Friday, May 6, 2011

အသံလွှင့်သတင်း (၁)


“အသံလွှင့်လုပ်ငန်းမှန်သမျှဟာ အတတ်ပညာအဆင့်အတန်းကို အစွမ်းကုန် မြှင့်တင် ထိန်းသိမ်းထားကြရပါမယ်။ နှီးနှောဖလှယ်ပွဲ တက်ရောက်သူတွေအမြင်မှာ အသံလွှင့်လုပ်ငန်းတွေ ကြုံတွေ့နေရတဲ့ ပြဿနာအများစုဟာ ပညာပိုင်း ဆိုင်ရာချဉ်းကပ်မှု ချို့တဲ့တာကြောင့် ဖြစ်ရတယ်လို့ သတ်မှတ်ကြတယ်။

ဒီလို ချို့တဲ့တော့ အသံလွှင့်သတင်း တင်ဆက်မှု၏တွေ ညံ့ဖျင်းလာတယ်။ အသံလွှင့်သမားတွေရဲ့ ကျွမ်းကျင်မှု အရည်အသွေးတွေ တုံးသွားတယ်။ အဲဒါကြောင့် အသံလွှင့်လုပ်ငန်းမှာ အရည်အချင်း ပြည့်ဝကျွမ်းကျင်သူတွေကို ရွေးချယ်ခန့်ထားပြီး ချမှတ်ထားတဲ့ မူဝါဒဘောင်အတွင်းက လွတ်လပ်စွာ ဆုံးဖြတ်လုပ်ကိုင်ခွင့် ပြုသင့်တယ်”


အာရှနဲ့ ပစိဖိတ်ဒေသ အသံလွှင့်လုပ်ငန်းဌာန အကြီးအကဲများရဲ့ အဲဒီသုံးသပ်ချက်ဟာ အပြည့်အဝ မှန်တယ်လို့တော့ မယူဆပါဘူး။ အသံလွှင့်လုပ်ငန်းအပေါ် ပြည်သူရဲ့ယုံကြည်မှု လျော့ပါးကျဆင်းသွားရခြင်းဟာ ဗြူရိုကရက် ချုပ်ကိုင်မှုကြောင့် တခုတည်း မဟုတ်ပါဘူး။

ပြန်ကြားရေးလုပ်ငန်းတွေကို အရင်းရှင်ကြီးတွေက အုပ်စီးပြီး စီးပွားရေး လုပ်ငန်းကြီးတွေအဖြစ် လုပ်ကိုင်နေကြတာကြောင့်လည်း ဖြစ်ပါတယ်။ လွတ်လပ်စွာ ရေးသားပြောဆိုခွင့် ဘယ်လောက်ကြီးရှိတယ် ပြောပြော၊ လုပ်ငန်းပိုင်ရှင်သူဌေးကြီးတွေရဲ့ အဆုံးအဖြတ်က နောက်ဆုံးမှာ အခရာ ဖြစ်နေတာပါပဲ။ အဲဒါကြောင့် ပြည်သူလူထုက အပြည့်အဝ ယုံကြည်ကိုးစားမှု မပြုကြတာပါ။

သတင်းစာသမား၊ အသံလွှင့်သမားဆိုတာ အစိုးရရဲ့သတင်းကို ပြည်သူသိအောင် လုပ်ပေးရသလို ပြည်သူတွေရဲ့ သတင်းကိုလည်း အစိုးရသိအောင် လုပ်ပေးရပါတယ်။ အဲဒါကြောင့် သတင်းသမား၊ အသံလွှင့်သမားဟာ ပြည်သူတွေရဲ့ အကြောင်းကို အမြဲစိတ်ဝင်တစား ရှိနေရပါတယ်။

ပြည်သူတွေ ဘယ်လို နေထိုင်စားသောက်နေကြရတယ်၊ ဝင်ငွေ ထွက်ငွေ အခြေအနေတွေ ဘယ်လိုရှိနေတယ်၊ လုပ်ခနဲ့ ကုန်ဈေးနှုန်း အချိုးအဆ ဘယ်လောက်ရှိနေတယ် စတဲ့ စတဲ့ အရာတွေ အားလုံးကို အမြဲလေ့လာထိတွေ့နေရပါတယ်။

ဒီနေ့ သတင်းပြန်ကြားရေးလုပ်ငန်းမှန်သမျှဟာ ဘုရင်နဲ့ ဘုရင်မတွေ၊ သမ္မတနဲ့ ဝန်ကြီးချုပ်တွေ အကြောင်းတွေကလွဲရင် နိုင်ငံစုံ ကော်ပိုရေးရှင်းကြီးတွေရဲ့ တခုကိုတခု မြိုနေကြတဲ့ အကြောင်းတွေ၊ ကော်ပိုရေးရှင်းကြီးတွေရဲ့ အကြီးအကဲနေရာ အပြောင်းအလဲဖြစ်မှု အကြောင်းတွေ စတာမျိုးတွေကိုသာ သတင်းအဖြစ် ဖော်ပြနေကြပါတယ်။

အလုပ်သမားတွေရဲ့ လုပ်ခနဲ့ ငွေကြေးဖောင်းပွမှုအချိုးအဆက ဘယ်လို၊ လုပ်ခတိုးနှုန်းနဲ့ ကုန်ဈေးနှုန်းတက်မှုနှုန်းက ဘယ်ပုံ၊ လူမှုဖူလုံရေး ခံစားခွင့်အကျိုးက ဘယ်လောက်၊ အခွန်အတုတ်တွေက ဘယ်မျှဆိုတဲ့ ပြည်သူအများစုနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ အကြောင်းကိစ္စတွေကျတော့ သိပ်ပြီးအလေးထား ရေးသားထုတ်လွှင့်လေ့ မရှိကြတော့ပါဘူး။ အဲဒါကြောင့် ပြန်ကြားရေး လုပ်ငန်းတွေအပေါ်မှာ ပြည်သူလူထုရဲ့ ယုံကြည်ကိုးစားမှု လျော့ပါးကျဆင်းလာရတာပါ။

‘သတင်း’ ဆိုတာ ဘာလဲဆိုတာနဲ့ ပတ်သက်လို့ ယူနက်စကိုအဖွဲ့ကြီးမှာ တွဲဖက်ကျွမ်းကျင်မှု ပညာရှင်အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ Paul De Maeseneer က ဒီလိုရေးခဲ့ပါတယ်။

‘သတင်း ဆိုတာ ဘာလဲ’ ဆိုတဲ့ မေးခွန်းကို တိတိကျကျဖြေဖို့ အဖြေမရှိပါဘူး။ နိုင်ငံတခုချင်းရဲ့ လိုအပ်ချက် အလိုက်၊ ဖွံ့ဖြိုးတိုးတက်မှုအဆင့်အလိုက် ကွဲပြားခြားနားစွာ အဓိပ္ပာယ်ဖွင့်ဆိုကြမှာပါပဲ။

လက်တွေ့အလုပ်သဘော လိုအပ်ချက်အရ အဓိပ္ပာယ်ဖွင့်ကြတာက – “သတင်းဆိုတာ ပြည်သူလူထုက စိတ်ဝင်စားပြီး သူတို့အတွက် အကျိုးသက်ရောက်မှု တစုံတရာဖြစ်စေတဲ့၊ ထူးခြားပြီး လတ်တလော ဖြစ်ပွားပေါ်ပေါက်တဲ့ အကြောင်းကိစ္စသစ် တခု” လို့ ဖြစ်ပါတယ်။

“ထူးခြားမှုဆိုတာ သတင်းရဲ့ အခြေခံတန်ဖိုးပါ။ နောက်တန်ဖိုးတခုကတော့ လောလောလတ်လတ် ဖြစ်ပွားခြင်းဆိုတဲ့ အရာပါ။ နောင်မှာ ဖြစ်ရန်၊ လုပ်ရန် ရည်ရွယ်ထားတဲ့ ရည်ရွယ်ချက်ဆိုတာက သတင်းအနေနဲ့ သိပ်တန်ဖိုးမရှိလှပါဘူး”

“အသံလွှင့်လုပ်ငန်းက ပြည်သူလူထုရဲ့ ရေရှည်အကျိုးစီးပွားကို ထမ်းဆောင်တဲ့နေရာမှာ ထိရောက်မှုရှိစေဖို့အတွက် အခိုက်အတန့် နိုင်ငံရေးအမြင်အတွေးကို ဗြူရိုကရက်ထိန်းချုပ်မှုတို့က အတားအဆီး အနှောင့်အယှက် မဖြစ်စေသင့်ပါဘူး။ ပြည်သူလူထုရဲ့ ယုံကြည်ကိုးစားမှု ဆိတ်သုဉ်းမသွားစေသင့်ပါဘူး”

ဆက်လက်ဖော်ပြပါမယ်။ 

No comments: