(လေး)
ပါတီဗဟို ကိုယ်စားလှယ်အဖွဲ့အနေနဲ့ မာနယ်ပလောသို့ရောက်ရှိပြီး ABSDF ရုံးမှာ ကျွန်တော်တို့ တည်းခိုနေတဲ့သတင်းကြားလို့ ကိုနိုင်ဝင်း ပေါက်ချလာတယ်။ နောက်တနေ့မှာ လျှိုလေးတခုခြားတဲ့ တောင်ကုန်းလေးတကုန်းပေါ်က သူ့တဲအိမ်လေးကို ကျွန်တော်တို့ သွားလည်ကြတယ်။ ကျောင်းသားရဲဘော်တချို့ လိုက်ပို့တယ်။
မဂျုံဟာ ကျွန်တော့်ကိုတွေ့တာနဲ့ ဝမ်းသာဝမ်းနည်းဖြစ်ပြီးငိုပါတယ်။ ကိုနိုင်ဝင်းလည်း မျက်နှာမကောင်းဘူး။ နွမ်းလျအားငယ်မှုကြောင့် စကားတောင် မထွက်ဘူး။ မဂျုံကပဲ တွေ့တွေ့ချင်း …
“ကိုအေးသန်း ဘာနဲ့လာသလဲ၊ ဘယ်တော့ပြန်မလဲ၊ ကျမလည်း လိုက်မယ်”။
ကျွန်တော့်ဇနီးကော နေကောင်းလား။ ဘယ်သူဘယ်ဝါ နေကောင်းလား စသဖြင့်မေးတယ်။ ကျွန်တော် ဘာ ဖြေရမယ် မသိဘူး။
“လေယဉ်ပျံနဲ့လာတာ၊ အဝေးကြီးပဲ၊ ဘယ်တော့ပြန်မယ် မသိသေးဘူး”။
ကျွန်တော်က စိတ်မကောင်းတဲ့ကြားက ရယ်ရွှန်း ဖတ်ရွှန်းလုပ်ကာ စကားဝိုင်းကို ဟာသနှောပြီး ဖန်တီးလိုက်တယ်။ ကိုနိုင်ဝင်းပြောတာတွေ မေးတာတွေအများကြီးပဲ။ သူပြောတာက ဒီလိုပါ။
“ဥက္ကဋ္ဌ (သခင် ဗသိန်းတင်)နဲ့ တွေ့ချင်တယ်။ ဖုန်းနံပါတ် ပါသလား။ ဥက္ကဋ္ဌ မှန်တယ်။ လက်နက်ကိုင်တော်လှန်ရေး မစွန့်လွှတ်တာ မှန်တယ်။ ကျွန်တော် အလယ်ပိုင်း (ပါတီရဲ့ အလယ်ပိုင်းဗျူရိုဒေသကို ပြောတာပါ)ကို ပြန်လာချင်တယ်။ ရဲဘော်တွေ နေကောင်းကြရဲ့လား”။
နောက်ပြီး သူသိချင်တဲ့ လူတယောက်အကြောင်းကို မေးပါတယ်။
ကျွန်တော် ပြန်ပြောတာက “ဖုန်းနံပါတ်တော့ မပါဘူး။ ဘာတီးလစ်နာ (အရှေ့မြောက်ကို ရောက်ဖူးတဲ့ ဆွီဒင် သတင်းထောက်၊ ထိုစဉ်က သူ မာနယ်ပလော ရောက်နေတယ်) ထံမှာ တောင်းကြည့်ပါ။ ခင်ဗျား ဒီမှာ မပျော်ရင် အလယ်ပိုင်းကို အချိန်မရွေး ပြန်လာခဲ့။ မာနယ်ပလော ရောက်နေတဲ့ ‘ရလလဖ’ ကိုယ်စားလှယ်အဖွဲ့ကို ကျွန်တော် ပြောထားမယ်။ ခင်ဗျားလည်း သူတို့နဲ့ ရင်းနှီးတာပဲ။ ကျွန်တော်က ဘယ်တော့ပြန်ဖြစ်မယ် မသိသေးဘူး။”
သူ သိချင်တဲ့လူအကြောင်းလည်း ကျွန်တော်သိသလောက် ပြောပြလိုက်တယ်။ သူတို့တသိုက် လက်နက်ချပြီး ဗမာပြည်ထဲဝင်သွားပြီ ဖြစ်ကြောင်း။ ကိုနိုင်ဝင်း ငိုင်သွားတယ်။ မယုံနိုင်အောင် ဖြစ်နေတယ်၊ နောက်မှ သူက ပြောတယ်။
“ကျွန်တော့်ကို ထိုင်းနယ်စပ်သွားပြီး ကျောင်းသားတွေကို စည်းရုံးဖို့ သူလွှတ်တာပဲ”။
သူ့ကို ကျွန်တော် လောလောဆယ် အကူအညီပေးနိုင်တာ ဒါလောက်ပဲ။ ကျွန်တော်ကိုယ်၌ကလည်း ရှေ့မှာ ဘာတွေကြုံတွေ့ရဦးမလဲ မရေရာဘူး။ ရဲဘော်တွေပြောပြလို့ သူ့သတင်းတချို့ကို ကျွန်တော် ကြားခဲ့ပြီးဖြစ်တယ်။ ဝ နယ်မှာ သူ အတော်လန့်သွားတယ်။ အိမ်ထဲက အိမ်ပြင် နောက်ဖေးနောက်ဖီသွားဖို့တောင် မထွက်ရဲဘူး။
ဗိုလ်ခင်ညွန့်က ဝ ခေါင်းဆောင်တွေကို ဗကပဟောင်းတွေကို လက်မခံဖို့ ဖိအားပေးတော့ သူတို့ အနေမချောင်တော့ဘူး။ တပ်ပေါင်းစုတပ်ဖွဲ့နဲ့အတူ အလယ်ပိုင်းကို ရောက်လာတော့ အလယ်ပိုင်းဟာ သူထင်သလို မဟုတ်ဘူး။ ပါတီနဲ့အတူ တစည်းတလုံးတည်း ရပ်တည်နေကြတာ တွေ့ရတော့ သူ တော်တော် ခြောက်ခြားသွားတယ်။ သူအသတ်ခံရတော့မယ်လို့ ထင်နေတယ်။
သူနဲ့ရင်းနှီးတဲ့ ရဲဘော်တယောက်ကို ကျွန်တော်တို့ချင်း ခုမှသိကြတာ မဟုတ်ဘူးနော်၊ ရင်းနှီးကြတာ ကြာပြီနော်လို့ ခဏခဏ လာလာပြောနေလို့၊ အဲဒီရဲဘော်က အခြေအနေကို ရိပ်မိပြီး “ခင်ဗျား ဘာမှမဖြစ်စေရဘူး၊ စိတ်ချ။ ဟိုမှာ မပျော်ရင် အချိန်မရွေးပြန်လာ” ဖို့ နွေးနွေးထွေးထွေး မှာလိုက်ကြောင်း ကျွန်တော်သိထားတယ်။ (ပါတီရဲ့ အရှေ့မြောက်ဒေသ ရာဇဝင်မှာ ဘယ်သူ့ကိုမှ ဖြုတ်၊ ထုတ်၊ သတ် လုပ်ခဲ့တာ မရှိဘူး။ ဥက္ကဋ္ဌ သခင်ဗသိန်းတင်က သူ မသိဘဲ ဘယ်ရဲဘော်ကိုမှ သတ်ဖြတ်အရေးယူတာ မလုပ်ရဘူးလို့ အမိန့်ထုတ်ထားတာ အရှေ့မြောက် ဖြတ်သန်းဖူးသူတိုင်း သိပါတယ်)
၁၉၉၁ မိုးအကုန်ဆောင်းအကူးမှာ ကျွန်တော် အလယ်ပိုင်းကို ပြန်ရောက်တယ်။ နောက်အတော်ကြာမှ မာနယ်ပလောမှ ပြန်လာတဲ့ ‘ရလလဖ’ ကိုယ်စားလှယ် ဗိုလ်မှူးနဲ့ လူချင်းတွေ့တော့ ကိုနိုင်ဝင်းက သူ အလယ်ပိုင်းကိုလာရင် လက်ခံမလားလို့ မေးကြောင်း၊ ရလလဖ (ဗဟို)သို့ တင်ပြပေးပါမယ်လို့ ဖြေလိုက်ကြောင်း၊ ကျွန်တော့်ကိစ္စလောက်နဲ့ ဗဟိုကို တင်ပြမနေပါနဲ့လို့ပြောကြောင်း ပြန်ကြားရတယ်။
ကျွန်တော်ကလည်း ရလလဖ ကိုယ်စားလှယ်ကို ကြိုပြောမထားနိုင်ခဲ့ဘူး။ ကိုနိုင်ဝင်းရဲ့ဆန္ဒကို မဖြည့်ဆည်းပေးနိုင်ခဲ့ဘူး။
ကိုနိုင်ဝင်းနဲ့အတူ မာနယ်ပလောပါသွားတဲ့ ရဲဘော်ဟောင်းတဦးနဲ့ အလယ်ပိုင်းမှာ ကျွန်တော် ဆုံတယ်။ ကျွန်တော်တို့ချင်း အခင်မင်မပျက် စကားတွေ ပြောဖြစ်ကြတယ်။ သူက ယခုလိုပြောပြတယ်။
“ပါတီထဲမှာ ကျွန်တော်တို့ ပြောချင်တာပြော လုပ်ချင်တာလုပ် ဘာမှမဖြစ်ဘူး။ ပါတီက နားလည်ခွင့်လွှတ်တယ်။ ဟိုမှာက မချောင်ဘူး၊ ကိုယ့်ကိုနားလည်တာ မဟုတ်ဘူး၊ အပြောအဆိုမှားရင် ဒုက္ခရောက်သွားနိုင်တယ်။ ဒါကြောင့် ကျွန်တော် ပြန်ပြေးလာတာ။ ကျွန်တော်လည်း ပြန်စဉ်းစားကြည့်တယ်၊ ပါတီအပေါ် ကျွန်တော်တို့ လုပ်ပုံကိုင်ပုံတွေက မဟုတ်ဘူး။ ကျွန်တော်လည်း ဘာကောင်မှ မဟုတ်ပါဘူး၊ ခင်ဗျားလည်း သိမှာပါ။ ကိုကျော်ဆိုင်လည်း ဟိုမှာ ပျော်တာမဟုတ်ဘူး၊ ကျွန်တော် သိပါတယ်”။
ဆက်လက်ဖော်ပြပါမယ်။
No comments:
Post a Comment