Thursday, April 28, 2011

ဒီနေ့ ဖတ်စရာ သတင်းများ (ဧပြီ ၂၉)

- ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန် အမျိုးသမီးအဖွဲ့ ဂုဏ်ပြု
- သတင်းသမားများ နိုင်ငံရေးအကျဉ်းသားများ အတွက် ငွေလှူ
- တရားမ၀င် တပတ်ရစ်ကား တင်သွင်းမှု များပြားလာ
- ဈေးစည်ပင်ကြောင့် သီရိမင်္ဂလာဈေးသစ် ဆိုင်ခန်းရှင်များ အခက်ကြုံ
- ပဲခူးတိုင်း နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး လှုပ်ရှားမှု စတင်
- ရွေးကောက်ပွဲ မဲသမာမှုများ ပြန်လည်စစ်ဆေး
- ကမ္ဘောဒီးယားနဲ့ အပစ်ရပ် ဆွေးနွေးပွဲ ထိုင်း ဖျက်သိမ်း
- မြန်မာနိုင်ငံမှာ ဘာသာရေး လွတ်လပ်ခွင့် ကင်းမဲ့
- ထိုင်း၌ မြန်မာ အလုပ်သမား ၁၀၀၀ ခန့် ဆန္ဒပြ
- မြန်မာကို ကုန်သွယ်မှု သက်ညှာခွင့် ပြန်ပေးဖို့ ပါတီတွေ တိုက်တွန်း
- မြန်မာ့ ဒီမိုကရေစီရေးထောက်ကူမည့် ဆုံးဖြတ်ချက်မျိုး အီးယူ ချမှတ်စေလို


ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန် အမျိုးသမီးအဖွဲ့ ဂုဏ်ပြု
2011-04-28 RFA

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ ကမ္ဘာတဝှမ်းက ထူးချွန်ပြောင်မြောက်တဲ့ အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူ အမျိုးသမီး ၄ ဦးအတွက် အယ်လီနာ ရုစဗဲ့ဆု ချီးမြှင့်ပွဲ အခမ်းအနားကို အမေရိကန် ပြည်ထောင်စု ဟောလီးဝုဒ်က Beverly Hills ဟိုတယ်မှာ ဧပြီ ၂၆ ရက် အင်္ဂါနေ့ညက ကျင်းပခဲ့ပါတယ်။


ဒီအခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည်က ဗီဒီယိုကတဆင့် မိတ်ဆက်စကား ပေးပို့ခဲ့တယ်လို့ ဆုချီးမြှင့်တဲ့ အမျိုးသမီး အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းတခုဖြစ်တဲ့ Feminist Majority Foundation က Miss Susie Gilligan က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဗီဒီယို မိတ်ဆက်စကားကြောင့် ဆုပေးပွဲအခန်းထဲမှာ ရှိနေသူအားလုံးဟာ အထူးပဲ စိတ်အား တက်ကြွခဲ့ကြရပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်က အယ်လီနာ ရုစဗဲ့ရဲ့ ဆောင်ရွက်ချက်တွေ အကြောင်း၊ ကျမတို့အားလုံးဆောင်ရွက်နေကြတဲ့ အမျိုးသမီးအခွင့်အရေးအတွက် ဆောင်ရွက်ချက်တွေဟာ အင်မတန် အရေးကြီးကြောင်း၊ တကမ္ဘာလုံး လိုက်ပါဆောင်ရွက်လာတဲ့အထိ ကြိုးပမ်းသွားဖို့ လိုအပ်ကြောင်း တိုက်တွန်းအားပေး ပြောဆိုခဲ့တယ်လို့ Miss Galligan ပြောသွားတာပါ။

အမျိုးသမီးတွေရဲ့ တန်းတူညီမျှရေးအတွက် ကြိုးပမ်းဆောင်ရွက်ရာမှာ ထင်ရှားတဲ့ ၃၂ ယောက်မြောက် အမေရိကန်သမတ ဖရန်ကလင် ဒီ ရုစဗဲ့ကတော် အယ်လီနာ ရုစဗဲ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ကမ္ဘာ့အမျိုးသမီး အခွင့်အရေးဆိုင်ရာ အယ်လီနာရုစဗဲ့ဆုကို နှစ်စဉ်ချီးမြှင့်လာခဲ့တာ အခု ၇ ကြိမ်မြောက် ပေးအပ်တာ ဖြစ်ပါတယ်။

ဒီနှစ်အတွက် ဆုရှင်တွေအဖြစ် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ အယ်လီနာ ရုစဗဲ့ဆု ချီးမြှင့်ခံခဲ့ရသူတွေကတော့ ဟေတီနိုင်ငံက အမျိုးသမီးအခွင့်အရေး လှုပ်ရှားမှုခေါင်းဆောင် ယော်လတ်ယန်တီ (Yolette Jeanty) ၊ အာဖဂန်နစ္စတန်နိုင်ငံက အမျိုးသမီးတွေ အကြောင်း ပြောင်မြောက်စွာ ဖော်ထုတ်ရေးသားတင်ပြခဲ့သူ NPR သတင်းထောက် ရာနီးမွန်တိန်း (Ranee Montagne) နဲ့ အာဖဂန်အမျိုးသမီးများအတွက် အမျိုးသမီးများ အဖွဲ့တည်ထောင်သူ စူနီတာ ဗစ်စ်ဝါနက် (Sunita Viswanath) တို့ ဖြစ်ပါတယ်။

သတင်းသမားများ နိုင်ငံရေးအကျဉ်းသားများ အတွက် ငွေလှူ
ရန်ပိုင် Thursday, 28 April 2011 18:03

ပြည်တွင်းစာနယ်ဇင်း သတင်းသမား ၂၀ခန့် စုပေါင်းပြီး ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသည့် နိုင်ငံရေး အကျဉ်းသားများ အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) သို့ ယနေ့ သွားရောက်၍ ကျပ်၂ သိန်း လှူဒါန်းကြောင်း သိရသည်။

နိုင်ငံရေး အကျဉ်းသားများ အနေဖြင့် ထောင်တွင်းစားဝတ်နေရေး အခက်အခဲများရှိသည့်အပြင် မိသားစုများအနေဖြင့်လည်း ပြင်ပ ၌ စီးပွားရေး လူမှုရေး ဒုက္ခများကို ရင်ဆိုင်နေရသည့် အတွက် စာနယ်ဇင်းသတင်းထောက်များ စုပေါင်းပြီး လှူဒါန်းခြင်း ဖြစ်သည်ဟု အလွတ်သတင်းထောက် တဦးဖြစ်သူ ကိုမြင့်ကျော် က ဧရာဝတီသို့ ပြောသည်။

“ငွေကတော့ အားလုံးအတွက် လုံလောက်ချင်မှ လုံလောက်မယ်၊ ဒါပေမယ့် ထောင်ဝင်စာတွေ့ဖို့ အခက်အခဲရှိနေတဲ့ မိသားစုတွေ အတွက် ကျနော်တို့လုပ်အားနဲ့ တတ်နိုင်သမျှ ကူညီတာပါ”ဟု ၎င်းကဆိုသည်။

စာနယ်ဇင်းသမားများ အနေဖြင့် နိုင်ငံရေး အကျဉ်းသားများအား ယခုကဲ့သို့ ကူညီခြင်းမှာ လူသားချင်းစာနာသည့် အနေဖြင့် ကူညီ ခြင်းဖြစ်ကြောင်း၊ နိုင်ငံရေး လှုပ်ရှားမှု တခုမဟုတ်ကြောင်း၊ လူမှု အဖွဲ့အစည်းအတွင်း နိုင်ငံရေး အကျဉ်းသားများကို မကူညီရဲသည့် စိတ်ဓာတ်များ ပပျောက်စေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ကိုမြင့်ကျော်က ဆက်လက်ရှင်းပြသည်။

ယခုလှူဒါန်းခြင်းကို ကိုမြင့်ကျော်၊ သာလွန်ဇောင်းထက် စသည့် စာနယ်ဇင်းသမားများက ကမကထပြု ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

စာနယ်ဇင်းသမားများ အနေဖြင့် ယခုအချိန်တွင် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး၊ နိုင်ငံရေး အကျဉ်းသားများ ကူညီရေး အတွက် အားလုံးနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး ဆက်လက်လှူဒါန်းသွားမည်ဖြစ်သည်ဟုလည်း ကိုမြင့်ကျော်က ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းက စာပေနှင့် စာနယ်ဇင်းလောကတွင် ထင်ရှားသည် စာရေးဆရာကြီးများ ဖြစ်သော ဆရာကြီး ဒဂုန်တာရာ၊ သတင်းစာဆရာကြီး ဦးဝင်းတင်၊ ဆရာလူထု စိန်ဝင်း၊ ဦးသာဘန်း၊ ဆရာဇော်ဇော်အောင်၊ မောင်မိုးသူ၊ ထက်မြက်၊ ပြည်သွေးနိုင်၊ ကဗျာဆရာ အောင်ဘညို၊ ငြိမ်းသစ်၊ ယမုံ၊ ညွန့်သစ်၊ မောင်ဒေါင်း၊ ဂီတပညာရှင် မဇ္ဈိမလှိုင်း ကိုရဲလွင်စသည့် နိုင်ငံရေးနှင့် စာပေ
အနုပညာ နယ်ပယ်မှ လူပေါင်း ၃၂၄ ဦး စုပေါင်းလက်မှတ်ထိုးပြီး သမ္မတ ဦးသိန်းစိန်ထံသို့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး အတွက် စာရေးတောင်းဆိုခဲ့သည်။

နိုင်ငံရေး အကျဉ်းသားများတွင် နှစ်ရှည်ထောင်ဒဏ်ကျခံနေရသူ များပြားသည့်အတွက် မိသားစုများ ခံစားနေရသည့် ဒုက္ခကြီးမား သည့်အပြင် ၎င်းတို့၏ လုပ်ကိုင်နိုင်သည့် စွမ်းရည်များအားလုံး ဆုံးရှုံးနေရသည့်အတွက် တိုင်းပြည်အတွက် နစ်နာကြောင်း၊ ထို့ကြောင့် အမြန်ဆုံး လွတ်မြောက်သင့်သည်ဟု ယုံကြည်ကြောင်း သတင်းထောက် ကိုမြင့်ကျော်က ဆိုသည်။

နိုင်ငံရေး အကျဉ်းသားများ အကူအညီပေးရေး နှင့် ပတ်သက်၍ NLDသည် ပြည်နယ်နှင့်တိုင်းအလိုက် လည်းကောင်း၊ မြို့နယ်များအလိုက် လည်းကောင်း တာဝန်ယူ ဆောင်ရွက်နေသည်။

တရားမ၀င် တပတ်ရစ်ကား တင်သွင်းမှု များပြားလာ
ဧရာဝတီ Thursday, 28 April 2011 12:05

ထိုင်းနယ်စပ်မှတဆင့် မြန်မာနိုင်ငံသို့ တရားမ၀င် သွင်းသည့် ဂျပန် တပတ်ရစ်ကား အရေအတွက်မှာ လတ်တလော၌ တညလျှင် အစီးရေ ၁၀၀ နှင့် အထက်တွင် ရှိနေသည် ဟု ကားကုန်သည်များက ပြောသည်။

ယင်း ဂျပန်တပတ်ရစ်ကားများကို အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ နှင့် သီရီလင်္ကာ စသည့် အိမ်နီးချင်း နိုင်ငံများသို့ တဆင့် ပြန်လည် ရောင်းချသည့်ဈေးကွက် မြင့်မားလာသောကြောင့် မြန်မာသို့ တင်သွင်းမှု များပြားလာခြင်း ဖြစ်ကြောင်း သိရ သည်။

မြန်မာ ကားကုန်သည် တဦးက“ထိုင်းဘက်က၀င်တဲ့ ဂျပန်တပတ်ရစ်ကားတွေကို အရင်က မြန်မာတွေ အစီးများပေမယ့် အခုနောက်ပိုင်း ဒီကားတွေကို တဆင့် ပြန်ရောင်းတဲ့ဈေးကွက်က ကြီးလာတော့ မြန်မာဘက်ကိုဝင်တဲ့ ကားတွေ လာ သလောက် ကုန်တဲ့အထိဖြစ်နေလို့ ကားကုန်သည်တွေ အရင်ကထက် ပိုပြီး အပြိုင်သွင်းနေကြတယ်”ဟု ပြောသည်။

ထိုင်းနယ်စပ် မဲဆောက်မြို့မှ မြန်မာနိုင်ငံ မြ၀တီမြို့ဘက်သို့ တင်သွင်းနေသော အဆိုပါကားများမှာ ယခုလဆန်းမှစတင် ၍ ပုံမှန် ထက် ၃ ဆခန့် ရှိလာပြီး ရောင်းအား တက်လာသော်လည်း ဈေးနှုန်းမှာ ယခင်ကအတိုင်းဖြစ်ကြောင်း၊ ယခင်က တညလျှင် ကားအစီး ၄၀ ခန့်သာ တင်သွင်းနေရာမှ လက်ရှိတွင် အမျိုးအစားစုံ ကားအစီးရေ ၁၀၀ ကျော်သည်ဟု တပတ်ရစ် ကား တင်ပို့သည့် ထိုင်းကုမ္ပဏီ တခု၏ မြန်မာ အရောင်းစာရေး တဦးက ပြောပြသည်။

တပတ်ရစ်ကား တစီး၏ မြန်မာဘက်သို့ ရောင်းချသည့် တန်ဖိုးမှာ ဘတ် ၂ သိန်း နှင့် ၃ သိန်း ၀န်းကျင်ရှိကြောင်း ကားပွဲစား တဦး၏ ပြောဆိုချက်အရ သိရသည်။

မြန်မာဘက်မှ အ၀ယ်များသောကြောင့် လက်ရှိ မဲဆောက်မြို့ဘက် ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားဘေးရှိ အမှတ် ၁၀၊ ၁၂၊ ၁၇၊ လှေဂိတ်များတွင် မြန်မာဘက်ရောင်းချမည့် ဂျပန် တပတ်ရစ်ကား အစီးရေ ၄၀၀၀ ခန့်ရှိနေသည်။

ဂျပန်နိုင်ငံမှတဆင့် ထိုင်းနိုင်ငံ ဘန်ကောက်ဆိပ်ကမ်းသို့ရောက်ရှိလာသည့် ကားများကို ထိုင်းတပတ်ရစ်ကားကုမ္ပဏီများက ၁၂ ဘီးတပ် ကားသယ်ယာဉ်များဖြင့် တင်ဆောင်ကာ တရက်လျှင်အစီးရေ ၁၀၀ ကျော်ကို မဲဆောက်ကမ်းနားရှိ လှေဆိပ်များသို့ နေ့စဉ်လာရောက်ပို့ဆောင်လျက် ရှိသည်။

၎င်းကားများကို မြ၀တီဘက်သို့ တရားဝင်တင်သွင်းခွင့်မရှိသည့်အတွက် မြ၀တီခရိုင် အာဏာပိုင်အဖွဲ့ပေါင်းစုံနှင့်ညှိနှိုင်းပြီး ကားတစီးလျှင် ဘတ်ငွေ ၁၀၀၀၀ အထက် ပေး၍သွင်းရသည်ဟု ကားကုန်သည်များက ပြောသည်။

ယမန်နှစ်ဇူလိုင်လမှစ၍ မြန်မာအာဏာပိုင်များက လုံခြုံရေးအကြောင်းပြချက်ဖြင့် မဲဆောက်-မြ၀တီ ချစ်ကြည်ရေးတံတား အပါအ၀င်၊ တံတားဘေး ၀ဲယာရှိ တရားမ၀င် လှေဂိတ် ၃၀ ခန့်ကို ပိတ်လိုက်ပြီးနောက် တရားဝင် နယ်စပ် ကုန်သွယ်ရေး ရပ်တံ့ခဲ့သည်။

နယ်စပ်ဂိတ်များပိတ်လိုက်သောကြောင့် မြန်မာကုန်သည်များက ထိုင်းကုန်ပစ္စည်းများကို မြန်မာဘက်ခိုးသွင်းရသော် လည်း၊ ဂျပန် တပတ်ရစ် ကား တင်ပို့မှုများမှာ လုံးဝရပ်တံ့ခြင်းမရှိဟု မြန်မာ ကားကုန်သည်က ပြောသည်။

၎င်းက“မြန်မာဘက်က ထိုင်းကုန်ပစ္စည်းတွေကို ပိတ်လို့ရချင်ရလိမ့်မယ်၊ ဒီကားသွင်းတာကိုတော့၊ ဘယ်လိုမှပိတ်လို့မရဘူး၊ ဘာဖြစ်လို့လည်းဆိုတော့ ဒီကားလုပ်ငန်းကိုလုပ်နေတာ စစ်တပ်ကြီးကြီးပိုင်းက လူတွေ လုပ်နေတာဖြစ်တယ်၊ သူတို့သား သမီးတွေနဲ့ သူတို့လူတွေပဲ ဒီနယ်စပ်အထိ၊ စီမံခန့်ခွဲနေတာဖြစ်တယ်၊ ဒီအလုပ်ကို သာမန်လူတွေလုပ်လို့မရဘူး”ဟု ဆက်ပြောသည်။

မဲဆောက်မှ မြ၀တီဘက်သို့ တရားမ၀င် ကားတင်သွင်းမှုများကို ပြည်ပ သတင်းဌာနများတွင် ဓာတ်ပုံမှတ်တမ်းများနှင့် အတူ သတင်းထုတ်လွှင့်မှုများရှိသောကြောင့် ကားများထားရှိသည့် ထိုင်းဘက်ခြမ်း လှေဆိပ်များတွင် ဓာတ်ပုံရိုက်ခွင့် မပြုကြောင်း တွေ့ရှိပါက ဒဏ်ငွေ ဘတ် ၅၀၀၀၀ ပေးဆောင်ရမည် ဖြစ်ကြောင်း ဆိုင်းဘုတ်ကြီးများ ရေးသားထားသည်။

ဈေးစည်ပင်ကြောင့် သီရိမင်္ဂလာဈေးသစ် ဆိုင်ခန်းရှင်များ အခက်ကြုံ
ယုယမိုး Thursday, 28 April 2011 12:56

ရန်ကုန် သီရိမင်္ဂလာဈေးကြီး၏ ဈေးသူဈေးသားများ၊ ဆိုင်ခန်း ပိုင်ရှင်များသည် ဈေးများဌာန စည်ပင်သာယာရေး ကော်မတီ၏ မတရား အခွန်ကောက်ခံမှု၊ အဂတိလိုက်စားမှု များကြောင့် အခက်အခဲများ ရင်ဆိုင်နေရသည်ဟု သိရသည်။

ရန်ကုန်မြို့၏ အကြီးဆုံး ကုန်စိမ်းဈေးကြီးဖြစ်သည့် သီရိမင်္ဂလာဈေးကြီးကို ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာ ၂၃ ရက်နေ့ ကတည်းက ရန်ကုန်တိုင်း လှိုင်မြို့နယ်သို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့သော်လည်း ဆောက်လုပ်ရေး လုပ်ငန်းများမှာ ယခုအထိ မပြီးစီး သေးကြောင်း၊ ဆောက်လုပ်ရေး ကုန်ကျစရိတ်များကိုလည်း ဈေးဟောင်းမှပြောင်းရွှေ့ ရောင်းချလာသူ ဈေးသူဈေးသား များထံမှ ကောက်ခံ နေကြောင်း၊ ထို့အပြင် ဈေးစည်ပင်သာယာရေးမှ တာဝန်ယူ ကုန်ကျခံရမည့် ဈေးလုံခြုံရေး လမ်း လျှပ်စစ်မီတာခ များအား ဆိုင်ခန်း အကျယ်အ၀န်းကို လိုက်ကာ ပေးဆောင်ရမည်ဟု ဈေးစည်ပင်မှ ထုတ်ပြန်လိုက်ကြောင်း သီရိမင်္ဂလာဈေးတွင် ကုန်စိမ်းများ ရောင်းချနေသည့် ဦးချိုကြီးက ပြောသည်။

“ကျနော်တို့ ဈေးသစ်ကို မပြောင်းခင်ကတော့ ဈေးစည်ပင်သာယာရေး ဌာနမှူး ဦးတင်ကိုကို ကိုယ်တိုင်က တည်ဆောက် ရေးတွေ အားလုံးပြီးမှ ပြောင်းရမယ်၊ ဆိုင်ခန်းတွေကို အတိအကျ ပြန်နေရာ ချထားပေးမယ်၊ ဘာအခွန်အခမှ ထပ် မတောင်းဘူးလို့ မနှစ်က မတ်လမှာ အသေအချာ ပြောခဲ့ပါတယ်။ အခုတော့ ဆိုင်ခန်း ဆောက်လုပ်ရေးတွေ မပြီးသေးခင် ဈေးပြောင်းပေးရတဲ့အပြင်၊ ဆောက်လုပ်ဆဲ ဆိုင်ခန်းတွေရဲ့ ကုန်ကျစရိတ်တွေပါ ပေးရတယ်” ဟု သူက ဆိုသည်။

ယခုလ ၂၃ ရက်နေ့ကလည်း ဈေးလုံခြုံရေး လျှပ်စစ်မီးဖိုးများကို ကောက်ခံသွားကြောင်း၊ အစိုးရ ယူနစ်အတိုင်း ကောက်ခံပါက တဈေးလုံးအတွက် ကျပ် ၈ သောင်း ၀န်းကျင်သာ ကုန်ကျမည် ဖြစ်သော်လည်း ထိုစနစ်ဖြင့် ကောက်ခံခြင်း မဟုတ်ဘဲ ဆိုင်ခန်းအကျယ်အ၀န်းပေါ် မူတည်ပြီး ကောက်ခံသဖြင့် နစ်နာကြောင်း ၎င်းက ဆက်ပြောသည်။

“ဆိုင်ခန်းကျဉ်းရင် တခန်းကို ကျပ် ၅၀၀ နှုန်း၊ ကျယ်ရင် ၁၀၀၀ နှုန်းပေးရတယ်။ ဧပြီတလတည်းရဲ့ မီးဖိုးမဟုတ်ဘဲ ၄ လစာ မီးဖိုး ဆိုပြီး Back Date နဲ့ ပေးရမှာပါ” ဟု ဦးချိုကြီးက ဆိုသည်။

သီရိမင်္ဂလာဈေးသစ်တွင် ဆိုင်ခန်းစုစုပေါင်း ၂၀၀၀ ကျော် ရှိသဖြင့် လုံခြုံရေး မီတာခမှာ တဈေးလုံးအတွက် ကျပ် သိန်း ၁၀ ဂဏန်းချီ ပေးဆောင်နေရသည်ဟု သူက ပြောသည်။

အဆိုပါကိစ္စရပ်နှင့် ပတ်သက်၍ ဧရာဝတီက ဈေးဌာနမှူး ဦးတင်ကိုကို အား ဆက်သွယ်မေးမြန်းရာ ဖြေဆိုခြင်း မရှိပေ။

ဆိုင်ခန်းပိုင်ရှင်များသည် ဈေးစည်ပင်မှ သတ်မှတ်ပေးသော နေရာများတွင်သာ ရောင်းချရပြီး နေရာကောင်းသည့် ဆိုင်ခန်းများ အား ဈေးစည်ပင်က လေလံတင် ရောင်းစားထားမှုများလည်း ရှိကြောင်း သိရသည်။

“ကျမတို့ ဆိုင်ခန်းတွေဆို ဈေးဝင်ပေါက်နဲ့ နီးတဲ့နေရာမျိုး မဟုတ်ဘဲ ချောင်ကျတဲ့ အနောက်ဘက် နားလောက်ကို ပေးထားတယ်။ ဆိုင်ခန်းပိုင်ရှင် တော်တော်များများလည်း ကျမလိုပဲ။ ဆိုင်ခန်းနေရာ ကောင်းတွေကိုတော့ ဈေးစည်ပင်က လေလံတင် ရောင်းစားဖို့ သိမ်းထားတယ်။ ဇန်န၀ါရီ လတုန်းကတောင် ဆိုင်ခန်းတချို့ လေလံတင်သေးတယ်” ဟု ငှက်ပျောသီး ပွဲရုံပိုင်ရှင် အမျိုးသမီးတဦးက ပြောသည်။

ဈေးသစ်တွင် ယခင် ဈေးဟောင်းကဲ့သို့ အရောင်းအ၀ယ် မကောင်းကြောင်း၊ ဈေးသစ်သို့ ပြောင်းရွှေ့ လာသည်မှာ ၄ လခန့် ရှိပြီဖြစ်သော်လည်း ပုံမှန် မဖြစ်သေးဘဲ ယခင် ၀ယ်နေကြ ဖောက်သည်များမှာ ဆိုင်ခန်းနေရာများကို မမှတ်မိသဖြင့် နီးစပ်ရာ ဆိုင်များတွင်သာ ဝယ်ယူကြသောကြောင့် နစ်နာရကြောင်း ၎င်းက ဆိုသည်။

ဆက်လက်၍ သူက “ကုန်တင်ကုန်ချ အလုပ်သမား စရိတ်များလည်း ယရင်ထက် ၂ ဆပို ပေးနေရတယ်။ အခုလို လမ်းမီး မီတာခတွေကို ကျမတို့ ဈေးသူဈေးသားတွေကပဲ အကုန်အကျ ခံရမယ်ဆိုတော့ အခက်အခဲ တွေ့နေကြပါတယ်” ဟု ပြောသည်။

သီရိမင်္ဂလာ ဈေးသူဈေးသားများသည် ယခင် ရန်ကုန် မြို့တော်ဝန် ဦးအောင်သိန်းလင်း လက်ထက်က ယာဉ်ကျောပိတ်ဆို့သည် ဆိုသည့် အကြောင်းပြချက်ဖြင့် အဓမ္မ ပြောင်းရွှေ့ခိုင်းမှုကြောင့် ကြည့်မြင်တိုင်မြို့နယ် ဈေးဟောင်းနေရာမှ ယခုလှိုင်မြို့နယ် ပိတောက်ချောင်း အနီးသို့ ပြောင်းရွှေ့ ဖွင့်လှစ်ခဲ့ရသည်။

ပဲခူးတိုင်း နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး လှုပ်ရှားမှု စတင်
2011-04-27 RFA

ပဲခူးတိုင်း အနောက်ဖက်ခြမ်း၊ သာယာဝတီခရိုင် အတွင်းရှိ ၈ မြို့နယ် NLD အဖွဲ့ဝင်တွေဟာ မြန်မာအစိုးရသစ် သမတ ဦးသိန်းစိန်ဆီကို နိင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်ပေးဖို့ မေတ္တာရပ်ခံစာနဲ့ Signature Campaign စီမံချက်ကို စတင် အကောင်အထည်ဖော် ဆောင်ရွက်နေတယ်လို့ သာယာဝတီမြို့နယ် NLD ဥက္ကဋ္ဌက ဧပြီ ၂၇ ရက် ဒီကနေ့ RFA ကို ပြောပါတယ်။

သာယာဝတီခရိုင်အတွင်းက မြို့နယ်တွေကတော့ လက်ပံတန်း ၊ ဇီးကုန်း၊ မင်းလှ၊ နတ္တလင်း၊ ကြို့ပင်ကောက်၊ အုတ်ဖို၊ သုံးဆယ်၊ သာယာဝတီစတဲ့ မြို့နယ်တွေ ဖြစ်ပါတယ်။

မြို့နယ်လူထုဟာလည်း ဒီစီမံချက်အပေါ် အထူး စိတ်ဝင်တစားနဲ့ ပါဝင် လုပ်ဆောင်လာတာ တွေ့ရကြောင်း သာယာဝတီမြို့နယ် NLD ဥက္ကဋ္ဌ ဦးအောင်မြင့်က ပြောသွားပါတယ်၊

အခုလို လူထုလက်မှတ် ကောက်ယူတဲ့ စီမံချက်ကို သာယာဝတီခရိုင်ဖက်မှာ ဧပြီ ၂၆ ရက် မနေ့က စတင်ခဲ့တာဟာ ဧပြီ ၂၅ ရက်နေ့က NLD ဗဟိုမှာ ပဲခူးတိုင်းအရှေ့နဲ့ အနောက်ခြမ်းက မြို့နယ် ၂၈ မြို့နယ်က NLD ကိုယ်စားလှယ်တွေ တွေ့ဆုံခဲ့ပြီး ဒီစီမံချက် ဆောင်ရွက်ဖို့ ပုံစံစာရွက်တွေ ဒေါ်ဖြူဖြူသင်းတို့ အဖွဲ့က ဖြန့်ဝေပေးခဲ့ပါတယ်။

ဒီပုံစံစာရွက်တွေနဲ့ မနေ့က သာယာဝတီခရိုင် ၈ မြို့နယ်မှာ ဒီစီမံချက်ကို စတင်ခဲ့ကြတာ ဖြစ်ပါတယ်။ လူထုအနေနဲ့ စိတ်ဝင်စားမှုနဲ့ ပတ်သက်လို့လည်း သာယာဝတီမြို့နယ် NLD ဥက္ကဋ္ဌ ဦးအောင်မြင့်က အခုချိန်ထိ သာယာဝတီနဲ့ သုံးဆယ်မြို့နယ်တွေမှာ လူထုလက်မှတ် ကောက်ယူခဲ့တာ လက်မှတ် ၇၀၀ ကျော် ကောက်ခံ ရရှိပြီလို့လည်း ပြောသွားပါတယ်။

ရွေးကောက်ပွဲ မဲသမာမှုများ ပြန်လည်စစ်ဆေး
ဖနိဒါ | ကြာသပတေးနေ့၊ ဧပြီလ ၂၈ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၁၃ မိနစ်

ချင်းမိုင် (မဇ္စျိမ) ။ ။ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးများ ကျင်းပခဲ့သဖြင့် ရွေးကောက်ပွဲ မဲမသမာမှုဆိုင်ရာ အမှုများကို ၂ လကျော်ကြာ ဆိုင်းငံ့ထားရာမှ ဗုဒ္ဓဟူးနေ့တွင် ပြန်လည်စစ်ဆေးနေပြီ ဖြစ်သည်။

၂ဝ၁ဝ ရွေးကောက်ပွဲတွင် ၇၆ ဒဿမ ၅ ရာခိုင်နှုန်းဖြင့် အနိုင်ရသည်ဟု ကြေညာခဲ့သော ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် အခြား ပါတီအချို့က ရွေးကောက်ပွဲ ကော်မရှင်ထံ တိုင်တန်းခဲ့သည့် အမှုများ ဖြစ်သည်။

အမျိုးသားဒီမိုကရေစီအင်အားစု NDF မှ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် ၄ တွင် အနိုင်ရခဲ့သူ အမတ် ဒေါက်တာမြတ်ဥာဏစိုးသည် မဲမသမာမှု ပြုခဲ့သည်ဟု စွပ်စွဲခဲ့သော ကြံ့ဖွံ့ပါတီမှ စာရေးဆရာ တက္ကသိုလ်မြတ်သူကို နေပြည်တော် ရွေးကောက်ပွဲ ကော်မရှင်၏ ဗုဒ္ဓဟူးနေ့ ခုံရုံးက စစ်ဆေးခဲ့သည်။

“ကြံ့ဖွံ့ကတင်တဲ့ ကန့်ကွက်လွှာကို ပြန်ပြင်တာကို ခွင့်ပြုမိန့် ချလိုက်တယ်။ သူတို့က ရွေးကောက်ပွဲ ကော်မရှင် ဥပဒေအရ တရားမဲ့ ပြုကျင့်မှု ပေါ်ပေါက်တယ်လို့ ကန့်ကွက်တာကိုး။ ဒါပေမဲ့ ကျနော်တို့က တရားမဲ့ ပြုကျင့်မှု ဥပဒေအထောက်အထားတွေ မပါတဲ့အတွက် ကန့်ကွက်လွှာ ပြန်ပြင်ခွင့် အမိန့်ချလိုက်တာ” ဟု ဒေါက်တာမြဥာဏစိုး၏ အကျိုးဆောင်ရှေ့နေ ဦးမြင့်သွင်က မဇ္ဈိမကို ပြောသည်။

လာမည့် မေလ ၉ ရက်မှ ၁၂ ရက်နေ့အထိ ရုံးချိန်းပေးလိုက်ရာ ထိုရက်များတွင် ကြံ့ဖွံ့ပါတီမှ သက်သေများကို စစ်ဆေးသွားမည်ဖြစ်သည်။

ထို့အပြင် ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှ ရှုံးနိမ့်သူ NDF ပါတီမှ ကိုယ်စားလှယ်လောင်း ဒေါ်ဘောက်ဂျာက ကြံ့ဖွံ့ပါတီမှ လက်ရှိ သမဝါယမဝန်ကြီး ဦးအုန်းမြင့်သည် မဲမသမာမှု ပြုခဲ့သည်ဟူသော စွပ်စွဲထားသည်ကိုလည်း လာမည့် မေလ ၃ဝ နှင့် ၃၁ ရက်နေ့များသို့ ချိန်းဆိုလိုက်သည်။

လွှတ်တော်တက် အမတ်များတွင် တရားမဲ့ ပြုကျင့်မှု ပေါ်ပေါက်ပါက လွှတ်တော်မှ နုတ်ထွက်ရမည်ဖြစ်ပြီး၊ ကြားဖြတ် ရွေးကောက်ပွဲများ ရှိလာနိုင်သဖြင့် မဲမသမာမှု အမှုများကို အမြန်ဆုံး စစ်ဆေးဖွယ်ရှိကြောင်း ဦးမြင့်သွင်က ခန့်မှန်းပြောဆိုသည်။

ကမ္ဘောဒီးယားနဲ့ အပစ်ရပ် ဆွေးနွေးပွဲ ထိုင်း ဖျက်သိမ်း
By Daniel Schearf's Report in Burmese ဗုဒ္ဓဟူး, 27 ဧပြီ 2011

ထိုင်းနိုင်ငံက ကမ္ဘောဒီးယားနဲ့ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမယ့် အစီအစဉ်ကို ဖျက်သိမ်းလိုက်ပါတယ်။ ဒါဟာ ဆယ်စုနှစ်နဲ့ချီပြီး အငြင်းပွားနေခဲ့ကြတဲ့ နယ်စပ်အရေးအခင်းမှာ တိုက်ခိုက်မှုတွေ အဆိုးဆုံးထိ ရောက်မလာခင် တိုက်ပွဲတွေ စောစောစီးစီး အဆုံးသတ်စေမယ့် မျှော်လင့်ချက်ကို ပျက်ပြယ်သွားစေခဲ့တာ ဖြစ်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ ဗွီအိုအေ သတင်းထောက် ဒန်နီယယ် ရှာ့ဖ် (Daniel Schearf) ဘန်ကောက်ကနေ သတင်းပေးပို့ထားတာကို မခွာညိုက တင်ပြပေးထားပါတယ်။

သောကြာနေ့ကတည်းက စဖြစ်လာခဲ့တဲ့ တိုက်ပွဲတွေမှာ အရပ်သား တယောက်နဲ့ စစ်သား ၁၃ ယောက် သေဆုံးခဲ့ရပါတယ်။ အခုလို ဆွေးနွေးပွဲ အထမမြောက်တာနဲ့ ရင်ဆိုင်တိုက်ပွဲတွေ ဖြစ်နေတာနဲ့ ပတ်သက်လို့ နှစ်နိုင်ငံလုံးက တဘက်ကို တဘက် အပြစ်ပုံချနေကြပါတယ်။

ထိုင်း ကာကွယ်ရေးဝန်ကြီး ပရာဝစ် ဝေါင်ဆူဝန် (Prawit Wongsuwan) က ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီး တီဘန်း (Tea Banh) နဲ့ မြို့တော် ဖနွမ်းပင်မှာ တွေ့ဆုံပြီး နှစ်ဘက်စစ်တပ်ကြားမှာ တပတ်ကြာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ အဆုံးသတ်ရေး မနေ့ ဗုဒ္ဓဟူးနေ့မှာ ဆွေးနွေးကြဖို့ စီစဉ်ထားခဲ့တာပါ။
ဒါပေမဲ့ မနက်အစောပိုင်းမှာ နှစ်ဘက်စလုံးက လက်နက်ကြီးတွေနဲ့ ပစ်ခတ် တိုက်ခိုက်နေခဲ့ကြပြီး ထိုင်းအာဏာပိုင်တွေဘက်က တွေ့ဆုံဆွေးနွေးရေးကို ဖျက်သိမ်းခဲ့တာပါ။ ထိုင်းနိုင်ငံကို အနိုင်တိုက်လိုက်နိုင်ပြီလို့ ကမ္ဘောဒီးယားသတင်းမှာ ဖော်ပြလိုက်ပြီးတဲ့နောက် တွေ့ဆုံဆွေးနွေးဖို့ ဖျက်သိမ်းလိုက်တာဖြစ်ကြောင်း ထိုင်း စစ်ဘက်ဆိုင်ရာ ပြောခွင့်ရသူ တဦးကို ကိုးကားပြီး ထိုင်းသတင်းတွေမှာ ရေးသား ဖော်ပြခဲ့ကြပါတယ်။

တရုတ်နိုင်ငံမှာ ကာကွယ်ရေးဝန်ကြီး ပရာဝစ်က အချေအတင် အစည်းအဝေးတွေ ရှိခဲ့ကြောင်းနဲ့ ဆွေးနွေးပွဲ ကျင်းပနိုင်မယ့် အခြေအနေကောင်းတွေ ဖြစ်မလာတဲ့အပေါ် ထိုင်းဝန်ကြီးချုပ် အဘီဆစ် ၀ိတ်ချာချီဝ (Abhisit Vejjajiva) က ကမ္ဘောဒီးယားကို အပြစ်တင်ပါတယ်။

“ကမ္ဘောဒီးယားက ဆွေးနွေးချင်တယ်လို့ ပြောတယ်။ ဒါပေမဲ့ တိုက်ခိုက်နေတာတွေကိုတော့ မရပ်ဘူး။ ဒီတော့ တွေ့ဆုံ ဆွေးနွေးဖို့ အခက်အခဲ ရှိပါတယ်။” လို့ သူက ပြောသွားပါတယ်။

ဆက်ပြီး ထိုင်း ကာကွယ်ရေးဝန်ကြီးဟာ တွေ့ဆုံဆွေးနွေးဖို့အတွက် တရုတ်ပြည်ကို သွားခဲ့ပြီး အခု အဲဒီကို ရောက်နေပါပြီ။ ထိုင်းနိုင်ငံဘက်ကလည်း တွေ့ဆုံဆွေးနွေးရေး ဖြစ်မြောက်စေချင်ပါတယ်။ ဒါပေမဲ့ ကမ္ဘောဒီးယား နိုင်ငံဘက်က စပြီး တိုက်ခိုက်မှုတွေ ရပ်ရပါမယ်လို့ သူက ပြောသွားခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့က မစ္စတာ အဘီဆစ်ဟာ နယ်စပ်ဒေသ၊ ဆူရင်ပြည်နယ်က ဒဏ်ရာရသူတွေကို ကြည့်ရှုဖို့ သွားရောက်ခဲ့စဉ် သတင်းထောက်တွေကို အခုလို မှတ်ချက်ပေး ပြောကြားခဲ့တာပါ။

နောက်ဆုံးတိုက်ပွဲအတွင်းမှာ ထိုင်းဘက်က အရပ်သားတယောက် ပထမဆုံး သေဆုံးခဲ့ရကြောင်း ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

ဗုဒ္ဓဟူးနေ့က ကမ္ဘောဒီးယား ၀န်ကြီးချုပ် ဟွန်ဆဲန် (Hun Sen) က ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ပြန်စဖို့ တိုက်တွန်းခဲ့ပါတယ်။ နှစ်ဘက်လုံးက ရာထောင်ချီတဲ့ အရပ်သားတွေ အိုးပစ်အိမ်ပစ် ထွက်ပြေးနေကြရတဲ့ စစ်ပွဲတွေ ဆက်ဖြစ်မယ်ဆိုရင် အဲဒီ စစ်ပွဲတွေအတွက် ထိုင်းတပ်ဖွဲ့တွေမှာ တာဝန်ရှိတယ်လို့ ကမ္ဘောဒီးယားဘက်က ပြောပါတယ်။

ထိုင်းစစ်သားတွေက ကမ္ဘောဒီးယားဘက်ကို ဆက်ပြီး တိုက်နေတဲ့အတွက် နယ်စပ်ဒေသ အခြေအနေက တင်းမာနေဆဲ ဖြစ်တယ်လို့ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ကွိုင် ကောင် (Koy Kuong) က ပြောပါတယ်။ အင်ဒိုနီးရှား လေ့လာ စောင့်ကြည့်ရေးအဖွဲ့ နယ်စပ်ဒေသကို ၀င်ရောက်လာဖို့ သဘောတူညီချက်အပေါ် ထိုင်းနိုင်ငံ အနေနဲ့ အလေးထားသင့်ကြောင်းကိုလည်း နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

“နယ်စပ်ဒေသတလျှောက် အင်ဒိုနီးရှားဘက်က စောင့်ကြည့်ရေး အဖွဲ့ကို ခွင့်ပြုဖို့ ငြင်းပယ်ခဲ့တာက ထိုင်းနိုင်ငံပါ။ သူတို့က အမြဲတမ်း ပယ်ချနေခဲ့တာပါပဲ။ နောက်ပြီး သူတို့က စတိုက်တယ်။ ပြီးရင် ကျနော်တို့ဘက်က စတိုက်တယ်လို့ ပြန်ပြီး စွပ်စွဲတယ်။”

နယ်စပ်ဒေသမှာ အခြေအနေ ပြန်ပြီး အေးဆေး တည်ငြိမ်သွားအောင် ကူညီဖို့ စောင့်ကြည့် လေ့လာသူတွေ စေလွှတ်ရေး သဘောတူညီချက်ကို အင်ဒိုနီးရှားနိုင်ငံက ဆောင်ရွက်ခဲ့တာပါ။ ဒါပေမဲ့ ထိုင်းစစ်တပ်က ငြင်းပယ်လိုက်တဲ့အတွက် စေ့စပ်ညှိနှိုင်းရေး ရပ်တန့်သွားခဲ့ရပါတယ်။

ပဋိပက္ခတွေ အဆုံးသတ်ရေး ထိုင်းနိုင်ငံဘက်က နှစ်ဘက်ဆိုင်ပြီး ဖြေရှင်းမှ ရမယ်လို့ ပြောနေချိန်မှာပဲ ကမ္ဘောဒီးယား နိုင်ငံဘက်ကတော့ နိုင်ငံတကာရဲ့ ကြားဝင် ညှိနှိုင်းပေးမှုကို လိုလားနေတာပါ။ သူပိုင်၊ ငါပိုင် အငြင်းပွားနေတဲ့ ဘုရားကျောင်းနားက နယ်စပ်တလျှောက်မှာ နှစ်နိုင်ငံ တပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့ သောကြာနေ့က စပြီး အပြန်အလှန် ပစ်ခတ်နေခဲ့ကြတာပါ။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလထဲကလည်း သုံးလေးရက်ကြာအောင် နှစ်ဘက် စစ်တပ်တွေ အပြန်အလှန် ပစ်ခတ်ခဲ့ကြလို့ နှစ်ဘက်လုံးမှာ လူပေါင်းများစွာ သေခဲ့ကြရပြီးပါပြီ။ ဘယ်ဘက်က စပစ်သလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရပေမဲ့ နှစ်ဘက်လုံးကတော့ တဘက်ကိုတဘက် အပြစ်ပုံချနေကြပါတယ်။
ထိုင်းနဲ့ ကမ္ဘောဒီးယား နှစ်နိုင်ငံကြား နယ်စပ်ဒေသရဲ့ နယ်နိမိတ်ကို အတိအကျ သတ်မှတ်ပြဋ္ဌာန်း ထားနိုင်တာမျိုး မရှိသေးပါဘူး။ နှစ်ဘက်လုံးက ဘုရားကျောင်းတ၀ိုက် နယ်မြေကို တရားဝင် ပိုင်ဆိုင်တာ သူတို့ဖြစ်တယ်လို့ အခိုင်အမာ ပြောဆိုနေကြပါတယ်။

ပြည်သူတွေကို အမျိုးသားရေးစိတ်ဓာတ် မြှင့်တင်ရေးမှာ နှစ်နိုင်ငံလုံးက နိုင်ငံရေးသမားတွေဟာ ဒီနယ်စပ်ဒေသ အငြင်းပွားမှုကို အသုံးချနေကြတာဖြစ်တယ် ဆိုတဲ့ စွပ်စွဲချက်တွေလည်း ရှိနေပါတယ်။

မြန်မာနိုင်ငံမှာ ဘာသာရေး လွတ်လပ်ခွင့် ကင်းမဲ့
By ဗွီအိုအေ (မြန်မာဌာန) ကြာသပတေး, 28 ဧပြီ 2011

အမေရိကန်က ထုတ်ပြန်တဲ့ ဘာသာရေး လွတ်လပ်ခွင့် အပိတ်ပင်ဆုံး နိုင်ငံများ စာရင်းမှာ မြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၁၄ နိုင်ငံဟာ ဘာသာရေး လွတ်လပ်ခွင့် အဆိုးဆုံး ပိတ်ပင်ထားတဲ့ နိုင်ငံတွေ ဖြစ်တယ်လို့ ပြောထားပါတယ်။

အမေရိကန်ပြည်ထောင်စု နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ ကော်မရှင်ရဲ့ ၂၀၁၁ ခုနှစ် အစီရင်ခံစာမှာ မြန်မာ၊ တရုတ်၊ မြောက်ကိုရီးယား၊ ဗီယက်နမ်၊ ပါကစ္စတန် စတဲ့ နိုင်ငံတွေဟာ အာရှမှာ ဘာသာရေးအတွက် လွတ်လပ်ခွင့် အပိတ်ပင်ဆုံး၊ အစိုးရိမ်ရဆုံး နိုင်ငံတွေ ဖြစ်တယ်လို့ ဖော်ပြပါတယ်။
အရှေ့အလယ်ပိုင်းမှာတော့ အီဂျစ်၊ အီရန်၊ အီရတ်၊ ဆော်ဒီအာရေးဗီးယား စတဲ့ နိုင်ငံတွေဟာ ဘာသာရေး လွတ်လပ်ခွင့် ချိုးဖောက်မှုတွေအတွက် အထူးစိုးရိမ်ရတဲ့ နိုင်ငံတွေ စာရင်းမှာ ထည့်သွင်းထားပါတယ်။
၁၉၉၉ ခုနှစ်ကတည်းက ဘာသာရေး ချိုးဖောက်မှုတွေအတွက် စိုးရိမ်ရတဲ့ နိုင်ငံစာရင်းမှာ ထည့်သွင်းခံရတဲ့ မြန်မာနိုင်ငံမှာ တိုင်းရင်းသား လူမျိုးစုတွေ နေထိုင်တဲ့ ဒေသတွေမှာ ဘာသာရေးအရ ခွဲခြားမှုနဲ့ ချိုးဖောက်မှုတွေ ရှိနေတယ်လို့ အစီရင်ခံစာက ရေးပါတယ်။

ဒီကနေ့ ကြာသပတေးနေ့ ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာမှာ အီဂျစ်နိုင်ငံကို ဘာသာရေး လွတ်လပ်ခွင့် ချိုးဖောက်မှုတွေအတွက် အထူးစိုးရိမ်ရတဲ့ နိုင်ငံစာရင်းမှာ ပထမဆုံးအကြိမ် ထည့်သွင်းထားပါတယ်။
အီဂျစ်သမ္မတဟောင်း ဟို့စ်နီ မူဘာရက်ခ် (Hosni Mubarak) ရာထူးက နှုတ်ထွက်ခဲ့တဲ့ ဖေဖော်ဝါရီလ နောက်ပိုင်း ပေါ်ပေါက်ခဲ့တဲ့ ဘာသာရေး အကြမ်းဖက်မှုနဲ့ သတ်ဖြတ် တိုက်ခိုက်မှုတွေကို အီဂျစ်အစိုးရက အရေးယူ ဖြေရှင်းပေးတာမျိုးတွေ မရှိခဲ့ဘူးလို့ ဖော်ပြပါတယ်။

အစီရင်ခံစာမှာ အာဖဂန်နစ္စတန်၊ ဗင်နီဇွဲလား၊ အိန္ဒိယ၊ အင်ဒိုနီးရှားနဲ့ လာအိုနိုင်ငံတွေကိုလည်း ဘာသာရေး လွတ်လပ်ခွင့် ပိတ်ပင်မှုအတွက် စောင့်ကြည့်ရမယ့် နိုင်ငံတွေ စာရင်းမှာ ထည့်သွင်းထားပါတယ်။
အမေရိကန်ပြည်ထောင်စု နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ ကော်မရှင်ဟာ အဓိက ပါတီကြီး ၂ ရပ်က အဖွဲ့ဝင်တွေ ပါဝင်တဲ့ သီးခြားလွတ်လပ်တဲ့ အစိုးရ အဖွဲ့အစည်း ဖြစ်ပါတယ်။

ထိုင်း၌ မြန်မာ အလုပ်သမား ၁၀၀၀ ခန့် ဆန္ဒပြ
ဧရာဝတီ Thursday, 28 April 2011 18:48

ထိုင်းနိုင်ငံ မြောက်ပိုင်း ဖဲ့ချဘွန်း (Phechabun) ခရိုင် Bueng Samphan မြို့နယ်တွင်ရှိသော Saha Farms ကြက်သား စက်ရုံ ကုမ္ပဏီမှ လုံခြုံရေး အစောင့်အကျပ်များနှင့် မြန်မာ အလုပ်သားများ ယမန်နေ့က ခိုက်ရန်ဖြစ်ပွားခဲ့ပြီးနောက် မြန်မာအလုပ်သမား ၁၀၀၀ ခန့် ဆန္ဒပြခဲ့ကြောင်း သိရသည်။

ယမန်နေ့ ည ၈ နာရီခန့်က အလုပ်သမားများ နေထိုင်သည့် အဆောင်အနီးတွင် မြန်မာအလုပ်သမားများ ဂစ်တာတီး နေစဉ် လုံခြုံရေး အစောင့်အကျပ်များက လာရောက် ပြောဆိုရာကနေ ခိုက်ရန် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အလုပ်သမားများက ယင်းစက်ရုံကို ထိန်းချုပ်ထားပြီး လုံခြုံရေး အစောင့်အကျပ်တဦးကို ဓားစာခံ အဖြစ် ဖမ်းဆီးထားကြောင်း၊ ဆက်လက်တင်းမာနေပြီး ယင်း လုံခြုံရေး အစောင့်အကျပ်ကိုလည်း ယခုအထိ ပြန်မလွှတ်သေးကြောင်း ယနေ့ထုတ် The Nation သတင်းစာ၌ ရေးသားထားသည်။

မြန်မာ အလုပ်သမားများက အလုပ်သမား ရုံးခန်းသို့ သွားရောက်တိုင်ကြားခဲ့ရာ မဖြေရှင်းပေးသည့် အတွက် ပြဿနာ ကြီးထွားခဲ့ ကြောင်း အလုပ်သမား ကိုကျော်ကျော်က ဧရာဝတီသို့ ပြောသည်။

“ဖြေရှင်ပေးဖို့ ပြောတော့ အလုပ်သမား ရုံးခန်းက လူကြီးက မဖြေရှင်းပေးနိုင်ဘူး မိုးလင်းမှ ဖြေရှင်းပေးမယ် ပြောလို့ အလုပ်သမား တွေက မကျေမနပ်ဖြစ်ပြီး ၀ုန်းဒိုင်း ကြဲကြတယ်၊ လုံခြုံရေးတွေ စီးတဲ့ ကားတွေကို ဖျက်ဆီးပစ်ကြတယ်၊ ကားလေး ငါးစီးလောက်ပါ တယ်၊ ဆိုင်ကယ်လည်း သုံးလေး စီးလောက်ပါတယ်”ဟု ၎င်းက ဆိုသည်။

အလုပ်သမားတွေ အဆိုအရ အသက် ၂၀ အရွယ်ရှိ ကိုမင်းမင်းကို လုံခြုံရေး အစောင့်အကျပ်များက ၀ိုက်ရိုက်လိုက်သဖြင့် နားထင် နှင့် ဦးခေါင်းတို့တွင် ဒဏ်ရာများ ရရှိသွားကြောင်း သိရသည်။

ယနေ့တွင် ရဲနှင့် လူဝင်မှု ကြီးကြပ်ရေးဌာန(လ၀က)မှ တာဝန်ရှိများ ပူးပေါင်းထားသော အင်အား ၁၀၀ ခန့်က အလုပ်သမားများကို ၀င်ရောက် ဖမ်းဆီးမည့် အနေအထား တွေ့ရကြောင်း အလုပ်သမားများက ပြောသည်။

မြန်မာ အလုပ်အမားများကို အလုပ်ပိုင်ရှင် သူဌေးက ဆွေးနွေး ညှိနှိုင်းခဲ့ပြီး တချို့ တောင်းဆိုချက်များကိုလည်း လိုက်လျောပေးခဲ့ကြောင်း သိရသည်။

အလုပ်ပိုင်ရှင် သူဌေးအနေဖြင့် အလုပ်သမားများအား ရိုက်နက် အနိုင်ကျင့်သော အစောင့်အကျပ်များကို ထိုက်တန်သည့် အပြစ် ပေးမည်ဖြစ်ကြောင်း၊ ဒဏ်ရာရရှိခဲ့သည့် ကိုမင်းမင်းကိုလည်း ဆေးဝါး ကုသစရိတ် တာဝန်ယူပေးမည်ဖြစ်ကြောင်း မြန်မာ အလုပ် သမား ကိုရဲက ပြောသည်။

ယင်း အလုပ်ရုံတွင် အလုပ်လုပ်နေသူများသည် မြန်မာနှင့် ကရင်တိုင်းရင်းသားများ ဖြစ်ကြပြီး တရားဝင် အလုပ်လုပ်သမား လက်မှတ် မရှိသူများကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် အလုပ်သမား လက်မှတ်ဖြင့် တရားဝင် အလုပ်လုပ်ခွင့် ပေးထားသူ မြန်မာနိုင်ငံသား တသန်းသုံးသိန်းခန့်ရှိကြောင်း ထိုင်းအလုပ်သမား ၀န်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

မြန်မာ အလုပ်သမားအရေး ဆောင်ရွက်သည့် အဖွဲ့အစည်းများက ထိုင်းတွင် အလုပ်သမား လက်မှတ် ကိုင်ဆောင်ထားသူနှင့် တရားမ၀င် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသား၂ သန်းခွဲမှ ၄ သန်း အတွင်း ရှိနိုင်သည်ဟု ခန့်မှန်း ပြောဆိုသည်။

မြန်မာကို ကုန်သွယ်မှု သက်ညှာခွင့် ပြန်ပေးဖို့ ပါတီတွေ တိုက်တွန်း
By ကျော်ကျော်သိန်း ကြာသပတေး, 28 ဧပြီ 2011

မြန်မာနိုင်ငံအပေါ် ဒဏ်ခတ် အရေးယူထားတဲ့ ဥရောပသမဂ္ဂအဖွဲ့ (EU) အနေနဲ့ မြန်မာနိုင်ငံက ထွက်ကုန်တွေကို အခွန်သက်သာ လျှော့ပေါ့ပေးဖို့ ဒီမိုကရေစီ မိတ်ဆွေ ပါတီတွေက တိုက်တွန်းလိုက်ကြပါတယ်။ မြန်မာအစိုးရ အဖွဲ့ထဲက အရပ်သား အစိုးရ အဖွဲ့ဝင်တွေအပေါ် ခရီးသွားလာခွင့် ကန့်သတ်ချက်ကို EU က တနှစ် ရုပ်သိမ်းပေးလိုက်ပြီးတဲ့နောက်မှာ အခုလို ထပ်ပြီး တိုက်တွန်းလိုက်ကြတာ ဖြစ်ပါတယ်။ အပြည့်အစုံကို ဘန်ကောက်ကနေ ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထားပါတယ်။

EU က ရုပ်သိမ်းထားတဲ့ GSP ခေါ် ကုန်သွယ်မှုဆိုင်ရာ အထူးအခွင့်အရေး ခံစားခွင့် မြန်မာနိုင်ငံကို ပြန်ပေးပါဆိုပြီး ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ ၀င်ခဲ့ကြတဲ့ ဒီမိုကရေစီ မိတ်ဆွေ ပါတီများ ၁၁ ပါတီက စုပေါင်းပြီးတော့ EU ဆီ အိတ်ဖွင့်ပေးစာနဲ့ တိုက်တွန်းဖို့ ဧပြီလ ၂၈ ရက်နေ့ အစည်းအဝေးမှာ ဆုံးဖြတ်လိုက်ကြတာပါ။

မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့ အရေးယူထားတာတွေကို ရုပ်သိမ်းပေးဖို့ ဒီမိုကရေစီ မိတ်ဆွေ ပါတီတွေကနေ ပထမ အိတ်ဖွင့်ပေးစာတစောင် ပေးပို့ခဲ့ပြီးတဲ့နောက် အခုတခါ ကုန်သွယ်ရေးနဲ့ ပတ်သက်ပြီး နောက်ထပ် တိုက်တွန်းချက်တခု ထပ်လုပ်လိုက်တာ ဖြစ်ပါတယ်။ ပထမ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့ပြီးတဲ့နောက်မှာ EU ဘက်ကနေ အရေးယူမှု အကုန်လုံး မရုပ်သိမ်းပေမဲ့ မြန်မာအစိုးရ အဖွဲ့ထဲက အရပ်သား အစိုးရ အဖွဲ့ဝင်တွေအပေါ် ခရီးသွားလာခွင့် ကန့်သတ်ချက်ကို တနှစ် ရုပ်သိမ်းပေးခဲ့ပါတယ်။
အခု အိတ်ဖွင့်ပေးစာထဲမှာ အဲဒီလို ရုပ်သိမ်းပေးတာကို ကျေးဇူးတင်တဲ့ အကြောင်းနဲ့ GSP အခွင့်အရေး ပြန်ပေးဖို့အကြောင်း တိုက်တွန်းထားတယ်လို့ အစည်းအဝေး တက်ရောက်ခဲ့တဲ့ ပြည်ထောင်စု ဒီမိုကရေစီပါတီရဲ့ ဥက္ကဋ္ဌ ဦးသိန်းတင်အောင်က ဗွီအိုအေကို ပြောပါတယ်။

“အဓိကတော့ GSP အခွင့်အရေးကို ပြန်လည်ပြီး မြန်မာနိုင်ငံ အနေနဲ့ ခံစားခွင့် ရရှိရေးအတွက် EU အနေနဲ့ ပြန်လည်စဉ်းစား သုံးသပ်ပေးပါ ဆိုပြီးတော့ ကျနော်တို့က မေတ္တာရပ်ခံတာပါ။ GSP ဆိုတာကတော့ မြန်မာပြည်က ထုတ်ကုန်တွေကို ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေ အနေနဲ့ အခွန်ကင်းလွတ်ခွင့်ပေါ့ဗျာ၊ အထွေထွေ သက်သာ လျှော့ပေါ့ပေးရေးပေါ့ဗျာ။”

GSP အခွင့်အရေးကို ဖွံ့ဖြိုးဆဲနိုင်ငံ ၁၇၆ နိုင်ငံအတွက် EU က ပေးထားတာဖြစ်ပြီး EU ဈေးကွက်ထဲ တင်သွင်းတဲ့ အဲဒီနိုင်ငံတွေက ကုန်ပစ္စည်းတွေကို အခွန်လျှော့ပေါ့ ကောက်ယူတဲ့ အခွင့်အရေး ပေးထားတာပါ။ GSP အခွင့်အရေးပေးတဲ့ အဓိက ရည်ရွယ်ချက်က ဆင်းရဲမွဲတေမှု လျှော့ချဖို့၊ ရေရှည်တည်တံ့ ခိုင်မြဲတဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အားပေးဖို့နဲ့ ကောင်းမွန်တဲ့ အုပ်ချုပ်ရေး ဖြစ်ပေါ်စေဖို့တို့ ဖြစ်တယ်လို့ EU ရဲ့ အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

EU က မြန်မာနိုင်ငံကို ဒဏ်ခတ် အရေးယူထားတာတွေ ရှိတယ် ဆိုပေမဲ့ ကုန်ပစ္စည်း တင်ပို့တာကတော့ ရှိနေဆဲပါလို့ ရန်ကုန်မြို့ခံ ကုန်သည်တဦးက ပြောပါတယ်။

“ကျနော်တို့ သိသလောက်တော့ မြန်မာပြည်ကနေ ဥရောပနိုင်ငံ အသီးသီးကို အဓိက ပို့တာတော့ လက်ခစား စနစ်နဲ့ ပို့တဲ့ အထည်ချုပ်တွေကတော့ အဓိက များတာပေါ့။ ဒုတိယပိုင်းလောက်မှာတော့ ရေထွက်ကုန်ပစ္စည်းနဲ့ သစ်တောထွက်ပစ္စည်း အနည်းငယ်လောက် ပို့တာရှိတယ်။ ကောက်ပဲသီးနှံက ပို့တော့ ပို့တယ်၊ ပမာဏတော့ မများဘူး။”

သူတို့က စာပို့လိုက်ရုံနဲ့ EU ဘက်က လိုက်လုပ်ပေးမှာ မဟုတ်ဘဲ အစိုးရအဖွဲ့ရဲ့ လက်တွေ့ အကောင်အထည် ဖော်မှုက အဓိက ကျပါတယ်လို့ ကိုသိန်းတင်အောင်က ပြောပါတယ်။
“အဓိကကတော့ ဒီအစိုးရသစ်ရဲ့ Good Governance နဲ့ Clean Government အကောင်အထည် ဖော်ဖို့က ဘယ်လောက်အထိ ထင်သာမြင်သာ ရှိမလဲ၊ ဘယ်လောက်အထိ ရလဒ်ထွက်မလဲ ဆိုတဲ့အပေါ်မှာတော့ အဓိက အပြောင်းအလဲ ဖြစ်မှာပေါ့လေ။ ဒါပေမဲ့ ကျနော်တို့ကတော့ ဒါ သဘောထား ပေးတာပါ။ ကျနော်တို့ရဲ့ ဒီလို တောင်းဆိုမှုကြောင့် တခုတည်းနဲ့တင်လည်း GSP က ရလာနိုင်မှာ မဟုတ်ဘူးဆိုတာ ကျနော်တို့က သိပါတယ်။

“ဒါပေမဲ့ ကျနော်တို့ သဘောထားက ဒါတွေဟာ လိုအပ်နေတယ်၊ တဘက်ကလည်း ကျနော်တို့က အစိုးရသစ်ကို သူပြောတဲ့အတိုင်း Good Governance တို့ Clean Government တို့ Transparency ရှိအောင်၊ Accountability ရှိအောင် ကျနော်တို့ကလည်း ဖိအားပေးမယ်၊ တွန်းအားပေးမယ်၊ လိုအပ်တဲ့ ကိစ္စတွေမှာလည်း ပူးပေါင်းဆောင်ရွက်မယ် ဆိုတဲ့အကြောင်းလည်း ပြောထားပါတယ်။”

EU က မြန်မာနိုင်ငံအပေါ် ဒဏ်ခတ် အရေးယူထားတာကို မကြာသေးခင်ကပဲ နောက်ထပ်တနှစ် သက်တမ်း ထပ်တိုးထားပါတယ်။ ဒါပေမဲ့လည်း EU နိုင်ငံတွေထဲမှာ မြန်မာအစိုးရနဲ့ ထိတွေ့ ဆက်ဆံချင်တဲ့ နိုင်ငံတွေ အများအပြား ရှိနေပြီး လျှော့ပေါ့ပေးချင်တဲ့ သဘောထား လက္ခဏာတွေကိုလည်း တွေ့နေရပါတယ်။
GSP အခွင့်အလမ်း ပြန်ပေးမယ် ဆိုရင်တော့ မြန်မာနိုင်ငံ ကုန်ပစ္စည်းတွေ ယှဉ်ပြိုင်နိုင်စွမ်းအား ပိုကောင်းပြီး ပြည်တွင်းထုတ်လုပ်မှုပါ တိုးတက်လာမယ်လို့ ရန်ကုန်မြို့ခံ ကုန်သည်က မျှော်လင့်ပါတယ်။

မြန်မာအစိုးရ အနေနဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးတာ၊ ပြည်တွင်းစစ် ရပ်စဲရေးကို အခိုင်အမာ လုပ်ဆောင်တာလို သိသာ ထင်ရှားတဲ့ တိုးတက်မှုတွေ မရှိဘဲနဲ့တော့ ဒဏ်ခတ် အရေးယူထားတာတွေကို မရုပ်သိမ်းသင့်သေးဘူးလို့ မြန်မာ့ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူ အများအပြားက ပြောကြပါတယ်။

မြန်မာ့ ဒီမိုကရေစီရေးထောက်ကူမည့် ဆုံးဖြတ်ချက်မျိုး အီးယူ ချမှတ်စေလို
2011-04-28 RFA

EU ဥရောပ သမဂ္ဂအနေနဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက်တခုခု ချမှတ် ဆောင်ရွက်မယ်ဆိုရင် မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီရေးကို အထောက်အကူ ဖြစ်စေမဲ့ကိစ္စမျိုးကို စဉ်းစား ဆုံးဖြတ်စေလိုတယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဒု ဥက္ကဋ္ဌ ဦးတင်ဦးက EU ဥရောပသမဂ္ဂအဖွဲ့ဝင် ဆွစ်ဇာလန် နိုင်ငံ သံအမတ်ကြီးကို ဧပြီ ၂၈ ရက် ဒီကနေ့ ပြောကြားလိုက်ပါတယ်။

ထိုင်းနိုင်ငံ ဗန်ကောက်မြို့ အခြေစိုက် ဆွစ်ဇာလန် သံအမတ်ကြီး ခရစ္စတိုဖာ ဘာဂျန်နာက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးတင်ဦးကို ရန်ကုန်မြို့က NLD ရုံးချုပ်မှာ နေ့လည် ၃ နာရီက သွားရောက် တွေ့ဆုံခဲ့ပါတယ်။ အဲဒီ တွေ့ဆုံပွဲမှာ လက်ရှိ အစိုးရသစ်အောက်မှာ NLD ရပ်တည်နေရတဲ့ အခြေအနေနဲ့ ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေကို ဆွစ်ဇာလန် သံအမတ်ကြီးက မေးမြန်းခဲ့ပြီး လိုအပ်သလို အကူအညီပေးဖို့လည်း ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးတင်ဦးက RFA ကို အခုလို ပြောပါတယ်။
“သံအမတ်နဲ့က တော်တော် ၄၅ မိနစ်လောက်တော့ ကြာတယ်ဗျ။ အဲဒါတော့ ကျွန်တော်ရယ်၊ ကိုဝင်းထိန်ရယ်၊ နောက်ပြီးတော့ ကိုဟံသာမြင့်ရယ်၊ သုံးယောက်ပေါ့ဗျာ။ တခုတော့ ပြောတယ်၊ ခင်ဗျားတို့ ဒီ အီးယူတို့ ဘာတို့ လုပ်တဲ့အခါမှာတော့ကာ ကျွန်တော်တို့ ဒီမိုကရေစီ အင်အားစုကို အားပေးမဲ့၊ ထောက်ခံနိုင်မဲ့၊ အကျိုးရှိစေမဲ့ သဘောတွေကိုပဲ ပြောကြပါ၊ လုပ်ကြပါ၊ ဒါပဲ ကျွန်တော် လေးလေးနက်နက် မှာချင်တယ်၊ ဒီလောက်ပါပဲ။”

“ကျန်တာတွေကတော့ ခင်ဗျားတို့ ထုံးစံအတိုင်းပေါ့၊ ကျုပ်တို့နဲ့ ပတ်သက်လို့ စိတ်ဓာတ်ရေးရာအရ ဒါကတော့ ခင်ဗျားတို့ ထောက်ပံ့ ကူညီ၊ ဒီလောက်ပါပဲ။ ကျွန်တော်တို့ ကိစ္စဝိစ္စ အားလုံးက ကျုပ်တို့ အင်အား ကျုပ်တို့ထဲမှာ ရှိတယ်၊ ကျုပ်တို့ဟာ ကျုပ်တို့ လုပ်မယ်၊ ဒါပဲ။”

အစိုးရသစ် တက်လာပြီးတဲ့နောက်ပိုင်း အခြေအနေတွေအကြောင်း ပြောဆိုကြတဲ့အခါမှာတော့ ခုချိန်ထိ ထူးခြားမှု တစုံတရာ မတွေ့ရသေးကြောင်း၊ အထူးသဖြင့် နိုင်ငံရေးအကျဉ်းသားတွေ လွှတ်မပေးသေးတာက အဓိက ဖြစ်ဖြစ်ကြောင်း ထောက်ပြခဲ့တယ်လို့ ဦးတင်ဦးက ပြောပါတယ်။

ဆွစ်ဇာလန်သံအမတ်ကြီး ကမ်းလှမ်းခဲ့တဲ့ လူမှုရေး အကူအညီနဲ့ ပတ်သက်ပြီးတော့လည်း ဒေါ်အောင်ဆန်းစုကြည် စီစဉ်နေတဲ့ မြန်မာ့ လယ်သမားတွေအတွက် လိုအပ်နေတဲ့ မြွေဆိပ်ဖြေဆေး ကူညီရေးကိစ္စ ပြောဆိုလိုက်တယ်လို့ ဦးတင်ဦးက ပြောပါတယ်။

ဒီကနေ့ နေ့ခင်းပိုင်းကလည်း ဒိန်းမတ်နိုင်ငံသံရုံးက နိုင်ငံရေးဆိုင်ရာအတွင်းဝန် Mads Bayer က ဦးတင်ဦး၊ ဦးဝင်းထိန်တို့ကို NLD ရုံးချုပ်ကို သွားရောက် တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

No comments: