ့ဘက်၊ ငါ့ဘက်၊ ကိုယ့်ဘက်၊ ယောက်ျားဘက်၊ မိန်းမဘက်၊ လင်ဘက်၊ မယားဘက်၊ အဖေ့ဘက်၊ အမေ့ဘက်၊ ဆရာ့ဘက်၊ တပည့်ဘက်၊...

၎။
“အစ” စကားလုံးဖြစ်ရင် “ဘက်”-သာဓက။ ဘက်ကန်၊ ဘက်စုံ၊ ဘက်ပေါင်းစုံ၊ ဘက်လိုက်၊ ဘက်မ လိုက်၊...

၅။
ခြွင်းချက်- ရဲဘော်ရဲဘက်

ဖူး နဲ့ ဘူး

“ဖူး” ကို ပစ္စည်းအနေနဲ့ သုံးမယ်ဆိုရင် “ပူးယှဉ်ခြင်း၊ ထိတွေ့ခြင်း၊ ကြုံကြိုက်ခြင်း၊ ပေါင်းစည်းခြင်း” ဆိုတဲ့ မူလအနက်တွေနဲ့ပဲ ဆိုင်ရာ ကြိယာကို ထင်ရှားအောင် အထောက်အကူပြုနေတာ တွေ့ရတယ်။

သာဓက။ စားဖူးသည်၊ မြင်ဖူး သည်၊ တွေ့ဖူးသည်၊ ကြားဖူးသည်၊ ကြံစည်ဖူးသည်၊ စိတ်ကူးဖူးသည်။ “ဘူး” ဟာ အသံစွဲ အရေး။ မူလ အနက်မရှိ။ “ဖူး” ရဲ့ မူလအနက်ပဲဖြစ် တယ်။ “ဘူး” မှာ ငြင်းပယ်ခြင်း အနက် ရှိပြီး “မ” နဲ့ ယှဉ်တွဲလို့ “မဖြစ်နိုင် ကြောင်း” သေချာတာကို ပြပါတယ်။-သာဓက။ မမြင်ဘူး၊ မစားဘူး၊ မပြော ဘူး၊...(မ...ဘူး)

အနက်စွဲ အသံစွဲရေးနည်း

အနက်စွဲ/ အနက်စွဲ အရေးဆိုတာ အနက်ရှိတဲ့ စကားလုံးကို မူလအတိုင်း ရေးတဲ့ “အရေး” ဖြစ်ပါတယ်။ က၊ ခ၊ င၊ စ၊ ဆ၊ ည၊ တ၊ ထ၊ န၊ ပ၊ ဖ၊ မ ဆိုတဲ့ ဗျည်း ၁၂ လုံးဟာ အနက်ရှိတဲ့ ဗျည်းတွေ ဖြစ်ပါတယ်။

ဒါကြောင့် အဲဒီ ဗျည်း ၁၂ လုံးကို အသုံးပြုရေးရင် အနက်စွဲရေးနည်းလို့ ဆိုရမယ်။ ဂ၊ ဃ၊ ဇ၊ ဈ၊ ဒ၊ ဓ၊ ဗ၊ ဘ ဆို တဲ့ ဗျည်း ၈ လုံးဟာ အနက်မရှိ။ အသံ ပဲရှိကြတဲ့ ဗျည်းတွေပါ။ အနက်စွဲ က၊ ခ ကို အသံစွဲ ဂ၊ ဃ နဲ့ပဲဖြစ်ဖြစ်၊ အနက် စွဲ စ၊ ဆ ကို အသံစွဲ ဇ၊ ဈ နဲ့ပဲဖြစ်ဖြစ်၊ အနက်စွဲ တ၊ ထ ကို အသံစွဲ ဒ၊ ဓ နဲ့ပဲဖြစ်ဖြစ်၊ အနက်စွဲ ပ၊ ဖ ကို အသံစွဲ ဗ၊ ဘ နဲ့ပဲ ဖြစ်ဖြစ် အသံဖလှယ် ရေးကြပါတယ်။

သာဓက။ ။ ကျင်=ဂျင်၊ ကော်၊ ကော်ပြား=ဂေါ်၊ ဂေါ်ပြား၊ စွဲ=ဇွဲ၊ စေ့=စိ=ဇိ၊ (ဇိကုပ်နတ် ပြည်တင်)၊ တော်=ဒေါ်၊ တိုင်=ဒိုင်၊ ပြော၊ ပြော စည်=ဗြော၊ ဗြောစည်၊ ပြောင်= ဗြောင် လို့ အသံဖလှယ်ရေးတယ်။ တစ်ခါ အနက်စွဲ အရေး သာဓက လေးတွေ ကြည့်ကြဦးစို့။ ဂါး=ကား (ငါးလုပ်ငန်းသုံး)၊ ဂုပ်၊ ဂုပ်ဆက်=ကုပ်၊ ကုပ်ဆက်၊ ဂွကျ=ခွကျ၊ ဂွေ=ခွေ၊ ဇံရွေး=စံရွေး၊ ဇီးသီး=ဆီးသီး၊ ဒို့=တို့၊ ဒုတ်=တုတ်၊ ဒေါင့်=ထောင့်၊ ဗောင်းလန်=ပေါင်းလန်၊ ဗြုန်းမြေ=ဖြုန်း မြေ၊...

မီ နဲ့ မှီ

“မီ” ရဲ့ အနက်ဟာ “ထိမိ၊ ဆက် စပ်၊ ပူးတွဲ” လို့ရှိတယ်။ ပေါင်းယှဉ် ညီမျှတဲ့အနက် ဖြစ်ပါတယ်။
သာဓက။ ရထားမီသည်၊ ရထား ချိန်မီသည်၊ ကျောင်းမီသည်၊ ကျောင်း ချိန်မီသည်၊ စံချိန်မီ၊ စံမီ၊ ခေတ်မီ၊...၊ “မီ၊ ကြိ- လှမ်း၍ရောက်နိုင်၊ ထိနိုင် သည်၊ တိုင်ရောက်သည်”။

(မြန်မာအဘိဓာန်)၊ (မ) နဲ့တွဲသုံးတာက-မကြာမီ= မကြာခင်၊ မစားမီ=မစားခင်၊ မပြောမီ= မပြောခင်၊ မလာမီ=မလာခင်၊ မသွားမီ= မသွားခင်၊... “မီ၊ စည်း-(မ) နှင့်တွဲ၍ အချိန် မတိုင်သေးခင် အနက်ဖွင့် ထောက်ပံ့သော စကားလုံး”။

“မှီ၊ ကြိ-၁၊ တစ်စုံတစ်ရာကို ယှဉ်ကပ် အားပြုသည်။”
(မြန်မာအဘိဓာန်)၊

သာဓက။ တိုင်ကိုမှီ၊ မှီခိုသည်၊ မှီငြမ်းပြုသည်၊...(မှီ=မီစေသည်၊ မီ အောင်ပြုသည်။)

မင် နဲ့ မြား

မင်ကိုမှင်လို့ အသံထွက်ခွင့်ရှိ ပေမယ့် အဓိပ္ပာယ်မှန်ကို သိထားဖို့တော့ လိုပါလိမ့်မယ်။ အဲဒီလိုပဲ မြားကိုမြှား လို့ အသံထွက်ခွင့်ရှိပေမယ့် အဓိပ္ပာယ်ကို သိထားဖို့တော့ လိုပါတယ်။ ယပင့် “မျှား” ရင်တော့ မျှားခေါ်တာ၊ ငါးမျှားတာ၊ ငါးမျှားချိတ်တို့မှာ သုံးတယ်။

သတ်ပုံ

စာလုံးပေါင်းတွေရဲ့ အဓိပ္ပာယ်ကို သတ်ပစ်တတ်တဲ့ လွဲစေတတ်တဲ့ စာလုံးပေါင်း သတ်ပုံနဲ့ ပတ်သက်လို့တော့ ထည့်မဖော်ပြတော့ပါ။ အသတ် မခံရအောင်တော့ “သတိ၊ အသိ” ရှိကြစေချင်ပါတယ်။

သဒ္ဒါအသုံးအနှုန်း

“သဒတ်မတာ စတ်မတာ” ဆိုတော့ သဒ္ဒါ အသုံးအနှုန်းနဲ့ ပတ်သက်လို့ သိစေချင်တာလေးတွေကို တင်ပြပါမယ်။

မှ နဲ့ က

၁။
ထွက်ခွာရာကို ရည်ညွှန်းလိုရင် “က” ကို နှုတ်ပြောမှာရော အရေးမှာပါ သုံးတယ်။ “မှ” ကိုတော့ အရေးမှာပဲ သုံးပါတယ်။

၂။
ပြုသူ၊ ဖြစ်သူ၊ ရှိသူကို ရည်ညွှန်း လိုရင် နှုတ်ပြောနဲ့ အရေး ၂ ရပ်စလုံးမှာ “က” ကိုပဲ သုံးရပါတယ်။

ကို နဲ့ အား

အပြုခံရသူကို ဖော်ပြလိုရင် “ကို” သုံးပါ။
လက်ခံသူကို ဖော်ပြလိုရင် “အား” သုံးပါ။
သာဓက။ ခွေးကို ရိုက်သည်။
တိုင်ကပ်နာရီကို ကျောင်းအုပ် ဆရာမကြီးအား ပေးအပ် လှူဒါန်းသည်။

တို့၊ များ၊ တွေ

၁။
တစ်မျိုးတည်း ဒါမှမဟုတ် နှီးနွှယ် ပတ်သက်နေတဲ့ အမျိုးအစားတွေကို အကြွင်းအကျန် မရှိ တပေါင်းတစည်း တည်း (ထဲ) ဖော်ပြလိုတဲ့အခါ “တို့” ကို သုံးတယ်။

၂။
တစ်ခုမက များပြားတဲ့ အရေ အတွက်ရှိတဲ့ အမျိုးအစားကို ဖော်ပြလို တဲ့အခါ “များ” ကိုသုံးတယ်။

၃။
ပြောဟန်မှာ “တွေ” ကိုသုံးတယ်။

၎။
“များ၊ တွေ” ကို ကိန်းဂဏန်းများ နဲ့ တွဲမသုံးနိုင်ပါ။

၅။
နာမ်စားများနဲ့ တွဲမသုံးနိုင်ပါ။ တစ်ဦး တစ်ယောက်တည်း(ထဲ)နဲ့ပဲ သက်ဆိုင်တဲ့ နာမ်များနဲ့လည်း တွဲမသုံး နိုင်ပါ။ တွဲသုံးရင် အနက် အဓိပ္ပာယ်လွဲ နိုင်ပါတယ်။ သာဓက။ ငါများ ထီ ပေါက်ရင် ဘယ်လောက် ကောင်းမလဲ။

ခဲ့

၁။
အတိတ်ကာလ ပစ္စည်း မဟုတ်ပါ။ အမှန်တကယ် ပြုကြောင်း၊ ဖြစ်ကြောင်း၊ ရှိကြောင်း လေးနက်စေပြီး ကြိယာကို ကူညီ ထောက်ပံ့တဲ့ စကားလုံး ဖြစ်တယ်။ ဒါပေမဲ့ “ဦးစွာ ပြုလုပ်ခြင်း၊ အလျင်ပြု လုပ်ခြင်း” အနက်ကိုတော့ ညွှန်းပြတတ် ပါတယ်။

သာဓက။ (က) မှောင်ခဲ့တစ်ခါ၊ ပြာခဲ့ တချို့၊ ညို့ခဲ့တလီ။ (ခ) ညောင်ရမ်းမြို့ ကို...ဘယကျော်ထင်ကို ပေးတော်မူခဲ့ ၍ ပြန်တော်မူသည်။

၂။
တိုက်တွန်းနှိုးဆော်တာ၊ ၀န်ခံ ကတိပြုတာတွေကို ဖော်ပြတဲ့ဝါကျ တချို့မှာ အလေးအနက် ပြုတဲ့ သဘောနဲ့ “ခဲ့” ကို ထည့်သုံးလေ့ ရှိတယ်။ သာဓက။ ချစ်၍ခေါ်သည် လိုက်တော် မူခဲ့။ ဘကြီးလည်း ကလေးမတို့ အိမ်ကို တစ်ကြိမ်လောက် လာခဲ့ရဦးမယ်။

၃။
“လျှင်၊ သော်၊ မူ၊ ငြားအံ့” စတာ တွေနဲ့ တွဲသုံးတတ်ကြတယ်။
သာဓက။ -မိုးမပြိုဘူး ပြိုခဲ့သော်၊ အကယ်၍ ထီပေါက်ခဲ့လျှင်၊ မိတ်ဆွေ မရှိခဲ့မူ၊ ထိုသို့ ဖြစ်ခဲ့ငြားအံ့။

ရေးဟန်တချို့

“မြန်မာတွေကြား စာနဲ့စကား” ဟာ သုတေသန စာတမ်းလည်း မဟုတ်ပါ။ ကျမ်းကြီး ကျမ်းခိုင်လည်း မဟုတ်ပါ။ ပညာရှင် ပညာရှိက ရေးတာလည်း မဟုတ်ပါ။ “စကား ပြောသလို ရေးရမယ်” ဆိုတဲ့ လှုပ်ရှားမှုရဲ့ ဂယက်ကလေးတစ်ခုပဲ ဖြစ်ပါတယ်။ ရေးပါလို့လည်း မတိုက်တွန်းလိုပါ။ မရေးပါနဲ့လို့လည်း မတားမြစ်လိုပါ။ ကောင်းတယ်ထင်ရင် လုပ်ကြဖို့ပါပဲ။ ကျွန်တော်ကတော့ အခြေအနေ အချိန်အခါ အကြောင်းအရာကို လိုက်လို့ နှုတ်ပြောလိုလည်း ရေးမယ်။ စာသံပေသံ အတိုင်းလည်း ရေးမယ်။ ဖတ်တဲ့လူ နားလည်ရင် ပြီးတာပါပဲ။ ရေးဟန် တချို့ကို နမူနာ ဖော်ပြလိုက်ပါတယ်။

မူရင်းသတ်ပုံအတိုင်း ဖော်ပြထားပါသည်။ “xxx ဖျာ၊ ရိုင်၊ သင်ဖြူးများ ခင်း သူကခင်း၊ ကန့်လန့်ကာများကာသူက ကာ၊ မီးဖိုအတွက် ကျင်းတူးသူကတူး၊ ဖိုကနောက်ရှာသူကရှာ၊ သရက်ဖူး ကောက်သူကကောက်၊ ရေခတ်သူက ခတ်၊ တံမြက်လှဲသူကလှဲ၊ ထင်းခွေသူ ကခွေ၊ အလုပ်ကိုယ်စီနှင့် ပျော်ရွှင်စွာ ဆောင်ရွက်လျက်ရှိကြ၏။...”

“ပြောချင်တာက အတန်အသင့် အဆင့်မြင့်တဲ့ တိရစ္ဆာန်တွေမှာ ဗီဇအသိ စိတ်(instinct) သာမက အကြောင်း အကျိုးဆက် သိတဲ့စိတ်(ပညာ) ပါရှိနေ ကြောင်းကို သိသာပါတယ်။ သို့ဖြစ်ပါ လျက် တိရစ္ဆာန်တွေဟာ ဘာကြောင့် လူလို တိုးတက် ပြောင်းလဲမှု ဖြစ်မလာရ သလဲ။ ပညာ သင်ကြားမှု မရှိလို့ပါပဲလို့ ဆိုချင်မိပါတယ်။ ဒါဖြင့်ရင် ပညာသင်တယ် ဆိုတာ ဘာလဲ။ ဆက်ပြီး စဉ်းစား ကြရပါတော့မယ်။ ကဲ ပညာသင်တယ် ဆိုတာ ဘာလဲ။ စဉ်းစားကြည့်လိုက်ကြ စမ်းပါဦး။ အနက် ဖွင့်ကြည့်စမ်းပါဦး။ ငါပြောခဲ့တာတွေကိုလည်း သင့်၏ မသင့်၏ ဆင်ခြင်ကြည့်ကြပါ”။

“ဒါကြောင့် စစ်ပြီးမှလူဖြစ်တဲ့ လူငယ်တွေက ကော်ရင်ဂျီအလုပ်သမား တွေအကြောင်းကို မသိကြတော့ဘူး။ ဈေးပေါပေါနဲ့ အားမနာတမ်း ခိုင်းရစေရတဲ့ လူတွေ တစ်ခါတုန်းကတို့ဆီမှာ အများကြီး ရှိခဲ့ဖူးတယ် ဆိုတာကိုလည်း မသိကြတော့ဘူး။ တစ်နေ့က မလေးရှားတို့ ထိုင်းတို့မှာ တို့ဆီကအလုပ် သမားတွေ တရားမ၀င် သွားရောက်လုပ် ကိုင်နေကြတာ သိန်းဂဏန်းနဲ့တောင် ရှိတယ်။ ဒီအလုပ်သမားတွေက တိုင်းရင်းသားတွေ မလုပ်ချင်တဲ့ အလုပ်တွေမှာ ဈေးပေါပေါနဲ့ ခိုင်းလို့ရနေလို့ ခိုးဝင်တာ ဖြစ်ပေမယ့် မပြန်စေချင်ဘူး ဆိုတဲ့ သတင်းတစ်ခု ကြားလိုက်ရတော့ အမေ့မှာ ကြက်သီး ထလိုက်တာ”

“ဘိုးဘိုးရေ...ဘွားဘွားရေ” ဟု လမ်းက လှမ်းအော်ပြီး နှုတ်ဆက်သံ ကြားလို့ ထွက်ကြည့်လိုက်တော့ ကျွန်တော်တို့ မြေးဦးမလေး ဖြစ်နေသည်။ မြေးမလေးက အသက် ၁၂ နှစ်ကျော် ၁၃ နှစ်လောက် ရှိပါပြီ။ ၇ တန်းအောင်ပြီးစ ၈ တန်းတက်ရ တော့မည်။ သူ့ကို ကြည့်လိုက်တော့ ဘောင်းဘီ အညိုရောင်၊ အင်္ကျီအဖြူ ခါးရှည်ရင်စေ့လေးနှင့်။ ကျောပိုး အိတ်ကလေးကို လွယ်လိုက်လို့၊ ထမင်း ချိုင့်ကလေးကိုလည်း လက်ကဆွဲလို့၊ မနက် ၁၀ နာရီခွဲလောက်ဆိုတော့ နေကလည်း ပူလာပြီမို့ ထီးလည်း ဆောင်းလိုက်ရသေး”

ဂျာနယ်လစ် အရေးအသား

ဂျာနယ်လစ် အရေးအသားနဲ့ပတ် သက်လို့ (၇-၁၁-၂၀၀၈) ရက်ထုတ် လျှပ်တစ်ပြက် သတင်းဂျာနယ် Literature Interview တစ်ခုထဲက အပိုင်းအစလေး ကောက်နုတ် ဖော်ပြပြီး နိဂုံးချုပ်လိုက်ပါရစေ။

မောင်အေးအောင်

ဒီဘက်ခေတ် ဂျာနယ်လစ် အရေး အသားတွေမှာ စကားပြေတွေထက် စကားပြောတွေ အားသန် လာတာ တွေ့ရတယ်။ ဒါပေမဲ့ စကားပြော မစစ်တာတွေလည်း တွေ့တွေ့ နေရတယ်။ အဲဒီတော့ စကားပြေ နဲ့ စကားပြောကို အကြောင်း အရာပေါ်မူတည်ပြီး အံဝင်ခွင်ကျ ဖြစ်အောင် ဘယ်လို ရေးသင့်သလဲ။ ဘယ် နေရာကို စကားပြေ ရေးသင့်သလဲ။ ဘယ်နေရာကို စကားပြော ရေးသင့်သလဲ။

ဦးအောင်သင်း

တကယ့် တကယ် သတင်းရေးလို့ ရှိရင် စကားပြောတဲ့ အသံနဲ့ မရေးဘဲနဲ့ စာရေးတဲ့ဟန်နဲ့ ရေးတာ အကောင်းဆုံးပဲ။ စကားပြေဟန်နဲ့ ရေးတာ အကောင်းဆုံး ပဲ။ လူထုဒေါ်အမာတို့က စကားပြော ဟန်ရေးတယ် ဆိုပြီး ကြွေးကြော် လာခဲ့တာ။ ဒါတောင်မှ လူထု သတင်းစာထဲ မှာ နိုင်ငံခြား သတင်းရေးတဲ့ အခါကျ တော့ စာနဲ့ရေးတာ။ လူထု သတင်းစာ မှာကျတော့ သတင်းကို စကားပြောသလို မှ မရေးဘဲနဲ့ စကားပြေနဲ့ပဲ ရေးတာ။ ပြန် ဖတ်ကြည့်ပါလား။

ငါကတော့ တစ်ခါတလေ ကျရင် စကား ပြောသလိုကို စကားပြေနဲ့ ရေးတယ်။ ပေါ့ပေါ့ပါးပါး စကားပြေကို သုံးလို့ရတယ်။ သိပ်ပြီး တည်ကြည်လေး နက်တဲ့ ဥပဒေလိုဆို တစ်မျိုးပေါ့။ Heavy ဖြစ်တာပေါ့။ ပေါ့ပေါ့ပါးပါး စကားပြေ ရေးလို့ ရပါတယ်။ ငါ... ဒီလိုချည်း ရေးနေတာပဲ။

မောင်ဧရာ
(ရွှေအမြုတေ မဂ္ဂဇင်း၊ ဇွန်လ ၂၀၁၁)



 

No comments: