Wednesday, April 27, 2011

ဒီနေ့ဖတ်စရာ သတင်းများ (ဧပြီလ ၂၈ ရက်)

- ငြိမ်းချမ်းရေး ဦးစားပေးလုပ်ရန် တိုင်းရင်းသား ပါတီများ တောင်းဆို
- ရပ်ကွက် အုပ်ချုပ်ရေးမှူးနေရာရရေး လာဘ်ထိုးမှုများရှိ
- နေမျိုးဇင် ဖမ်းဆီးမှု ဥပဒေနှင့်ညီရန် AHRC ပြော
- သမ္မတ အကြံပေးအဖွဲ့ ၃ ဖွဲ့ ဖွဲ့စည်း
- သမ္မတ အကြံပေးအဖွဲ့ အသုံးချခံရဖွယ်ရှိ
- ရက္ခအလင်းတန်း လျှို့ဝှက်စာစောင် ရခိုင်လူငယ်များဖြန့်ဝေ
- သမ္မတမိန့်ခွန်း အကောင်အထည်ဖော်ဖို့ တိုင်းရင်းသား ၅ ပါတီ တောင်းဆို
- အမေရိကန်၏ မြန်မာအစိုးရနှင့် ဆက်ဆံရေးမူ မအောင်မြင်သေး
- အမေရိကန်၏ မြန်မာအစိုးရနှင့် ဆက်ဆံရေးမူ မအောင်မြင်သေး
- အာဖဂန်ပိုင်းလော့ လက်ချက် NATO တပ်ဖွဲ့ဝင် ၈ ဦးသေ
- ခွဲတမ်း စနစ်ကြောင့် စက်သုံးဆီ ဈေးမြင့် တက်ရာ တစ်ဂါလံ တစ်သောင်း အထိ ဖြစ်နိုင်


ငြိမ်းချမ်းရေး ဦးစားပေးလုပ်ရန် တိုင်းရင်းသား ပါတီများ တောင်းဆို
ခင်ဦးသာ Wednesday, 27 April 2011 19:51

ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင် ခဲ့ကြသော တိုင်းရင်းသားပါတီ ၅ ခုသည် လက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးရယူခြင်း၊ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ထုတ်ပေးခြင်း၊ သမ္မတသစ် မိန့်ခွန်းကြိုဆိုခြင်း စသည်ဖြင့် အချက် ၅ ချက်ပါသော ကြေညာချက်တစောင်ကို ရန်ကုန်မြို့၌ပြုလုပ်သော ယနေ့ အစည်းအဝေးမှ ထုတ်ပြန်လိုက်သည်။

သမ္မတသစ်ဦးသိန်းစိန်၏ မိန့်ခွန်းကို ကြိုဆိုသည့်အပြင် လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်မည်ဟု ယုံကြည်၍ ယခုကဲ့သို့ ကြေညာချက် ထုတ်ပြန်ခြင်း ဖြစ်ကြောင်း မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၏ ဥက္ကဋ္ဌ ဦးနိုင်ငွေသိန်းက ပြောသည်။

“ပြောရုံ သက်သက်မဟုတ်ဘဲ လက်တွေ့မှာ ထိရောက်အောင်လုပ်ပေးဖို့၊ နယ်စပ်ဒေသတွေကို အားသွန်ခွန်စိုက်လုပ်ပေးဖို့၊ တိုင်းနဲ့ပြည်နယ် တန်းတူဖြစ်ဖို့ ဆိုတာတွေကို ကြေညာချက်ထဲမှာ ရေးထားတယ်”ဟု ဦးနိုင်ငွေသိန်းက ဆိုသည်။

ဖွံ့ဖြိုးမှု နောက်ကျနေသော နယ်စပ်ဒေသများ၏ ပညာရေး၊ ကျန်းမာရေး စသည့်လူမှု အထောက်အကူပြု ကိစ္စများ၌ နိုင်ငံ တကာ အကူအညီမှုများ ပိုမိုရရှိရေး လုပ်ဆောင်ပေးနိုင်ရန်အတွက်လည်း ကြေညာချက်၌ ပါရှိသည်။

တိုင်းရင်းသားဒေသများ၌ လက်နက်ကိုင်တိုက်ပွဲများ၊ ပဋိပက္ခများ၊ ပြည်တွင်းစစ်မီးများသည် လက်ရှိအချိန်ထိ တောက်လောင် နေဆဲဖြစ်၍ ငြိမ်းချမ်းရေးဆွေးနွေးပွဲသည် အလွန်ပင်အရေးကြီးကြောင်း၊ အပြောသက်သက်မဟုတ်ဘဲ လက်တွေ့ လုပ်ဆောင် ရန် အရေးကြီးကြောင်း ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP)၏ အတွင်းရေးမှူး ဦးလှစိုးက ပြောသည်။

အစည်းအဝေး၌ လွှတ်တော်တွင်တင်ပြခဲ့သော အားလုံးနီးပါး ပယ်ချခံခဲ့ရသည့် အဆိုပြုချက်များ ပြန်လည်ဆွေးနွေးနိုင်ရန်နှင့် တိုင်းရင်းသား ဒေသများ၌ သက်ဆိုင်ရာ စာပေ၊ ယာဉ်ကျေးမှု၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ တန်းတူအခွင့်အရေး စသည့်အရေးများကို လည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

“လွှတ်တော်မှာ တင်သွင်းတာတွေအားလုံးက လိုအပ်တာတွေချည်းပါ၊ ဒါတွေကို ဘာကြောင့်ပယ်ချခံရတယ်ဆိုတာတော့ ကျနော်တို့လည်း နားမလည်ဘူး”ဟု ရှမ်း တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(SNDP)ခေါ် ကျားဖြူပါတီ ၏ လွှတ်တော် ကိုယ်စား လှယ် တဦးက ပြောသည်။

သမ္မတသစ်ဦးသိန်းစိန်က နိုင်ငံအတွင်းရှိ ရေခြားမြေခြားဖြစ်နေသည့်ဒေသများကို တဆက်တစပ်တည်းဖြစ်ရန် လမ်းတံတားများတည်ဆောက်၍ တိုင်းရင်းသားဒေသများအားလုံး ဖွံ့ဖြိုးတိုးတက်ရေးလုပ်ဆောင်သွားမည်ဟု နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုး များ၏ ဖွံ့ဖြိုးတိုးတက်ရေး အစည်းအဝေး(၁/၂၀၁၁) ၌ ပြောဆိုထားသည်။

ရခိုင် တိုင်းရင်းသားများတိုးတက်ရေးပါတီ(RNDP)၏ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က “တိုင်းရင်းသားဒေသတွေအားလုံးကို ဖွံ့ဖြိုးစေချင်တဲ့ စေတနာရှိရင် အဲဒီစေတနာကို အသိအမှတ်ပြုပါတယ်။ ဒါပေမယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဆိုတာအရင် လုပ်ရမှာပါ၊ တည်ငြိမ်မှု၊ ငြိမ်းချမ်းမှုတွေရှိမှ ဖွံ့ဖြိုးရေးတွေ လုပ်နိုင်မှာပေါ့”ဟု ဧရာဝတီကို ပြောသည်။

“ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ လုပ်မယ်ဆိုရင်လည်းပဲ ကြိုတင်သတ်မှတ်ချက်တွေ မထားဘဲ အားသာချက်၊ အားနည်းချက်တွေကို နားလည်ပေးပြီး ညီရင်းအစ်ကိုလို သဘောထားမယ်၊ ငြိမ်းချမ်းရေး ယူသူတွေရဲ့လုံခြုံရေးတွေကအစ အကာအကွယ်ပေးပြီး တော့ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေအရင် လုပ်ဖို့လိုအပ်ပါတယ်”ဟု ဒေါက်တာ အေးမောင်က ဆိုသည်။

ရေခြားမြေခြား တသီးတခြားစိတ်ဓာတ်များပပျောက်ပြီး ပြည်ထောင်စုစိတ်ဓာတ်ပေါ်ပေါက်လာစေရန် လမ်းပန်းဆက် သွယ်ရေး အရေးကြီးကြောင်း၊ တိုင်းရင်းသားနယ်စပ်ဒေသများအားလုံး တည်ငြိမ်အေးချမ်းဖွံ့ဖြိုးတိုး တက်စေလိုသည့် အစိုးရ၏ စေတနာ ကို နားလည်ယုံကြည်လက်ခံလာစေရေးအတွက် လက်တွေ့လုပ်ပြလိုကြောင်း ဦးသိန်းစိန်ကပြော ဆိုခဲ့သည်။

အုပ်ချုပ်ရေးနှင့်တရားစီရင်ရေး ပီပြင်ရန်အတွက် ပြည်ထောင်စုအစိုးရ၏ အာဏာစက်သည် နယ်စပ်အစွန်အဖျားထိ ရောက်ရှိရန်အရေးကြီးကြောင်းလည်း ၎င်းက ဆက်လက်ပြောဆိုသည်။

တိုင်းရင်းသား ခေါင်းဆောင်များသည် အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ကိစ္စများကိုလည်း အလေးထားဆွေးနွေးခဲ့ကြပြီး တခြားသော နိုင်ငံရေးပါတီများ၊ အဖွဲ့အစည်းများက ထိုကိစ္စကို ဆက်တိုက်တောင်းဆိုနေကြသော်လည်း အစိုးရသစ်အနေဖြင့် တစုံတရာ ပြန်လည်တုံ့ပြန်မှု မရှိသေးပေ။

“အစိုးရက လွှတ်မပေးသေးပေမယ့် ကျနော်တို့တွေက တောင်းဆိုနေရမှာပါ၊ တောင်းဆိုနေရတာက အားလုံးပါဝင်နိုင်တဲ့ နိုင်ငံ ရေး အခင်းအကျင်းသစ်တခု ပေါ်ပေါက်လာစေချင်လို့ပါ၊ နိုင်ငံရေးပါတီတွေ၊ အာဆီယံ၊ တရုတ်၊ အမေရိကန် စတဲ့နိုင်ငံတွေ၊ အဖွဲ့အစည်းတွေကပါ မကြာခဏတောင်းဆိုနေမယ်ဆိုရင် အစိုးရအနေနဲ့ စဉ်းစားလာနိုင်တယ်”ဟု ဒေါက်တာအေးမောင်က ပြောသည်။

နိုင်ငံရေး အတိုက်အခံ ခေါင်းဆောင်များ၊ အင်အားစုများ၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များကို လွှတ်ပေးပါက အစိုးရ သစ် ၏ အာဏာအား ထိခိုက်၊ လှုပ်ခတ်သွားနိုင်၍ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေးကိစ္စသည် ကာလ တခုကြာဦးမည် ဟု နိုင်ငံရေး အကဲခတ် တချို့က ပြောဆိုကြသည်။

“ဥပမာ မင်းကိုနိုင်၊ ဌေးကြွယ်၊ ကိုကိုကြီး စတဲ့ ၈၈ ခေါင်းဆောင်တွေလွတ်လာရင် ဒေါ်စုနဲ့ပေါင်းပြီးတော့ နိုင်ငံရေးအင်အားစုကြီး တခုပေါ်လာနိုင်တယ်၊ နိုင်ငံရေးလှုပ်ရှားမှုတွေ ပေါ်လာမယ်၊ ဒီလူတွေအားကောင်းလာရင် အစိုးရအတွက် ခြိမ်းခြောက်မှုလို မျိုး ဖြစ်လာနိုင်တယ်”ဟု နိုင်ငံရေး အကဲခတ် တဦးက ပြောသည်။

အစိုးရသစ်သည် ၎င်းတို့၏ အာဏာကို အောက်ခြေအဆင့်မှစ၍ ဆက်လက်ချုပ်ကိုင်ထားလိုသည့် သဘောရှိကြောင်း၊ သို့ဖြစ်၍ အောက်ခြေအဆင့် ရယက၊ မယက စသည့်အဖွဲ့၌ ယခင်လူများကိုသာ ပြန်လည်ခန့်ထားကြောင်း ၎င်းက ဆက်ပြောသည်။

ယနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြသည့် တိုင်းရင်းသားပါတီ ၅ ခုမှာ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီ ပါတီ၊ ရှမ်း တိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ၊ ချင်း အမျိုးသားပါတီ၊ ကရင်ပါတီ ( ဖလုံ-စဝေါ်)တို့ဖြစ်သည်။

ရပ်ကွက် အုပ်ချုပ်ရေးမှူးနေရာရရေး လာဘ်ထိုးမှုများရှိ
ဟိန်းဇော် Wednesday, 27 April 2011 16:52

အစိုးရသစ် တက်လာပြီးနောက် ရပ်ကွက် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (ရယက) ရုံးများကို ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး အဖြစ်သို့ပြောင်းလဲခဲ့ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးများကို လာမည့် မေလ ၁၀ ရက်နေ့တွင် နိုင်ငံတ၀န်း စတင်ခန့်အပ်တော့မည်ဖြစ် သောကြောင့် ယင်းနေရာရလိုသူများက ငွေကြေးလာဘ်လာဘ ပေး၍ ကြိုးပမ်းနေကြကြောင်း သိရှိရသည်။

ပြောင်းလဲခန့်ထားမည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးနေရာ ရလိုသူများက သက်ဆိုင်ရာပြည်နယ်၊ တိုင်းဒေသကြီး အထွေထွေ အုပ်ချုပ် ရေး ဦးစီးဌာနများတွင် ငွေကြေးလာဘ်လာဘပေး၍ ဆောင်ရွက်နေကြကြောင်း ရန်ကုန်တိုင်း ဒေသကြီး သာကေတမြို့နယ်ရှိ ရပ်ကွက် အုပ်ချုပ်ရေးမှူး နေရာရရှိရေး ဆောင်ရွက်သူတဦးက ပြောသည်။

“အုပ်ချုပ်ရေးမှူးတွေကို အသစ်ခန့်ထားမယ်။ လက်ရှိ ရပ်ကွက် ဥက္ကဌတွေက ပြုတ်မယ်။ အခု ခန့်စာရောက်နေပြီ။ လိုက်ကြတာ ပိုက်ဆံတော့ တော်တော်ကုန်တယ်”ဟု ၎င်းက ပြောသည်။

ရပ်ကွက်အုပ်ချုပ်ရေးမှူး တာဝန်ယူရမည့်သူများသည် ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ ကင်းရှင်းသူဖြစ်ရမည်ဖြစ်ပြီး ပြည်သူလူထု၏ ထောက်ခံမှု အပြည့်အဝ ရရှိသူများကိုသာ ခန့်အပ်သွားမည်ဖြစ်ကြောင်း၊ လစာ အနေဖြင့် ကျပ် ၅၀၀၀၀ ရရှိမည်ဖြစ်ကြောင်း သိရှိရသည်။

ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးများတွင် အုပ်ချုပ်ရေးမှူး တဦး၊ အဖွဲ့ဝင်နှစ်ဦးဖြင့် ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတဦးက ပြောဆိုသည်။

ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် တာဝန်ထမ်းဆောင်မည့် အုပ်ချုပ်ရေးမှူးကို ခန့်အပ်ရွေးချယ်ရာတွင် ရပ်ကွက်က ကြည်ညို လေးစား သူ ဖြစ်ရန်နှင့် အများပြည်သူ၏ ထောက်ခံချက်ရယူရမည် ဖြစ်ကြောင်း၊ ခရိုင် နှင့် မြို့နယ် အုပ်ချုပ်ရေးမှူးများကိုမူ နိုင်ငံ့ဝန်ထမ်းများထဲမှ ခန့်အပ်သွားရန် ရှိကြောင်းလည်း ၎င်းက ဆိုသည်။

စစ်အစိုးရ အတည်ပြုထားသော၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၂၈၈ အရ ခရိုင်အဆင့်ဆင့်၊ မြို့နယ်အဆင့်ဆင့်တို့၏ အုပ်ချုပ်ရေးကို နိုင်ငံ့ဝန်ထမ်းများအား တာဝန်ပေးဆောင်ရွက်ရမည်ဟု လည်းကောင်း၊ ပုဒ်မ ၂၈၉ အရ ရပ်ကွက် သို့မဟုတ် ကျေး ရွာအုပ်စု ၏ အုပ်ချုပ်ရေးကို ရပ်ကွက်က ကြည်ညိုလေးစားပြီး သိက္ခာ၊ သမာဓိ ရှိသည့် ပုဂ္ဂိုလ် တဦးဦးကို ဥပဒေနှင့်အညီ ခန့်အပ် တာဝန်ပေး ဆောင်ရွက်စေရမည် ဖြစ်ကြောင်း ပါရှိသည်။

အစိုးရသစ် တာဝန်ယူပြီးနောက် ရပ်ကွက် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဟူသော ဆိုင်းဘုတ်များကို ရန်ကုန်နှင့် တခြား သော ဒေသများ၌ ပြီးခဲ့သည့် မတ်လ ၃၀ တွင်ဖြုတ်ချခဲ့ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဟု ဆိုင်းဘုတ်အသစ်များကို ပြောင်းလဲ တပ်ဆင်မှုများ ပြုလုပ်ခဲ့သည်။

မတ်လ ၃၀ ရက်နေ့က သမ္မတသစ် ဦးသိန်းစိန် ဦးဆောင်သော အစိုးရသစ် အဖွဲ့အား နအဖ စစ်အစိုးရ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၏ အမိန့်ဖြင့် နိုင်ငံတော် အာဏာ အရပ်ရပ်ကို လွှဲပြောင်းလိုက်ကြောင်း၊ အာဏာလွှဲပြောင်းလိုက်ချိန်မှစ၍ နအဖ အစိုးရ အဖွဲ့သည် ဗဟို၊ ပြည်နယ်၊ တိုင်းဒေသကြီး အဆင့်မှ ရပ်ကွက်၊ ကျေးရွာ အဆင့်အထိ ဖျက်သိမ်းပြီး ဖြစ်ကြောင်း အစိုးရ မီဒီယာများတွင် ကြေညာခဲ့ပြီးဖြစ်သည်။

နေမျိုးဇင် ဖမ်းဆီးမှု ဥပဒေနှင့်ညီရန် AHRC ပြော
သဲသဲ | ဗုဒ္ဓဟူးနေ့၊ ဧပြီလ ၂၇ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၄၃ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD လူငယ်များ ပါဝင်သည့် သွေးလှူအဖွဲ့ကို ကူညီနေသူ ဗိုလ်ကြီးဟောင်းနေမျိုးဇင်ကို အကြောင်းပြချက်မရှိ ဖမ်းဆီးခြင်းသည် အခြေခံဥပေဒကို ချိုးဖောက်ရာရောက်သဖြင့် ဥပဒေနှင့်အညီ ဆောင်ရွက်ပေးရန် အာရှ လူ့အခွင့်အရေးကော်မရှင် AHRC က မြန်မာအစိုးရကို ပြောဆိုမေတ္တာရပ်ခံလိုက်သည်။

၂ဝဝ၈ အခြေခံဥပဒေ အခန်း ၈၊ ပုဒ်မ ၃၇၆ တွင် စီရင်ပိုင်ခွင့်ရှိသော တရားသူကြီး၏ ချုပ်မိန့်မရရှိဘဲ မည်သူ့ကိုမျှ ၂၄ နာရီထက် ပို၍ ချုပ်နှောင်ခြင်းမရှိရဟု ပြဋ္ဌာန်းထားသော်လည်း ကိုနေမျိုးဇင်ကို ဖမ်းဆီးစဉ်က ဖမ်းဝရမ်း မပါခြင်း၊ ရက်သတ္တပတ် ၃ ပတ်ကျော်အထိ တရားရုံးမတင်ဘဲ ဖမ်းဆီးထားခြင်းအပေါ် တနင်္လာနေ့တွင် ကြေညာချက်ထုတ်ကာ မေတ္တာရပ်ခံခြင်း ဖြစ်သည်။

“ပြည်တွင်းမှာ ပြဋ္ဌာန်းထားတဲ့ ဥပဒေကျင့်ထုံးနဲ့အညီ တရားစွဲအဖွဲ့အစည်းက လိုက်နာဆောင်ရွက်ခြင်း၊ မရွက်ခြင်း မရှိဘဲ နိုင်ငံသားတဦးကို လက်လွတ်စပယ် ဖမ်းဆီးနေတာဟာ ဥပဒေနဲ့ မညီဘူးဆိုတာ ထောက်ပြလိုတဲ့အတွက် အရေးပေါ် မေတ္တာရပ်ခံစာ ထုတ်ပြန်ရခြင်းဖြစ်တယ်” ဟု AHRC မှ ရှေ့နေ ဦးမင်းလွင်ဦးက ပြောသည်။
အခြေခံပုဒ်မ ၃၇၆ တွင် “နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ အများပြည်သူ အေးချမ်းသာယာရေးနှင့် အများပြည်သူအကျိုးငှာ ဥပဒေနှင့် အညီ ကြိုတင်ကာကွယ်ထားရှိရန် လိုအပ်သောကိစ္စ သို့မဟုတ် တည်ဆဲဥပဒေ တရပ်ရပ်အရ ခွင့်ပြုသည့် ကိစ္စမှတပါး စီရင်ပိုင်ခွင့်ရှိသော တရားသူကြီး၏ ချုပ်မိန့်မရရှိဘဲ မည်သူ့ကိုမျှ ၂၄ နာရီထက်ပို၍ ချုပ်နှောင်ခြင်း မရှိရ” ဟု ပြဋ္ဌာန်းထားသည်။

ကိုနေမျိုးဇင်ကို ဧပြီလ ၂ ရက်နေ့ ညနေပိုင်းတွင် အထူးရဲသတင်းတပ်ဖွဲ့ဝင်နှင့် ရပ်ကွက်အာဏာပိုင် ၈ ဦးခန့်က ဖမ်းဝရမ်း မပါဘဲ တောင်ဒဂုံနေအိမ်မှ ဖမ်းဆီးကာ မရမ်းကုန်းမြို့နယ် အောင်သပြေ စစ်ကြောရေးစခန်း၌ ဖမ်းဆီးထားပြီး မိသားစုနှင့်လည်း အဆက်အသွယ်မရသေးကြောင်း မိခင်ဖြစ်သူထံမှ သိရသည်။

“တခါမှလည်း ဒီလိုအတွေ့အကြုံ မရှိဘူးလေ။ ဘယ်လိုက်လို့ လိုက်ရမှန်း မသိဘူး။ သူတို့ လာအကြောင်းကြားတာကိုပဲ အန်တီမျှော်နေတာ။ ဟိုမှာ သွားတွေ့တုန်းက မရှိဘူး၊ တွေ့ခွင့်မပေးဘူးဆိုတော့ အန်တီ ဘာလုပ်လို့ လုပ်ရမှန်းလည်း မသိတော့ပါဘူး” ဟု မိခင်ဖြစ်သူ ဒေါ်ခင်သီက မဇ္ဈိမကို ပြောသည်။

ဖမ်းဆီးချုပ်နှောင်စဉ်အတွင်း မိသားစုနှင့် တွေ့ခွင့်ပြုရန် သက်ဆိုင်ရာသို့ စာတင်ထားသည်။

ဧပြီလ ၄ ရက်နေ့တွင်လည်း နေအိမ်၌ ဖွင့်လှစ်ထားသည့် အင်တာနက်ဆိုင်သို့ အာဏာပိုင်များ ဝင်ရောက်ရှာဖွေကာ သားဖြစ်သူ အသုံးပြုသည့် ခရီးဆောင်ကွန်ပြူတာအား သိမ်းဆည်းသွားသည်ဟု ဒေါ်ခင်သီက ဆိုသည်။

ကွန်ပြူတာ သိမ်းဆည်းသွားသဖြင့် အီလက်ထရောနစ်ဥပဒေဖြင့် အမှုဆင် ဖမ်းဆီးမည်ကို AHRC က စိုးရိမ်နေသည်။

၃၅ နှစ်အရွယ် ဗိုလ်ကြီးဟောင်း နေမျိုးဇင်မှာ တပ်မတော်တွင် ၁ဝ နီးပါး တာဝန်ထမ်းဆောင်ခဲ့ပြီး၊ ၂ဝဝ၅ ခုနှစ်တွင် တပ်မှ ထွက်ခဲ့သည်။ ယင်းနောက် NLD လူငယ်များ ပါဝင်သည့် သွေးကူညီရေးနှင့် လူမှုရေးလုပ်ငန်းများ၌ တက်ကြွစွာ ပါဝင်လုပ်ကိုင်ခဲ့သည်။

သမ္မတသစ်က တရားဥပဒေစိုးမိုးရေး ဦးစားပေးဆောင်ရွက်ရန် ကတိပြုထားသည့်အပေါ် အောက်ခြေအာဏာပိုင်များ မလိုက်နာသည်ကို အစိုးရသစ်အနေဖြင့် စစ်ဆေးမှု ရှိမရှိ စောင့်ကြည့်ကာ လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့များကို AHRC က တင်ပြသွားမည်ဖြစ်သည်။

AHRC မေတ္တာရပ်ခံချက်တွင် စစ်အစိုးရလက်ထက်ကဲ့သို့ ဥပဒေမဲ့ ဖမ်းဆီးနှိပ်စက်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများကို အစိုးရသစ်လက်ထက်တွင် ရပ်တန့်ပေးရန်၊ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ကို မြန်မာနိုင်ငံရှိ အကျဉ်းထောင်များသို့ သွားရောက်ခွင့်ပြုကာ ကမ္ဘာ့အသိအမှတ်ပြု စံနှုန်းနှင့်အညီ လုပ်ပိုင်ခွင့်ပြုရန် သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့ထံ စာရေးတောင်းဆိုကြပါရန်လည်း စာမူကြမ်းပုံစံနှင့်တကွ AHRC အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။

ဧပြီလအတွင်းမှ အစပြုကာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နယ်ပယ်ပေါင်းစုံမှ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး လိုလားသူများက နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန်အတွက် လက်မှတ်ရေးထိုး တောင်းဆိုချက်များကို သမ္မတ ဦးသိန်းစိန်ထံ ပေးပို့နေပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ လက်မှတ်ရေးထိုး လှုပ်ရှားမှုကို ပြည်တွင်းသာမက ပြည်ပနိုင်ငံများရောက် ဒီမိုကရေစီရေး လှုပ်ရှားသူများကပါ လုပ်ဆောင်နေကြသည်။

သမ္မတ အကြံပေးအဖွဲ့ ၃ ဖွဲ့ ဖွဲ့စည်း
ဖနိဒါ | ဗုဒ္ဓဟူးနေ့၊ ဧပြီလ ၂၇ ရက် ၂၀၁၁ ခုနှစ် ၁၆ နာရီ ၃၀ မိနစ်

ချင်းမိုင် (မဇ္စျိမ) ။ ။ သမ္မတ ဦးသိန်းစိန်အတွက် နိုင်ငံရေး၊ စီးပွားရေးနှင့် ဥပဒေရေးဆိုင်ရာ အကြံပေးအဖွဲ့ ၃ ဖွဲ့ကို ပုဂ္ဂိုလ် ၉ ဦးဖြင့် ဖွဲ့စည်းလိုက်ပြီဟု ၎င်းအဖွဲ့များတွင် ဦးဆောင်နေသူများက ပြောသည်။

နိုင်ငံရေး အကြံပေးအဖွဲ့တွင် ဦးကိုကိုလှိုင်၊ ဒေါက်တာနေဇင်လတ်၊ ဦးရဲတင့်၊ စီးပွားရေးတွင် ဒေါက်တာ ဦးမြင့်၊ ဦးဆက်အောင်၊ ဒေါက်တာတင်လှဗိုလ်၊ ဥပဒေအဖွဲ့တွင် ရဲမှူးကြီး စစ်အေး (အငြိမ်းစား)၊ ဒေါ်ခင်မျိုးမြင့်နှင့် ဦးသန်းကျော်တို့ဖြင့် ယခုလ ၁၉ ရက်နေ့တွင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

“ဒီရက်ပိုင်းအတွင်းမှာပဲ ခန့်လိုက်တာပါ။ ဥပဒေထဲမှာ ပါတဲ့အတိုင်း အကြံပေးဖို့ပါပဲ” ဟု နိုင်ငံရေး အကြံပေးအဖွဲ့ ဦးဆောင်သူ ဦးကိုကိုလှိုင်က မဇ္ဈိမကို ပြောသည်။

ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေတွင် ပြဋ္ဌာန်းထားသည့်အတိုင်း နိုင်ငံတော် သမ္မတက အကြံပေးအဖွဲ့များကို ဖွဲ့စည်းခြင်း ဖြစ်သည်။ ဖွဲ့စည်းသည့် နေ့မှာပင် အမိန့်ကြေညာစာ ထုတ်ပြန်ခဲ့သော်လည်း အစိုးရပိုင်သတင်းစာများ၌ ယနေ့ထိ ဖော်ပြခြင်း မရှိသေးပေ။

ပြီးခဲ့သည့် မတ်လ ၆ ရက်တွင် သမ္မတ ဦးသိန်းစိန်က အကြံပေးအရာရှိ တာဝန်ပေးရန် ၎င်းကို နေပြည်တော်၌ ခေါ်ယူဆွေးနွေးပြီးနောက် တာဝန်ပေးကြောင်း စီးပွားရေးပညာရှင် ဒေါက်တာ ဦးမြင့်က မဇ္ဈိမကို ပြောသည်။

“ဆရာက သမ္ပတကြီးနဲ့ တွေ့တယ်။ တယောက်ထဲ တွေ့ပြီးပြီ၊ ကြာလှပြီ။ ဆွေးနွေးတာကတော့ ဆရာ့ကို စီးပွားရေး အတိုင်ပင်ခံ အရာရှိအနေနဲ့ ခန့်တာ။ ခန့်ချင်လို့ ခေါ်တွေ့တာ။ လက်ခံလိုက်ပြီ။ တရားဝင် ထုတ်ပြန်လိုက်ပြီ” ဟု သူက ဆိုသည်။

ဧပြီလ ၂၉ ရက်တွင် သမ္မတသည် ၎င်းတို့ ၉ ဦးနှင့် တွေ့ဆုံရန် ရှိကြောင်း သတင်းများ ထွက်ပေါ်သော်လည်း သမ္မတနှင့် တွေ့ဆုံရန် မဟုတ်ဘဲ စီးပွားရေးနှင့် ပတ်သက်၍ တွေ့ဆုံရမည် ဖြစ်နိုင်ကြောင်း သူက ခန့်မှန်းသည်။

ဦးမြင့်သည် ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ ရန်ကုန်ပညာရေးတက္ကသိုလ်၊ နိုင်ငံရေးရေးဝန်ကြီးဌာန၊ ထိုင်းနိုင်ငံ ဘန်ကောက်အခြေစိုက် ကုလသမဂ္ဂ စီးပွားရေးနှင့် လူမှုရေးကော်မရှင်၊ အာရှနှင့် ပစိဖိတ်ဒေသရုံးတွင် ဖွံ့ဖြိုးမှု အနည်းဆုံးသော နိုင်ငံများ၏ သုတေသနနှင့် ဖွံ့ဖြိုးရေး မူဝါဒများ လေ့လာဆန်းစစ်ရေး ဌာနခွဲမှူး၊ အထက်တန်း စီးပွားရေး ပညာရှင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

သမ္မတ အကြံပေးအဖွဲ့ အသုံးချခံရဖွယ်ရှိ
By ဦးသားညွန့်ဦး အင်္ဂါ, 26 ဧပြီ 2011

ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေမှာ ပြဋ္ဌာန်းချက်နဲ့အညီ နိုင်ငံတော် သမ္မတက နိုင်ငံရေး၊ စီးပွားရေးနဲ့ ဥပဒေရေးရာ ကဏ္ဍ ၃ ခုအတွက် အဖွဲ့ဝင် ၉ ဦးပါ အကြံပေးအဖွဲ့ကို ဖွဲ့စည်းလိုက်တယ်လို့ တရားဝင် ထုတ်ပြန်ခဲ့ပါတယ်။

အခုလို အကြံပေးအဖွဲ့ ဖွဲ့လိုက်တယ် ဆိုတဲ့ ကိစ္စဟာ တကယ်တမ်း သူတို့ရဲ့ အကြံဉာဏ်တွေကို လိုချင်တာထက် လက်ရှိအစိုးရရဲ့ လိုအပ်ချက်တွေကို တာဝန်ပေး ခိုင်းစေလိုတဲ့ သဘောသာ ဖြစ်တယ်လို့ တပ်မတော် ထောက်လှမ်းရေးမှာ တာဝန်ယူခဲ့ဖူးတဲ့ ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ်က သုံးသပ်ပါတယ်။ သမ္မတရဲ့ အကြံပေးအဖွဲ့ ဖွဲ့စည်းတာနဲ့ ပတ်သက်လို့ရော ဒီအဖွဲ့မှာ ဦးဆောင် ပါဝင်သူတွေနဲ့ ပတ်သက်လို့ပါ ဦးအောင်လင်းထွဋ်ကို ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။

သမ္မတ အကြံပေးအဖွဲ့ ဆိုပြီးတော့ အဓိက စီးပွားရေး၊ နိုင်ငံရေးနဲ့ ဥပဒေရေးရာဆိုပြီး အဖွဲ့ ၃ ဖွဲ့ ဖွဲ့ပါတယ်။ စုစုပေါင်း လူ ၉ ယောက် ပါပါတယ်။ အဲဒီတော့ ဒီအဖွဲ့ အခုလို ဖွဲ့စည်းလိုက်တာနဲ့ ပတ်သက်လို့ သူတို့ ဘယ်လိုစဉ်းစားချက်နဲ့ ဖွဲ့တယ်လို့ ထင်ပါသလဲ။ တချို့ အရပ်သားတွေလည်း ပါပါတယ်။

“ပါမောက္ခ ဦးမြင့်နဲ့ ပတ်သက်ပြီးတော့ သူက နိုင်ငံခြားမှာလည်း တော်တော်ကြာကြာ နေခဲ့တယ်၊ စီးပွားရေးကိစ္စ၊ နိုင်ငံရေး ကိစ္စတွေမှာလည်း သိတယ်၊ နောက် ကျနော်တို့ ပိုပြီးတော့ သိတာက ဒေါ်အောင်ဆန်းစုကြည်နဲ့ ရင်းနှီးကျွမ်းဝင်တဲ့ ပုဂ္ဂိုလ်လို့ သိပါတယ်။ ဒီအတွက်ကြောင့်လည်း ကျနော်တို့ မြန်မာပြည်မှာ ရှိစဉ်တုန်းကတော့ ပါမောက္ခ ဦးမြင့်က အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည်ကြားမှာ ဆက်ဆံရေး အရာရှိ မဟုတ်ပေမဲ့ တဘက်စကား တဘက် အပြန်အလှန် ပြောခဲ့တာလေးတွေ၊ ပေးပို့ခဲ့တာလေးတွေတော့ ရှိခဲ့ဖူးပါတယ်။”

အခုလို ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း ပုဂ္ဂိုလ်ရေးအရ ရင်းနှီးတယ်၊ အတိုက်အခံ အင်အားစုတွေ၊ နိုင်ငံခြား ပညာရှင်တွေနဲ့လည်း ရင်းနှီးတဲ့ ဒေါက်တာ ဦးမြင့်ကို စီးပွားရေး အကြံပေး ခေါင်းဆောင်အနေနဲ့ ထားတာ ဘယ်လိုထူးခြားချက်လို့ မြင်ပါလဲခင်ဗျ။

“အဓိကကတော့ အမေရိကားရယ်၊ ဥရောပနိုင်ငံတွေရယ် စီးပွားရေး Sanction ကို ကင်းလွတ်ခွင့် ပြုအောင်အတွက် ဦးမြင့်ကို တာဝန်ပေးတယ်လို့ ကျနော် မြင်ပါတယ်ခင်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ ဦးမြင့်က အနောက်နိုင်ငံတွေနဲ့ ပတ်သက်ပြီးတော့ သူလည်း ကျွမ်းကျွမ်းဝင်ဝင် သိတဲ့သူ တယောက်ပါ။ ကြားထဲမှာလည်း ဆက်စပ်မှုတွေ ရှိကောင်း ရှိနိုင်ပါတယ်။ ဒီ့အတွက်ကြောင့်လည်း သူ့ကို ကြားခံပေါ့ Mediator သဘောမျိုး သုံးကောင်းလည်း သုံးနိုင်ပါတယ်။”

နိုင်ငံရေး အကြံပေးအဖွဲ့ ခေါင်းဆောင် ဦးကိုကိုလှိုင် အကြောင်းလည်း မေးချင်ပါတယ်။ ဦးကိုကိုလှိုင်ကို ဒီလိုနေရာမျိုး ထားရအောင် သူ့မှာ ဘယ်လောက်အထိ နိုင်ငံရေးနဲ့ ပတ်သက်လို့ အခြေခံ ဘယ်လောက်ရှိပါသလဲခင်ဗျ။

“ကိုကိုလှိုင်နဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ကျောင်းကတည်းက တွေ့ခဲ့ဖူးပါတယ်။ ကျနော့်အမြင် အတွေ့အကြုံနဲ့ ဗဟုသုတ အပိုင်းမှာတော့ ကျန်တဲ့ သဘာရင့်တဲ့ နိုင်ငံရေးသမားကြီး တယောက်တော့ မဟုတ်ဘူးခင်ဗျ။ သူ့မှာ တခုတော့ ရှိပါတယ်၊ စာဖတ်အားနဲ့ လေ့လာအားတော့ ရှိပါတယ်။ တချိန်က ကက(ကြည်း) သုတေသန ဆိုတာက နိုင်ငံတကာရဲ့ နိုင်ငံရေးကိစ္စတွေ၊ စစ်ရေးကိစ္စတွေကို စုံစမ်းလေ့လာ ပြုစုပြီးတော့မှ ကက(ကြည်း) ဗိုလ်ချုပ်ကြီးတွေကို တင်ပြရတဲ့ဌာန ဖြစ်ပါတယ်။

“အခုလည်း သူကိုယ်တိုင် ပြန်ကြားရေးဌာနမှာ တာဝန်ယူနေတာကို ကျနော်သိတယ်။ ဒီ့အပြင် ဘလော့ဂ်ဂါတွေပေါ့၊ ပိတောက်မြေတို့ ဘာတို့က ကိုကိုလှိုင်တို့ရဲ့ ပါဝင်ပတ်သက်မှုတွေ ရှိပါတယ်။ အဓိကအားဖြင့်တော့ တန်ပြန် နိုင်ငံရေးအန်တုမှု လုပ်ငန်းကို ဦးဆောင်ဦးရွက် လုပ်နေတဲ့ လူတယောက်တော့ ဖြစ်ပါတယ်။”

ရဲမှူးကြီး စစ်အေးနဲ့ ပတ်သက်လို့ရော၊ သူ့ကိုတော့ ဥပဒေအကြံပေးအဖွဲ့လို့ ပြောထားတော့ သူ့မှာ ဥပဒေနဲ့ ပတ်သက်လို့ရော ဘယ်လောက်အထိ Background ရှိပါသလဲ။

“ရဲမှူးကြီး စစ်အေးကတော့ ကျနော်သိသလောက် ဥပဒေနဲ့ ပတ်သက်ပြီးတော့ ဘွဲ့ရခဲ့ပါတယ်။ ရဲအရာရှိသင်တန်း အပတ်စဉ် ၁ က ဆင်းတဲ့ ပုဂ္ဂိုလ်ပါ။ ကျနော်တို့နဲ့ မူးယစ်ဆေးဝါးဆိုင်ရာ ကိစ္စတွေ လုပ်တဲ့အခါမှာ၊ ကျနော်တို့ ဖမ်းတဲ့ဆီးတဲ့အခါမှာ ရဲမှူးကြီး စစ်အေးတို့ အနေနဲ့ ဥပဒေအကြံပေး အနေနဲ့ လုပ်ခဲ့ ကိုင်ခဲ့တာ ရှိပါတယ်။”

ခုန ဦးအောင်လင်းထွဋ် ပြောပုံအရဆိုရင် ဒီအကြံပေးအဖွဲ့က ဦးဆောင်ပိုင်းတွေကို ကြည့်လိုက်တော့ သူတို့ရဲ့ လိုအပ်ချက်အရ ခေါ်ယူခန့်ထားတဲ့ သဘောမျိုး ဖြစ်နေတော့ တကယ်တမ်း သူတို့ကိုယ်ပိုင် သူတို့မှာ ရှိနေတဲ့ အကြံဉာဏ်တွေ ပေးရင်ရော နိုင်ငံတော် အစိုးရဘက်က လက်ခံမယ့် အနေအထားရော ရှိရဲ့လားခင်ဗျ။

“ကျနော့်အမြင် ပြောရရင် အကြံပေးလို့ သူတို့ သုံးဖို့ထက်စာရင် သူတို့ခိုင်းဖို့အတွက် ဒီအဖွဲ့ကို ဖွဲ့စည်းတယ်လို့ ကျနော် ထင်ပါတယ်။ သဘောက နိုင်ငံရေးအရဆိုရင် ကိုကိုလှိုင် မင်းလုပ်၊ စီးပွားရေးအရ ဆိုရင် ပါမောက္ခ ဦးမြင့်ကို တာဝန်ပေး၊ ဥပဒေရေးအရ ဆိုရင် ရဲမှူးကြီး စစ်အေးကို တာဝန်ပေး ဆိုပြီးတော့မှ ဒီအတွက်ကို သူတို့ ရည်ရွယ်ပြီး ဖွဲ့ပါလိမ့်မယ်။ ဒီလူ၊ ဒီပုဂ္ဂိုလ်တွေ ကိုကိုလှိုင်တို့၊ ဦးစစ်အေးတို့ အနေနဲ့ကတော့ သမ္မတကြီး ဦးသိန်းစိန်ကို အကြံပေးလောက်အောင်၊ အကြံပြုလောက်အောင် ရှိတဲ့ အရည်အချင်းတော့ သူတို့မှာ မရှိပါဘူးခင်ဗျ။”

ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ် သုံးသပ် ပြောဆိုသွားတာ ဖြစ်ပါတယ်။

ရက္ခအလင်းတန်း လျှို့ဝှက်စာစောင် ရခိုင်လူငယ်များဖြန့်ဝေ
2011-04-27 RFA

ရခိုင်လူမျိုးတို့ရဲ့ အမျိုးဘာသာ သာသနာနဲ့ ယဉ်ကျေးမှုဖော်ထုတ်ရေးနဲ့ တိုင်းရင်းသား လူထုတရပ်လုံး တန်းတူ အခွင့်အရေး ရရှိရေးတို့ အပါအဝင် အချက် ၇ ချက်ကို ရည်ရွယ်ပြီး ပထမဦးဆုံးအနေနဲ့ ရခိုင်ပြည်တွင်းမှာ လျှို့ဝှက်ထုတ်ဝေတဲ့ ရက္ခအလင်းတန်း စာစောင်ကို အခုအခါ ပြည်နယ်အတွင်းမှာ ဖြန့်ဝေနေတယ်လို့ သိရပါတယ်။

ရခိုင်စာပေနဲ့ ရေးသားထားတဲ့ အဲဒီစာစောင်မှာ ရခိုင်သမိုင်းနဲ့ ယဉ်ကျေးမှုရေးရာတွေ အပြင် ဒီမိုကရေစီအရေး၊ တိုင်းရင်းသားအရေးတွေကို ကဗျာတွေ၊ ဆောင်းပါးတွေနဲ့ ဖော်ပြထားပါတယ်။
အဲဒီစာစောင်ကို ဒီလကနေစပြီး လျှို့ဝှက်ပြီး လစဉ် ထုတ်ဝေ ဖြန့်ချိသွားမယ်လို့ ရက္ခိတ လူငယ်အဖွဲ့ဝင် အမျိုးသမီးတဦးက ပြောပါတယ်။

“တနင်္ဂနွေနေ့က စပြီးတော့ ကျွန်မတို့ ရခိုင်ပြည်ရဲ့ နယ်စပ် တောဖက်တွေပေါ့ ဖြန့်တယ်။ ကျွန်မတို့ ဒီ ရခိုင်ပြည်အတွင်းမှာ ရှိတဲ့ နယ်တွေပေါ့။ ဒီနှစ်ကျတော့ အီးမေးလ်ကနေပြီးတော့ ပြည်ပတွေကို ဖြန့်တယ်။ ပြည်ပရယ်၊ ပြီးတော့ mail account ပေးထားတဲ့ လူတွေကိုပေါ့။ အားလုံး လူတိုင်းလိုလိုက လက်ခံပါတယ်။ နောက်ထပ် စာစောင် ဘယ်တော့ ထွက်မလဲပဲ မေးကြပါတယ်။”

“အနှောင့်အယှက်ကတော့ မတွေ့ရသေးပါဘူး အခုလောလောဆယ်။ ဟုတ်ကဲ့ အန္တရာယ် ရှိနိုင်တဲ့ ကြားထဲကနေ ကြိုးပမ်းပြီးတော့ ဖြန့်နေတာပါ။ ကျွန်မတို့ ဘယ်လို ကြုံတွေ့ရမလဲ ဆိုတာတော့ မသိသေးဘူးပေါ့။”

အခုအထိ အဲဒီ စာစောင် ဖြန့်ဝေရာမှာ အနှောင့်အယှက် မတွေ့ရသေးကြောင်းနဲ့ ဘယ်လို အခက်အခဲရှိရှိ လစဉ်ထုတ်ဝေသွားဖို့ အတွက် ပြင်ဆင်ထားတဲ့အကြောင်း လူငယ် အမျိုးသမီးကပဲ ပြောပါတယ်။

သမ္မတမိန့်ခွန်း အကောင်အထည်ဖော်ဖို့ တိုင်းရင်းသား ၅ ပါတီ တောင်းဆို
By ဦးမိုးဇော် ဗုဒ္ဓဟူး, 27 ဧပြီ 2011

၂၀၁၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ တိုင်းရင်းသားပါတီ ၅ ပါတီရဲ့ ၂ ရက်ကြာ အစည်းအဝေးဟာ ဒီကနေ့ ပြီးဆုံးသွားခဲ့ပြီး နိုင်ငံရေး အပြောင်းအလဲတွေ ဖော်ဆောင်နိုင်ဖို့နဲ့ ဒေသတွင်း ဖွံ့ဖြိုးရေး လုပ်ငန်းတွေ ဆောင်ရွက်ဖို့အတွက် အချက် ၅ ချက် တင်ပြ တောင်းဆိုကြောင်း ဆုံးဖြတ်ခဲ့ကြပါတယ်။

ဒီအကြံပြု တောင်းဆိုချက်တွေဟာ မြန်မာပြည်ရဲ့ ပကတိ လိုအပ်ချက်တွေနဲ့လည်း ကိုက်ညီနေတာကြောင့် အစိုးရဘက်က အကောင်အထည် ဖော်မယ်လို့လည်း မျှော်လင့်ထားပါတယ်။ ဒီအကြောင်း အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

၂၀၁၀ ခုနှစ် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ၊ ချင်းအမျိုးသားပါတီ၊ မွန် ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီနဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီတို့ ပါဝင်တဲ့ ၅ ပါတီ အစည်းအဝေးဟာ ဒီလ ၂၆ ရက်နေ့က စတင်ခဲ့ပြီး ဒီကနေ့ ၂၇ ရက်နေ့ ညနေပိုင်းမှာ ပြီးဆုံးသွားတာ ဖြစ်ပါတယ်။

ဒီအစည်းအဝေးအတွင်းမှာ လွှတ်တော်ကျင်းပစဉ်က ဆွေးနွေး တင်ပြခဲ့ကြတဲ့ အချက်တွေကို ပြန်လှန် သုံးသပ်ခဲ့ကြပြီး ၂၇ ရက်နေ့ ညနေပိုင်းမှာတော့ အစိုးရသစ်နဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းကို အချက် ၅ ချက် တင်ပြ တောင်းဆိုခဲ့တယ်လို့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီရဲ့ ဥက္ကဋ္ဌ ဦးနိုင်ငွေသိမ်းက အခုလို ပြောပါတယ်။

“အဲဒီ ၅ ချက်က သမ္မတရဲ့ မိန့်ခွန်းကို ကြိုဆိုတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ ဖြစ်အောင်လို့ လုပ်ပေးပါ ဆိုပြီးတော့ တောင်းဆိုထားတဲ့ သဘောရှိတယ်။ နံပါတ် ၂ က တိုင်းရင်းသားတွေ နေထိုင်တဲ့ နေရာမှာ ဖွံ့ဖြိုးမှုကတော့ တိုင်းဒေသကြီးမှာ နေတဲ့သူထက်ကို ခြားနားတာပေါ့။ အဲဒါကြောင့် တည်ငြိမ်အေးချမ်းမှု ရမယ်ဆိုရင်တော့ တိုးတက်လာမယ်ပေါ့။ ဒါကြောင့် တည်ငြိမ်အေးချမ်းမှုရအောင် တက်လာတဲ့ အစိုးရသစ်က ဖန်တီးပေးပါဆိုတဲ့ တချက်။

“နောက်တချက်က အမျိုးသား စည်းလုံးညီညွတ်ရေးနဲ့ ပတ်သက်ပြီး အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ပေါ့ဗျာ။ ဒီအမိန့်ကို ထုတ်ပြန်ပေးပါ ဆိုပြီးတော့ ဒီလိုမျိုး တောင်းဆိုထားတဲ့ သဘောပါ။ နောက်တခါ နယ်စပ်ဒေသမှာ ဖွံ့ဖြိုးတိုးတက်ဖို့က နယ်စပ်ဒေသမှာရှိတဲ့ ပုဂ္ဂိုလ်ကို တာဝန်ပေးမယ်ဆို ဆောင်ရွက်ရတာ ပိုပြီးတော့ လွယ်ကူမယ်ဆိုတဲ့ အနေအထား။ နောက် တိုင်းရင်းသား ဒေသတွေမှာ နိမ့်ကျနေတဲ့ ပညာရေး၊ ကျန်းမာရေး၊ အခြားကဏ္ဍတွေ အတွက်ကတော့ လူသားချင်း စာနာတဲ့ အကူအညီကို ပိုမိုပေးဖို့ ဆိုပြီးတော့ နိုင်ငံတကာ မိသားစုကို မေတ္တာရပ်ခံပြီး တောင်းဆိုထားတယ်ပေါ့ဗျာ။”

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီက အထွေထွေ အတွင်းရေးမှူး ဦးလှစောကတော့ မြန်မာနိုင်ငံမှာ တကယ်လိုအပ်နေတဲ့ အရာတွေကို အကျေအလည် ညှိနှိုင်းတိုင်ပင်ပြီး တောင်းဆိုထားတာ ဖြစ်တယ်လို့ ပြောပါတယ်။

“ကျနော်တို့ တောင်းဆိုတာတွေက ဗမာပြည်မှာ တကယ်ဖြစ်သင့်တဲ့ ဟာတွေပဲဗျ။ ဥပမာ General Amnesty ကို ကျနော်တို့ တောင်းဆိုတယ်။ ဒါကလည်း ဗမာပြည်မှာ တကယ် အမျိုးသား ချစ်ကြည်ရေးကို ရှေ့ရှုပြီးတော့ General Amnesty ကို အမြန်ဆုံး ဖော်ထုတ်ပေးဖို့ပဲ။ ထုတ်လည်း ထုတ်ပေးမယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။

“နောက်တခုကလည်း ပြည်တွင်း ငြိမ်းချမ်းရေးကို မတည်ဆောက်နိုင်ဘဲနဲ့ ကျနော်တို့ တိုင်းရင်းသားတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ အဲတော့ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ဖို့အတွက် တပ်မတော်ဘက်ကရော၊ တိုင်းရင်းသား အင်အားစုတွေ ဘက်ကရော လောလောဆယ်မှာ အပစ်အခတ် ရပ်စဲမယ် ဆိုရင်တော့ ပြည်သူတရပ်လုံးကတော့ တော်တော် ၀မ်းမြောက်ဝမ်းသာ ဖြစ်ကြမှာပဲ။ အဲဒါလည်း ဘာမှ မလိုက်လျောနိုင်စရာ မရှိပါဘူး။ ပြည်သူတရပ်လုံးကလည်း မျှော်လင့်တဲ့ကိစ္စ၊ တကယ့်ကို ဖြစ်နိုင်တဲ့၊ လက်တွေ့ကျတဲ့၊ ပြည်သူတရပ်လုံးလည်း မျှော်လင့်တဲ့၊ နိုင်ငံတကာမှာလည်း အင်မတန် မင်္ဂလာရမယ့် ကိစ္စပေါ့ဗျာ၊ ကျနော်တို့က တင်ပြတာပဲ ဖြစ်ပါတယ်ဗျာ။”

ဒီတောင်းဆိုချက်တွေ အပေါ်မှာတော့ အစိုးရက အကောင်အထည် ဖော်ပေးလိမ့်မယ်လို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။

တိုင်းရင်းသား မဟာမိတ် ၅ ပါတီဟာ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အခြေအနေတွေကို လေ့လာဆန်းစစ်ပြီး အလားတူ အကြံပြုတာနဲ့ ဝေဖန်တာတွေကို ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဦးလှစောက ဆက်ပြောပါတယ်။

ကရင်၊ ချင်း၊ မွန်၊ ရခိုင်နဲ့ ရှမ်း စတဲ့ တိုင်းရင်းသားပါတီ ၅ ပါတီဟာ အရင်ကလည်း ဒု-သမ္မတ တနေရာကို တိုင်းရင်းသားခေါင်းဆောင် တဦးဦးကို ခန့်ထားဖို့ တောင်းဆိုခဲ့ရာမှာ သူတို့ တောင်းဆိုတဲ့အတိုင်း အောင်မြင်မှု ရခဲ့ဖူးပါတယ်။

အမေရိကန်၏ မြန်မာအစိုးရနှင့် ဆက်ဆံရေးမူ မအောင်မြင်သေး
2011-04-27 RFA

၂၀၀၈ခုနှစ်မှာ တက်လာတဲ့ အမေရိကန်သမတ အိုဘားမားအစိုးရက မြန်မာပြည်ဆိုင်ရာ အမေရိကန်ရဲ့မူဝါဒ အချို့ကို ပြောင်းလဲပြီး ထိတွေ့ဆက်ဆံရေးမူရော ပြစ်ဒဏ်ခတ် ပိတ်ဆို့ရေးမူကိုပါ တပြိုင်နက်တည်း သုံးခဲ့ရာမှာ အခုချိန်ထိတော့ ထိတွေ့ဆက်ဆံရေး မူဝါဒ အောင်မြင်မှု မရသေးဘူးလို့ ဧပြီ ၂၅ ရက်နေ့မှာ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ကတ် ကင်းမ်ဘဲလ် ကိုယ်တိုင် ဝန်ခံပြောဆိုသွားပါတယ်။

ဒါပေမဲ့ အခုတက်လာတဲ့ မြန်မာအစိုးရသစ်ကို သူတို့အနေနဲ့ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ မြန်မာ့အရေးကို အောင်မြင်အောင် ဆက်လက် ဆောင်ရွက်သွားဖို့ ရှိတယ်လို့ အမေရိကန် ဒုလက်ထောက် နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ဂျိုးဆက်ဖ် ယွန် က အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ပြသသွားတဲ့ Burma Soldier မှတ်တမ်းရုပ်ရှင်ပြပွဲ အပြီးမှာ ပြောကြားသွားပါတယ်။

အာဖဂန်ပိုင်းလော့ လက်ချက် NATO တပ်ဖွဲ့ဝင် ၈ ဦးသေ
By ဗွီအိုအေ (မြန်မာဌာန) ဗုဒ္ဓဟူး, 27 ဧပြီ 2011

အာဖဂန်နစ္စတန်နိုင်ငံမှာ အာဖဂန် စစ်လေယာဉ်မှူးတဦးက ကဘူးလ် (Kabul) မြို့တော်မှာ နိုင်ငံခြား တပ်ဖွဲ့တွေကို ပစ်ခတ်လို့ ညွန့်ပေါင်းတပ်ဖွဲ့ဝင် ၈ ဦးနဲ့ အငှားတပ်ဖွဲ့ဝင် ၁ ဦး သေဆုံးသွားတယ်လို့ အရာရှိတွေက ပြောပါတယ်။ ဒါဟာ အာဖဂန်စစ်ပွဲ စတင်တဲ့ ၂၀၀၁ ခုနှစ်နောက်ပိုင်း ကြုံရတဲ့ ဒီလို တိုက်ခိုက်မှုတွေထဲမှာ အပြင်းထန်ဆုံး ဖြစ်ပါတယ်။

ကဘူးလ်မြို့တော်မှာရှိတဲ့ အာဖဂန် လေတပ်စခန်းမှာ ဗုဒ္ဓဟူးနေ့က စကားအချေအတင် ဖြစ်ကြပြီး ဝါရင့် လေယာဉ်မှူးတဦးက ပစ်ခတ်ပြီး ညွန့်ပေါင်းတပ်ဖွဲ့ဝင်တွေ သေဆုံးသွားရတာ ဖြစ်ပါတယ်။ အဲဒီလေယာဉ်မှူးလည်း ပစ်ခတ်မှုအတွင်း သေဆုံးသွားပါတယ်။ သူဟာ စစ်ဝတ်စုံ ဝတ်ထားတဲ့ စစ်သွေးကြွဖြစ်တယ် ဆိုတဲ့ တာလီဘန်တို့ရဲ့ အပြောကို ကာကွယ်ရေး ဝန်ကြီးဌာန အရာရှိတွေက လက်မခံပါဘူး။

သေဆုံးသွားတဲ့ တပ်ဖွဲ့ဝင်တွေ ဘယ်နိုင်ငံကဖြစ်တယ် ဆိုတာကို နေတိုး (NATO) က ထုတ်မပြာသေးပါဘူး။

ညွန့်ပေါင်းတပ်ဖွဲ့တွေကို တိုက်ခိုက်မှုတွေ အတော်များများ ရှိခဲ့ပြီး အာဖဂန်စစ်တပ် ဒါမှမဟုတ် အာဖဂန် စစ်ဝတ်စုံ ဝတ်ဆင်သူ တယောက်ယောက်က တိုက်ခိုက်တာတွေ ဖြစ်ပါတယ်။
ဒီလ အစောပိုင်းတုန်းကပဲ ဖာယပ်ဘ် (Faryab) ပြည်နယ်မှာ အာဖဂန် နယ်ခြားစောင့် တပ်ဖွဲ့ဝင် တဦးက အမေရိကန်စစ်သား ၂ ဦးကို ပစ်ခတ်ခဲ့ပါတယ်။

ဖေဖော်ဝါရီလတုန်းကတော့ ဘာ့(ဂ်)လန် (Baghlan) ပြည်နယ်မှာ အာဖဂန် စစ်ယူနီဖောင်း ဝတ်ဆင်ထားသူ တဦးက ဂျာမန်စစ်သား ၃ ဦးကို ပစ်ခတ်ခဲ့ပြီး တခြား ၆ ဦးလည်း သူ့ကြောင့် ဒဏ်ရာရသွားရပါတယ်။
မနှစ် နိုဝင်ဘာကလည်း အာဖဂန် နယ်ခြားစောင့် ရဲတဦးက နိုင်ငံအရှေ့ပိုင်းက လေ့ကျင့် သင်ကြားပေးမှုအတွင်း အမေရိကန် တပ်သား ၆ ဦးကို ပစ်သတ်ခဲ့ပါတယ်။

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း နယ်စစ်မှာတော့ အာဖဂန်နဲ့ ပါကစ္စတန် လုံခြုံရေးတပ်တွေ ဟိုဘက်ဒီဘက် အပြန်အလှန် ပစ်ခတ်ကြတယ်လို့ ပါကစ္စတန် အရာရှိတွေက ပြောပါတယ်။ တောင် ဝါဇီရစ္စတန် ပြည်နယ်မှာ ဗုဒ္ဓဟူးနေ့က ဖြစ်ပွားတဲ့ ဒီတိုက်ပွဲငယ်တွေအတွင်း ပါကစ္စတန်ဘက်က တဦး သေဆုံးသွားပါတယ်။ အာဖဂန် တပ်ဖွဲ့တွေဘက်က စတင်ပစ်ခတ်တာ ဖြစ်တယ်လို့လည်း ဆိုပါတယ်

ခွဲတမ်း စနစ်ကြောင့် စက်သုံးဆီ ဈေးမြင့် တက်ရာ တစ်ဂါလံ တစ်သောင်းအထိ ဖြစ်နိုင်
April 27, 2011, FNG

ပုဂ္ဂလိက ဓာတ်ဆီဆိုင်များ တွင် ခွဲတမ်း စနစ်ဖြင့် ရောင်းချပေး သည့် စနစ် ကြောင့် ဒီဇယ်၊ဓာတ်ဆီ စသည့် စက်သုံးဆီ ဈေး များ ပြန်လည် မြင့် တက် သွား ပြီး ဒီဇယ်ဆီ တစ်ဂါလံ လျှင် ကျပ်
၇၀၀၀ ခန့် ထိ ပေါက်ဈေး ရှိ ပြီး နယ်မြို့ အချို့ တွင် ဓာတ်ဆီ တစ်ဂါလံ မှာ ကျပ် ၆၀၀၀ ခန့်  ဈေး ပေါက်သည်။

ဓာတ်ဆီဆိုင်များ တွင် မော်တော် ကား တစ်စီး အတွက် ၂ ဂါလံသာ ရောင်းချပေးမှု ကြောင့် ဓာတ်ဆီ မှောင်ခိုရောင်း သည့် ဈေးကွက် တွင် ဈေးပြန်လည် တက်ခဲ့ခြင်း ဖြစ်ပြီး သင်္ကြန်
ကာလ အတွင်း က ရောင်း ချသည့် ဈေးနှုန်းထက် ကျပ် ၅၀၀ ခန့် ပိုမို မြင့်မား သည်။

နွေရာသီဉ် ရာသီဥတု ပူပြင်းသောကြောင့် လေအေးပေးစက်များ ဖွင့် ရန် အတွက် လိုအပ်သည့် လျှပ်စစ်မီး ပုံမှန် မလာ သောကြောင့် မီးစက် ဖြင့် လျှပ် စစ်ဓာတ်အား ရယူရသများ မှာ ဒီဇယ်ဆီ ကို အဓိက ထား သုံး ရသဖြင့် ဒီဇယ်ဆီ ဈေးမှာ အမြင့် ဆုံး သို့ ရောက် ရှိနေခြင်းဖြစ်သည်။
ဓာတ်ဆီဈေး မြင့်တက် မှု ကြောင့် အငှားယာဉ် နှင့် ခရီးသည် ကား ပြေးဆွဲ သူများ မှာ လည်းတွက်ခြေမကိုက် ဖြစ်နေ ပြီး CNG ဓာတ်ငွေ့ ထည့်သွင်း ပြေးဆွဲရသည့် မော်တော်ကား များ မှာ လည် CNG ဆိုင်များ တွင် နေ့ တစ်ဝက် နီးပါး တန်းစီ ရသည် ဟု သိရသည်။

ဂါလံ ငါးဆယ် ၀င် ဒီဇယ် တစ်ပေပါလျှင် ကျပ် နှစ် သိန်း ကျော် ဈေး ပေါက်သည်။ ယခုနှစ် ဆန်းပိုင်းက တစ်ပီပါ လျှင် ကျပ် တစ်သိန်း ခြောက် သောင်း ကျော်သာ ပေါက် ဈေး ရှိပြီး နိုင်ငံ တကာရေနံစိမ်း ဈေးနှုန်း မြင့် တက်မှု နှင့် အတူ ပြန်လည် မြင့်တက်ခဲ့သည်။

ပုဂ္ဂလိက ဓာတ်ဆီ ဆိုင်များဖွင့်လှစ် ပြီး ပါက မှောင်ခို ဓာတ်ဆီ ဈေးကွက် ပျောက် ကွယ် သွား မည် ဟု အာဏာပိုင်များ က သုံးသပ် ခဲ့သော် လည်း ခွဲတမ်း စနစ် ကို အတည်ပြုပြီး နောက် ပြန်လည် ကျယ်ပြန် လာခဲ့သည်။

ရန်ကုန် မြို့ မှ ပုဂ္ဂလိက ဓာတ်ဆီ ဆိုင် မန် နေဂျာ တစ်ဦးက စက်သုံး ဆီ များ ပြန်လည် မြင့် တက် နိုင်ပြီး နိုင်ငံ တကာ ပေါက်ဈေး ကျဆင်း မှု မရှိ လျှင် တစ်ဂါလံ တစ်သောင်း အထိ ဖြစ် နိုင် ဟု ပြောသည်။

No comments: