Sunday, April 24, 2011

ဒီနေ့ဖတ်စရာ သတင်းများ (ဧပြီလ ၂၅ ရက်)

- နယ်စပ်ဖွံ့ဖြိုးရေး ကျယ်ကျယ်ပြန့်ပြန့်လုပ်ဖို့ တိုင်းရင်းသားတွေ တိုက်တွန်း- ဒီကေဘီအေ တပ်ဖွဲ့ချင်း တိုက်ပွဲဖြစ်
- ဦးပိုင် မော်တော်ယဉ်လိုင်းကားများ စည်းကမ်းမဲ့ မောင်းနှင်နေကြောင်း စွပ်စွဲချက်တွေ ရှိနေ
- လစ်ဗျားနိုင်ငံ မီစ်ရာတာမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွား
- ထိုင်းနဲ့ ကမ္ဘောဒီးယား ၃ ရက်ဆက် တိုက်ပွဲဖြစ်
- ထိုင်းနဲ့ ကမ္ဘောဒီးယား ၃ ရက်ဆက် တိုက်ပွဲဖြစ်
- လယ်မြေအသိမ်းခံရမှု အာဏာပိုင်တွေ စစ်ဆေး
- စာသင်ခန်းထဲတွင် ဆာလောင်နေသော ကလေးငယ်များစွာ ရှိနေ
- ကုန်ဈေးနှုန်း ကြီးမြင့်မှုကြောင့် တရုတ်ပြည်တွင် ထရပ်ကား မောင်းသူများ သုံးရက်မြောက် ဆက်လက် ဆန္ဒပြ
- တရုတ်ပြည်တွင် အီစတာ ပွဲတော် ကျင်းပခွင့် ပိတ်ပင်၊ တရုတ် ခေါင်းဆောင်များ ဗျာပါဒ များနေ
- ဟိန္ဒူ ဘာသာရေးခေါင်းဆောင် ဆိုင်းဘာဘာ ကွယ်လွန်


နယ်စပ်ဖွံ့ဖြိုးရေး ကျယ်ကျယ်ပြန့်ပြန့်လုပ်ဖို့ တိုင်းရင်းသားတွေ တိုက်တွန်း
By မသိင်္ဂီထိုက် တနင်္ဂနွေ, 24 ဧပြီ 2011

အစိုးရသစ်က နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းတွေချ လုပ်ဆောင်သွားမယ်လို့ ပြောဆိုလိုက်ပေမဲ့ ဒီလို ဆောင်ရွက်ရာမှာ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ၊ တိုင်းရင်းသားတွေ ပါဝင်ခွင့် ကျယ်ကျယ်ပြန့်ပြန့် ရှိဖို့ လိုတယ်လို့ တိုင်းရင်းသား ခေါင်းဆောင်တွေက ပြောပါတယ်။ အထူးသဖြင့် မတည်မငြိမ် ဖြစ်နေတဲ့ တိုင်းရင်းသား နယ်စပ်ဒေသ တိုးတက်ရေးအတွက် ဆွေးနွေး အဖြေရှာဖို့ လိုတယ်လို့ ပြောဆိုခဲ့ကြတာပါ။ အပြည့်အစုံကို မသိင်္ဂီထိုက်က တင်ပြထားပါတယ်။

အစိုးရသစ် လက်ထက်မှာ နယ်စပ်ဒေသတွေကို တဘက် အိမ်နီးချင်း နိုင်ငံတွေထက် ဖွံ့ဖြိုးမှု သာလွန်တဲ့အထိ လုပ်ဆောင်သွားမယ်လို့ အစိုးရသစ် သမ္မတ ဦးသိန်းစိန်က တနင်္ဂနွေနေ့ကပဲ ပြောပါတယ်။ နယ်စပ်ဒေသတွေ ဖွံ့ဖြိုးရေး လုပ်ဆောင်တာမှာလည်း ဒေသခံတွေရဲ့ ဆုံးဖြတ်ပိုင်ခွင့် ပါဝင်နိုင်ရေးကို တိုင်းရင်းသား ခေါင်းဆောင်တွေက ထောက်ပြ ပြောဆိုပါတယ်။ စစ်အစိုးရ အဆက်ဆက် နယ်စပ်ဒေသ ဖွံ့ဖြိုးရေးအတွက် အကောင်အထည်ဖော် လုပ်ဆောင်နေမှုတွေရဲ့ ရလဒ်တွေကို ကြည့်ရင် တကယ်တမ်း ဖွံ့ဖြိုးတိုးတက်မှုဆိုတာ မရှိဘူးလို့လည်း ပအိုဝ်း ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။

“နယ်စပ်ဒေသမှာ ဖွံ့ဖြိုးရေး လုပ်မယ်ဆိုရင် အဲဒီဒေသမှာရှိတဲ့ ဌာနေ တိုင်းရင်းသားတွေ၊ ဒေသသူ ဒေသသားတွေရဲ့ ဆုံးဖြတ်ပိုင်ခွင့်မှာ ပါဝင်နိုင်ရေးဟာလည်း သိပ်အရေးကြီးပါတယ်။ ဥပမာ သစ်တောတွေ လုပ်မယ်၊ လမ်းဖောက်မယ်၊ ရေကာတာလုပ်မယ်၊ ဖွံ့ဖြိုးရေးနဲ့ သက်ဆိုင်တဲ့ လုပ်ငန်းတွေ လုပ်မယ်ဆိုရင် နေပြည်တော်က ချမှတ်တာ မဟုတ်ဘဲနဲ့ အဲဒီဒေသမှာရှိတဲ့ လူထုတွေရဲ့ သဘောထား အမြင်နဲ့ ဆုံးဖြတ်ပိုင်ခွင့် ပါလာတယ် ဆိုရင်တော့ ဒါ စစ်မှန်တဲ့ ဖွံ့ဖြိုးရေး ဖြစ်လာနိုင်တာပေါ့ဗျာ။”

လက်နက်ကိုင် ပဋိပက္ခတွေ ရှိနေတဲ့ တိုင်းရင်းသား လူမျိုးစုတွေ နေထိုင်ရာ နယ်စပ်ဒေသတွေမှာ ဖွံ့ဖြိုးတိုးတက်ရေး အတွက်က ငြိမ်းချမ်းရေးရဖို့ အရေးအကြီးဆုံး လိုအပ်ချက် ဖြစ်တယ်လို့ လက်ရှိ လွှတ်တော်အမတ် မွန်ပြည်နယ် လူမှုရေးနဲ့ ယဉ်ကျေးမှု ၀န်ကြီးဌာန ၀န်ကြီး ဒေါက်တာ မင်းနွယ်စိုးက ပြောပါတယ်။

“ပြည်သူတွေကတော့ ငြိမ်းချမ်းရေးကို ပိုရစေချင်တာပေါ့လေ။ သူတို့က တကယ် ခံစားရတာကိုး။ နည်းလမ်းတော့ ရှာရမှာပေါ့။ အားလုံး ပေါင်းလုပ်သင့်တယ်ဆိုတော့ တယောက်တည်းရဲ့ သဘောကို ပြောရတာ နည်းနည်းခက်တယ်လေ။ အားလုံး သဘောတူညီမှုတခု ရအောင် တွေ့ဆုံပြီးတော့ ကိုယ်လိုချင်တဲ့ဟာလေးတွေ ပြောပြသလို ဆွေးနွေးပွဲ တခုလို့ ပြောလို့ရတာပေါ့။ ဒီအပေါ်မှာ မူတည်ပြီးတော့ ကျနော်တို့ အဖြေရှာလို့ ရပါတယ်။”

နယ်စပ်ဒေသတွေ လုံခြုံ ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်တာမှာ အခြေချ နေထိုင်တဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်တွေ၊ ဒေသခံ တိုင်းရင်းသားတွေနဲ့ မြန်မာအစိုးရ အနေနဲ့ နှစ်ဘက် သဘောတူနိုင်မယ့် အနေအထား တခုအထိ ရရှိအောင် နိုင်ငံရေးအရ အဖြေရှာ ဆွေးနွေးမှုတွေ လုပ်ဖို့ လိုအပ်တယ်လို့လည်း ပအိုဝ်း ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။

“စစ်မှန်တဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးပွဲ လုပ်ဖို့လိုတယ်။ နောက်ပြီးတော့ ဂုဏ်သိက္ခာရှိတဲ့ ညှိနှိုင်းပွဲတွေ လိုတယ်။ အပစ်အခတ် ရပ်ခိုင်းတာတွေကိုတော့ တိုင်းရင်းသား လက်နက်ကိုင် တပ်တွေက လူနည်းရင် နည်းမယ်၊ အင်အားနည်းချင် နည်းမယ်၊ ဒါပေမဲ့ သူတို့ကို အထက်စီးနဲ့ တန်းတူရည်တူ မဟုတ်ဘဲနဲ့ ဗိုလ်ကျ လွှမ်းမိုးပြီး ခိုင်းရင်တော့ ဘယ်သူမှ လုပ်မှာမဟုတ်ဘူး။ အဲဒါကို တပ်မတော်က သဘောပေါက်ဖို့ လိုပြီးတော့ ဂုဏ်သိက္ခာရှိသော တွေ့ဆုံဆွေးနွေးရေးနဲ့ လုပ်ရင် တိုင်းပြည် တည်ငြိမ်ဖို့ ၀ိုင်းလုပ်ကြမှာချည်းပဲလို့ ကျနော်ယုံကြည်တယ်။”

မကြာခင်က ဖျက်သိမ်းလိုက်တဲ့ စစ်အစိုးရ လက်ထက်မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ရှိခဲ့ပြီးတော့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တချို့ အပစ်အခတ် ရပ်စဲခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင်မှာတော့ အပစ်ရပ်ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တချို့ကို နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်း ဖွဲ့စည်းပေးမှုတွေ ရှိခဲ့ပါတယ်။ အင်အားကြီးတဲ့ အပစ်ရပ် အဖွဲ့တွေကတော့ နယ်ခြားစောင့်တပ် ဖွဲ့ရေးကို ငြင်းဆန်ခဲ့ကြပါတယ်။ လက်ရှိ အနေအထားမှာတော့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ၊ အပစ်ရပ် လက်နက်ကိုင် အဖွဲ့တွေနဲ့ အစိုးရ တပ်ဖွဲ့တွေအကြား မကြာခဏ ဆိုသလို တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

ဒီကေဘီအေ တပ်ဖွဲ့ချင်း တိုက်ပွဲဖြစ်
By မအေးအေးမာ တနင်္ဂနွေ, 24 ဧပြီ 2011

မြန်မာအစိုးရနဲ့ အပစ်အခတ် ရပ်စဲရေး ရယူထားတဲ့ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တွေကြား သဘောထား ကွဲလွဲရာက အခုနောက်ဆုံး လက်နက်ကိုင် တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ မြန်မာနိုင်ငံ အရှေ့ဘက်ခြမ်း ကရင်ပြည်နယ်ထဲက လက်နက်ကိုင် တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်မတော် (DKBA) အဖွဲ့တွေ အချင်းချင်းကြား တိုက်ခိုက်မှုတွေ မနေ့တုန်းကပဲ ဖြစ်ပွားခဲ့ပြီးနောက် ဆက်လက် တင်းမာမှုတွေ ကြီးထွားနေခဲ့တာပါ။ အပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။

မြန်မာအာဏာပိုင်တွေက နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး ဖိအားပေးတာကို လက်ခံခဲ့တဲ့ DKBA အဖွဲ့တွေနဲ့ လက်မခံဘဲ မြန်မာစစ်တပ်နဲ့ တိုက်ခိုက်နေတဲ့ အဖွဲ့တွေကြား မကျေမလည်ဖြစ်ရာက တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာပါ။ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို လက်ခံထားတဲ့ DKBA တပ်ဖွဲ့တွေရဲ့ ဌာနချုပ် စခန်းရှိရာ ကရင်ပြည်နယ် ကမမောင်းမြို့အနီး မြိုင်ကြီးငူစခန်းကို စီးနင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့ပြီး လိုင်စင်မဲ့ကားတွေ၊ လက်နက်သိုလှောင်ရာ နေရာတွေ အပါအ၀င် နေရာအတော်များများကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပြပါတယ်။

နယ်ခြားစောင့်တပ် ဖွဲ့စည်းဖို့ လက်ခံတဲ့တပ်ကို လက်မခံလိုတဲ့ DKBA ၃၃၃ တပ်က စနေနေ့ ညနေပိုင်းမှာပဲ စီးနင်းတိုက်ခိုက်ခဲ့တာလို့ နယ်ခြားစောင့် တပ်ဖွဲ့တွေနဲ့ နီးစပ်သူ ဒေသခံ တယောက်က ပြောပြပါတယ်။
“မြိုင်ကြီးငူမှာရှိတဲ့ ရုံးတွေ၊ ဂိုဒေါင်တွေ အကုန်လုံး မီးလောင်သွားတယ်။ မြိုင်ကြီးငူက DKBA ရဲ့ ရုံးချုပ်ပဲ။ သူတို့ဘုန်းကြီး နေတဲ့နေရာ။ စည်းဝေးပွဲထိုင်ပြီး ပြဿနာ ဖြစ်တာပဲ။ ၃၃၃ မှာ ဖြစ်တာလို့ ပြောတယ်။ ဗိုလ်ချုပ်မောင်ကြည်ပေါ့။ ၃၃၃ ရယ်၊ ၉၉၉ ရယ်၊ ၅၅၅ ရယ်၊ အခုက ၃၃၃ မှာဖြစ်တာ။ စည်းဝေးပွဲထိုင်ပြီး ပြဿနာ ဖြစ်တာ။ ၃၃၃ အဖွဲ့က နေပြီးတော့၊ အဲဒီမှာ ဗိုလ်ကျော်သက် လူတွေလည်း ပါတာကိုး။”

၂၀၀၅ ခုနှစ်တုန်းက ထိုင်း၊ မြန်မာ နယ်စပ်ဒေသမှာ မြန်မာအာဏာပိုင်တွေကို တော်လှန်တိုက်ခိုက်နေတဲ့ ကရင်အမျိုးသား အစည်းအရုံးကနေ ခွဲထွက်ပြီးနောက်ပိုင်း DKBA အဖွဲ့ဟာ မြန်မာစစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲရေး ရယူခဲ့တာပါ။
ဒီနောက်မှာတော့ ကရင်ပြည်နယ်တွင်းမှာ လက်နက်ကိုင် အဖွဲ့တခု အဖြစ်နဲ့ ဆက်လက် ရပ်တည်နေခဲ့တာ ဖြစ်ပေမဲ့ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲတွေ မကျင်းပမီ အပစ်အခတ် ရပ်စဲရေး အဖွဲ့တွေ လက်နက်ချပြီး နယ်ခြားစောင့်တပ် အသွင်ပြောင်းဖို့ ဖိအားပေးလာရာက တပ်ဖွဲ့တွေကြား သဘောထား ကွဲလွဲမှုတွေ ထွက်ပေါ်ခဲ့တာပါ။ ဒီအထဲက တပ်ဖွဲ့တချို့ဟာ မြန်မာစစ်တပ်နဲ့ ရွေးကောက်ပွဲအတွက် မဲပေးမှုတွေ စတင်တဲ့ နိုဝင်ဘာလကစလို့ ပြန်လည်တိုက်ခိုက်မှုတွေ ဖြစ်ပွားနေတာလည်း ဖြစ်ပါတယ်။

ဒီလို နယ်ခြားစောင့်တပ် ဖွဲ့ရေးကို လက်မခံတဲ့ ဗိုလ်ချုပ်နှုတ်ခမ်းမွေးနဲ့ ဗိုလ်မှူးကျော်သက်တို့ ဦးဆောင်တဲ့ တပ်ဖွဲ့တွေဟာ မြန်မာစစ်တပ်နဲ့ တိုက်ပွဲတွေ ပြန်ဖြစ်နေပေမဲ့ အခုလို DKBA အဖွဲ့တွေကြား အချင်းချင်း တိုက်ခိုက်မှုတွေ ဖြစ်ခဲ့တာကတော့ ဒါဟာ ပထမဆုံးအကြိမ်ပါ။ စနေနေ့က ဖြစ်ပွားခဲ့တဲ့ စီးနင်းတိုက်ခိုက်မှု အခြေအနေနဲ့ ပတ်သက်လို့ DKBA တပ်သားတဦးကတော့ အခုလို ပြောပြပါတယ်။

“မြိုင်ကြီးငူထဲကို ဗုံးဝင်ကြဲတယ်၊ ကား ၅ စီး ပျက်စီးသွားတယ်။”

တိုက်ပွဲဖြစ်ပွားချိန်မှာတော့ DKBA ဌာနချုပ် စခန်းရဲ့ အကြီးအကဲ မြိုင်ကြီးငူ ဆရာတော် ဦးသုဇန ဆေးကုသမှု ခံယူဖို့ အဝေးကို ရောက်နေတဲ့အချိန် ဖြစ်တယ်လို့လည်း တပ်ဖွဲ့ဝင်တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။ စနေနေ့က တိုက်ခိုက်မှုအတွင်း ထိခိုက် သေဆုံးမှုတွေ ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမဲ့လည်း သီးခြား အတည်ပြုလို့တော့ မရပါဘူး။ တိုက်ပွဲတွေ ဖြစ်ပြီးတဲ့ နောက်မှာတော့ အခုနောက်ဆုံး ဒေသထဲမှာ အခြေအနေတွေ တင်းမာနေပြီး ဒေသခံတွေကြား လုံခြုံရေးအတွက် စိုးရိမ်မကင်း ဖြစ်နေကြရတယ်လို့လည်း ပြောကြပါတယ်။

ဦးပိုင် မော်တော်ယဉ်လိုင်းကားများ စည်းကမ်းမဲ့ မောင်းနှင်နေကြောင်း စွပ်စွဲချက်တွေ ရှိနေ
2011-04-24 RFA

မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်က တည်ထောင်ထားတဲ့ ပါရမီ မော်တော် ယာဉ်လိုင်းက ကားတချို့ဟာ ရန်ကုန်မြို့တွင်း စည်းကမ်းမဲ့ မောင်းနှင် တာကြောင့် ယဉ်တိုက်မှုတွေ မကြာခဏ ဖြစ်နေတယ် လို့ စုံစမ်း သိရှိရပါတယ်။

ဧပြီလ ၂၃ ရက်နေ့ မနက် (၇) နာရီလောက်က ရန်ကုန်မြို့လယ် လှည်းတန်းလမ်းနဲ့ ၁ဝ လမ်း ထောင့်မှာ ရပ်ထားတဲ့ နာမည်ကျော်အဆိုတော် သားစိုးရဲ့ မော်တော်ကားကို အရှိန်နဲ့ မောင်းလာတဲ့ ပါရမီ (၂၃၂) လိုင်းကားက ဝင်တိုက်ခဲ့ပါတယ်။ ကားထဲမှာ လူမရှိတဲ့အတွက် ထိခိုက်ဒဏ်ရာရတာ မရှိပေမယ့် ကားတစီးလုံး ပျက်စီးသွားခဲ့တယ်လို့ အဆိုတော်သားစိုးက အာအက်ဖ်အေကို ပြောပါတယ်။

“ခု ရန်ကုန်မြို့မှာ ဖြစ်နေတာပေါ့။ ယာဉ်မောင်းတချို့က ဒါ အဖွဲ့အစည်းကားတွေ ဆိုပြီး မဆင်မခြင် မောင်းတယ်။ လမ်းပြောင်းပြန် မောင်းတာတွေ၊ မီးနီ ဖြတ်တာတွေ၊ မီးဝါ ဖြတ်တာတွေ နေ့တိုင်းတွေ့နေရတယ်။ သူတို့ကားတွေပဲ နေ့တိုင်း ပြဿနာ ရှာနေတာ။ ရန်ကုန်မြို့ထဲမှာ တိုက်လိုက်တယ်ဆိုရင် ဒီကားတွေချည်းပဲ။ မှားရင်လည်း လိုင်းကားတွေပဲ။ ဘယ်သူ့ အားကိုးနဲ့ အဲဒီလောက် မိုက်နေသလဲတော့ မပြောတတ်ဘူး။ ပါရမီလိုင်းက အဆိုးဆုံးပဲ တွေ့သမျှထဲမှာ”

ယဉ်တိုက်မှုကို လမ်းမတော် ရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။ အမှုနဲ့ ပတ်သက်လို့ တာဝန်ရှိ ဒု-ရဲအုပ် ပြောပြတာက

“အမှု ဖွင့်ထားတယ်ပေါ့နော်။ ကျန်တဲ့ အသေးစိတ်ကတော့ ရုံး လာပြီးတော့ ယူမှ ရမယ်။ ယာဉ်မောင်းကိုပဲ အရေးယူတာပေါ့နော်။ ပါရမီက အကြီးအကဲ ဘယ်သူလဲ ဘာလဲ ဆိုတာတော့ အသေးစိတ် မသိရဘူး”

ယဉ်တိုက်မှုနဲ့ ပတ်သက်လို့ ပါရမီယာဉ်လိုင်းက သက်ဆိုင်ရာ လူကြီးတွေနဲ့ စကားပြောဆိုစဉ် မောက်မောက်မာမာ ဆက်ဆံတာ ခံခဲ့ရတယ်လို့လည်း အဆိုတော်သားစိုးက ပြောပါတယ်။

လစ်ဗျားနိုင်ငံ မီစ်ရာတာမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွား
By ဗွီအိုအေ (မြန်မာဌာန) တနင်္ဂနွေ, 24 ဧပြီ 2011

လစ်ဗျားနိုင်ငံ အနောက်ပိုင်းက သူပုန်တပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ မီစ်ရာတာ (Misrata) မြို့ကို ထိုးစစ်ဆင် တိုက်ခိုက်နေတာတွေ ရပ်တန့်လိုက်ပြီလို့ အစိုးရက ပြောနေတဲ့ ကြားကပဲ တနင်္ဂနွေနေ့မှာ ဒုံးကျည်တွေနဲ့ တိုက်ခိုက်မှုတွေ ဆက်လက် ပြုလုပ်နေတုန်း ဖြစ်ပါတယ်။

အစိုးရတပ်တွေ ၂ လလောက် ၀ိုင်းရံထားတဲ့ ကာလအတွင်း လူတွေ ရာနဲ့ချီ သေဆုံးမှုနဲ့ ရင်ဆိုင်နေရတဲ့ မီစ်ရာတာမြို့ကို ဒုံးကျည်တွေ၊ သေနတ်တွေနဲ့ ဆက်လက် ပစ်ခတ်နေတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

မီစ်ရာတာက သူပုန်တွေကို တိုက်ခိုက်မှုတွေ ရပ်ဆိုင်းထားပေမဲ့ အဲဒီနေရာကနေတော့ အစိုးရတပ်တွေ ဆုတ်ခွာသွားမှာ မဟုတ်ဘူးလို့ လစ်ဗျား ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ခါလက်ဒ် ခမ်း (Khaled Kaim) က တနင်္ဂနွေနေ့ အစောပိုင်းမှာ ပြောခဲ့ပါတယ်။

အစိုးရတပ်တွေ အခုလို ထိုးစစ်ဆင်နေတာ ရပ်တန့်လိုက်တာဟာ လူမျိုးစု ခေါင်းဆောင်တွေနဲ့ သူပုန်တပ်ဖွဲ့တွေအကြား စေ့စပ်ညှိနှိုင်းမှုတွေ ဖြစ်ပေါ်လာအောင် ဖန်တီး လုပ်ဆောင်ပေးတာ ဖြစ်တယ်လို့ ခမ်းက ပြောပါတယ်။ တကယ်လို့ ၄၈ နာရီအတွင်း သူပုန်တပ်ဖွဲ့တွေ လက်နက်မချရင်တော့ စစ်တပ်နေရာမှာ လူမျိုးစု အဖွဲ့တွေက အစားထိုးပြီး သူပုန်တွေကို တိုက်ခိုက်သွားမယ်လို့ ဆိုပါတယ်။
လစ်ဗျားနိုင်ငံရဲ့ တတိယ အကြီးဆုံးမြို့ဖြစ်တဲ့ မီစ်ရာတာမှာ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် စနေနေ့က လူ ၂၃ ယောက် သေဆုံးခဲ့တယ်လို့ ဆရာဝန်တွေက ပြောဆိုနေတဲ့ အချိန်မှာပဲ အခုလို အစိုးရဘက်က ချဉ်းကပ်မှုတွေ ပြောင်းလဲ လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

ထိုင်းနဲ့ ကမ္ဘောဒီးယား ၃ ရက်ဆက် တိုက်ပွဲဖြစ်
By ဗွီအိုအေ (မြန်မာဌာန) တနင်္ဂနွေ, 24 ဧပြီ 2011

ထိုင်းနဲ့ ကမ္ဘောဒီးယား နှစ်နိုင်ငံအကြား နယ်မြေပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ နေရာမှာ တနင်္ဂနွေနေ့က ၃ ရက်မြောက်နေ့ အဖြစ်နဲ့ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပါတယ်။ လွန်ခဲ့တဲ့ ၂ ရက်က ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေအတွင်း ၂ ဘက်စလုံးက စစ်သား အနည်းဆုံး ၁၀ ယောက်လောက် သေဆုံးခဲ့ပြီး ထောင်နဲ့ချီတဲ့ အရပ်သားတွေလည်း အဲဒီ တိုက်ပွဲဖြစ်တဲ့ နေရာတွေကနေ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။

ဒီတိုက်ခိုက်မှုတွေ ဘာကြောင့် စဖြစ်တယ်ဆိုတာ အတိအကျ မသိရသေးပေမဲ့ ၂ ဘက်စလုံးက တဘက်ကိုတဘက် အပြန်အလှန် အပြစ်ပုံချနေကြပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၉၀၀ လောက်က တည်ဆောက်ခဲ့တဲ့ ဖရ၀ိဟာရ (Preah Vihear) စေတီနဲ့ ၉၃ မိုင်လောက်ဝေးတဲ့ နေရာမှာ တိုက်ပွဲ ဖြစ်ပွားနေတာပါ။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက အဲဒီနေရာမှာ ဖြစ်ပွားခဲ့တဲ့ ၄ ရက်ကြာ တိုက်ပွဲတွေအပြီး လူတွေ အသေအပျောက် ရှိခဲ့ပြီးတဲ့နောက် အခုလို တိုက်ပွဲတွေ ထပ်ဖြစ်လာတာလည်း ဖြစ်ပါတယ်။

နယ်စပ်တိုက်ပွဲတွေ အခုလို ဖြစ်ပေါ်လာအောင် စတင် လုပ်ဆောင်တဲ့အပေါ် ၂ ဘက်စလုံးက အပြန်အလှန် စွပ်စွဲ ပြောဆိုနေမှုတွေ ထွက်ပေါ်နေပါတယ်။

အိမ်နီးချင်း ၂ နိုင်ငံအကြား အခုလိုဖြစ်နေတဲ့ တိုက်ခိုက်မှုတွေ ချက်ချင်း ရပ်ဆိုင်းဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) က တိုက်တွန်းလိုက်ပြီး ဒီပြဿနာ ပြေလည်ရေးအတွက် ၂ ဘက် အလေးအနက် ဆွေးနွေးကြဖို့ စနေနေ့က တောင်းဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ပဋိပက္ခနောက်ပိုင်း ဒီပြဿနာ ပြေလည်ရေး ကြားဝင်ဆောင်ရွက်ပေးဖို့ အာဆီယံအဖွဲ့ကို မစ္စတာ ဘန်ကီမွန်းက တောင်းဆိုခဲ့ပါသေးတယ်။

လယ်မြေအသိမ်းခံရမှု အာဏာပိုင်တွေ စစ်ဆေး
2011-04-24 RFA

ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် ပုလဲ မြို့သစ်မှာ ဇေကမ္ဘာကုမ္ပဏီက မတန်တဆ ဈေးနှိမ်ပြီး မြေသိမ်းခံခဲ့ရ တဲ့ လယ်သမားတွေရဲ့ တိုင်ကြားချက်နဲ့ ပတ်သက်လို့ သက်ဆိုင်ရာက ခေါ်ယူ စစ်ဆေးပြီးသွား ပေမယ့် ခုချိန်ထိ ဘာ အကြောင်းပြန်ကြားချက်မှ မသိရသေးဘူးလို့ လယ်သမားတွေက ပြောပါတယ်။

ပုလဲမြို့သစ်မှာ ဘိုးဘွား အစဉ်အဆက် လုပ်ကိုင်လာတဲ့ လယ်သမား ၁ ရာလောက်ရဲ့ လယ်ဧက တထောင်ကျော်ကို သိမ်းယူတဲ့ကိစ္စအပေါ် မကျေနပ်တဲ့အတွက် လယ်သမား ၆၄ ဦးက မတ်လက တိုင်ကြားခဲ့တာကို ပြီးခဲ့တဲ့ ဧပြီလ ပထမပတ်မှာ ခေါ်ယူစစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

စာသင်ခန်းထဲတွင် ဆာလောင်နေသော ကလေးငယ်များစွာ ရှိနေ
Sunday, 24 April 2011 02:50

ပညာရေး သုတေသန ဆာဗေးလေ့လာချက်တွင် ဆင်းရဲနွမ်းပါးသော ကလေးငယ်များသည် ဆာလောင် မွတ်သိပ်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်းနှင့် အားမရှိခြင်းတို့ဖြင့် ကျောင်းတက်နေရကြောင်း တင်ပြထားသည်။
ချမ်းသာသည့် နိုင်ငံများအပါအ၀င် ပိုမိုဆင်းရဲနွမ်းပါးသည့် မြန်မာနှင့် တတိယကမ္ဘာ့နိုင်ငံများမှ ကလေးငယ်များအတွက် ကျောင်းပညာရေးတွင် အဆင်မပြေမှု များစွာရှိနေကြောင်းကို နိုင်ငံတကာပညာရေးသမဂ္ဂများအဖွဲ့ချုပ် EI ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

အင်္ဂလန်ရှိ မူ၊ လယ်၊ ထက်ကျောင်းများနှင့် ကောလိပ်ကျောင်း စုစုပေါင်း ၆၂၇ ကျောင်းတွင် သင်ကြား နေကြသည့် ဆရာ လေးပုံ သုံးပုံခန့်က ဆင်းရဲနွမ်းပါးသော ကလေးငယ်များကို စာသင်ကြားပေးနေရကြောင်း ဖြေကြားခဲ့သည်။ ကမ္ဘာ့ငွေကြေး အကျပ်အတည်းစတင်ကတည်းက ဤပြဿနာမှာ ပိုမို ဆိုးရွားလာနေကြောင်း ပြောပြကြသည်။

၈၅ ရာခိုင်နှုန်းသော ဆရာများက သူတို့ စာသင်ကြားနေကြသည့် ကလေးများထဲမှ ဆင်းရဲနွမ်းပါးသော ကလေးငယ်များ၏ ကျန်းမာရေးနှင့် ဖွံ့ဖြိုးမှုတို့မှာ အနုတ်လက္ခဏာ ဆောင်နေသည်ဟု ရှင်းပြခဲ့ကြသည်။
၈၀ ရာခိုင်နှုန်းသော ဆရာများက ကလေးများသည် ပင်ပန်း နွမ်းနယ်စွာဖြင့် ကျောင်းတက်နေရကြောင်း၊ ၇၃ ရာခိုင်နှုန်းက ဗိုက်ဆာလောင်မှုဖြင့် ကျောင်းလာကြကြောင်း၊ ၆၇ ရာခိုင်နှုန်းက အ၀တ်အစား အစုတ်အပြဲများဖြင့် ကျောင်းလာတက် နေရကြောင်းကို ပြောပြခဲ့သည်။

၇၁ ရာခိုင်နှုန်းသော ဆရာများက ဆင်းရဲသော ကလေးအများစုမှာ မိမိကိုယ်ကိုယုံကြည်မှု ကင်းမဲ့နေကြောင်းနှင့် ၆၅ ရာခိုင်နှုန်းကမူ ကျောင်းပြင်ပ လုပ်ဆောင်ချက်များဖြစ်သည့် ဂီတ၊ အားကစားနှင့် ရုပ်ရှင်ရုံသွားခြင်းတို့ကို မလုပ်နိုင်ကြ ကြောင်းဆိုသည်။

စုစုပေါင်း ၈၀ ရာခိုင်းသော ဆရာများက ဆင်းရဲမွဲတေမှုကြောင့် ကလေးများ၏ ပညာရေးတွင် ဆိုးကျိုးများစွာ ရှိနေရကြောင်းကို တညီတညာထဲ ပြောပြခဲ့ကြသည်။ ရလဒ်များ နိမ့်ကျခြင်း၊ အိမ်တွင် စာကြည့်ရန် တိတ်ဆိတ်ငြိမ်သက်သည့် နေရာမရှိခြင်း၊ အာရုံစူးစိုက်ရန် အခက်အခဲ ရှိနေခြင်းနှင့် ကွန်ပျူတာ၊ အင်တာနက်တို့ မရှိခြင်းတို့ကို ရင်ဆိုင် နေကြရသည်။

မြန်မာနှင့် အခြားသော တတိယကမ္ဘာ့နိုင်ငံများမှ ကလေးငယ်များ ပိုမိုဆင်းရဲနွမ်းပါးသော မြန်မာနှင့် တတိယကမ္ဘာ့နိုင်ငံများတွင်မူ ဤပြဿနာမှာ ပို၍ဆိုးရွားနေလေသည်။ ကျောင်းပညာတတ်မြောက်မှသာ လူရာဝင်မည်ဟု မိဘများက ယုံကြည် မျှော်လင့်ချက်နှင့် ကြိုးစားပြီး ကျောင်းထားကြသော်လည်း ဆင်းရဲသား ကလေး အများစုကြီးမှာ စာသင်ခန်းတွင် အခက်အခဲ များစွာကို ရင်ဆိုင်နေကြသည်။

 လူဦးရေ၏ ၈၀ ရာခိုင်နှုန်းခန့်မှာ ဆင်းရဲမွဲတေမှုနှင့် ရင်ဆိုင်နေရကြောင်း ပြည်တွင်း စီးပွားရေး ပညာရှင်များက ခန့်မှန်းထားသည်။ ကျောင်းတက်ရန် အခွင့်အရေး ဆုံးရှုံးနေရဆဲဖြစ်ပြီး မြန်မာ စာသင်ခန်းများအတွင်းရှိ ကလေးငယ် ၄၀ ရာခိုင်နှုန်းမှာ နေ့စဉ်ပင် ဆာလောင်မှုနှင့် ကျောင်းတတ် နေရကြောင်းကို မြန်မာ ကျောင်းဆရာမ တစ်ဦး ဖြစ်သူ ဒေါ်သင်းသင်းက မောက္ခကို ပြောပြခဲ့သည်။

အဂတိတရား လိုက်စားမှု ပိုကျယ်ပြန့်လျက်ရှိပြီး ပညာရေးအဆင့်တိုင်းတွင် သက်ရောက်မှု ရှိနေသော မြန်မာကလေးများမှာမူ ကလေးအခွင့်အရေး ချိုးဖောက် ခံရခြင်းအပါအ၀င်၊ ကျောင်းပညာရေးမှ ခွဲခြား ဆက်ဆံမှုများကို ခံစားနေရဆဲဖြစ်ကြောင်း သုတေသနအရ လေ့လာတွေ့ရှိရသည်။

မောက္ခပညာရေး သုတေသနသတင်း
Source: ALT (UK), EI နှင့် မြန်မာပြည် ပညာရေး သုတေသနဂျာနယ် NHEC www.nhecburma.org (၂၀၀၇)

ကုန်ဈေးနှုန်း ကြီးမြင့်မှုကြောင့် တရုတ်ပြည်တွင် ထရပ်ကားမောင်းသူများ သုံးရက်မြောက် ဆက်လက် ဆန္ဒပြ
April 23, 2011 FNG

တရုတ်ပြည်တွင် ကုန်းဈေးနှုန်း ကြီးမြင့်မှုနှင့် လောင်စာဆီဈေးနှုန်း ကြီးမြင့်မှုကြောင့် တရုတ်နိုင်ငံ၏ အကြီးဆုံး ဆိပ်ကမ်း မြို့ဖြစ်သည့် ရှန်ဟိုင်းမြို့ရှိ ဘိုရှန်းခရိုင် ကုန်သေတ္တာ လွင်ပြင်အနီးတွင် သုံးရက်မြောက်နေ့အဖြစ် ယနေ့ ဆက်လက် ဆန္ဒပြနေသည်ဟု သတင်းရရှိသည်။

ထရပ်ကား အစီး ၂၀၀ ကျော် နှင့် ဆန္ဒပြသူ ၈၀၀ ကျော်က လမ်းများကို ပိတ်ဆို့  ဆန္ဒပြခြင်းဖြစ်ပြီး တရုတ် အာဏာပိုင် များက ရဲ နှင့် လုံခြုံရေး အင်အား ၁၀,၀၀၀ ကျော်ချထားကာ ဆန္ဒပြမှုကို ဖြိုခွဲခြင်း မပြုသေးသော်လည်း ဆွေးနွေးမည်ဟု အကြောင်းပြကာ ဆန္ဒပြ ခေါင်းဆောင်အချို့ ကို ဖမ်းဆီးမှုများရှိသည်။

တရုတ်ပြည်တွင် အီစတာပွဲတော် ကျင်းပခွင့် ပိတ်ပင်၊ တရုတ် ခေါင်းဆောင်များ ဗျာပါဒ များနေ
April 24, 2011 FNG

ယေရှုခရစ် ရှင်ပြန်ထမြောက်တော်မူတဲ့ အီစတာ ဆုတောင်းပွဲအဖြစ် တရုတ်နိုင်ငံမှာ ကျင်းပဖို့ ပြင်ဆင်ထားတဲ့ အီစတာ ပွဲတော် တရုတ်အစိုးရက ဒီနေ့လမ်းပေါ်မှာ မကျင်းပရဘူးဆိုပြီး လိုက်လံ ပိတ်ပင်နေပါတယ်။

တရုတ် ခရစ်ယန်တွေကတော့ ဒီအမိန့်ကို ဆန့်ကျင်ပြီး လုပ်စရာရှိတာ ဆက်လုပ်မယ်လို့  ဆိုပါတယ်။
တရုတ် အစိုးရရဲ့ ကြံဖွတ်တွေဟာ ဒီနေ့မှာ ထရပ်ကားမောင်းတဲ့ ဆန္ဒပြသူတွေနားကပ်သွားပြီး မစင် (ချီး) တွေ နဲ့ သုတ် တယ်လို့လည်း တရုတ် ဘလောက် သတင်းတွေမှာ ဖော်ပြထားပါတယ်။

တရုတ် အစိုးရကတော့ ရှန်ဟိုင်း ထရပ်ကားမောင်းသမားတွေကြောင့် ဂယက်ထပြီး တိုင်းပြည် မငြိမ်မသက် ဖြစ်ရင်တော့ ဘယ်သူ့ ကိုမှ ညှာမှမဟုတ်ဘူးလို့ ဆိုပါတယ်။

ဒီနေ့ ဟောင်ကောင်၊ ထိုင်ဝမ် နဲ့ တရုတ် ပြည်မြို့ အချို့ မှာ စပယ်ဖူး တော်လှန်ရေးမှာ ဖမ်းဆီးခံ ထားရသူတွေ၊ နိုဘယ်ဆုရှင် လျှူရှောင်ဘို နဲ့  အနုပညာရှင် အိုင်ဝေေ၀ တို့ကို ပြန်လည်လွှတ်ပေးဖို့  ဆန္ဒပြတောင်းဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဟိန္ဒူ ဘာသာရေးခေါင်းဆောင် ဆိုင်းဘာဘာ ကွယ်လွန်
By ဗွီအိုအေ (မြန်မာဌာန) တနင်္ဂနွေ, 24 ဧပြီ 2011

အိန္ဒိယနိုင်ငံ၊ အန်ဒရာ ပရာဒက်ရှ် (Andra Pradesh) ပြည်နယ်က တန်ခိုးရှင်အဖြစ် ကျော်ကြားတဲ့ အသက် ၈၄ နှစ်ရှိပြီဖြစ်တဲ့ ဆိုင်းဘာဘာဟာ တနင်္ဂနွေနေ့မှာ သူ့ကျောင်းဝင်းနားက ဆေးရုံမှာပဲ ကွယ်လွန်သွားခဲ့ပါတယ်။

ကမ္ဘာတ၀န်း ကြည်ညိုသူတွေက ဘုရားတဆူလို ကိုးကွယ်ကြတဲ့ ဆိုင်းဘာဘာဟာ နှလုံး၊ အဆုတ်နဲ့ ကျောက်ကပ်လို ကိုယ်တွင်းအင်္ဂါတွေ အလုပ်ကောင်းကောင်း မလုပ်တော့တဲ့အတွက် သူနေထိုင်ရာ ပွတ္တာပါတီ (Puttaparti) ရွာက ဆေးရုံကို တင်ထားခဲ့တာ သီတင်းပတ်ပေါင်းများစွာ ကြာခဲ့ပြီ ဖြစ်သလို သူ့နောက်ဆုံးနေ့တွေမှာတော့ အသက်ရှူစက် တပ်ဆင်ထားခဲ့ရပါတယ်။

ဆံပင်ပွပွ၊ သင်္ကန်းရောင်ဝတ်စုံနဲ့ ဆိုင်းဘာဘာကို ချစ်ကြည်ညိုသူတွေဟာ ပွတ္တာပါတီကို လာရောက် ဂါရ၀ပြုကြပါတယ်။ ဒီအထဲမှာ အိန္ဒိယနိုင်ငံရဲ့ ထင်ရှားတဲ့ နိုင်ငံရေးသမားတွေ၊ နာမည်ကျော် ရုပ်ရှင်မင်းသား၊ မင်းသမီးနဲ့ နာမည်ကြီး အားကစားသမားတွေလည်း ပါဝင်ပါတယ်။

အိန္ဒိယ၀န်ကြီးချုပ် မန်းမိုဟန် ဆင်းဂ် (Manmohan Singh) ကတော့ ဟိန္ဒူဘုန်းတော်ကြီး ဆိုင်းဘာဘာကို သန်းနဲ့ချီတဲ့ လူထုက ယုံကြည်ကိုးစားကြပြီး အဓိပ္ပာယ်ရှိတဲ့ ဘ၀ကို တန်ဖိုးရှိရှိ အသုံးချဖို့ ဦးဆောင်ခဲ့သူတဦး အခုလို ဆုံးပါးသွားတာမို့ တနိုင်ငံလုံးက ယူကြုံးမရ ဖြစ်နေကြတယ်လို့ ဆိုပါတယ်။

အန်ဒရာ ပရာဒက်ရှ်ပြည်နယ် ၀န်ကြီးများအဖွဲ့ ဥက္ကဋ္ဌ အန်န် ကီရန် ကူမာ ရက်ဒီ (N. Kiran Kumar Reddy) ကတော့ ဗုဒ္ဓဟူးနေ့ လူပေါင်း သိန်းနဲ့ချီ လာရောက်မယ့် နိုင်ငံတော်ဈာပန ကျင်းပချိန်အထိ အောက်မေ့ဘွယ်နေ့ကို ၄ ရက်ကြာ သတ်မှတ်မှာဖြစ်ကြောင်း ကြေညာပါတယ်။

အခုတော့ ဆိုင်းဘာဘာရဲ့ ကြွင်းကျန်တဲ့ ရုပ်ကလာပ်ကို မှန်ခေါင်းထဲမှာ ထည့်သွင်းထားပြီး လူအများ လာရောက် ဂါဝရပြုနိုင်ဖို့ သူ့ကျောင်းဝင်းထဲမှာ ထားရှိပါတယ်။ တနင်္ဂနွေ တနေ့တည်းမှာပဲ သူ့ကိုကြည်ညိုသူ ရာပေါင်းများစွာ လာရောက် ကြည့်ရှုခဲ့ပါတယ်။

ပရိသတ်ကို ထိန်းနိုင်ဖို့ ဧည့်ကန့်သတ်မှုတွေ၊ ဆိုင်မဖွင့်ဖို့ အမိန့်ထုတ်မှုတွေအပြင် လုံခြုံရေးအတွက် အာဏာပိုင်တွေက ရဲတပ်သားအင်အား ထောင်နဲ့ချီပြီး ချထားခဲ့ပါတယ်။

 ဗမာ့သွေး ပေးပို့သည်။

 

No comments: