Monday, April 25, 2011

ဒီနေ့ဖတ်စရာ သတင်းများ (ဧပြီလ ၂၆ ရက်)

- ကုန်သွယ်ရေးကောင်စီ အစိုးရသစ် ဖျက်သိမ်း
- နိုင်ငံရေးအကျဉ်းသား လွှတ်ရေး တိုင်းရင်းသားပါတီတွေ သမ္မတထံ တောင်းဆိုမည်
- အာဖဂန် ထောင်ဖောက်မှုအတွင်း အကျဉ်းသား ၄၀၀ ကျော် ထွက်ပြေး
- စစ်သင်တန်းကြောင့် ချင်းလူငယ်များ နယ်စပ်သို့ ထွက်ပြေးနေ
- DKBA နှင့် မြန်မာစစ်တပ် တိုက်ပွဲ ဆက်ဖြစ်
- ဖွံ့ဖြိုးရေးအတွက် စနစ်အသစ်ဖြင့် ကြိုးပမ်းဆောင်ရွက်မည်
- ကြံ့ဖွံ့ ယာယီ ဥက္ကဋ္ဌ ဦးရွှေမန်း တာဝန်ယူ
- စွမ်းအင်ကဏ္ဍ တရုတ်၊ စင်္ကာပူ၊ ကိုရီးယားတို့နှင့် ပူးပေါင်းလုပ်မည်
- မိုးကြိုးအန္တရာယ် သတိပြုရန် ဒေါက်တာထွန်းလွင် ပြော
- နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး သံလျင် လှုပ်ရှားမှု
- ကရင် နယ်ခြားစောင့် တပ်ချင်း ပြန်တိုက်
- အကျဉ်းသားလွှတ်ပေးရေး အစိုးရသစ် တွန့်ဆုတ်နေ
- သမ္မတသစ်ထံ တရားဥပဒေစိုးမိုးရေးအတွက် ပေးစာ NLD ထုတ်ပြန်

ကုန်သွယ်ရေးကောင်စီ အစိုးရသစ် ဖျက်သိမ်း
By မသိင်္ဂီထိုက် တနင်္လာ, 25 ဧပြီ 2011

မြန်မာ့ကုန်သွယ်ရေး လောကကို ဆယ်စုနှစ်နဲ့ချီ ကြီးကြပ်တဲ့ ကုန်သွယ်မှု ကောင်စီကို အစိုးရသစ် ဖွဲ့စည်းပြီး လပိုင်းအတွင်းမှာပဲ ဖျက်သိမ်းလိုက်တဲ့အပေါ် စီးပွားရေးလောက အသိုင်းအ၀ိုင်းက ပြုပြင်ပြောင်းလဲမှု တခုအဖြစ် မြင်ကြပါတယ်။ မြန်မာ့ကုန်သွယ်ရေးလောက အတွက်တော့ အခုထက်ပိုပြီး ပြုပြင်ပြောင်းလဲစရာတွေ ရှိသေးတယ်လို့လည်း ဝေဖန်ကြပါတယ်။ အပြည့်အစုံကို မသိင်္ဂီထိုက်က တင်ပြပေးထားပါတယ်။

မြန်မာ့စီးပွားရေးလောက သွင်းကုန် ထုတ်ကုန် ခွင့်ပြုမိန့်တွေနဲ့ နိုင်ငံခြားဖက်စပ် ရင်းနှီးမြှုပ်နှံမှုတွေကို စစ်ဗိုလ်ချုပ်ကြီးတွေ ဥက္ကဋ္ဌအဖြစ် လုပ်ဆောင်ပြီး ၁၄ နှစ်ကြာ ထိန်းချုပ်ခဲ့တဲ့ ကုန်သွယ်မှု မူဝါဒကောင်စီကို ဒီလထဲမှာပဲ ဖျက်သိမ်းလိုက်ပါတယ်။ ဒီမတိုင်ခင်က ပို့ကုန်သွင်းကုန်လုပ်ငန်း လုပ်ကိုင်ခွင့် ပါမစ်ရဖို့ သီတင်း ၂ ပတ်လောက်အထိ စောင့်ဆိုင်းခဲ့ကြရတာကနေ အခုချိန်မှာတော့ ခွင့်ပြုမိန့်ရဖို့ သီတင်း ၁ ပတ်လောက်ပဲ စောင့်ဆိုင်းရတော့တယ်လို့ ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင် အသိုင်းအ၀ိုင်းက ပြောပါတယ်။

ဒါ့အပြင် အရင်က နိုင်ငံခြားဖက်စပ် လုပ်ငန်းတွေမှာလည်း ပြည်တွင်းမှာ လုပ်ကိုင်ခွင့်ရဖို့အရေး ကုန်သွယ်မှု မူဝါဒကောင်စီက နှစ်နဲ့ချီပြီး စဉ်းစား ဆုံးဖြတ်ကြတယ်လို့လည်း ဆိုပါတယ်။ အခုလို ကုန်သွယ်မှု မူဝါဒကောင်စီကို ဖျက်သိမ်းလိုက်တာကိုတော့ အပြုသဘောဆောင်တဲ့ ပြုပြင်ပြောင်းလဲမှုအဖြစ် စီးပွားရေး ပညာရှင်တဦးဖြစ်တဲ့ ဦးခင်မောင်ညိုက သုံးသပ်ပါတယ်။

“လုပ်ငန်းစဉ်တွေ များတယ်၊ စုပြီး တင်ရတယ်။ အခုကတော့ လုပ်ပိုင်ခွင့်ကို ဖြေလျှော့ပေးလိုက်တဲ့ သဘောပေါ့။ ၀န်ကြီးအဆင့်မှာ လုပ်ခွင့်ပေးတယ်၊ ၀န်ကြီးက ဆုံးဖြတ်။ ၀န်ကြီးကလည်း စည်းမျဉ်းစည်းကမ်းနဲ့ အညီ သူလုပ်မှာပေါ့လေ။ သူ့သဘောနဲ့သူ ဒီအတိုင်းတော့ လုပ်မှာမဟုတ်ပါဘူး။ ဒါ ပထမဆုံး မြင်ရတဲ့ Positive ပေါ့၊ အပြုသဘောဆောင်တဲ့ အပြောင်းအလဲလို့ပဲ မြင်ပါတယ်။”

ဒါပေမဲ့ လက်ရှိ မြန်မာ့စီးပွားရေး လောကမှာ အခွန်အကောက်၊ ဘဏ်စနစ်၊ လုပ်ငန်းထူထောင် လုပ်ကိုင်ခွင့်၊ ဈေးကွက်၊ သယ်ယူပို့ဆောင်ရေး စတဲ့ နယ်ပယ်တွေမှာလည်း ပြုပြင် ပြောင်းလဲစရာတွေကတော့ တပုံတပင် ကျန်သေးတယ်လို့လည်း စီးပွားရေး လောကက ပြောကြပါတယ်။ အခုလို ကုန်သွယ်မှု မူဝါဒကောင်စီကို ဖျက်သိမ်းလိုက်တာ တခုတည်းနဲ့တော့ မြန်မာ့စီးပွားရေးလောက အလုံးစုံ ကောင်းမွန်သွားတာတော့ မဟုတ်ဘူးလို့လည်း ဦးခင်မောင်ညိုက ပြောပါတယ်။

“ဒါတခုတည်းနဲ့တော့ မပြီးသေးဘူးလေ။ ဒီဟာရဲ့ ဂယက်ရိုက်ခတ်မှုက အတိုင်းအတာ တခုအထိတော့ ရှိမှာပေါ့။ ဘယ်လောက်လဲ ဆိုတာတော့ မပြောတတ်ပါဘူး။ ဒါပေမဲ့ နောက်ထပ် လာဦးမယ်။”

အခု ဖျက်သိမ်းလိုက်တဲ့ ကုန်သွယ်မှု မူဝါဒကောင်စီကို ၁၉၉၇ ခုနှစ်က စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပြီးတော့ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးက ဥက္ကဋ္ဌအဖြစ် ၂၀၀၇ ခုနှစ်အထိ တာဝန်ယူ လုပ်ဆောင်ခဲ့တာပါ။ ၂၀၀၇ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အထိ ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦးက ဥက္ကဋ္ဌအဖြစ် တာဝန်ဆက်ပြီး ယူခဲ့ပါတယ်။ ဒီကောင်စီမှာ ၀န်ကြီးဌာန ၁၇ ခုက ၀န်ကြီးတွေက အဖွဲ့ဝင်တွေအဖြစ် ပါဝင်ပြီး သွင်းကုန်ထုတ်ကုန် လုပ်ငန်းတွေနဲ့ နိုင်ငံခြားဖက်စပ် လုပ်ငန်းတွေကို ၁၄ နှစ်ကြာ ကြီးကြပ်ခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသား လွှတ်ရေး တိုင်းရင်းသားပါတီတွေ သမ္မတထံ တောင်းဆိုမည်
By ဦးမိုးဇော် တနင်္လာ, 25 ဧပြီ 2011

၂၀၁၀ ရွေးကောက်ပွဲမှာ အနိုင်ရပြီး လွှတ်တော်မှာ ပါဝင်နေကြတဲ့ တိုင်းရင်းသား ပါတီတွေ စုပေါင်းပြီး နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးနဲ့ ပြည်တွင်း ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်သွားရေး အစိုးရသစ်ကို တိုက်တွန်းဖို့ ပြင်ဆင်နေကြပါတယ်။

ရွေးကောက်ပွဲ ၀င်ခဲ့ကြတဲ့ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နဲ့ ရှမ်းတိုင်းရင်းသားပါတီ ၅ ခုဟာ မနက်ဖြန်မှာ ကျင်းပဖို့ ရှိနေတဲ့ အစည်းအဝေးမှာ ပြည်ထောင်စုလွှတ်တော်အတွင်း ကြုံတွေ့ခဲ့ရတဲ့ အခြေအနေတွေကို ပြန်လည်သုံးသပ်ရင်း အစိုးရသစ်ကို အကြံပြုမယ့် အစီအစဉ်တွေကို ဆွေးနွေးသွားကြမှာပါ။ အပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြပေးထားပါတယ်။

၂၀၁၀ ခုနှစ် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ၊ ချင်းအမျိုးသားပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီနဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီတို့ဟာ နိုင်ငံရေး အပြောင်းအလဲတွေအတွက် အခြေခံ လုပ်ငန်းစဉ်တွေ အစိုးရသစ်က ချမှတ်နိုင်ဖို့ အင်္ဂါနေ့ကစပြီး ၂ ရက်ကြာ ဆွေးနွေးသွားကြမှာ ဖြစ်ပါတယ်။

ဒီလို ဆွေးနွေးရာမှာ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးနဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ကိစ္စတွေကို အဓိကထား ဆွေးနွေးသွားမှာ ဖြစ်တယ်လို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက အထွေထွေ အတွင်းရေးမှူး ဦးလှစောက အခုလို ပြောပါတယ်။

“အဓိကတော့ ကျနော်တို့ ဖြတ်သန်းခဲ့တဲ့ လွှတ်တော်တွေပေါ့ဗျာ၊ ပြည်နယ်ရယ်၊ အမျိုးသားရယ်၊ အောက်ခြေ ပြည်နယ် လွှတ်တော်တွေ၊ အဲဒါတွေကို ပြန်လည်သုံးသပ်မယ်။ ပြီးတော့ လောလောဆယ် ကြုံနေရတဲ့ နိုင်ငံရေး အကျဉ်းသားတွေအတွက် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ပြဿနာ၊ အပစ်အခတ် ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေး ပြဿနာတွေ၊ ဒီအချက် ၃ ချက်ကိုပဲ အဓိကထားပြီး ဆွေးနွေးချင်ပါတယ်။ ပြီးတော့ လက်ရှိ တိုင်းရင်းသား ဒေသတွေမှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းအသစ်တွေ၊ ပြုပြင်ပြောင်းလဲမှုတွေ၊ ဘယ်လောက်အတိုင်းအတာအထိ ဖော်ဆောင်မလဲ၊ ကျနော်တို့က ဘာတွေဖော်ဆောင်ချင်လဲဆိုတာ အသေးစိတ် ဆွေးနွေးရမယ်။”

ဒီအချက်တွေ ဆွေးနွေးသွားဖို့အတွက် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနဲ့ အကြို ညှိနှိုင်းထားပြီးပြီလို့လည်း ဦးလှစောက ဆက်ပြောပါတယ်။

“ကျနော်တို့ လောလောဆယ် ကြိုညှိနှိုင်းထားတာတော့ မွန်နဲ့ ယာယီ ညှိနှိုင်းထားတာ ရှိပါတယ်။ တခြားပါတီနဲ့တော့ အသေးစိတ် မညှိရသေးဘူး။ ယေဘုယျ ပြောထားတာတော့ ရှိပါတယ်။ ရှမ်းနဲ့လည်း ကျနော်တို့ ယေဘုယျသဘောတွေ ညှိနှိုင်းထားတာ ရှိပါတယ်။ အသေးစိတ်ကတော့ အစည်းအဝေးပြီးမှ ပေါ်လာပါလိမ့်မယ်။”

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီကတော့ ရွေးကောက်ပွဲ အတွေ့အကြုံတွေကို ပြန်လည်သုံးသပ်ဖို့ အဓိက ပြင်ဆင်ထားတယ်လို့ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်ဖြစ်တဲ့ ဦးစောသန်းမြင့်က ပြောပါတယ်။
“ကျနော်တို့ကတော့ ပြီးခဲ့တဲ့ လွှတ်တော် အတွေ့အကြုံပါပဲ၊ အဓိကတော့။ ပြီးခဲ့တဲ့ လွှတ်တော် အတွေ့အကြုံနဲ့ ပတ်သက်ပြီးတော့ အားနည်းချက်၊ အားသာချက်တွေကို အဓိက ဆွေးနွေးသွားမယ်။”

အခုလို တိုင်းရင်းသားပါတီ ၅ ပါတီက အစည်းအဝေး ကျင်းပဖို့ ပြင်ဆင်ချိန်ဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်တွေ၊ ၀ါရင့် နိုင်ငံရေးသမားကြီးတွေ၊ ၁၉၉၀ ပြည့် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ တိုင်းရင်းသား နိုင်ငံရေး ခေါင်းဆောင်တွေက နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ အစိုးရသစ်ကို လက်မှတ်ထိုး တောင်းဆိုတာတွေ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေချိန်နဲ့လည်း တိုက်ဆိုင်နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လအတွင်းက ပြည်ထောင်စုလွှတ်တော် အတွင်းမှာ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ရေး ကိစ္စကို လွှတ်တော်ကိုယ်စားလှယ် တချို့က တင်ပြခဲ့ပေမဲ့ လွတ်ငြိမ်းချမ်းသာခွင့် ကိစ္စဟာ ဖွဲ့စည်းပုံအရ နိုင်ငံတော်သမ္မတ၊ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ဆုံးဖြတ်ရမှာ ဖြစ်တယ်ဆိုပြီး ကြံ့ခိုင်ဖွံ့ဖြိုးရေး ကိုယ်စားလှယ်တွေက ငြင်းပယ်ခဲ့တာကြောင့် လွှတ်တော်တွင်းမှာ ဆွေးနွေး မဲခွဲခွင့် မရခဲ့ပါဘူး။

အာဖဂန် ထောင်ဖောက်မှုအတွင်း အကျဉ်းသား ၄၀၀ ကျော် ထွက်ပြေး
By ဗွီအိုအေ (မြန်မာဌာန) တနင်္လာ, 25 ဧပြီ 2011

အာဖဂန်နစ္စတန်နိုင်ငံ တောင်ပိုင်း ကန်ဒါဟာ (Kandahar) မြို့မှာ အကျဉ်းထောင်တခုရဲ့ အောက်ကနေ တွင်းတူးပြီး တာလီဘန် သောင်းကျန်းသူ အများအပြားပါတဲ့ အကျဉ်းသား ၄၀၀ လောက် ထွက်ပြေး လွတ်မြောက်သွားတယ်လို့ အာဖဂန် တာဝန်ရှိသူတွေက ပြောပါတယ်။ ဒါဟာ အင်မတန် ဆိုးဝါးတဲ့ လုံခြုံရေး ပျက်ကွက်မှု ဖြစ်တယ်လို့ အာဖဂန်နစ္စတန် အစိုးရက ပြောပါတယ်။

ဆာပိုဆာ (Sarposa) အကျဉ်းထောင်ရဲ့ အောက်အထိ ပေါက်အောင် တူးထားတဲ့ လိုဏ်ခေါင်းထဲကနေ အကျဉ်းသား ၄၇၅ ယောက် ထွက်ပြေးသွားတယ်လို့ အကျဉ်းဦးစီး တာဝန်ရှိသူ ဂူလမ် ဒက်စ်တာဂီယာ မေယာ (Ghulam Dastagir Mayar) က ပြောပါတယ်။

တာလီဘန် အများစု ပါဝင်တဲ့ လွတ်သွားသူ အရေအတွက်ဟာ အကျဉ်းထောင်ရဲ့ ၃ ပုံ ၁ ပုံလောက် ရှိပါတယ်။ ပေ ၁,၀၀၀ ကျော်ရှည်တဲ့ လိုဏ်ခေါင်းကို လွန်ခဲ့တဲ့ ၅ လလောက်ကြာအောင် ဖောက်လုပ်ခဲ့တာလို့ တာလီဘန်တို့က ပြောပါတယ်။

တနင်္ဂနွေနေ့ နှောင်းပိုင်းမှာ လိုဏ်ခေါင်းဟာ ထောင်မကြီးကို ပေါက်သွားပြီး နာရီနဲ့ချီ ထောင်သားတွေ လိုဏ်ခေါင်းထဲကနေ ထွက်ပြေးခဲ့ကြတာကို ထောင်စောင့်တွေ မသိလိုက်ကြပါဘူး။ လွတ်သွားသူတွေထဲမှာ တာလီဘန်တပ်မှူး ၁၀၀ ပါဝင်တယ်လို့ တာလီဘန်တွေက ပြောပါတယ်။

ထောင်ဖောက်မှုဟာ အင်မတန်ဆိုးတဲ့ လုံခြုံရေး ပေါ့လျော့မှုဖြစ်ပြီး စုံစမ်းစစ်ဆေးနေပြီလို့ သမ္မတ ပြောခွင့်ရသူ ၀ါဟိဒ် အိုမာ (Waheed Omar) က ပြောပါတယ်။

ထောင်ဖောက်ပြေးသွားသူတွေကို လိုက်လံရှာဖွေရေး လုပ်နေပြီး ၁၃ ယောက်ကို ပြန်ဖမ်းမိတယ်လို့ အာဖဂန် တာဝန်ရှိသူတွေက ပြောပါတယ်။

၂၀၀၈ ခုနှစ်တုန်းကလည်း အဲဒီ အကျဉ်းထောင်မှာပဲ သောင်းကျန်းသူတွေက ထောင်အပေါက်ဝတွေကို ဗုံးခွဲဖျက်ဆီးခဲ့တာမှာ တာလီဘန် တိုက်ခိုက်ရေးသမားတွေ အပါအဝင် အကျဉ်းသား ၉၀၀ လောက် လွတ်မြောက်သွားခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ ထောင်ရဲ့ လုံခြုံရေးကို သက်ဆိုင်ရာက တိုးမြှင့်ထားတဲ့ကြားက အခုတခါ ထပ်ပြီး ထောင်ဖောက်ခံရတာ ဖြစ်ပါတယ်။

စစ်သင်တန်းကြောင့် ချင်းလူငယ်များ နယ်စပ်သို့ ထွက်ပြေးနေ
2011-04-25 RFA

ချင်းပြည်နယ် ဖလမ်းမြို့နယ်အတွင်း မကြာခင် စစ်သင်တန်းတွေ စတင်တော့မှာ ဖြစ်တဲ့အတွက် သင်တန်းပြီးတာနဲ့ စစ်မှုထမ်းခိုင်းမှာကို စိုးရိမ်နေကြတဲ့ ချင်းလူငယ် အများအပြား အနီးဆုံး အိန္ဒိယ နယ်စပ်ကို ထွက်ပြေးနေကြတယ်လို့ သိရပါတယ်။

လက်ရှိ အခြေအနေနဲ့ပတ်သက်ပြီး ချင်းပြည်နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဋ္ဌ ပူးဗာလီယန်း က RFA ကို ပြောပါတယ်။

“ဪ ဒီမှာတော့ ဖလမ်းမှာပဲ ပြည်သူ့စစ် သင်တန်းတွေ ခေါ်တဲ့အခါကျတော့ လူငယ်တွေက ပြည်သူ့စစ် သင်တန်း ဝင်ပြီးရင် စစ်မှုမထမ်းမနေရများ ခေါ်မလား ဆိုပြီးတော့ အတော်များများ အိန္ဒိယ နယ်စပ်ဖက်ကို ထွက်ပြေးကြတယ်လို့ ဖလမ်း ဥက္ကဋ္ဌက သတင်းပို့တယ်။ ဖလမ်းမြို့ပေါ်ကရော အနီးအနားက လူတွေပါ၊ မြို့မှာ သိပ်မနေကြဘူးတဲ့။ ဘာဖြစ်လို့လဲဆိုတော့ ပြည်သူ့စစ် သင်တန်း ခေါ်မှာကို ကြောက်လို့ ဆိုပြီးတော့ တိမ်းရှောင်နေကြတယ်လို့ ပြောတယ်။ ခေါ်ဖို့ ဒီ ရယကတွေကို ရန်ပုံငွေတွေ ကောက်ခိုင်းပြီးတော့ ပြင်ဆင်နေတယ်။”

ဖလမ်းမြို့နယ်အတွင်း စစ်သင်တန်းပေးဖို့ အစိုးရက အမိန့်စာထုတ်ပြီးတဲ့နောက် ဖလမ်းမြို့ပေါ်နဲ့ ကျေးရွာတွေမှာ တအိမ်ထောင်ကို စစ်သင်တန်းကြေး ငွေတထောင်နှုန်း ကောက်ခံဖို့ အာဏာပိုင်တွေကို ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။

ချင်းပြည်နယ်အတွင်းက ကျန်တဲ့ မြို့ နယ်တွေမှာ စစ်သင်တန်းကြေး မကောက်သေးပေမဲ့ ချင်းလူငယ်တွေကြားမှာတော့ စစ်သင်တန်းတက်ရမှာနဲ့ စစ်မှုထမ်းရမှာကို စိုးရိမ်ပူပန်နေကြတယ်လို့ သိရပါတယ်။

စစ်အစိုးရဟာ လွှတ်တော်သစ် မစတင်ခင် ၂၀၁၀ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့က အရွယ်ရောက်သူ လူငယ်တိုင်းကို စစ်မှုထမ်းခိုင်းဖို့အတွက် ပြည်သူ့စစ်မှုထမ်းဥပဒေလို့ အမည်တပ်ထားတဲ့ ဥပဒေကို နိုင်ငံတော်ပြန်တမ်းအဖြစ်နဲ့ ထုတ်ပြန်ခဲ့ပါတယ်။

DKBA နှင့် မြန်မာစစ်တပ် တိုက်ပွဲ ဆက်ဖြစ်
အောင်မြတ်စိုး | တနင်္လာနေ့၊ ဧပြီလ ၂၅ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၃၃ မိနစ်

ဘန်ကောက် (မဇ္ဈိမ) ။ ။ နယ်ခြားစောင့်တပ် လက်မခံသော တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် DKBA နှင့် မြန်မာစစ်တပ်အကြား ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ဒုံမြို့နယ်ခွဲအတွင်း ၂ ရက်မြောက်အဖြစ် တနင်္ဂနွေနေ့တွင်လည်း တိုက်ပွဲ ဆက်ဖြစ်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။

စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ) ၅ လက်အောက်ခံ နည်းဗျူဟာ ၁ ၏ ခမရ ၅၄၃ မှ အင်အား ၆ဝ နီးပါးရှိ လှုပ်ရှားစစ်ကြောင်း ၂ နှင့် DKBA ကလိုထူးဘော ဗျူဟာမှ ဗိုလ်မှူးချုပ် စောလားဘွယ် (ဗိုလ်နှုတ်ခမ်းမွေး) ဦးဆောင်သော တပ်ရင်း ၉ဝ၈၊ ၉ဝ၂ နှင့် ၉ဝ၁ တို့ ကျိုက်ဒုံမြို့နယ်နှင့် မိနာအကျေးရွာအကြား မနက် ၆ နာရီမှ ညနေ ၆ နာရီအထိ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“မနေ့ကလည်း ပွဲဖြစ်တယ်၊ တနေ့ကလည်း ပွဲဖြစ်တယ်။ အောက်မှာ ကတော့လေ မိနာအဘက်မှာ .. တပ်ကြပ်ကြီးတွေ ကျတယ်၊ ဆေးမှူးတွေ ကျတယ်၊ ရွာသားတယောက် သေတယ်” ဟု ရှေ့တန်း စစ်မြေပြင်မှ ပေးပို့သည့် သတင်းများကို ကိုးကား၍ DKBA အရာရှိတဦးက မဇ္ဈိမကို ပြောသည်။ တိုက်ပွဲကြောင့် သေဆုံး သွားသူမှာ ကော့ကရိတ်မြို့နယ် လှဖန်းရွာသားဖြစ်ကာ၊ ၎င်း၏ ရွာမှ ထိုင်း-မြန်မာ နယ်စပ်ရှိ နို့ဖိုး ဒုက္ခသည် စခန်းသို့ ခရီးသွားနေစဉ် တိုက်ပွဲအတွင်း ပိတ်မိသေဆုံးခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ထိခိုက်သေဆုံးမှုများနှင့် ပတ်သက်၍ မဇ္ဈိမအနေဖြင့် အသေးစိပ် မရရှိသေးပါ။

သို့သော် DKBA နှင့် မြန်မာစစ်တပ် တိုက်ပွဲဖြစ်ပွားမှုနှင့် ပတ်သက်၍မူ ကရင်အမျိုးသားအစည်းအရုံး KNU အရာရှိတဦးက အတည်ပြုသည်။

တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း “KNU တပ်ရင်း ၁၇ တပ်ခွဲ ၁ နှင့် တပ်ရင်း ၁၈ မှ တပ်ခွဲ ၁ တို့က ဖြတ်တောက်စစ်ကြောင်းအဖြစ် အနီးအနားတွင် ကာပေးထားကြောင်း” သူက ပြောဆိုသည်။ ထိုသို့ရှိနေသော်လည်း တိုက်ပွဲကြားတွင် မပါဘဲ၊ သေနတ်လည်း တချက်မှ မဖောက်ဟုလည်း ဆိုသည်။

ကျိုက်ဒုံမြို့နယ်ခွဲ ဟောင်သရောချောင်း အရှေ့ဘက်ခြမ်းမှာ KNU တပ်ရင်း ၁၈ တပ်ခွဲ ၁ ၏ လှုပ်ရှားနယ်မြေဖြစ်ပြီး အနောက်ဘက်ခြမ်းသည် တပ်ရင်း ၁၇ တပ်ခွဲ ၁ ၏ လှုပ်ရှားနယ်မြေ ဖြစ်သည်။ မြန်မာစစ်တပ်မှ ကျိုက်ဒုံမြို့နယ်ခွဲ၊ ဝင်းလုံအခြေစိုက် စစ်ကြောင်းကို စစ်ကူခေါ်ထားသော်လည်း ယနေ့ထိမရောက်သေးကြောင်း KNU သတင်းအရ သိရသည်။

ပြီးခဲ့သည့်အပတ်မှစ၍ ဝေါလေဒေသမှ ဗိုလ်မှူးချုပ်စောလားဘွယ်၏ စစ်ကြောင်း ထွက်ခွါပြီးနောက် တနင်္ဂနွေနေ့တွင် တိုက်ပွဲ စတင်ခဲ့ပြီး၊ နောက်ပိုင်းရက်များတွင်ပါ ဆက်လက်ဖြစ်ပွားနိုင်သည် KNU စစ်တပ် အသိုင်းအဝိုင်းက ဆိုသည်။

ဧပြီလ ၂၃ ရက်၊ စနေနေ့တွင်လည်း နယ်ခြားစောင့်တပ် လက်ခံသည့် DKBA ဌာနချုပ် မြိုင်ကြီးငူစခန်းကို နယ်ခြားစောင့်တပ်အဖြစ် လက်မခံသော DKBA တပ်ရင်း ၃၃၃ က စီးနင်းတိုက်ခိုက်ခဲ့ပြီး၊ လိုင်စင်မဲ့ကားများနှင့် လက်နက်သိုလှောင်ရာများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။

ဖွံ့ဖြိုးရေးအတွက် စနစ်အသစ်ဖြင့် ကြိုးပမ်းဆောင်ရွက်မည်
ရန်ပိုင် Monday, 25 April 2011 18:33

သမ္မတကြီး ဦးသိန်းစိန်က နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် စနစ်အသစ်ဖြင့် ကြိုးပမ်းဆောင်ရွက်မည်ဟု ပြီးခဲ့သည့် ဧပြီလ ၂၂ ရက်နေ့က ပြုလုပ်သည့် အထူးစီမံကိန်းများ အကောင်အထည်ဖော်ရေး အစည်းအဝေးတွင် ပြောကြားသည်။

ထို့အပြင် မြေရှိလျှင် အလုပ်ရှိရမည်၊ ရေရှိလျှင် အလုပ်ရှိရမည် ဆိုသော ခံယူချက်ဖြင့် အလုပ်အကိုင် အခွင့်အလမ်းများ ပေါများအောင် ဖန်တီးဖော်ဆောင်ပေးပြီး လူသယံဇာတ၊ မြေသယံဇာတ၊ ရေသယံဇာတများကို ထိထိရောက်ရောက် အသုံးချရမည်ဟုလည်း ပြောဆိုသည်။

ယခု အထူးစီမံကိန်းများ အကောင်အထည်ဖော်ရေး အစည်းအဝေးသည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးဆောင်သည့် စစ်အစိုးရမှ သမ္မတအသစ် ဦးသိန်းစိန်ခေါင်းဆောင်သည့် အစိုးရအသစ်သို့ အာဏာလွှဲပြောင်းပေးပြီးနောက် ပထမဆုံး ပြုလုပ်သည့် အစည်းအဝေးဖြစ်သည်။

နိုင်ငံရေးလေ့လာသူများကမူ သမ္မတ ဦးသိန်းစိန်၏ ပြောဆိုချက်များသည် ယခင်စစ်အစိုးရ လက်ထက် လေးလတကြိမ် ပြုလုပ်သည့် အထူးစီမံကိန်းများ အကောင်အထည်ဖော်ရေး အစည်းအဝေးများ၊ နိုင်ငံတော် အခမ်းအနားများနှင့် သ၀ဏ်လွှာများတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ပြောဆိုသည်များနှင့် ထပ်တူညီမှုများကို တွေ့မြင်ရကြောင်း ဝေဖန်သုံးသပ်သည်။

ပြည်တွင်းအခြေစိုက် စီးပွားရေး ပညာရှင်တဦးကမူ ယင်းအစည်းအဝေးတွင် သမ္မတ ဦးသိန်းစိန်က “မိမိတို့နိုင်ငံသည် ရေ၊ မြေ၊ သဘာဝသယံဇာတများ ရှိပါလျက်နှင့် အကြောင်းကြောင်းကြောင့် ဖွံဖြိုးတိုးတက်မှု နောက်ကျကျန်ခဲ့ကြောင်းကို အားလုံး အသိပင် ဖြစ်ကြောင်း” ဆိုသည့် ပြောဆိုမှုကို ကြည့်ခြင်းဖြင့် နိုင်ငံတွင်ဖြစ်ပေါ်နေသည့် အခြေအနေမှန်ကို အစိုးရသစ် သိမြင်သည်ဟု ယူဆကြောင်း၊ ထိုကြောင့် အစိုးရသစ်၏ လုပ်ဆောင်ချက်များကို အချိန်ပေး စောင့်ကြည့်ရန်လိုအပ်ကြောင်း ပြောသည်။

“သမ္မတတယောက်အနေနဲ့ စိတ်ထဲမှာ အစစ်အမှန် တကယ်ပြောင်းချင်လို့ ပါးစပ်က ထုတ်ပြောတာပါ။ တကယ်လည်း စေတနာရှိရှိ အကောင် အထည်ဖော်မယ်လို့ ယုံကြည်ပါတယ်” ဟု ၎င်းကဆိုသည်။

ဦးသိန်းစိန်၏ တိုင်းပြည်စီးပွားရေး စီမံကိန်း အကောင်အထည်ဖော်ရေး ပြောဆိုမှုနှင့်ပတ်သက်၍ အကောင်းဘက်မှ ရှုမြင်ကြောင်း ဆက်လက်ပြောဆိုသည်။

ယခင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကမူ တိုင်းပြည်၌ မတိုးတက်သောကဏ္ဍဟူ၍ မရှိဘဲ တိုင်းပြည်စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေး ကဏ္ဍများမှအစ အားလုံးတိုးတက်ကြောင်းကို အမြဲတစေ ပြောဆိုခဲ့သည်။

ဦးသိန်းစိန်၏ မိန့်ခွန်းတွင် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးကို ရှေးရှုပြီး ပြည်ထောင်စုအစိုးရ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ များအကြား ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်ရန်လည်း ပြောဆိုခဲ့သည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းတင်က အစိုးရ မည်သို့ပင် ပြောင်းလဲသည်ဆိုသော်လည်း တိုင်းပြည်မှာမူ ဆင်းရဲတွင်းနက်နေသည့်အတွက် တိုင်းပြည်တိုးတက်ရေး ဖော်ဆောင်မှုနှင့် ပတ်သက်၍ အပြောချည်း သက်သက်မဟုတ်ဘဲ အမှန်တကယ် အကောင်အထည်ဖော်မည်ဆိုလျှင် ကြိုဆိုပါကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရန် နိုင်ငံရေးတည်ငြိမ်မှုလည်းလိုကြောင်း၊ သို့သော် အခြေခံကျသည့် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တိုင်းရင်းသားအရေး၊ နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေး စသည့် အချက်များကိုမူ လျစ်လျူရှုထားကြောင်း ဝေဖန်သုံးသပ်သည်။

သမ္မတ ဦးသိန်းစိန်၏ မိန့်ခွန်းတွင် နယ်စပ်ဒေသ တိုင်းရင်းသားများနှင့် ပတ်သက်၍ ယခင်အစိုးရလက်ထက်က ရရှိခဲ့သည့် ဖွံဖြိုးတိုးတက်မှုများကို ဆက်ခံပြီး ပိုမိုတိုးတက်အောင် ဆောင်ရွက်မည်ဖြစ်ပြီး ပြည်ထောင်စု အစိုးရ အာဏာ နယ်စွန်နယ်ဖျားရောက်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နယ်စပ်ဒေသများတွင် တဖက်နိုင်ငံကို အထင်ကြီး အားကိုးစိတ်များ ပျောက်အောင်၊ တဖက်နိုင်ငံထက် သာလွန်ဖွံဖြိုးတိုးတက်အောင်၊ ကိုယ့်ဒေသကိုယ် ချစ်မြတ်နိုးပြီး ယုံယုံကြည်ကြည် ပူးပေါင်းဆောင်ရွက်လာစေရန်၊ နယ်စပ်ဒေသများ တည်ငြိမ်ဖွံဖြိုး တိုးတက်စေလိုသည့် မိမိတို့ စေတနာကို နားလည် သဘောပေါက် ယုံကြည်စေရန် လက်တွေ့လုပ်ကိုင်ရန် ပြောဆိုခဲ့သည်။

ကြံ့ဖွံ့ ယာယီ ဥက္ကဌ ဦးရွှေမန်း တာဝန်ယူ
လင်းသန့် Monday, 25 April 2011 18:48

အစိုးရသစ် အောက်လွှတ်တော် ဥက္ကဌ ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးရွှေမန်းသည် အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (ကြံ့ဖွံ့ပါတီ) ၏ ဒု ဥက္ကဌ အဖြစ် မကြာခင်က ပြုလုပ်ခဲ့သော ပါတီ အစည်းအဝေးမှတဆင့် ရွေးချယ်ခံခဲ့ရပြီး ယာယီ ဥက္ကဌ ရာထူး ကိုပါ ပူးတွဲ တာဝန် ထမ်းဆောင်နေပြီဟု သိရသည်။

ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးရွှေမန်းသည် ယခင် နအဖ စစ်အစိုးရ လက်ထက်တွင် တတိယ အဆင့်ရှိသူ ဖြစ်သည်။ အစိုးရသစ် မထွက်ပေါ်လာမီက ကြံ့ဖွံ့ပါတီ ဥက္ကဌဖြစ်သူ ဦးသိန်းစိန်မှာ သမ္မတရာထူး ရွေးချယ်တာဝန်ပေးအပ်ခံရသည့် နေ့မှ စတင်ကာ ပါတီဥက္ကဌ ရာထူးကို ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ စွန့်လွှတ်ခဲ့ရပြီးနောက် ယင်း ပါတီ ဥက္ကဌ လစ်လပ်နေရာတွင် သူရ ဦးရွှေမန်းက ယခုကဲ့သို့ တာဝန်ယူလိုက်ခြင်းဖြစ်သည်ဟု နေပြည်တော် အသိုင်းအ၀ိုင်း က ဆိုသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နိုင်ငံတော်သမ္မတသည် ရွေးချယ်တင်မြှောက်ခြင်းခံရသည့်နေ့မှစ၍ ရာထူး သက်တမ်း အတွင်း ပါတီအဖွဲ့အစည်း၏ ပါတီလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်းမပြုရဟု ဖော်ပြပါရှိသည်။

ကြံ့ဖွံ့ပါတီ ထိပ်ပိုင်းခေါင်းဆောင်ပိုင်းအတွင်း၌ အာဏာလွန်ဆွဲပွဲများ ရှိနေကြကြောင်း၊ မကြာသေးခင်က ကျင်းပခဲ့သော ပါတီ အစည်းအဝေးတွင် သူရ ရွှေမန်းက ပါတီတွင်းမှာ“ဒီမိုကရေစီ”ရှိရန် ပြောကြားခဲ့ပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၏ အလွန် ယုံကြည်ရသူအဖြစ် သတင်းကြီးသူ ဦးအောင်သောင်းကမူ ပါတီတွင်း စစ်တပ်ပုံစံ စည်းလုံးမူရှိရန် အလေးထား ပြောကြားခဲ့သည်ဟု ကြံ့ဖွံ့ပါတီနှင့် နီးစပ်သူတဦးက ဆိုသည်။

“တသွေး၊ တသံ၊ တမိန့် ဆိုတဲ့ စစ်တပ် ဆောင်ပုဒ်အတိုင်း လုပ်ဆောင်သွားဖို့ အရေးကြီးကြောင်း ဦးအောင်သောင်းက ဆက်လက်ပြောကြားသွားတယ်”ဟု ၄င်းက ဆက်လက်ပြောဆိုသည်။

ယခင်က ကြံ့ဖွံ့ပါတီတွင် မရှိခဲ့သော ဒု ဥက္ကဌ ရာထူးနှင့် အတွင်းရေးမှူး(၁)၊ အတွင်း ရေးမှူး (၂) ရာထူး နေရာအသစ်များကို မကြာသေးခင်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နှင့် ထိပ်ပိုင်း ခေါင်းဆောင်တချို့နှင့် သီးခြားတွေ့ဆုံ အပြီး ယခုကဲ့သို့ နေ ရာ သစ်များပေါ်ထွက်လာခြင်းဖြစ်သည်ဟု နေပြည်တော်တွင် သတင်းများ ထွက်ပေါ်နေသည်။

အတွင်းရေးမှူး(၁) နေရာအတွက် ယခင်စက်မှု(၁) ၀န်ကြီး ဦးအောင်သောင်း၊ အတွင်းရေးမှူး(၂) နေရာအတွက် ယခင် စာတိုက်နှင့်ကြေးနန်း၊ ဆက်သွယ်ရေး ၀န်ကြီးဟောင်း ဦးသိန်းဇော် တို့ကို တာဝန်ပေးလိုက်ကြောင်းလည်း သိရှိရသည်။

ကြံ့ဖွံ့ပါတီ အထွေထွေ အတွင်းရေးမှူး နေရာအတွက် ဦးဌေးဦးက ဆက်လက်တာဝန်ယူ ဆောင်ရွက်လျက်ရှိပြီး အဆိုပါ တွေ့ဆုံပွဲအပြီးတွင် ယခင်ဝန်ကြီးဟောင်းများဖြစ်ကြသော ဦးသောင်း(သိပ္ပံနှင့်နည်းပညာဝန်ကြီး) အပါအ၀င် ဗိုလ်ချုပ်မှူးကြီး နှင့် အနီးဆုံးသူများက ပါတီထိပ်ပိုင်း ခေါင်းဆောင်တာဝန်များကို ယူကြမည်ဖြစ်ကြောင်းလည်း ပါတီတွင်း သတင်း များက ဆိုသည်။

လေ့လာစောင့်ကြည့်သူများ၏ အဆိုအရ ယခင်ဝန်ကြီးဟောင်းများနှင့် ဗိုလ်ချုပ်ဟောင်းများအကြား ကြံ့ဖွံ့ပါတီ ထိပ်ပိုင်း ခေါင်းဆောင် နေရာရရေးအတွက် အုပ်စုတိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရှိရသည်။

စွမ်းအင်ကဏ္ဍ တရုတ်၊ စင်္ကာပူ၊ ကိုရီးယားတို့နှင့် ပူးပေါင်းလုပ်မည်
ဧရာဝတီ Monday, 25 April 2011 13:00 သတင်းတိုများ

အစိုးရသစ်က တရုတ်ကုမ္ပဏီ (NPCC) နှင့် ငလှိုင်တွင်း ဒေသတွင် လည်းကောင်း၊ စင်္ကာပူ အခြေစိုက် SNOG Pte. Ltd နှင့် ကရင်ပြည်နယ် မဲပလေဒေသတွင် လည်းကောင်း၊ ကိုရီးယားကုမ္ပဏီ KMDC နှင့် ရခိုင်ကမ်းလွန်တွင်လည်းကောင်း ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ရှာဖွေတူးဖော်ရေးနှင့် ထုတ်လုပ်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မည်ဟု သိရသည်။

ယင်း စီမံကိန်းများနှင့်ပတ်သက် ၍ ပြီးခဲ့သည့် သောကြာနေ့ကပြုလုပ်သော အထူးစီမံကိန်းများ အကောင်အထည်ဖော်ရေး အဖွဲ့ ညှိနှိုင်းအစည်းအဝေးတွင် စွမ်းအင် ၀န်ကြီးက ပြောဆိုလိုက်ခြင်း ဖြစ်သည်။


မိုးကြိုးအန္တရာယ် သတိပြုရန် ဒေါက်တာထွန်းလွင် ပြော
သဲသဲ | တနင်္လာနေ့၊ ဧပြီလ ၂၅ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၄၄ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။ ။ မိုးတိမ်တောင်များ အားကောင်းလာသဖြင့် မြန်မာနိုင်ငံ ဒေသအချို့ နေရာကွက်ကြား မိုးထစ်ချုန်း ရွာသွန်းကာ လေပြင်းတိုက်ခြင်းအပြင် မိုးကြိုးအန္တရာယ်ပါ သတိပြုရန် ရန်ကုန်ရှိ မိုးဇလပညာရှင် ဒေါက်တာထွန်းလွင်က ပြောဆိုသည်။

တနင်္လာမနက် မိုးလေဝသ တိုင်းထွာချက်အရ ရန်ကုန်၊ ပဲခူးတိုင်းအရှေ့ပိုင်း၊ မွန်နှင့် ကရင်ပြည်နယ် မြောက်ပိုင်းတွင် နေရာကွက်ကာ မိုးသည်းထန်စွာ ရွာသွန်းဖွယ်ရှိပြီး လေပြင်းနှင့်အတူ မိုးကြိုးများ ပါရှိနိုင်ကြောင်း သတိပေး ပြောဆိုခြင်း ဖြစ်သည်။

“အဓိက အန္တရာယ်တွေက သဲသဲမဲမဲ မိုးရွာတတ်တာရယ်။ မိုးရွာရင် လေပြင်းလည်း တိုက်တတ်တယ်။ အန္တရာယ် ရှိတာက မိုးကြိုးပစ်တတ်တာပဲ။ နောက်ပြီး မိုးသီးကြွေတာတို့၊ လေဆင်နှာမောင်းတိုက်တာတို့ ဖြစ်နိုင်တယ်” ဟု ဒေါက်တာထွန်းလွင်က မဇ္ဈိမကို ပြောသည်။ မိုးတိမ်တောင်ကြောင့် ဖြစ်ပေါ်သည့် ထစ်ချုန်းမိုးများသည် ညနေပိုင်းတွင် အဖြစ်များပြီး မိုးခြိမ်းသံများ၊ လျှပ်စီးလက်ခြင်းများ တွေ့မြင်ရပါက ရေကြောင်း၊ လေကြောင်း သွားလာရေးတွင် သတိရှိပါဟု ဆိုသည်။

ဧပြီလ ၂၆ ရက်၊ အင်္ဂါနေ့တွင်လည်း နေရာအနှံ့ မိုးရွာသွန်းနိုင်ပြီး မေလ ၃ ရက်နေ့အထိ ဘင်္ဂလား ပင်လယ်အော်တွင် မုန်တိုင်းမတွေ့ရကြောင်း ဒေါက်တာထွန်းလွင်၏ Myanmar Climate Change Watch (MCCW) အင်တာနက် စာမျက်နှာတွင် ရေးထားသည်။ နိုင်ငံတကာ မိုးလေဝသ အင်တာနက် စာမျက်နှာတွင်လည်း ရန်ကုန်နှင့် အနီးတဝိုက် အင်္ဂါညနေပိုင်း၌ မိုးရွာရန် ၇၂ ရာခိုင်နှုန်းရှိပြီး၊ နေ့အပူချိန် ၃၅ ဒီဂရီ စင်တီဂရိတ် ရှိကာ၊ ထစ်ချုန်းမိုးကြိုးများ ဖြစ်ပေါ်မည်ဟု ဖော်ပြထားသည်။

မြန်မာနိုင်ငံ မိုးကြိုကာလဖြစ်သော ဧပြီလ ဒုတိယပတ်မှ မေလ ဒုတိယပတ်အတွင်း မိုးတိမ်တောင်များ ဖြစ်ပေါ်တတ်ကာ၊ ရံဖန်ရံခါဆိုသလို စိုက်ဆင်းလေပြင်းနှင့် မုန်တိုင်းအန္တရာယ်ရှိသည်ဟု ဦးထွန်းလွင်က ဆိုသည်။

နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး သံလျင် လှုပ်ရှားမှု 
မဇ္ဈိမသတင်းဌာန | တနင်္လာနေ့၊ ဧပြီလ ၂၅ ရက် ၂၀၁၁ ခုနှစ် ၂၁ နာရီ ၂၇ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။ ။ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး အပါအဝင် အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် လက်မှတ်ရေးထိုး တောင်းဆိုလှုပ်ရှားမှုကို ရန်ကုန်တိုင်း သံလျင်မြို့၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နှင့် လူမှုကွန်ယက် အဖွဲ့ဝင်များက စနေနေ့တွင် ပြုလုပ်ခဲ့သည်။

သံလျင်မြို့ အမှုထမ်းရပ်ကွက်ရှိ NLD ပါတီဝင် ဦးလှသိန်း၏ နေအိမ်၌ ပြုလုပ်ခဲ့ပြီး၊ ကလေးသူငယ်များကို အာဟာရတိုက်ကျွေးမှု အစီအစဉ်လည်း ပါရှိသည်။ ထို့အပြင် ဗိုလ်ချုပ်အောင်ဆန်းနှင့် NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အကြောင်း ကလေးများကို ဟောပြောခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်း ကဗျာများလည်း သင်ပြပေးခဲ့သည်။
နပိုင်းတွင် ကျိုက်ခေါက်ဘုရား၌ ဇီဝိတဒါန ငါးလွှတ်ပွဲ ပြုလုပ်ပြီး နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ဆုတောင်းခဲ့ကြသေးသည်။

ယခုချိန်ထိ သံလျင်မြို့နယ်တွင် လက်မှတ်ပေါင်း ၅ဝဝ ကျော် ကောက်ခံရရှိပြီးပြီဟု သံလျင် NLD ဥက္ကဋ္ဌ ဦးစိုးဟန်က မဇ္ဈိမကို ပြောပြသည်။ ဤလက်မှတ်ရေးထိုး တောင်းဆိုပန်ကြားလွှာများကို တနိုင်ငံလုံး အတိုင်းအတာဖြင့် ကောက်ခံကာ၊ သမ္မတ ဦးသိန်းစိန်ထံ ပေးပို့သွားမည်။

ပန်ကြားလွှာတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်ပေးရန်၊ ပြည်ပရောက် မြန်မာနိုင်ငံသားများ နေရပ်ရင်းသို့ ပြန်လည်နေထိုင်နိုင်ရန်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့်အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးရန် ပါရှိသည်။

တောင်းဆိုချက်များအား မလိုက်လျောပါက ဥပဒေဘောင်အတွင်းမှ ဆက်လက်လုပ်ဆောင်သွားမည်ဟု ဦးစိုးဟန်က ပြောသည်။

ကရင် နယ်ခြားစောင့် တပ်ချင်း ပြန်တိုက်
သန်းထိုက်ဦး Monday, 25 April 2011 17:53

ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူ အထူးဒေသတွင် နယ်ခြားစောင့်တပ် လက်ခံထားသည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) တပ်ဖွဲ့ဝင်များ အချင်းချင်း ပြီးခဲ့သည့် သောကြာနေ့က ပစ်ခတ်မှုတခု ဖြစ်ပွားခဲ့သည်။

မြိုင်ကြီးငူ အထူးဒေသရှိ ကရင်နယ်ခြားစောင့်တပ်ဖွဲ့ဝင်များကို အခြားသော နယ်ခြားစောင့်တပ်ရင်း တခုဖြစ်သော အမှတ် ၁၀၁၂ မှ တပ်ဖွဲ့ဝင်များက လာရောက်ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

လူဦးရေ ၃၀ ခန့်ရှိသော ဗိုလ်ဖားမီး ဦးဆောင်သော နယ်ခြားစောင့်တပ်ဖွဲ့ဝင်များက လာရောက် ပစ်ခတ်ခဲ့ပြီး ယင်းတပ်ဖွဲ့မှ တပ် ဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့ကြောင်း အတည်မပြုနိုင်သော သတင်းများအရ သိရသည်။ အဆိုပါ ဗိုလ်ဖားမီး အဖွဲ့က စစ်လက်နက်ပစ္စည်းများ သိုလှောင်ထားသော အဆောက်အအုံ တခုနှင့် စစ်တန်းလျား တခုကို ပါ မီးရှို့ဖျက်ဆီးလိုက်ကြောင်း ကရင်အမျိုးသား အစည်းအရုံး(KNU)တပ်မဟာ ၇ မှ ဗိုလ်မှူးချုပ် စောဂျော်နီက ဧရာဝတီသို့ ပြော သည်။

ယခုကဲ့သို့ နယ်ခြားစောင့်တပ် အချင်းချင်း ပစ်ခတ်သည့် အကြောင်း အရင်းနှင့် ပတ်သက်ပြီး ရှင်းရှင်း လင်းလင်း မသိရှိရသေးပေ။

ကရင်ပြည်နယ် ဖာပွန်မြို့နယ်ရှိ ကမမောင်းမြို့တွင် ပြီးခဲ့သည့် စနေနေ့ကလည်း DKBA တပ်မဟာ ၅ မှ တပ်ဖွဲ့ဝင်တချို့ က အစိုးရတပ်များကို သွားရောက်တိုက်ခိုက်ခဲ့သေးသည်။

ယင်းတိုက်ပွဲတွင် အစိုးရတပ် ခြေမြန်တပ်ရင်း(ခမရ) ၂၁၂ တပ်ရင်းမှ စပါးကျီတလုံးနှင့် လက်နက်ခဲယမ်းများ သိုလှောင် ထား သော အဆောက်အအုံတခုကို မီးရှို့လိုက်ကြောင်း သိရသည်။

ထို့အပြင် ပြီးခဲ့သည့် တပတ်ကလည်း ကရင်ပြည်နယ် မြ၀တီမြို့နယ် အတွင်းရှိ DKBAနယ်ခြားစောင့်တပ်ဖွဲ့ဝင် ၁၂ ဦးခန့် KNU တပ်မဟာ ၇ ထိန်းချုပ်ဒေသသို့ လက်နက်များဖြင့် လာရောက်ပူးပေါင်းခဲ့ကြောင်း၊ လာရောက်ပူးပေါင်းသူများထဲတွင် ဒု အရာခံ ဗိုလ် ၁ ဦးနှင့် တပ်ကြပ် တဦး ပါဝင်ကြောင်း နယ်စပ်ဒေသ အခြေစိုက် ကရင်သတင်းစဉ်အင်တာ နက် စာမျက်နှာတွင် ဖော်ပြ ထားသည်။

KNU တပ်မဟာ ၇ ထိန်းချုပ်ဒေသ စစ်မှတ်တမ်းများအရ ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ မှ မတ်လအထိ နယ်ခြားစောင့်တပ်ဖွဲ့မှထွက် ပြေးလာသူ ၄၇ ဦးခန့်ရှိကြောင်း၊ ယခု ဧပြီလအတွင်း တပ်သား ၂၀ ခန့် ထပ်မံ ရောက်ရှိလာကြောင်း သိရသည်။

ဗိုလ်ဖားမီးသည် လက်ရှိအချိန်၌ နယ်ခြားစောင့်တပ်ဖွဲ့ဝင် တဦးဖြစ်ပြီး KNUထံသို့ သွားရောက်ပူးပေါင်းခြင်း မရှိသေးကြောင်း သိရှိရသည်။

နယ်ခြားစောင့်တပ် တပ်ဖွင့်ပွဲ အခမ်းအနားများကို လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူ ဒေသ၊ ပိုင်ကျုံမြို့နယ် ထန်းတပင်ကျေးရွာ၊ မြ ၀တီ မြို့နယ် မဲပလဲ့ဒေသ၊ ကော့ကရိတ်မြို့နယ် ထီးဟူးသံ ကျေးရွာနှင့် ကွင်းကလေးဒေသတို့တွင် စစ်အစိုးရကဦးဆောင်၍ ပြီး ခဲ့သည့် နှစ် သြဂုတ်လ၌ ကျင်းပ ပြုလုပ်ပေးခဲ့ခြင်း ဖြစ်သည်။

DKBA သည် ၁၉၉၅ ခုနှစ်တွင် KNU မှ ခွဲထွက်ပြီးနောက် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲကာ တဖြည်းဖြည်း အင်အား ကြီးမား လာသည့် လက်နက်ကိုင် တပ်ဖွဲ့တဖွဲ့ဖြစ်သည်။

အကျဉ်းသားလွှတ်ပေးရေး အစိုးရသစ် တွန့်ဆုတ်နေ
2011-04-25 RFA

သမ္မတ ဦးသိန်းစိန် ခေါင်းဆောင်တဲ့ အစိုးရအဖွဲ့သစ်ဟာ ပြည်တွင်း ပြည်ပက ဒီမိုကရေစီအင်အားစုတွေ၊ အာဆီယံ၊ ကုလသမဂ္ဂ၊ အီးယူ၊ အမေရိကန်စတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ အစိုးရတွေရဲ့ အဓိက တောင်းဆိုချက်တခုဖြစ်တဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးရေးကိစ္စကို လျစ်လျူပြုထားဆဲ ဖြစ်ပါတယ်။

အာဖရိကနဲ့ အရှေ့အလယ်ပိုင်း အာရပ်နိုင်ငံတွေမှာ ဖြစ်ပွားနေတဲ့ အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ မြန်မာနိုင်ငံကို ကူးစက်လာမှာကို စိုးရိမ်တဲ့အတွက် နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးရေးကိစ္စကို တွန့်ဆုတ်နေတာ ဖြစ်တယ်ဆိုတဲ့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

သမ္မတသစ်ထံ တရားဥပဒေစိုးမိုးရေးအတွက် ပေးစာ NLD ထုတ်ပြန်
2011-04-25 RFA

အစိုးရသစ်အနေနဲ့ တရားဥပဒေစိုးမိုးရေး အလေးထား ဆောင်ရွက်ဖို့အတွက် တိုက်တွန်းထားတဲ့စာကို NLD ပါတီက ဧပြီ ၂၅ ရက် တနင်္လာနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

ဒီစာဟာ NLD ဒုတိယဥက္ကဋ္ဌ ဦးတင်ဦးက သမတ ဦးသိန်းစိန် ထံကို ဧပြီလဆန်းပိုင်းက ပေးပို့ခဲ့တဲ့ စာဖြစ်ပါတယ်။ ထုတ်ပြန်လိုက်တဲ့ စာနဲ့ပတ်သက်ပြီး ပါတီ ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က ခုလိုပြောပါတယ်။

“ဒီနေ့ ထုတ်ပြန်တဲ့ ကြေညာချက်အမှတ်ကတော့ ၇/၀၄/၁၁ ဖြစ်ပါတယ်။ တကယ်တော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ၄ ရက်နေ့က ဧပြီလ ၄ ရက်နေ့က အစည်းအဝေး ဆုံးဖြတ်ချက်အရ ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦးက ၅ ရက်နေ့မှာပဲ နိုင်ငံတော် သမတ ဥိးသိန်းစိန်ထံကို စာတစောင် ပေးပို့ပါတယ်။ အဲဒီစာက တရားဥပဒေ စိုးမိုးရေးနဲ့ ပတ်သက်တဲ့စာပါ။ အဲဒီစာကို ဒီနေ့ အစကနေ အဆုံး ပြည်သူများ သိရှိအောင် ထုတ်ပြန်လိုက်ခြင်း ဖြစ်ပါတယ်။ အဲဒီလို ထုတ်ပြန်ဖို့ ဧပြီလ ၂၂ ရက် ကျင်းပတဲ့ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးက ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။”

ပေးစာမှာ နိုင်ငံတွင်း လက်ရှိ ဖြစ်ပျက်နေတဲ့ တရားဥပဒေရေးရာ ဆောင်ရွက်ချက်တွေကို ရည်ညွန်း ဖော်ပြထားသလို၊ မှုခင်းနဲ့ သတင်းတပ်ဖွဲ့တို့က တင်တဲ့ အမူတွေဟာ အင်းစိန်ထောင်တွင်း အထူး တရားရုံးတွေမှာ စစ်ဆေး ကြားနာနေတဲ့အတွက် ဆွေမျိုးသားချင်းတွေနဲ့ စိတ်ပါဝင်စားတဲ့ ပြည်သုတွေ လာရောက် နားထောင်ခွင့် မရှိတာကြောင့် လွတ်လပ်စွာ တရားစီရင်ရေးမူတွေနဲ့ ကိုက်ညီမှု မရှိဘူးလို့ ထောက်ပြထားပါတယ်။

ဒီအတွင်း NLD ပါတီ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ဟာ ဧပြီ ၂၅ ရက် တနင်္လာနေ့ မွန်းလွဲပိုင်း က International Center on Non-Violence Conflict အဖွဲ့နဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

ဗမာ့သွေး ပေးပို့သည်။



 

No comments: