(သုံး)
ကိုနိုင်ဝင်းလည်း မဂျုံကို ချော့ရ (ဖြီးရ)ဖို့ ရှမ်းစကား တော်တော်ပြောတတ် လာတယ်။ ဒါပေမယ့် ကိုနိုင်ဝင်းလည်း စိတ်ကောက်တတ်တာပဲ။ သူ့စိတ်နဲ့ မတွေ့တဲ့အခါ သုန်သုန်မှုန်နဲ့ ဖြစ်တတ်တယ်။ ကျွန်တော် နှစ်ကြိမ်လောက် ကြုံဖူးတယ်။
တကြိမ်က သူ့ကို ကျွန်တော်က ဆရာကြီး လို့ ခေါ်မိတာကို မကျေနပ်လို့ ကလာပ်စည်းဆွေးနွေးပွဲမှာ ...
“ဒါဟာ သဘောထား ပြဿနာဖြစ်တယ်”
ဆိုပြီး စွဲချက်တင်တော့တာပဲ။ သူ ဘာအခံနဲ့ ဒီလိုပြောသလဲ ကျွန်တော် မသိဘူး။ သူက ကျွန်တော့်ကို ဆရာကြီး လို့ခေါ်လိုက် ဗိုလ်လုံ လို့ခေါ်လိုက် စိတ်ရွှင်ရင်ရွှင်သလို ခေါ်နေတာပါ။ ကျွန်တော်ကလည်း တခါတလေ ခင်မင်သမှုနဲ့ ခေါ်နေတာပဲ။
ကလာပ်စည်းအတွင်းရေးမှူးက ကျွန်တော့်ကို တောင်းပန်ဖို့ ပြောလာတော့ ကျွန်တော်လည်း ဒေါပွပြီး မတောင်းပန်နိုင်ကြောင်း၊ ဘာသဘောထားမှ မရှိဘူး၊ ခါတိုင်းလည်း သူကော ကိုယ်ကော ဒီလိုပဲ တခါတလေ ခင်မင်သမှုနဲ့ ခေါ်နေကြတာဖြစ်ကြောင်း ပြန်ပြောလိုက်တယ်။
နောက်တကြိမ်ကတော့ ကျွန်တော် ကောင်းကောင်းတောင် မမှတ်မိတော့ဘူး။ စကားထိုင်ပြောနေရင်းကနေ ကျွန်တော်က သူ့အနုပညာကို စော်ကားတယ်ဆိုပြီး ကျွန်တော့ကို ဒေါပွတော့တာပဲ။ ပြောနေကြတာတွေက အနုပညာအကြောင်းလည်း မဟုတ်ဘူး။ ရောက်တတ်ရာရာပြောနေကြတာပါ။ ကျွန်တော်လည်း တော်တော် အံ့အားသင့်သွားတယ်။ ဒီလူ ဘာအခံတွေရှိနေသလဲ မသိဘူးလို့ စဉ်းစားမိပြီး ဒေါသကိုထိန်းလိုက်ရတယ်။
သူဟာ ထိုစဉ်က အနုပညာ မှော်ပေါက်နေတယ်လို့ ထင်ပါတယ်။ ‘သူ့ရဲ့အနုပညာဖြတ်သန်းမှု အနှစ်နှစ်ဆယ်’ မြောက် အထိမ်းအမှတ် သူ့အိမ်မှာ လုပ်တာကို ကျွန်တော့ကို မဖိတ်ဘူး။ သူ့စိတ်ထဲမှာ ကြည်နေသူတချို့ကိုပဲ ဖိတ်တယ်။
သူဟာ နိုင်ငံရေးဆန်ဆန် စာတမ်းတွေလည်း ရေးတယ်။ သူ ကြည်တဲ့လူကိုပဲ ပြတယ်။ အဆန်းတော့ မဟုတ်ပါဘူး။ ထိုစဉ်က ပါတီကိုယ်၌ကလည်း စစ်အေးခေတ် ကုန်ဆုံးခါနီး အပြောင်းအလဲတရပ်အတွက် တာစူနေတာပါ။
ဒါပေမယ့် သူကော ကျွန်တော်ကော နောက်ဆုံးအချိန်အထိ ဘာအခုအခံမှမရှိဘဲ ကျွန်တော်တို့ချင်းရဲ့ ရဲဘော်ရဲဘက် သံယောဇဉ်ဟာ ခိုင်မာနေခဲ့ပါတယ်။ ကျွန်တော့်ရဲ့ ပုဂ္ဂလိကခံစားမှုနဲ့ အခါအားလျော်စွာရေးထားတဲ့ ကဗျာတချို့ကို ဘယ်ကနေ သတင်းကြားသလဲ မသိဘူး၊ လာတောင်းဖတ်တယ်။ ပြီးတော့ ...
“ခုမှပဲ ခင်ဗျားရဲ့ အရင်တုန်းကပုံကို ပြန်တွေ့ရတော့တယ်”
ကိုနိုင်ဝင်းရဲ့ လှိုက်လှဲတဲ့အပြောကို ကျွန်တော် ဖြုံသွားတယ်။ အရင်တုန်းက အောင်ငြိမ်းဟာ အခုလည်း ဒီ အောင်ငြိမ်းပါပဲ မပြောင်းလဲပါဘူး ကိုနိုင်ဝင်းရေ။
ကျွန်တော် သူ့ကို လက်ဆောင်ပေးထားတဲ့ ကုတ်အင်္ကျီကို စုတ်ချာသွားတဲ့အထိ ဝတ်တယ်။
“ကျေးဇူးပဲဗျို့၊ အင်္ကျီက ကိုယ်နဲ့အမိပဲ”
လို့ ပြောတယ်။ ၁၉၈၇ ထဲမှာပါ။ ဆောင်းတွင်းကြီး သံလွင်မြစ်ကူးပြီးတိုက်တဲ့ တိုက်ပွဲတပွဲမှာ သူ့မှာ အနွေးထည်ပါမလာလို့ ကျွန်တော့မှာပါတဲ့ ဆွယ်တာချိုင်းပြတ် နက်ပြာလေးတထည် ပေးလိုက်တယ်။ ပြန်တွေ့တော့ အင်္ကျီကောလို့မေးတော့၊ လေးလာတာနဲ့ လမ်းမှာ လွှင့်ပစ်လိုက်ကြောင်း ပြောတယ်။
“ကျွန်တော့်အဖေ အင်္ကျီပဲ၊ အမေကိုယ်တိုင် ထိုးပေးထားတာ၊ ကျွန်တော် အမှတ်တရ ယူလာတာ”
လို့ ပြောတော့ ကိုနိုင်ဝင်းဟာ ငိုင်သွားပြီး တော်တော်စိတ် မကောင်းဖြစ်ကာ ဝမ်းနည်းကြောင်းပြောပါတယ်။
၁၉၈၉ ဧပြီ ၁၇၊ ပါတီတွင်းအရေးအခင်း ပေါ်လာတော့ ပါတီဗဟိုဟာ နမ့်ခချောင်းတဖက်ကိုကူးပြီး ဆုတ်ခွာသွားရတယ်။ နောက်တနေ့မှာ ချောင်းကူးပြီး ပါတီနောက်ကိုလိုက်လာတဲ့ ရဲဘော်တွေထဲမှာ ကိုနိုင်ဝင်းနဲ့ မဂျုံလည်း ကျွန်တော်တို့နဲ့ အတူပါပါတယ်။ ဒီအချိန်ဟာ အတွေးအခေါ် အရှုပ်ထွေးဆုံးကာလပဲ။
ရက်တချို့ကြာတဲ့တနေ့ ကိုနိုင်ဝင်းက သူ တဖက်ကို ပြန်တော့မယ့်အကြောင်း ကျွန်တော့်ကို ပြောလာတယ်။ ကျွန်တော်လည်း ဘာမှ ပြန်မပြောတတ်ဘူး။ မရေရာတဲ့အနာဂတ်မှာ တယောက်နဲ့တယောက် ရိုင်းပင်းကူညီတာမှအပ အဆုံးအဖြတ် မပေးနိုင်ဘူး။ မဂျုံက မပြန်ချင်ဘူး။ ကျွန်တော်တို့နဲ့ မခွဲချင်ဘူး။ မဂျုံ ငိုပါတယ်။ ကိုနိုင်ဝင်းလည်း မျက်နှာမကောင်းဘူး။
“ပါတီက ကျွန်တော့်ကို ငွေနဲ့ဆန် ထောက်ပံ့ကူညီခဲ့တာကို ကျေးဇူးတင်ပါတယ်” တဲ့။
သူ ကျွန်တော့ကို ပြောသွားတဲ့ စကားပါ။ ဒီဘက်ကမ်းရောက်နေတဲ့ ရဲဘော်တိုင်းကို လောလောဆယ် စားရေးသောက်ရေးအတွက် ယွမ်ငွေတချို့နဲ့ ဆန် ထောက်ပံ့ပေးထားတာကို ရည်ညွှန်းပြောတာပါ။
ဆန်ကတော့ ခွဲတမ်းရယ်လို့တောင် မရှိပါဘူး။ အိမ်ထောင် လေးငါးစုအတွက် အိတ်လိုက် ချပေးထားတာပါ။ ပိုတဲ့ဆန်ကို ပြန်မအပ်တော့ဘဲ သူတည်းခိုနေထိုင်ခဲ့တဲ့ ရှမ်းရွာကအိမ်ရှင်ကို ပေးခဲ့ချင်တဲ့အကြောင်းလည်း ပြောပါတယ်။
အရေးထဲ ကျွန်တော့ကို လူကြီးလူကောင်း လာဆန်ပြနေသေးတယ်။ ကိုနိုင်ဝင်းနဲ့အတူ မဂျုံဟာ မျက်ရည်စက်လက် တဖက်ကမ်း ပြန်ကူးသွားခဲ့ပါတယ်။
နောက်ပိုင်းမှ ပြန်ကြားရတာက တဖက်မှာကျန်ခဲ့တဲ့ ပုဂ္ဂိုလ်များက အနုပညာရှင် စာရေးဆရာ နိုင်ဝင်းဆွေကို စာရေးဖိတ်ခေါ် ကြိုဆိုတဲ့အကြောင်း၊ ရဲဘော်ကျော်ဆိုင်မှ ပါတီဗဟိုသို့ နုတ်ထွက်ခွင့်ပြုရန် စာရေးခဲ့ကြောင်းတို့ပဲ ဖြစ်ပါတယ်။
ဆက်လက်ဖော်ပြပါမယ်။
No comments:
Post a Comment