(၆) Dlovement News - ဖွံ့ဖြိုးရေးသတင်းများ။
အာရှပစိဖိတ်ဒေသနိုင်ငံအများစုဟာ ‘ဖွံ့ဖြိုးဆဲနိုင်ငံများ’ လို့ အခေါ်ခံကြတဲ့ နိုင်ငံတွေ ဖြစ်ကြတယ်။ အဲဒါကြောင့် ဖွံ့ဖြိုးရေးသတင်းတွေဟာ သူတို့အတွက် အရေးပါတဲ့သတင်းတွေ ဖြစ်ရမှာပေါ့။ သူတို့ပြည်သူတွေကလည်း ဒီသတင်းမျိုးတွေကို ပိုပြီး စိတ်ဝင်စားကြမယ်လေ။
ဒါပေမယ့် ဒီသတင်းတွေဟာ ဂရုပြုသင့်သလောက် အပြုမခံကြရပါဘူး။ အသံလွှင့်ဌာနတွေဟာ ဖွံ့ဖြိုးရေးသတင်းတွေအတွက် အချိန်တော်တော်ပေးကြတာ မှန်ပါတယ်။ ပေးပေမယ့်လည်း ပေးပုံပေးနည်းက ဟန်မကျတော့ မထိရောက်ပါဘူး။ ဖွံ့ဖြိုးရေးသတင်း ဆိုတဲ့အချက်ကို အဓိပ္ပာယ်ကောက်ယူပုံက သိပ်ကျဉ်းမြောင်းလေတော့ လူထုရဲ့စိတ်ကို လှုံ့ဆော်မပေးနိုင်ပါဘူး။
ဖွံ့ဖြိုးရေး ဆိုတဲ့ အဓိပ္ပာယ်က စီးပွားရေး တိုးတက်မှုတို့၊ အမျိုးသားထုတ်ကုန် တိုးတက်မှုတို့၊ တဦးချင်းဝင်ငွေ တိုးတက်မှုတို့၊ ဘတ်ဂျက်ခွဲဝေသုံးစွဲမှုတို့ စတာတွေထက်ပိုပြီး ကျယ်ဝန်းပါတယ်။ ဖွံ့ဖြိုးတိုးတက်မှုဆိုတာ လူ့အဖွဲ့အစည်းတခုလုံးရဲ့ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးစတဲ့ အရာတွေအားလုံး တိုးတက်မှုကို ဆိုလိုတာပါ။
အဲဒီ နိုင်ငံတွေမှာရှိကြတဲ့ ပြည်သူ အားလုံးရဲ့ သာယာဝပြောမှုကို ဆိုလိုတာပါ။ အထူးသဖြင့် အဲဒီနိုင်ငံတွေက အဆင်းရဲဆုံး ပြည်သူတွေရဲ့ သာယာဝပြောရေး အတွက် စီးပွားရေး၊ လူမှုရေး၊ အရင်းအမြစ်တွေကို မျှမျှတတခွဲဝေ သုံးစွဲရေးဖြစ်တယ်လို့ ဆိုလိုတာဖြစ်ပါတယ်။
ချုပ်ပြောရရင် ဖွံ့ဖြိုးရေးသတင်းဆိုတာ ပြည်သူတွေအကြောင်း သတင်းဖြစ်တယ်။ အစိုးရစီမံကိန်းတွေ၊ အရာရှိကြီးတွေရဲ့ မိန့်ခွန်းတွေနဲ့ စီးပွားရေးလုပ်ငန်းကြီးတွေအကြောင်း သတင်းတွေချည်းမဟုတ်ဘူး။ ကိန်းဂဏန်း စာရင်းဇယားတွေလည်း မဟုတ်ဘူး။
အဲဒီ ကိန်းဂဏန်း စာရင်းဇယားတွေက ပြည်သူတွေအပေါ် ဘယ်လိုအကျိုးသက်ရောက်မှု ဖြစ်စေသလဲ ဆိုတာ ဖြစ်တယ်။ ဖွံ့ဖြိုးရေးသတင်း မှန်သမျှဟာ ပြည်သူတွေကို အခြေခံရပါမယ်။
ဖွံ့ဖြိုးရေးသတင်းဆိုတာနဲ့ အကောင်းတွေချည်း ဖော်ပြရမယ်လို့ မယူဆရပါဘူး။ အောင်မြင်နေတာတွေချည်း ပြောရမယ်လို့ မယူဆရဘူး။ လူသားတို့ရဲ့ တရားမျှတမှုတွေ၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်မှုတွေ၊ လူသားတို့ရဲ့ အခြေခံ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးမှုတွေ အားလုံးကိုလည်း ဖော်ပြရမယ်လို့ ယူဆထားရပါမယ်။
အဲဒီအခါမှာ တောင်းသူနဲ့ ပေးသူအကြား ပဋိပက္ခဖြစ်မှုဆိုတာတွေ သဘာဝအလျောက် ပေါ်လာမှာပဲ။ အဲဒီလို ပဋိပက္ခတွေ ပေါ်လာတာဟာ လူ့ဘဝရဲ့ အစိတ်အပိုင်းတခုပဲလေ။ အဲဒါတွေကို ပြည်သူ့အကျိုးဆိုတဲ့ အခြေခံနဲ့ လိမ္မာပါးနပ်စွာ တင်ဆက်နိုင်မယ်ဆိုရင် အနာဂတ်ဆုံးရှုံးမှုတွေကို ကာကွယ်တားဆီးပေးရာ ရောက်တာပေါ့။
လူတွေအတွက် အသံလွှင့်နေတာဖြစ်တယ် ဆိုတဲ့အချက်ကို အမြဲသတိရနေရပါမယ်။ ဒီအချက်ကို သတိမထားတာဟာ အသံလွှင့်လုပ်ငန်းအတွက် အကြီးမားဆုံးအန္တရာယ်ပါ။ အဲဒါကြောင့် လူတွေအတွက် အသံလွှင့်နေတာပါလား ဆိုတာကို ခေါင်းထဲမှာ စွဲနေအောင် မှတ်ထားပါ။
(၇) Human Interest - လူစိတ်ဝင်စားမှု။
လူစိတ်ဝင်စားမှုဆိုတာ လူသားတွေရဲ့ မနောအာရုံကို စွဲဆောင်စေတဲ့ လောကရဲ့ ကမောက်ကမဖြစ်မှုတွေ၊ ဟာသတွေ၊ သမုဒယတွေ၊ လျှို့ဝှက်သဲဖိုတွေ၊ ကြေကွဲစရာတွေ၊ ကရုဏာဖြစ်စရာတွေ၊ အကြောက်တရားတွေ၊ ပူဆွေးသောကတွေ၊ မစ္ဆရိယတွေ၊ သဒ္ဓါတရားတွေ၊ အထီးကျန်ဖြစ်ရမှုတွေ၊ ချို့ယွင်းမှုတွေကြားက အောင်မြင်မှုတွေ အားလုံးကို ခေါ်တာပေါ့။ကလေးလေးတွေ၊ သက်ကြီးရွယ်အိုတွေ၊ သဘာဝနဲ့ တိရိစ္ဆာန်တွေလည်း ပါတာပေါ့။ ဒီနေ့အထိတော့ အာရှပစိဖိတ်ဒေသတွင်းက အသံလွှင့်လုပ်ငန်းတွေမှာ ဒီလိုသတင်းမျိုးတွေ မပါသေးသလောက်ပါပဲ။ မီးလောင်မှုတွေ၊ ကားတိုက်သေဆုံးမှုတွေ၊ လုယက်မှုတွေ စတဲ့ သတင်းမျိုးတွေကို နောက်ဆက်တွဲလိုက်ရင်းက ကြေကွဲစရာ အဖြစ်တွေ၊ ရင်ထုမနာဖြစ်စရာ ဇာတ်လမ်းတွေ၊ နာကျည်းစရာအကြောင်းတွေကို သိလာနိုင်ပါတယ်။
ဒီလို လူစိတ်ဝင်စားမယ့် သတင်းတွေကို လွှင့်ထုတ်ပေးမယ်ဆိုရင် လူထုက ကိုယ့်အသံလွှင့်ဌာနအပေါ် စိတ်ဝင်တစား ရှိလာကြမှာပေါ့။
(၈) Weather – မိုးလေဝသ။
ပြန်ကြားရေးလုပ်ငန်းတွေ အားလုံးထဲမှာ အသံလွှင့်လုပ်ငန်းတခုသာ မိုးလေဝသသတင်းကို လူထုဆီ အမြန်ဆုံး ရောက်အောင် ပို့ပေးနိုင်တာဖြစ်တယ်။ ပင်လယ်ကမ်းခြေကို အမှီပြုနေကြရသူတွေ၊ မုန်တိုင်းကြီးတွေ၊ ငလျင်ကြီးတွေ အမြဲကျရောက်လေ့ရှိတဲ့ နေရာတွေမှာနေထိုင်ကြတဲ့ လူတွေအဖို့ မိုးလေဝသသတင်းဟာ သေရေးရှင်ရေးတမျှ အရေးကြီးတဲ့ သတင်းပါ။ အဲဒါကြောင့် မိုးလေဝသအခြေအနေကို အမြဲတမ်း ဂရုတစိုက် ထုတ်လွှင့်ပေးသင့်ပါတယ်။ (၉) Sport - အားကစား။
ကမ္ဘာတဝှမ်းလုံး နိုင်ငံရေးအသွေးအရောင် အယူအဆ မရွေး၊ အသားအရောင်နဲ့ လူမျိုးမခြား စိတ်ဝင်စားမှု အများဆုံး ရှိကြရာမှာ တူညီတာဆိုလို့ အားကစားတခုပဲရှိပါတယ်။ အဲဒါကြောင့် အသံလွှင့်သတင်းသမားဟာ အားကစားအကြောင်းကိုလည်း ဟိုစပ်စပ် ဒီစပ်စပ်တော့ သိအောင်လုပ်ထားရပါမယ်။ဆက်လက်ဖော်ပြပါမယ်။
No comments:
Post a Comment