Wednesday, April 20, 2011

ချစ်သော ရဲဘော်များ ပြည်သူများ နှင့် မဟာမိတ်များ - ၂၀

သူ့ကိုလိုက်ရှာတဲ့သူ ၂ ယောက် အချင်းချင်းပြောနေတဲ့စကားကို ကားပေါ်မှာပါလာတဲ့ မောင်လှဝင်း က ကြားလာခဲ့တယ်။ ကျနော်တို့ တော်လို့မဟုတ် ဆိုရာမှာ စဥ့်ကိုင်နဲ့ စစ်ကိုင်းကား လွဲစီးမိပြီး ထွက်လာတဲ့အရပ် ပြန်ရောက်သွားသူတွေက ရောက်သွားသေးတယ် မဟုတ်လား။

‘တော်လှန်ရေးသမားတွေဟာ ဗော်ရှီဗစ်တွေရဲ့ဇွဲနဲ့ အမေရိကန်ရဲ့လုပ်ရည်ကိုင်ရည်ရှိမှု ပေါင်းစပ်နိုင်ရမယ်’ ဆိုတဲ့ဆောင်ပုဒ်ကို ကျနော်တို့ သိပ်သဘောကျခဲ့တယ်။ ဒါပေမယ့် အထက်မှာတင်ပြခဲ့တဲ့ အချက်တွေအပြင် တခြား မစေ့စပ် မသေချာတာတွေလည်း အများကြီးရှိပါသေးတယ်။ ကျနော်တို့မှာ ပြည့်စုံခဲ့တာ ဗော်ရှီဗစ်ဇွဲပဲ ရှိပါတယ်။

ဒါတောင် KIA နဲ့ခရီးမှာ အစမ်းသပ်ခံလိုက်ရပါသေးတယ်။ ဗော်ရှီဗစ်ဇွဲ ပြမိတာနဲ့ ဒုက္ခရောက်ခဲ့ရတာပါ။


ကျနော်တို့ဖြတ်သန်းလာတဲ့ခရီးစဉ်ကို မမှတ်မိတော့ပါ။ ခု မြေပုံပြန်ကြည့်တော့ အင်းတော်ချောင်းကို ဖြတ်ရတယ်။ မြစ်ကြီးနား ကားလမ်း-ရထားလမ်းကို ဖြတ်ရတယ်။ ရထားလမ်းဖြတ်စဉ်ကြုံရတဲ့ အတွေ့အကြုံက ဆန်းသစ်တယ်။ ရထားလမ်းကို ညနေအချိန်မီကပ်နိုင်ဖို့ (ကျနော်တို့ ၃ ယောက်) အမောင်းခံရပါတယ်။

ခပ်ပြင်းပြင်း လျှောက်ကြရတယ်။ ကပ်ပြီးတဲ့နောက် ကင်းဂိတ်နဲ့ နားလည်မှုယူပါတယ်။ ဒီည တပ်ဖြတ်မယ်။ မင်းတို့ မပစ်ရင် တို့ မပစ်ဘူး။ ဖြတ်ခွင့်မပေးရင် မင်းတို့ စခန်းကိုတိုက်ပြီးဖြတ်မယ်ဆိုတော့ ‘ဘယ်အချိန်အတွင်း ဖြတ်။ အဲဒီ အချိန်ကျော်တာနဲ့ ပစ်မှာပဲ’ ဆိုတဲ့ နားလည်မှုပါ။

ကျနော်တို့ ၃ ယောက်ကို တယောက်စီ ခွဲထားလိုက်ပါတယ်။ တပ်ဖွဲ့ငယ်တဖွဲ့စီက တယောက်စီကို တာဝန်ယူပါတယ်။ လက သာနေပါတယ်။ ည ၉ နာရီလောက်မှာ ဖြတ်ကြတယ်။ ဒီနေရာမှာတော့ နှေးလို့ မဖြစ်။ တုံ့ခနဲဖြစ်လိုက်တာနဲ့ ဘေးက ၂ ယောက်ညှပ်ပြီး ဆွဲခေါ်သွားတာ ခံလိုက်ရတယ်။ တချို့နေရာမှာ ဒရွတ်တိုက်ပဲ။ တဖက်ကွင်းထဲရောက်သွားတော့ ၅ ယောက်တဖွဲ့ အစုလေးတွေဖြစ်နေတာ လှမ်းမြင်ရပါတယ်။ ကျနော်တို့က အလယ်မှာ …။

ခြုံစပ်စပ်ရောက်သွားချိန် သေနတ်သံ ဖြိုးဖြိုးဖြောက်ဖြောက် ကြားလိုက်ရတယ်။ (၇၅ ခုနှစ် ဗီယက်နမ် တိုက်ပွဲတခုမှာ တပ်ကြီးချီတက်လာပြီး ရန်သူ့ တပ်နဲ့ရင်ဆိုင်လိုက်တာနဲ့ ၅ ယောက်တတွဲစီ ဖြန့်ခွဲသွားတယ် ဆိုတာကို ဖတ်ထားမိတာ မကြာသေးတော့ ဒါကိုပဲ အတုယူသလား နောက်မှ စဉ်းစားမိ) ကျနော်တို့ ၃ ယောက် ဒူးပွန်းသူက ပွန်း၊ တိုလီမိုလီများသူက ပစ္စည်းတချို့ ကျကျန်ခဲ့နဲ့၊ နားချိန်မှာ ရယ်မိကြရပါသေးတယ်။

တခြားထူးခြားချက်တချက် တွေ့မိတာက KIA က ကချင်လူထုကိုပဲ မှီခိုတာပါ။ ရှမ်းရွာတွေကို ရှောင်ကွင်းပါတယ်။ မဖြစ်မနေ ဖြတ်ရရင်လည်း တက်သုတ်နှင်ပါတယ်။ မယုံရဘူး။ မြန်မြန်ဆိုပြီး ကျနော်တို့ကို မောင်းတော့တာပါ။ တောင်ပေါ် အတင်းတက်ခိုင်း၊ အတင်းမောင်းချ လုပ်ပါတယ်။

နားဖို့ သတ်မှတ်တဲ့နေရာရောက်တာနဲ့ သူတို့က တဲလေးတွေ ဆောက်ပါတယ်။ ကျနော်တို့ ထူဆောက်ထားတဲ့ တဲကိုကြည့်ပြီး ပြုံးကြတာကို ရှက်ရှက်နဲ့ အောင့်ခံရပါတယ်။


ခရီးထွက်လာတဲ့တပ်အင်အားက ၁၅ဝ လောက် ရှိပါတယ်။ ဗိုလ်သင်တန်းဆင်းတွေနဲ့ တောခိုလာတဲ့ ကချင် ကျောင်းသားတွေက ကျောပိုးအိတ်တလုံးစီ လွယ်ထားပါတယ်။ စုစုပေါင်း ၃ဝ ရှိတယ်။
ကျောပိုးအိတ်တလုံးစီမှာ ငွေကျပ် တသိန်းစီ ထည့်ထားပါတယ်။ နမ့်တင်း အကောက်ခွန်စခန်းက ဗဟိုအတွက်ပို့တာ ဖြစ်တယ်။

(ထိုစဉ်က ကျပ်ငွေတသိန်းတန်ဖိုးက နည်းတာမဟုတ်။ တရားဝင် ၁ ယွမ်= ၄ ကျပ် ခေတ်။ နောက်ပိုင်း အချိန်တော်တော်ကြာအထိ ပန်ဆန်းမှာတောင် ၁ ယွမ် မှာ ၁ဝ ကျပ်ဖြစ်နေပါသေးတယ်)

ဧရာဝတီမြစ်ကို ကူးတို့လှေနဲ့ ဖြတ်ရတာ အချိန် အတော်ယူရပါတယ်။ ကူးတို့သမားတွေက ရှမ်းဖြစ်တယ်။ အခေါက်ခေါက် ပို့ပေးနေရတာပါ။ KIA တွေမျက်နှာမှာ စိုးရိမ်စိတ်တွေပေါ်နေတာ သတိထားမိတယ်။ အရှေ့ဘက်ကမ်းရောက်တာနဲ့ တပ်မနားတော့ဘဲ တောင်တက်ခရီး တန်းမောင်းပါတယ်။

ထွက်လိုက်တဲ့ ချွေး။ ဒိုးယိုဆင်းနေတယ်။ ဒါပေမယ့် ဗော်ရှီဗစ်ဇွဲနဲ့ တချက်မှမနားဘဲ ရှေ့ကနေ သုတ်ခြေတင်ပါတယ်။

ရဲဘော် ၂ ယောက် ဘယ်မှာကျန်နေတယ် မသိ။ နားထဲက လေတွေ ထွက်လာပါတယ်။ တပ်ကြပ်ကြီးက ရောက်ခါနီးပါပြီ။ စောင့်ဦးမလားမေးတာ ပါးစပ်က မောလွန်းလို့ မဖြေ။ ခေါင်းပဲ ယမ်းပြပြီး ကုတ်ကပ်တက်နေမိတယ်။

တောင်ပေါ်ကအဆင်း ခေါင်းက မူးရိပ်မူးရိပ်ပြနေပြီ။ ကျနော် မနား။ ဘယ်အချိန် ဘာဖြစ်သွားတယ် မသိ။ ဗော်ရှီဗစ်ကြီး စိုက်ထိုးလဲသွားပါတော့တယ်။ သတိပြန်ရလာတော့ စိုးရိမ်စိတ်နဲ့ကြည့်နေတဲ့ ကျနော့်ရဲဘော် ၂ ယောက် … ။

ဘာမှတော့ မဖြစ်။ ချွေးထွက်များပြီး နုံးသွားရာက အားပြတ်သွားတာပါ။ ရေသောက်လိုက်တာနဲ့ ပြန်အားပြည့်သွားပါတယ်။

ဆက်လက်ဖော်ပြပါမည်။


 

No comments: