- ကုလစုံစမ်းရေးကော်မရှင်ဖွဲ့ရေး အမေရိကန်သမ္မတကို တိုက်တွန်း
- လူ့အခွင့်အရေး အမှတ်တံဆိပ် ဖန်တီးရေး လှုပ်ရှားမှု ဒေါ်စု ပါဝင်
- မူဆလင်နိုင်ငံများတွင် ဘင်လာဒင်အပေါ် ထောက်ခံမှု ကျဆင်း
- ဘင်လာဒင် စုံစမ်းရေး နိုင်ငံတကာ ပျက်ကွက်မှုအဖြစ် ပါကစ္စတန် အပြစ်တင်
- ပြည်သူ့ဂုဏ်ရည်ဆုအတွက် ဆန်ခါတင် ၅ ဦး စာရင်းထွက်ပေါ်
- NLD ရုံးချုပ်၌ အင်္ဂလိပ်စာသင်တန်း ပေးမည်
- အလုပ်သမားအဖွဲ့ချုပ် ဦးဆောင်ဖွဲ့ စည်းရေး NLD က ပြန်လည် ရှင်းလင်း
- ရှမ်းပြည် တရားမဝင် ဘိန်းစိုက်ပျိုးမှု အာဏာပိုင်များ ငွေကြေးယူခွင့်ပြု
- မလေးရှားနိုင်ငံတွင် ပုဂ္ဂလိက တက္ကသိုလ် ကျောင်းများထဲမှ ကျောင်းအချို့ပိတ်သိမ်းခံရ
အာဆီယံထိပ်သီး အစည်းအဝေးမှာ မြန်မာ့အရေး ဆွေးနွေးမည်
By ဗွီအိုအေ (မြန်မာဌာန) ဗုဒ္ဓဟူး, 04 မေ 2011
ဒေသတွင်း စီးပွားရေးနဲ့ ယဉ်ကျေးမှု ဖွံ့ဖြိုးရေးဆိုင်ရာ ထိပ်သီးစည်းဝေးပွဲ တက်ရောက်ဖို့ အာဆီယံ အရှေ့တောင်အာရှ နိုင်ငံများ အသင်းက ခေါင်းဆောင်တွေ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ ရောက်နေကြပါတယ်။
ဒီထိပ်သီးစည်းဝေးပွဲအတွင်း မြန်မာနိုင်ငံက လူ့အခွင့်အရေးကိစ္စ အပါအ၀င် ထိုင်းနဲ့ ကမ္ဘောဒီးယား နှစ်နိုင်ငံအကြား ဖြစ်ပေါ်နေတဲ့ ပဋိပက္ခနဲ့ တောင်တရုတ် ပင်လယ်ပြင်အတွင်း နယ်မြေပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ကိစ္စတွေကို ဦးစားပေး ဆွေးနွေးကြမယ်လို့ ဆိုပါတယ်။
မြန်မာအစိုးရ အနေနဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေးတွေ မလုပ်ဆောင်သေးသ၍ ၂၀၁၄ ခုနှစ်မှာ အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ ASEAN အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူဖို့ လျှောက်ထားတာကို အာဆီယံ ခေါင်းဆောင်တွေက ပယ်ချပေးဖို့ ဒေသတွင်း လွှတ်တော်အမတ်တွေက တောင်းဆိုလိုက်ပါတယ်။ ပြုပြင်ပြောင်းလဲမှုတွေရဲ့ အစဖြစ်တဲ့ နိုင်ငံရေး အကျဉ်းသား လွှတ်ပေးတာ အပါအ၀င် ကျန်တဲ့ အခွင့်အရေးတွေကို အကောင်အထည် ဖော်ရမယ်လို့ သူတို့က ဆိုပါတယ်။
ဒါ့အပြင် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေ၊ ဒီမိုကရေစီ မူတွေကို အကောင်အထည်ဖော်မယ့် အခြေခံဥပဒေ၊ လွတ်လပ်တဲ့ သတင်းမီဒီယာ၊ စတာတွေဟာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးမှာ အဓိက လုပ်ရမယ့် ကိစ္စတွေ ဖြစ်တယ်လို့ AIPMC အဖွဲ့ရဲ့ အတွင်းရေးမှူး၊ မလေးရှားနိုင်ငံ Democratic Action Party ရဲ့ လွှတ်တော်အမတ် မစ်စ် ထရီဆာ ကော့ခ် (Teresa Kok) က ပြောပါတယ်။
မြန်မာနိုင်ငံက ဥက္ကဋ္ဌလုပ်ချင်တယ်ဆိုတဲ့ လျှောက်ထားချက်ကို အာဆီယံ ခေါင်းဆောင်တွေ ဘယ်လိုဆုံးဖြတ်မယ် ဆိုတာကတော့ လာမယ့် မေလ ၇ ရက်နဲ့ ၈ ရက်နေ့တွေမှာ ကျင်းပသွားမယ့် ထိပ်သီးအစည်းအဝေးမှာ အဖြေထွက်လာဖွယ် ရှိပါတယ်။
ကုလစုံစမ်းရေးကော်မရှင်ဖွဲ့ရေး အမေရိကန်သမ္မတကို တိုက်တွန်း
2011-05-04 RFAမြန်မာနိုင်ငံက စစ်ရာဇဝတ်မှုတွေကို ဖော်ထုတ်ဖို့အတွက် ကုလသမဂ္ဂမှာ စုံစမ်းရေး ကော်မရှင်တရပ် အမြန်ဆုံး ဖွဲ့စည်းနိုင်ရေးကိစ္စကို အမေရိကန်အစိုးရအနေနဲ့ အရှိန်မြှင့် ကြိုးပမ်းဆောင်ရွက်ဖို့ အမေရိကန် ဥပဒေပြု လွှတ်တော် အမတ် ၃၀ ကျော်က သမတ အိုဘားမားထံ မေလ ၃ ရက် မနေ့က စာရေးသား တိုက်တွန်းလိုက်ကြပါတယ်။
မြန်မာနိုင်ငံတွင်းမှာ ကျယ်ကျယ်ပြန့်ပြန့် ဆက်လက် ပေါ်ပေါက်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အမြန်ဆုံး ဖော်ထုတ် စစ်ဆေး အရေးယူနိုင်ဖို့အတွက် စုံစမ်းရေးကော်မရှင် ဖွဲ့စည်းရေး ကြိုးပမ်းမှုတွေမှာ အမေရိကန်အစိုးရက ဦးဆောင်ပြီး အရှိန်အဟုန်မြှင့် ဆောင်ရွက်ဖို့ အောက်လွှတ်တော်အမတ် ၃၁ ဦးက အခုလို စာရေးသား တောင်းဆိုလိုက်ကြတာ ဖြစ်တယ်လို့ အမေရိကန် အခြေစိုက် USCB မြန်မာ့အရေးလှုပ်ရှား ဆောင်ရွက်မှု အဖွဲ့ရဲ့ အမှုဆောင် ညွှန်ကြားရေးမှူး ဦးအောင်ဒင်က ပြောပါတယ်။
“အမေရိကန် အစိုးရရဲ့ အမြင့်ဆုံး ပုဂ္ဂိုလ်တွေပေါ့ဗျာ၊ သမတ အိုဘားမား ကိုယ်တိုင်၊ ဒီ နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် ကိုယ်တိုင် ဦးဆောင်ဦးရွက်ပြုပြီး ဆောင်ရွက်ဖို့ တောင်းဆိုတာပေါ့။ သူတို့သာ ဦးတောင်ဦးရွက် ပြုမယ်ဆိုလို့ရှိရင် တဖက်က ဆန့်ကျင်ဖက် နိုင်ငံများရဲ့ တုံ့ပြန်မှုကိုလည်း ကျော်လွှားနိုင်မှာ ဖြစ်တဲ့အပြင် ထောက်ခံတဲ့ နိုင်ငံတွေကိုလည်း ပိုပြီး စည်းရုံးနိုင်မှာ ဖြစ်ပါတယ်။”
ဒီိ စုံစမ်းရေးကော်မရှင် ပေါ်ပေါက်ရေးအတွက် အမေရိကန်အစိုးရ အနေနဲ့ ကြိုးပမ်းမှုတွေကို နှစ်ဆတိုးမြှင့်ဖို့ လွှတ်တော်အမတ် ၃၁ ဦးရဲ့ သမတထံ ပေးစာထဲမှာ တိုက်တွန်း ရေးသားထားပါတယ်။ ဒါ့ပြင် မြန်မာနိုင်ငံမှာ တိုင်းရင်းသူတွေ အဓမ္မ ပြုကျင့်ခံရမှုတွေ ဆက်လက် ဆိုးဝါးနေပြီး ချင်းပြည်နယ်က အိမ်ထောင်စု ၉၀ ရာနှုန်းကျော်မှာ အနည်းဆုံး မိသားစုဝင် ဆွေမျိုးတဦး အဓမ္မ လုပ်အားပေး ခိုင်းစေခံနေရတယ်ဆိုတဲ့ လူ့အခွင့်အရေးအတွက် သမားတော်များ (PHR) အဖွဲ့က အခုနှစ် ဇန်နဝါရီလအတွင်း ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံပါအချက်တွေကို ပေးစာထဲမှာ ကိုးကားဖော်ပြထားပါတယ်။
ဒီသမတထံ ပေးစာထဲမှာ နယူးယောက်ပြည်နယ် ဒီမိုကရက်တစ် လွှတ်တော်အမတ် ဂျိုးဆက် ခရိုလီ၊ အီလီနွိုက်စ် ပြည်နယ် ရီပါဘလီကန် လွှတ်တော်အမတ် ဒွန် မန်ဇူလိုစတဲ့ မြန်မာ့အရေး တက်တက် ကြွကြွ ဆောင်ရွက်နေတဲ့ လွှတ်တော်အမတ်တွေ ဦးဆောင် လက်မှတ်ရေးထိုးထားပါတယ်။
အခုလို အမေရိကန် အောက်လွှတ်တော်အမတ်တွေက သမတ အိုဘားမားထံ စာရေးသား တိုက်တွန်း လိုက်ကြတာနဲ့ ပတ်သက်လို့ အမေရိကန်အခြေစိုက် USCB မြန်မာ့အရေး ဆောင်ရွက်မှုအဖွဲ့ရဲ့ အမှုဆောင် ညွှန်ကြားရေးမှူး ဦးအောင်ဒင် ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ် မေးမြန်း တင်ပြထားပါတယ်။
လူ့အခွင့်အရေး အမှတ်တံဆိပ် ဖန်တီးရေး လှုပ်ရှားမှု ဒေါ်စု ပါဝင်
By ဗွီအိုအေ (မြန်မာဌာန) ဗုဒ္ဓဟူး, 04 မေ 2011နိုင်ငံတကာက လက်ခံ အသုံးပြုသွားနိုင်မယ့် လူ့အခွင့်အရေး သင်္ကေတ အမှတ်တံဆိပ်တခု ဖန်တီးရေး လှုပ်ရှားမှုမှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း ဦးဆောင် ပါဝင်လာပါတယ်။
အကဲဖြတ် အဖွဲ့ဝင် ၂၈ ဦး ပါဝင်တဲ့ ဆုရွေးချယ်ရေး အဖွဲ့ထဲမှာ တဦးအပါအ၀င် ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်က အခုလှုပ်ရှားမှုလို လူ့အခွင့်အရေးဆိုင်ရာ အသိပညာပေး လုပ်ငန်းတွေ ကြိုးစားလုပ်ဆောင်လို့ ဘယ်တော့မှ ပြီးဆုံးနိုင်မှာ မဟုတ်ဘူးလို့ ဦးဆောင်လှုပ်ရှားသူတွေထံ ဗွီဒီယို ရိုက်ကူးပြီး ပေးပို့ခဲ့တဲ့ သ၀ဏ်လွှာထဲမှာ ပြောဆိုလိုက်တာပါ။
မိမိတို့အနေနဲ့ ဘယ်နေရာမှာပဲ ရောက်နေ ရောက်နေ၊ ဘယ်ကိစ္စကိုပဲ ရုန်းကန် လှုပ်ရှားနေပါစေ၊ ဒီ လူ့အခွင့်အရေး အထိမ်းအမှတ် သင်္ကေတက လူသားတွေကို အကျိုးသက်ရောက်မှု ရှိစေလိမ့်မယ်လို့ မျှော်လင့်ပါတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေး သင်္ကေတတို့၊ အချစ်ကို ကိုယ်စားပြုတဲ့ အသည်းပုံတို့လို နိုင်ငံတကာက လက်ခံနိုင်မယ့် လူ့အခွင့်အရေး အထိမ်းအမှတ် သင်္ကေတ တခု ပေါ်ထွက်လာဖို့ လှုပ်ရှားမှုကိုတော့ ဂျာမဏီနဲ့ တခြားနိုင်ငံ အတော်များများက မနေ့က အင်္ဂါနေ့မှာ စတင်လိုက်ပါတယ်။
www.humanrightslogo.net ဆိုတဲ့ အင်တာနက် စာမျက်နှာပေါ်မှာ ဇူလိုင်လ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး လူ့အခွင့်အရေးဆိုင်ရာ သင်္ကေတ ဒီဇိုင်းပုံစံတွေ တင်သွင်းကြဖို့ ဖိတ်ခေါ်ထားတဲ့ နိုင်ငံတကာ လှုပ်ရှားမှုမှာ တိုင်းပြည် အတော်များများက ပါဝင်ကြလိမ့်မယ်လို့လည်း မျှော်လင့်ထားကြပြီး လတ်တလော သင်္ကေတပေါင်း ၂၀၀ လောက် ယှဉ်ပြိုင်ဖို့ ပေးပို့ထားကြတာပါ။
အများတင်သွင်းလာတဲ့ သင်္ကေတတွေထဲက ဆန်ကာတင် ၁၀ ခုကို အရင်ရွေးချယ်ပြီး အကောင်းဆုံးကို အများပြည်သူတွေ မဲပေး ဆုံးဖြတ်နိုင်အောင် အင်တာနက် စာမျက်နှာမှာ တင်ထားမယ်လို့ ဆိုပါတယ်။ နောက်ဆုံး အနိုင်ရသူကိုတော့ လာမယ့် စက်တင်ဘာလမှာ ကြေညာသွားမှာဖြစ်ပြီး ဆုကြေးငွေအဖြစ်နဲ့ အမေရိကန်ဒေါ်လာ ၇,၃၀၀ နဲ့ ညီမျှတဲ့ ယူရို ၅,၀၀၀ ချီးမြှင့်သွားမယ်လို့ ဆိုပါတယ်။
မူဆလင်နိုင်ငံများတွင် ဘင်လာဒင်အပေါ် ထောက်ခံမှု ကျဆင်း
Wednesday, 04 May 2011 02:39 မောက္ခ နိုင်ငံတကာသတင်းအမေရိကန် အထူးတပ်ဖွဲ့က အိုစမာ ဘင်လာဒင်ကို ပါကစ္စတန်မှာ သတ်ပစ်နိုင်ခဲ့မှုအပေါ် အမေရိကန်များ ဂုဏ်ယူ ၀မ်းသာမဆုံး ဖြစ်နေချိန်တွင် ပါလက်စတိုင်း ဒေသနဲ့ ကာတာနိုင်ငံတို့မှာ ဘင်လာဒင်သတ်ဖြတ်မှုအပေါ် ဆန့်ကျင် ဆန္ဒမှုများ ရှိခဲ့သည်။
သို့သော် အမေရိကန်တို့ အမုန်းဆုံး အလိုရှိဆုံး၊ ကမ္ဘာ့အဆိုးရွားဆုံး အစွန်းရောက် အစ္စလာမ် အကြမ်းဖက်ခေါင်းဆောင် ဘင်လာဒင်ကို မူဆလင်နိုင်ငံများတွင်ပင် လူကြိုက်များမှု ကျဆင်းနေသည်ဟု စစ်တမ်းတစ်ခုက ဖော်ပြသည်။
ဝါရှင်တန်အခြေစိုက် လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Pew Research Center ရဲ့ အိုစမာ မသေခင် နောက်ဆုံး ပြုလုပ်တဲ့ စစ်တမ်းအရ ‘အယ်လ်ကိုင်ဒါ ခေါင်းဆောင်ဟာ ကမ္ဘာ့အရေး အတွက် မှန်ကန်တဲ့ အရာတွေ လုပ်ဆောင်နေတယ်လို့ သင်ယုံကြည်ပါသလား’ ဆိုတဲ့ မေးခွန်းအပေါ် ပါလက်စတိုင်းတွေရဲ့ တုံ့ပြန်ချက်မှာ သုံးပုံတစ်ပုံကသာ ယုံကြည်ထောက်ခံ သည်ဟု ဖြေကြသည်။ ၂၀၀၃ ခုနှစ်တွင် ၄င်းမေးခွန်းအပေါ် ပါလက်စတိုင်း ၇၀ ရာခိုင်နှုန်းအထိ ထောက်ခံခဲ့ကြပြီး၊ ယခု အများကြီး ကျဆင်းသွားခဲ့သည်။
အလားတူ နိုက်ဂျီးရီးယား၊ အင်ဒိုနီးရှား၊ အီဂျစ်၊ ပါကစ္စတန်၊ ဂျော်ဒန်၊ တူရကီ၊ လက်ဘနွန် မူဆလင်နိုင်ငံများတွင်လည်း အိုစမာ ဘင်လာဒင် အပေါ် ထောက်ခံမှု ကျဆင်းသွားခဲ့သည်။ ထိုသို့ လူထု သဘောထားအမြင် ပြောင်းလဲသွားရခြင်း အဓိက အကြောင်းမှာ ဘာလီကျွန်း၊ ဂျော်ဒန်၊ အီရတ် စတဲ့ နေရာများတွင် အယ်လ်ကိုင်ဒါများရဲ့ ဆိုးရွားတဲ့ ဖောက်ခွဲမှုများ၊ အကြမ်းဖက်မှုများကြောင့် ဖြစ်သည်ဟု ဖော်ပြသည်။
၂၀၁၁ အတွက် စစ်တမ်းကို Pew Research Center က ဆက်လက် ကောက်ခံလျက် ရှိပြီး ဘင်လာဒင် အပေါ် လူကြိုက်များမှု ကျဆင်းဖို့ ရှိနေသည်ဟု ဆိုသည်။
ဘင်လာဒင် စုံစမ်းရေး နိုင်ငံတကာ ပျက်ကွက်မှုအဖြစ် ပါကစ္စတန် အပြစ်တင်
By ဗွီအိုအေ (မြန်မာဌာန) ဗုဒ္ဓဟူး, 04 မေ 2011ပါကစ္စတန်စစ်တပ် အခြေစိုက်တဲ့မြို့မှာ အိုစမာ ဘင်လာဒင် (Osama bin Laden) နေထိုင်ခဲ့တဲ့အပေါ် ရှင်းလင်းချက်ပေးဖို့ နိုင်ငံတကာက ဖိအားပေးမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ တချိန်တည်းမှာပဲ ဘင်လာဒင်ကို အချိန်မီ ဖမ်းဆီးနိုင်ခဲ့ခြင်း မရှိတာဟာ ကမ္ဘာ့ထောက်လှမ်းရေး အဖွဲ့အစည်းတွေမှာလည်း တာဝန်ရှိတဲ့အကြောင်း ပါကစ္စတန် ၀န်ကြီးချုပ်က ပြောကြားလိုက်ပါတယ်။
ပါကစ္စတန် ထောက်လှမ်းရေးဘက်က ညံ့ဖျင်းမှု ရှိခဲ့တယ်ဆိုရင် အဲဒီညံ့ဖျင်းမှုဟာ တခြား ထောက်လှမ်းရေး အဖွဲ့တွေမှာလည်း တာဝန်ရှိတယ်လို့ ပြောရမှာ ဖြစ်တဲ့အကြောင်း ပါကစ္စတန် ၀န်ကြီးချုပ် ယူဆွတ်ဖ် ရာဇာ ဂီလာနီ (Yousuf Raza Gilani) က ပဲရစ်စ်မြို့မှာ ဗုဒ္ဓဟူးနေ့က ပြောလိုက်တာပါ။
အိုစမာ ဘင်လာဒင် နေထိုင်ခဲ့တဲ့ ပါကစ္စတန်နိုင်ငံ အဘော့တာဘက် (Abbottabad) မြို့ကအိမ်ကို ၀င်စီးပြီး အမေရိကန် ရေတပ် အထူးတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ တနင်္လာနေ့က သုတ်သင်ခဲ့ကြတာ ဖြစ်ပါတယ်။
အမေရိကန်ဒေါ်လာ ၁,၀၀၀,၀၀၀ လောက် တန်ဖိုးရှိတဲ့ အိမ်ကြီးထဲမှာ ပါကစ္စတန် အာဏာပိုင်တွေရဲ့ အကူအညီနဲ့ သူ အဲဒီမှာနေတယ် ဆိုတာကို မသိဘဲ အယ်လ်ခိုင်းဒါး (al-Qaida) ခေါင်းဆောင် ဘင်လာဒင် ဒီလောက် နှစ်ကြာကြာ ဘာကြောင့် နေနိုင်သလဲ ဆိုတာကို အဖြေပေးဖို့ အမေရိကန် အရာရှိတွေက လိုလားနေကြတာပါ။
ဘင်လာဒင် နေထိုင်ခဲ့တဲ့အိမ်ဟာ ပါကစ္စတန်စစ်တပ်နဲ့ အရမ်းနီးလွန်းနေတာကြောင့် ဘင်လာဒင် အဲဒီမှာနေတယ် ဆိုတာကို ပါကစ္စတန် ထောက်လှမ်းရေးက သိကိုသိရမယ်လို့ အာဖဂန်နစ္စတန် ကာကွယ်ရေး ၀န်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောပါတယ်။ အဲဒီအိမ်ကိုတော့ ပါကစ္စတန် ရဲနဲ့ စစ်သားတွေက ဗုဒ္ဓဟူးနေ့အထိ ၀ိုင်းရံထားကြတုန်း ဖြစ်ပါတယ်။
ဘင်လာဒင်ကို အကာအကွယ် ပေးခဲ့တယ် ဆိုတာကို ပါကစ္စတန်ဘက်ကတော့ ငြင်းဆိုထားပါတယ်။
ပြည်သူ့ဂုဏ်ရည်ဆုအတွက် ဆန်ခါတင် ၅ ဦး စာရင်းထွက်ပေါ်
ဧရာဝတီ Wednesday, 04 May 2011 12:16 သတင်းတိုများအမေရိကန်ရောက် မြန်မာများ စုပေါင်းပေးအပ်သည့် ဒုတိယအကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုအတွက် ဆန်ခါတင် ၅ ဦးမှာ ကိုဇာဂနာ၊ မဖြူဖြူသင်း၊ ရှေ့နေ ဦးဖိုးဖြူ၊ NLD လူမှုအထောက်အကူပြု အဖွဲ့နှင့် အကျဉ်းကျ သံဃာနှင့် သီလရှင်များကို အကူအညီပေးနေသည့် ဒေါ်ရှုတို့ဖြစ်ကြောင်း ပြည်သူ့ဂုဏ်ရည် ဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသည်။ ယင်းဝက်ဘ်ဆိုဒ်တွင်ပင် ဆန္ဒမဲ ပေးနိုင်ကြပြီး ဆုရရှိသူကို မေလ ၁၅ ရက်တွင် ကြေညာမည်ဖြစ်သည်။ ယခုနှစ်အတွက် အမေရိကန် ဒေါ်တာ ၁ သောင်းအထိ တိုးမြှင့် ဆုချီးမြှင့်မည်ဟု သိရသည်။
NLD ရုံးချုပ်၌ အင်္ဂလိပ်စာသင်တန်း ပေးမည်
ဧရာဝတီ Wednesday, 04 May 2011 16:57 သတင်းတိုများရန်ကုန် NLD ရုံးချုပ်တွင် လူငယ်များ ဖွံ့ဖြိုးတိုးတက်စေရေး ရည်ရွယ်ချက်ဖြင့် ငွေကြေး မတတ်နိုင်သူများအတွက် အင်္ဂလိပ်စာ သင်တန်း ဖွင့်လှစ်မည် ဖြစ်ကြောင်း သိရသည်။ သင်တန်းကာလ ၃ လ ကြာသင်ကြားမည့် ယင်းသင်တန်းကို မေလ ၆ ရက်နေ့၌ စတင်မည်ဖြစ်ပြီး တပတ်လျှင် ဗုဒ္ဓဟူး နှင့် သောကြာ နေ့များတွင် နံနက် ၉း၃၀ ခွဲမှ ၁၁ နာရီအထိ၂ရက် သင်ကြားမည်ဖြစ်ကြောင်း၊ သင်တန်း တက်ရောက်လိုသူများသည် မေလ ၄ ရက်နောက်ဆုံး စာရင်းပေးရမည်ဖြစ်ကြောင်း NLD က ပြောသည်။
အလုပ်သမားအဖွဲ့ချုပ် ဦးဆောင်ဖွဲ့စည်းရေး NLD က ပြန်လည် ရှင်းလင်း
2011-05-03 RFAအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ထုတ်ပြန်ခဲ့တဲ့ မေဒေးနေ့ ကြေညာချက်မှာ နိုင်ငံလုံးဆိုင်ရာ အလုပ်သမား အစည်းအရုံးအဖွဲ့ ချုပ်ကိစ္စနဲ့ပတ်သက်ပြီး ရေးသားထားတဲ့ စာသားမှာ အဓိပ္ပာယ်ကောက်ယူမှု လွဲချော်နိုင်တဲ့ အတွက် ဒီကနေ့ ပြန်လည်ပြင်ဆင် ကြေညာလိုက်ပါတယ်။
ပထမ ကြေညာချက်မှာ နိုင်ငံလုံးဆိုင်ရာ အလုပ်သမား အစည်းအရုံး အဖွဲ့ချုပ် ဖွဲ့စည်းတည်ထောင်ပြီး အလုပ်သမားအကျိုးကို NLD က အမြဲတမ်း ကာကွယ်စောင့်ရှောက်သွားမယ်လို့ ရေးသားထားပါတယ်။
ဒီရေးသားချက်အရ အလုပ်သမားအဖွဲ့ ကို NLD က ဦးဆောင် ဖွဲ့စည်းမယ့်သဘော သက်ရောက် သွားခဲ့ပါတယ်။ တကယ်တမ်း ဆိုလိုချင်တာက အလုပ်သမားအဖွဲ့ ကို NLD က ဦးဆောင်ဖွဲ့ စည်းမှာ မဟုတ်ပဲ အလုပ်သမားအဖွဲ့ ပေါ်ပေါက်လာပြီးတဲ့အခါမှာ NLD က ပံ့ပိုးကူညီသွားမယ်လို့ ဆိုလိုတာ ဖြစ်ကြောင်း NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက RFA ကို ပြောပါတယ်။
"ကျတော်တို့ အရင်ထုတ်လိုက်တဲ့အထဲမှာ ၀ါကျ အထားအသိုလွဲနေလို့ အဓိပ္ပါယ် နှစ်မျိုး သုံးမျိုး ပြောလာကြတယ်။ အဲဒါကြောင့်။ ဆိုလိုတဲ့ သဘောက အလုပ်သမား အဖွဲ့ချုပ်ကို NLD က ဖွဲ့မယ်ဆိုတဲ့ သဘော တချို့က သက်ရောက်နေတယ်။ အဲဒါကြောင့် အဲလို မဟုတ်ဘူး။ အလုပ်သမား အဖွဲ့ကတော့ ကိုယ့်ဖာသာကိုယ် ဖွဲ့ကြမယ်။ အဲလို ဖွဲ့ပြီးတဲ့ အခါမှာ အဖွဲ့ချုပ်ကနေပြီးတော့ အလုပ်သမား အကျိုးအတွက် ကာကွယ်စောင့်ရှောက်တဲ့ လုပ်ငန်းတွေကို လုပ်သွားမယ်လို့ အဲလို ပြင်တာပါ။" တကယ်တမ်း အလုပ်သမားအဖွဲ့ချုပ်ကို ဖွဲ့ စည်းရမယ့် ပုဂ္ဂိုလ်တွေက သက်ဆိုင်ရာ အလုပ်သမားတွေ ကိုယ်တိုင်ပဲ ဖြစ်တယ်လို့  ဦးဥာဏ်ဝင်းက ပြောပါတယ်။
ရှမ်းပြည် တရားမ၀င် ဘိန်းစိုက်ပျိုးမှု အာဏာပိုင်များ ငွေကြေးယူခွင့်ပြု
နရီလင်းလက် Wednesday, 04 May 2011 12:11 ရှမ်းပြည်နယ် တောင်ပိုင်းတွင် ဒေသဆိုင်ရာ အာဏာပိုင်များက ငွေကြေးယူ၍ တရားမ၀င် ဘိန်းစိုက်ပျိုးမှုကို လက်ခံခွင့်ပြုပေး နေသည်ဟု သိရသည်။
ဘိန်းစိုက်ပျိုးနိုင်ရန် သက်ဆိုင်ရာဒေသရှိ စစ်တပ်နှင့်ရဲ အရာရှိများကို စိုက်ပျိုးသည့် ဧကအလိုက် တဧက ကျပ် ၅ သောင်း နှုန်း ပေးရသည်ဟု ဒေသခံများက ပြောသည်။
အင်းလုံ ၊ လွိုင်လင်၊ ပင်လုံ ၊ ဆီဆိုင်၊ ဟိုပုံး၊ ကွန်ဟိန်း ၊ ပင်လောင်း၊ လင်းခေး၊ မိုင်းပွန် စသည့် မြို့များ အပါအ၀င် ရှမ်းပြည်နယ် တောင်ပိုင်းဒေသအနှံ့အပြားတွင် ဘိန်းစိုက်ခင်းများရှိသည်ဟု သိရသည်။
“စိုက်ချင်တဲ့ လူက တဧက အနည်းဆုံးကျပ် ၅ သောင်း ကနေ ကျပ် ၈ သောင်းအထိ လိုင်းကြေးဆိုပြီး ပေးရတယ်။ စိုက်တဲ့ နေ ရာ ပေါ်မူတည်ပြီး မြို့နဲ့ နီးတဲ့နေရာမှာဆိုရင် ဈေးကြီးပြီး မြို့စွန်ဘက်ရောက်ရင် ဈေးနည်းနည်း လျော့ပေးရတာမျိုးတော့ ကွာသွားတယ်”ဟု မိုင်းပွန်မြို့မှ စိုက်ပျိုးသူတဦးက ပြောပြသည်။
ထွက်ရှိလာသည့် ဘိန်းမည်းကို ရောင်းချပါက ၁ ပိဿာ ကျပ် ၈ သိန်း နှင့် ၉ သိန်း နီးပါးခန့် ပြန်လည်ရရှိသောကြောင့် ၀င်ငွေ ကောင်းသည့် စိုက်ပျိုးသီးနှံတခုအဖြစ် တခြားသီးနှံများထက် ပိုမိုစိုက်ပျိုးကြသည်ဟု သူက ပြောသည်။
သူက ဆက်၍ “ဘိန်းမည်း အဆင့်မှာတင် ဈေးကောင်းရတော့ တောင်သူတွေကလည်း ပိုက်ဆံပေးပြီး ကြိုက်သလောက် ဧက ယူစိုက်တယ်။ တရားမ၀င် စိုက်ပျိုးသီးနှံဖြစ်တော့ အာဏာပိုင်များကလည်း တဧက ဘယ်လောက်ပေး၊ ပြီးရင် ကိုယ် စိုက်ချင် သလောက်စိုက် ဆိုပြီး ခွင့်ပြုတယ်”ဟု ပြောသည်။
မြန်မာနိုင်ငံသည် ဘိန်းစိုက်ပျိုးမှု ဒုတိယ အများဆုံးနိုင်ငံဖြစ်ပြီး စိတ်ကြွဆေး ထုတ်လုပ်မှုမှာ အရှေ့တောင်အာရှ နိုင်ငံများတွင် စတုတ္ထ အများဆုံး နိုင်ငံဖြစ်သည်ဟု ၂၀၁၀ ပြည့်နှစ် ဇွန်လ၌ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှု ဆိုင်ရာရုံး(UNODC) က ထုတ်ပြန်ထားသည်။
ဒေသခံတောင်သူများထက် ငွေကြေးတတ်နိုင်သည့် တရုတ်လူမျိုးများသည် ဧက ရာချီယူ၍ ဘိန်းစိုက်ပျိုးခြင်းကို အကြီးအကျ ယ် လုပ်ကိုင်နေသည်ဟု လွိုင်လင်ဒေသခံတဦးက ပြောပြသည်။
“ဒီဘက်နှစ် နောက်ပိုင်းမှာ တအားစိုက်လာကြတယ်။ ဈေးကောင်းတာလည်း ပါတယ်။ ငွေရင်းပြီး ဧက အများကြီးစိုက်နိုင်တဲ့ တရုတ် သူဌေးတွေကလွဲလို့ ဒေသခံ အများစုက ဆင်းရဲတဲ့ တောင်သူတွေများတယ်။ ဒေသခံတွေကတော့ နိုင်သလောက် ဧက ယူစိုက်။ ရောင်းလို့ရတဲ့ ငွေနဲ့ မိသားစုပြဿနာဖြေရှင်း ဒီအလုပ်ကိုပဲ မိရိုးဖလာအလုပ်လို စွဲလုပ်နေကြတာ”ဟု ၎င်းကဆိုသည်။
ဘိန်းကို တနှစ် နှစ်သီးနှုန်းဖြင့် ဇွန်လမှ သြဂုတ်လအထိ တကြိမ်၊ သြဂုတ်လမှ ဧပြီလ တကြိမ် စိုက်ပျိုးကြသည်။
“မြေက တောင်ယာဆိုတော့ မကန့်သတ်ထားဘူး။ ကြိုက်သလောက် ဧက ယူပြီးစိုက်ပျိုးလို့ပါရတယ်။ ဒီဒေသက လူတွေ ဒါနဲ့ အသက်မွေးနေတာသိတော့ လိုင်းကြေးက တိုးတိုးတောင်းလာတယ်။ နယ်စပ်ကနေ၀င်လာတဲ့ တရုတ်တွေက မြေတွေကို ဈေးကြီး ပေးဝယ်ပြီး အကြီးအကျယ်လုပ်နေတာတွေလည်းရှိတယ်”ဟု မိုင်းပွန်မြို့နေ တောင်ယာစိုက်ပျိုး သူတဦးက ပြောပြသည်။
စိုက်ပျိုးသည့် တောင်သူအပြင် အသီးဆွတ်သည့် အလုပ်သမားများမှာ တရက် ကျပ် ၁ သောင်းအထက်ရရှိပြီး အလျင်လိုလျှင် လို သလောက် အခကြေးငွေ ရရှိသည်ဟု သိရသည်။
မိုင်းပွန်မြို့နေ တောင်ယာစိုက်ပျိုးသူက ဆက်၍ “ပြီးခဲ့တဲ့ မတ်လ က မိုးရွာတော့ ဆောင်းသီးခေါ်တဲ့ ဒုတိယသီးတွေ ပျက်သွားတယ်။ တော်တော်လေး ရှုံးကြ တယ်။ ဧက အလိုက်က လိုင်းကြေးတွေ ပေးထားရတော့ အသီးထွက်လာလို့ ပြန်ရောင်းရမှ ငွေပြန်ပေါ်တာလေ။ ငွေက မပေါ်၊ ပြန်စိုက်ဖို့ လိုင်းကြေးပေးဖို့ကလည်း မရှိ၊ အဲဒီလိုတွေလည်းရှိတယ်”ဟု ပြောသည်။
၂၀၀၉ ခုနှစ်တွင် မြန်မာနိုင်ငံ ဘိန်းစိုက်ဧက ဟက်တာ ၃၂၀၀၀ ခန့်ရှိလာသည့်အတွက် ယခင်နှစ်ထက် ၁၁ ရာခိုင်နှုန်း တိုးလာ ကြောင်း၊ ၂၀၀၆ ဘိန်းစိုက်ရာသီနှင့် နှိုင်းယှဉ်လျှင် ၅၀ ရာခိုင်နှုန်း မြင့်တက်လာကြောင်း UNODC ၏အစီရင်ခံစာတွင် ဖော်ပြ ထားသည်။
မြန်မာနိုင်ငံ၏ ဘိန်းစိုက်ပျိုးထွက်ရှိရာ အဓိက ဒေသမှာ ရှမ်းပြည်နယ် တောင်ပိုင်းနှင့် အရှေ့ပိုင်း ဒေသဖြစ်သည်။
နယ်စပ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ရည်ရွယ်ချက် ၅ ရပ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာတွင် “နယ်စပ် ဒေသ စီးပွားရေး လုပ်ငန်းများ ထူထောင်ပေးခြင်းဖြင့် မူးယစ်ဆေးဝါး စိုက်ပျိုးမှု လုံးဝချုပ်ငြိမ်းစေရန်” ဆိုသည့် ရည်ရွယ်ချက် တရပ်လည်း ပါရှိကြောင်း၊ မူးယစ်ဆေးဝါး ပပျောက်ရေးစီမံကိန်းကို ၁၉၉၉ ခုနှစ်မှ ၂၀၁၄ ခုနှစ် အထိ ၁၅ နှစ် စီမံကိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်ရေး ဗဟို ကော် မတီ အတွင်းရေးမှူး သမ္မတရုံး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးသိန်းညွန့် က ပြောထားသည်ကို မတ် ၂၄ ရက်နေ့ထုတ် မြန်မာ့ အလင်း သတင်းစာတွင် ဖော်ပြထားသည်။
ရှမ်း(တောင်ပိုင်း) ဒေသရှိ ဘိန်းစိုက်ပျိုးရာ နယ်မြေများတွင် စိုက်ပျိုးသည့်နှုန်း တနှစ်ထက်တနှစ် တိုးလာသည့်အပြင် ၊ မြို့ ပေါ်ဒေသများတွင် ဘိန်းအမည်းများအလွယ်တကူ ရရှိလာပြီး ဘိန်းစားသုံးသူများလည်း များပြားလာသည်ဟု ဒေသခံများက ပြော သည်။
“ဘိန်းခင်းတွေကတော့ ဖျက်ဆီးပြနေတာပဲ၊ ဒါပေမယ့် အသီးတွေကို အစေးခြစ်ပြီးမှ ဖျက်ပြတာ ရှိသလို ၊ အခင်းတွေ ဆိုရင်လ ည်း ပျက်နေတဲ့ အခင်းတွေကို ဖျက်ပြတာ များတယ်”ဟု လင်းခေးမြို့နယ်တွင် သီးနှံများ စိုက်ပျိုးရောင်းချနေသူ စိုက်ခင်းပိုင်ရှင် တဦးက ပြောပြသည်။
ဒေသဆိုင်ရာ အာဏာပိုင်အပြင် ပအို့ပ်အဖွဲ့အစည်းများထိန်းချုပ်ရာ ဟိုပုန်း၊ ဆီဆိုင် ၊ ဖယ်ခုံ ၊ ပင်လောင်း စသည့် နယ်မြေများတွင် အဆိုပါ အဖွဲ့အစည်းများကို လိုင်းကြေးပေးရသည်ဟု သူက ပြောသည်။
ထို့အပြင် ဘိန်းသီးဆွတ်သည့် အလုပ်လုပ်ကိုင်သူများထဲတွင် တက္ကသိုလ် ကျောင်းသားများ ၊ ဒေသခံ စစ်တပ်နှင့် ရဲ မိသားစု ၀င်များလည်း ပါဝင်လုပ်ကိုင်နေသည်ဟု သိရသည်။
“အလုပ်အကိုင်ရှားတာလည်း ပါသလို တက္ကသိုလ်ကျောင်းတွေမှာ စာသင်ချိန် အပြည့်မရှိတော့ ဥပမာ-ပင်လုံ တက္ကသိုလ်က ကျောင်းသားလေးတွေဆို ကျောင်းပြေးပြီး အခင်းထဲ အလုပ်လာဆင်းတာတွေရှိတယ်။ ပိုက်ဆံရလွယ်တော့ ကလေးတွေကလည်း လုပ်ကြတယ်။ နောက် ဘိန်းစားတွေလည်းများတယ်။ ရဲဘော် မိန်းမတို့ သားသမီးတွေလည်း ဒီအလုပ်တွေပဲ ၀င်လုပ်ကြ တယ်”ဟု အထက်ပါ လွိုင်လင်ဒေသခံက ပြောသည်။
ရှမ်းပြည်နယ် တောင်ပိုင်းတွင် ဒေသခံများသည် ပဲ ၊ ဂျုံ၊ ပြောင်းဖူးစေ့၊ ကြက်ဆူ ၊ နနွင်းတက်၊ ကြက်သွန်ဖြူ၊ ပဲပုတ်၊ မြေပဲ စ သည့် သီးနှံစိုက်ပျိုးသူများရှိသော်လည်း အများစုမှာ ဘိန်းစိုက်ခင်းများကိုလည်း တွဲလျက်စိုက်ပျိုးလုပ်ကိုင်ကြသည်။
တောင်သူအများစုမှာ ၀ ၊ အခါ၊ လားဟူ၊ ပလောင်၊ ပအို့ဝ်၊ ရှမ်း၊ ကရင်၊ ကရင်နီနှင့် ကချင် တိုင်းရင်းသားတို့ ဖြစ်သည်ဟု သိရ သည်။
မြန်မာအစိုးရအာဏာပိုင်များက တရားမ၀င် မူးယစ်ဆေးဝါးတိုက်ဖျက်မှုကို ဦးစားပေးဆောင်ရွက်ခဲ့ခြင်းမရှိကြောင်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနက၂၀၁၁ ခုနှစ်အတွက် မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် အစီရင်ခံစာတစောင်ထုတ်ပြန်ပြီးပြောကြား ခဲ့သည်။
တိုင်းရင်းသား လက်နက်ကိုင်များနှင့် ပဋိပက္ခတင်းမာမှုများကလည်း ဝေးလံခေါင်းပါးသည့် ဒေသများတွင် မူးယစ်ဆေးဝါးမှောင် ခိုလုပ်ငန်း ပိုမိုအားကောင်းလာကြောင်း၊ အစိုးရ၀န်ထမ်းအဆင့်ဆင့်ကလည်း အကျင့်ပျက်ခြစားမှုများ ရှိနေကြောင်း၊ စစ်တပ်မှ အကြီးအကဲများက ဥပေဒေအထက်တွင် ရှိနေကြောင်းလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
မလေးရှားနိုင်ငံတွင် ပုဂ္ဂလိက တက္ကသိုလ် ကျောင်းများထဲမှ ကျောင်းအချို့ပိတ်သိမ်းခံရ
Wednesday, 04 May 2011 10:37 Editor မောက္ခနိုင်ငံတကာ သတင်း
မလေးရှားနိုင်ငံရှိ တက္ကသိုလ်များထဲမှ ကျောင်း ၅၉ ကျောင်းကို သတ်မှတ် အရည်အသွေး မပြည့်စုံသဖြင့် မလေးရှားနိုင်ငံရှိ Malaysian Qualification Agencyနှင့် Ministry Of Educationတို့က စိစစ် ရွေးချယ်၍ ပိတ်သိမ်းခဲ့ကြောင်း သိရှိရသည်။
မလေးရှားနိုင်ငံတွင်ရှိသော ပုဂ္ဂလိက တက္ကသိုလ်များထဲမှ နိုင်ငံတကာ ကျောင်းသားများရရှိမည့် အခွင့်အရေးနဲ့ ၀န်ဆောင်မှုများကို အပြည့်အ၀ ခံစားခွင့်မပေး၍ နိုင်ငံတကာ ကောလိပ်နှင့် တက္ကသိုလ် စံချိန်၊စံညွှန်း အရည်အသွေးများ ကျဆင်းခဲ့ခြင်း၊ အရည်အချင်း ပြည့်ဝသော ဆရာ၊ ဆရာမများ လုံ လောက်မှု မရှိဘဲ စီမံခန့်ခွဲမှုဆိုင်ရာ အုပ်ချုပ်မှုပိုင်းများ အားနည်းသောကြောင့် ဖျက်သိမ်း ခံရခြင်း ဖြစ်သည်။
Deputy Higher Education Minister က တက္ကသိုလ် အင်္ဂါရပ်နှင့် ပြည့်စုံသည့် ကျောင်းပေါင်း ၄၅၈ ကျောင်း ရှိခဲ့သည်ဟုဆိုပြီး ၂၀၁၁ခုနှစ် ဇန်န၀ါရီလက တက္ကသိုလ် စံညွှန်း၊စံချိန်မှီသော ကျောင်း ၂၄ ကျောင်း၊ Private University College စံချိန်မီကျောင်း၂၀ကျောင်းနှင့်Oversea University Branch Campuses တွင် ကျောင်း ၅ ကျောင်းဖြစ်သည်ဟု တရားဝင် ထုတ်ပြန် ကြေငြာထားသည်။
လက်ရှိ အနေထားနဲ့ ကြည့်မယ်ဆိုရင် ဘွဲ့ရပြီး ၆ လအကြာနှင့် ဘွဲ့ရပြီး၂နှစ်အကြာတို့ အပေါ်တွင် လေ့လာ ဆန်းစစ်ချက်အရ မလေးရှားတွင် ဘွဲ့ရ ပညာတတ် အလုပ်လက်မဲ့နှုန်းမှာ ၃ ဒသမ၂ ရာခိုင် နှုန်း ရှိသည်ဟု သိရှိရသည်။ ထိုပိတ်ခံရသော ကျောင်းများထဲတွင် မြန်မာနိုင်ငံမှ သွားရောက် တက်နေသော မြန်မာကျောင်းသား အများစုတက်နေသည့် ကျောင်းများ မပါဝင်ပါ။
No comments:
Post a Comment