Thursday, April 14, 2011

ဗေဒင်ပညာရှင် ဆရာစံဇာဏီဘို၊ နက္ခတ်ပညာရှင် ဦးဇေယျာကို တို့၏ တွက်ချက် သုံးသပ်ထားမှုများ

မြန်မာသက္ကရာဇ် ၁၃၇၂ ခုနှစ်သည် မကြာမီ ကုန်ဆုံး၍ ၁၃၇၃ ခုနှစ်သို့ ကူးပြောင်းမည့် မဟာသင်္ကြန်ကာလသည် မကြာမီ ရောက်ရှိတော့မည် ဖြစ်ရာ ယင်းသင်္ကြန်ကာလအတွင်း ရှေးဘိုးဘေးဘီဘင် လက်ထက် ကတည်းက အတိတ်မှ ဖြစ်ခဲ့သော အညံ့များ၊ ရောဂါများ ပပျောက်ကာ အနာဂတ်တွင် ဖြစ်ပေါ်မည့် အညံ့များ လျော့နည်းစေနိုင်သည် ဟူသည့် အယူအဆဖြင့် ထုံးတမ်းစဉ်လာအရ ကျင့်သုံးခဲ့သည့် ခေါင်းဆေးမင်္ဂလာ ပြုလုပ်သော ဓလေ့မှာလည်း ယနေ့ထိတိုင် ရှိနေဆဲ ဖြစ်သည်။

ထို့ကြောင့် ယခုနှစ် သင်္ကြန်ကာလတွင် နေ့နံအလိုက် မွေးဖွားသူများ ခေါင်းဆေးမင်္ဂလာ ပြုလုပ်အပ်သည့် နေ့ရက်၊ အချိန်၊ နေရာတို့အပြင် မြန်မာသက္ကရာဇ် ၁၃၇၃ ခုနှစ်သို့ ကူးပြောင်းပြီးသည့် တစ်နှစ်တာ ကာလအတွင်း မြန်မာနိုင်ငံ၌ ရာသီဥတု အခြေအနေ၊ စီးပွားရေး၊ စိုက်ပျိုးရေးနှင့် လူမှုရေး စသည့် ကဏ္ဍ အသီးသီးတွင် ဖြစ်ပေါ်နိုင်ခြေ ရှိသည့် ကံကြမ္မာအသီးသီးတို့ကို နက္ခတ်ပညာရှင် ဦးဇေယျာကို၊ ဗေဒင်ပညာရှင် ဆရာစံဇာဏီဘို တို့၏ နက္ခတ်ရှုထောင့်နှင့် ဗေဒင်ရှုထောင့်တို့မှ တွက်ချက် သုံးသပ်ထားမှုများကို စာဖတ်ပရိသတ်အား တင်ပြအပ်ပါသည်။




w62815

ဆရာစံဇာဏီဘို(ဗေဒင်ပညာရှင်)

သင်္ကြန်ကာလရဲ့ အတာစားတဲ့ နေ့နံကို ကံမကောင်းဘူးလို့ တစ်သမတ်တည်း ယူဆလို့ မရတဲ့အတွက် ကံကောင်းရင်လည်း အခြားနေ့နံတွေထက် အများကြီး ကံကောင်းတယ်။ ကံညံ့ရင်လည်း သူများထက် ဆိုးတယ်။ ဒီနှစ်သင်္ကြန်ကတော့ စနေ အတာစားမှာဖြစ်လို့ စနေ့နေ့ မွေးဖွားသူတွေ ကံကောင်းမှုတွေ ဖြစ်အောင် သင်္ကြန်အတက်ချိန်ဖြစ်တဲ့ ဧပြီလ ၁၆ ရက် ည ၇ နာရီ ၄၅ မိနစ်၊ ၁၁ စက္ကန့်မှာ အိမ်ရှိဘုရားမှာ ၀တ်ကောင်းစားကောင်း ၀တ်ဆင်ပြီး အနောက်တောင်ဘက်ကို မျက်နှာမူ ပန်းဆီမီးပူဇော်၊ လိုရာဆုတောင်းခြင်းဖြင့် အညံ့တွေ ပပျောက်အောင် ပြုလုပ်နိုင်ပါတယ်။

ခေါင်းဆေးမင်္ဂလာပြုခြင်း ကိစ္စကိုတော့ ကြာသပတေးနေ့နံကလွဲရင် ကျန်တဲ့နေ့နံ မွေးဖွားသူတွေက သင်္ကြန်အကျနေ့ ညနေ ၄ နာရီ၊ ၄ မိနစ်၊ ၄၉ စက္ကန့်မှာ နှစ်ဟောင်းမှာရှိတဲ့ ဘေးဥပဒ်တွေ၊ အညံ့တွေ ပပျောက်အောင် ခေါင်းဆေးမင်္ဂလာ ပြုရပါမယ်။ ကြာသပတေးနေ့နံ မွေးသူတွေကတော့ ဧပြီလ ၁၅ ရက် ညနေ ၄ နာရီ ၄ မိနစ်၊ ၄၉ စက္ကန့်မှာ ခေါင်းဆေးမင်္ဂလာ ပြုရပါမယ်။

၁၃၇၃ ခုနှစ်အတွင်း ဖြစ်ပေါ်နိုင်တဲ့ အခြေအနေရပ်ရပ်ကို သုံးသပ်ရရင်တော့ ရာသီဥတုပိုင်းဆိုင်ရာမှာ အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီနဲ့ ၉၇ ဒီဂရီ အကြားရှိ နေရာဒေသတွေမှာ အပူချိန် မြင့်မားမယ်။ ၀ါခေါင်လဆုတ် ၁ ရက်နေ့ကစပြီး သြဂုတ်လ ၁၅ ရက်နဲ့ ၁၆ ရက် အတွင်း၊ တော်သလင်းလဆန်း ၁ ရက်နေ့ကစပြီး သြဂုတ်လ ၃၀၊ ၃၁ ရက်အတွင်း၊ တော်သလင်းလဆုတ် ၁ ရက်နေ့ကနေ စက်တင်ဘာလ ၁၄ ရက်၊ ၁၅ ရက် အတွင်း၊ သီတင်းကျွတ်လဆန်း ၁ ရက်နေ့ကနေ စက်တင်ဘာလ ၂၈၊ ၂၉ ရက်နေ့ နဲ့ ၃၀ ရက် အတွင်း၊ သီတင်းကျွတ် လဆုတ် ၁ ရက်နေ့ကနေ အောက်တိုဘာလ ၁၃ ရက်နေ့နဲ့ ၁၄ ရက်နေ့ အတွင်းတွေမှာ ထူးကဲဒီရေ တက်နိုင်ပါတယ်။ အဲဒီ ရက်ပိုင်းအတွင်း လေ၀င်မယ်ဆိုရင် မုန်တိုင်းနဲ့ဆူနာမီ မဖြစ်ဖို့ ဆုတောင်းရလိမ့်မယ်။

ပြည်သူတွေရဲ့ စားဝတ်နေရေး၊ အခက်အခဲတွေ အနည်းငယ် ပြန်ပြေလည်လာနိုင်ပြီး လူမှုရေး ပြဿနာ အနေနဲ့ကတော့ လူငယ်ထုအတွင်းမှာ မူးယစ်ဆေးနဲ့ ပတ်သက်တဲ့ ပြဿနာတွေ အများအပြား ပေါ်လာနိုင်တယ်။ ပညာရေးပိုင်းဆိုင်ရာ ထူးထူးခြားခြား အားကောင်းမယ် ဆိုပေမယ့် ပညာကို ငွေကြေးနဲ့ဆပ်ရမယ့် အခြေအနေတွေ ဖြစ်လာမယ်။

ကျန်းမာရေးပိုင်းဆိုင်ရာမှာ ဆိုရင် တိရစ္ဆာန်တွေကနေ တစ်ဆင့် လူကိုကူးစေမယ့် ကပ်ရောဂါတွေ ဖြစ်ပေါ်လာနိုင်တယ်။ မွေးမြူရေး လုပ်ငန်း လုပ်ကိုင်သူတွေ အနေနဲ့လည်း ကျွဲ၊ နွားသတ္တ၀ါတွေရဲ့အစာရေစာနဲ့ ပတ်သက်တဲ့ ကျန်းမာရေးကို အထူး ဂရုစိုက်သင့်ပါတယ်။

တောင်သူတွေ အထွက်နှုန်း နည်းပေမယ့် အမြတ်ရမယ်။ ရေလုပ်ငန်းကဏ္ဍမှာ အမြတ်အစွန်း ရရှိမှုနည်းမယ်။ ပဲက တာထွက်မှာ အားကောင်းပေမယ့် နှစ်လယ်ပိုင်းမှာ အားပျော့မယ်။ လောင်စာဆီဈေးနှုန်းတွေ တက်ရိပ်ပြပြီး အခြေခံစားကုန်တွေ ကတော့ ပုံမှန်အတိုင်း နေလိမ့်မယ်။

နိုင်ငံရေးပိုင်းမှာတော့ ပြောင်းလဲမှု ရှိမလာနိုင်ပါဘူး။ နာမည်ကြီးတဲ့ လူလတ်ပိုင်း အနုပညာရှင်တွေ ကြွေလွင့်ကိန်း ရှိပါတယ်။ အထူးသဖြင့် စာပေပိုင်းဆိုင်ရာမှာ ပိုဖြစ်နိုင်ခြေ ရှိတယ်။

w62814ဦးဇေယျာကို(နက္ခတ်ပညာရှင်)

အခုသင်္ကြန်မှာ စနေနေ့ အတာစားမှာ ဖြစ်တဲ့အတွက် စနေနေ့ မွေးဖွားသူတွေကတော့ အတက်နေ့ နေ့လယ် ၁၁ နာရီ ၄၅ မိနစ်မှာ အရှေ့မြောက်အရပ်မှာ သီဟိုဠ်ညွန့်ခင်း၊ အုန်းညွန့်ကိုကိုင်၊ အနောက်တောင်အရပ်ဘက် မျက်နှာမူပြီး ခေါင်းဆေး မင်္ဂလာ ပြုလုပ်ရပါမယ်။

မြန်မာသက္ကရာဇ် ၁၃၇၃ ခုနှစ် အတွင်းမှာ ဗုဒ္ဓဟူးဂြိုဟ်နဲ့ ကြာသပတေးဂြိုဟ်တို့ အားကောင်းစွာ ရပ်တည်တဲ့အတွက် စီးပွားရေးကဏ္ဍမှာ အများကြီး တိုးတက်နိုင်ပါတယ်။ ပြီးတော့ ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍတို့မှာ ဖွံဖြိုးတိုးတက်စေနိုင်မှုကို ကိုယ် စားပြုတဲ့ သောကြာဂြိုဟ်နဲ့ စနေဂြိုဟ်ကလည်း အားကောင်းနေပါတယ်။ ခရီးသွားလုပ်ငန်း၊ ဟိုတယ်၊ မိုတယ်၊ ဆောက်လုပ်ရေးနဲ့ သယ်ယူပို့ဆောင်ရေး ကဏ္ဍတွေမှာ ထူးထူးခြားခြား ပြောင်းလဲနိုင်ပါတယ်။ အခုလာမယ့် ဧပြီလ အတွင်းနဲ့ ဒီဇင်ဘာလတို့မှာ ၀န်ထမ်းတွေနဲ့ ပတ်သက်တဲ့ အကျိုးခံစားခွင့် အခြေအနေသစ်တွေ ပေါ်နိုင်ပါတယ်။ ဧပြီလ ၁၉ ရက်ကနေ မေလ ၂၀ ရက် အတွင်းမှာ တစ်နှစ်တာ ကာလလုံးရဲ့ ရွှေဈေးနှုန်း အမြင့်မားဆုံး ရောက်ရှိနိုင်ပြီး အဲဒီကာလနောက် ပိုင်းကစပြီး ရွှေဈေးနှုန်း ကျနိုင်တာကြောင့် တစ်နှစ်ပတ်လုံးမှာ ရွှေလုပ်ငန်းရှင်တွေ နစ်နာမှု ဖြစ်နိုင်ပါတယ်။၂၀၁၁ ခုနှစ် ဒီဇင်ဘာလနဲ့ ၂၀၁၂ ခုနှစ် မတ်လတို့မှာ သယံဇာတ တူးဖော်တွေ့ရှိမှုတွေ ဖြစ်နိုင်ပါတယ်။

 http://www.news-eleven.com/ မှ ကူးယူဖော်ပြပါတယ်။


  

No comments: