Wednesday, April 13, 2011

ချစ်သော ရဲဘော်များ ပြည်သူများ နှင့် မဟာမိတ်များ - ၁၈

အထမ်းသမား၊ ဈေးသည်နဲ့ ကျောက်တူးသမားတွေ တသုတ်ပြီးတသုတ် ရောက်လာခဲ့တယ်။ တချို့က ဖားကန့်က ထွက်လာသူတွေဖြစ်ပြီး ကျောက်အရွယ်အစားအမျိုးမျိုး ထမ်းသယ်လာကြတယ်။ ရောက်တာနဲ့ ဘေးနားက စမ်းချောင်းမှာ ကိုယ်လက်သန့်စင်ပြီး မီးဖိုသူ ဖို၊ အမျိုးသမီးအချို့ မျက်နှာကိုခြယ်သ အလှပြင်နေကြတာလည်း တွေ့ရတယ်။ KIA တွေကတော့ ကျောက်သမားတွေကို တန်ဖိုးဖြတ်ပြီး အခွန်ကောက်နေကြပါတယ်။

တဲလေးတွေနဲ့ ပွဲတော်ဈေးတန်းလေးလို ဖြစ်နေပါတယ်။ ကက်ဆက်သံတွေ ညံနေတယ်။ စိုင်းဆိုင်မောင် သီချင်းတွေပဲ များပါတယ်။ မှောင်လာတော့ KIA တပ်သားတွေနဲ့ ကျောက်တူးသမား ကာလသားတွေက အမျိုးသမီးလေးတွေရှိတဲ့ တဲတွေ လျှောက်လည်ပြီး မိတ်ဖွဲ့စကားပြောနေကြတာ တွေ့ရတယ်။ ရယ်သံမောသံတွေနဲ့ တရုန်းရုန်းပဲ။


ကိုယ့်အတွက်တော့ အတော်အသင့် စိတ်ချရပြီ။ နောက်ကလိုက်လာမယ့် ရဲဘော် ၂ ယောက်အတွက် နောက်ဆံငင်နေ မိတယ်။ လိုက်လာပါ့မလား။ လိုက်လာရင် ချောချောမောမော ဖြစ်ပါ့မလား။ ဒါပဲ ပူနေရတယ်။

ကျနော် ဒီစခန်းမှာ ၃-၄ ရက်နေခဲ့ရတယ်။ ညနေစောင်းတိုင်း ဝင်လာတဲ့ ခရီးသွားတွေကို ထွက်ထွက်ကြည့်ရတာ အမောပါ ပဲ။ တဲထဲမှာ ကျောပိုး အိတ် ၄-၅ လုံး ရှိတယ်။ ကျနော် ခေါင်းအုံးအိပ်ဖို့ တလုံးပေးထားတယ်။ စာရွက်တွေနဲ့တူပါရဲ့၊ မာတောင့်တောင့်နဲ့ ခေါင်းအုံးရတာ အရသာ မရှိလှ။ ဆလံကဘာက တဲထဲမှာ သိပ်မနေ။ သူ့အလုပ်နဲ့ သူရှုပ်နေတယ်။

ကျနော်ကလည်း တဲထဲ သိပ်မနေ။ တဲရှေ့မှာ အေးအေးဆေးဆေး လမ်းလျှောက်နေမိတယ်။ ညနေခရီးသည်တွေလာရင် ကျွေးတတ်မွေးတတ်လို့လားမသိ။ တောထဲက မျောက်တချို့ စခန်းထဲကသစ်ပင်တွေပေါ် ရောက်,ရောက်လာတတ်တယ်။ စိတ်ပြေအောင် ဒီအကောင်တွေကိုပဲ ကြည့်နေမိတယ်။

တရက် နံနက်စာစားအပြီး ဆလံကဘာက ဒီနေ့ တပ်ရင်းရုံးကို သွားရမယ်။ ပြင်ထားပါလို့ ပြောပါတယ်။ ဒါနဲ့ ရဲဘော် ၂ ယောက် ရောက်လာရင်ပို့ပေးဖို့ ထပ်ပြောရပြန်တယ်။ သူက ဘာကတိမှ မပေး။ မဆီမဆိုင် ကျနော့်ခေါင်းအုံးကို ဆွဲယူပြီး ဖြေလိုက်တယ်။ ရာတန်တွေ အထပ်လိုက်ပါလား။

“၂ သိန်း ရှိတယ်” လို့ ပြုံးပြီး ပြောတယ်။ ဒါပဲ … ။

(နောက်မှသိရတာက ကျနော့်ကို စမ်းသပ်နေတာဖြစ်တယ်၊ ဒီကောင် လမ်းလျှောက်လှချည့်လား ဆိုပြီး လျှောက်တဲ့ လမ်းဘေးနား ဝဲယာ သူတို့ရှာတဲ့အထိ လုပ်ခဲ့တယ် … ဆိုပဲ)

နေ့ခင်းပိုင်းမှာပဲ နဖူး ပလိုင်းချိတ်ထားတဲ့ KIA မလေး ၃-၄ ယောက်။ သေနတ်လွယ်ထားတဲ့ KIA တပ်ဖွဲ့လေးနဲ့ တောင်ပေါ် လမ်းအတိုင်း တက်ကြရပါတယ်။ ဦးဆောင်ခေါ်လာသူက ထမင်းဆိုင်မှာတွေ့ရတဲ့ ဒုတပ်ကြပ် ဖြစ်နေတယ်။ အင်မတန် ဖော်ရွေနေပါပြီ။ စကားတွေဖောင်လောက်အောင် ပြောပါတယ်။

“ခင်ဗျားတို့ပါတီကို သွားမနေပါနဲ့တော့။ နေရထိုင်ရ စားရ သောက်ရတာ တယ်ဆင်းရဲပဲ။ KIA မ တယောက်ယူပြီး ကျနော်တို့ဆီမှာ ကျောင်းဆရာ လုပ်နေပါလား။ တော်လှန်ရေး ဆိုတာ ဘယ်နေရာလုပ်လုပ် အတူတူပဲ မဟုတ်လား”

လို့ သွေးတိုးစမ်းပြန်ပါတယ်။ ကျနော်က ပြုံးပြီး …

“မဖြစ်ပါဘူးဗျာ” လို့ပဲ ဖြေလိုက်ပါတယ်။

တပ်ရင်း ၆ အခြေစိုက်စခန်း RSM ဖြစ်သူရဲ့အိမ်မှာ ကျနော့်ကို ထားပြန်ပါတယ်။ ဒီမှာလည်း အစမ်းသပ်ခံရပြန်တယ်။ စခန်းထဲ လှည့်ပြတယ်။ ရုံးခန်းတွေထဲ ခေါ်သွားတယ်။ ရုံးမှာ တာဝန်ပေးထားတဲ့ ရန်သူ့ ကူးပြောင်း ၂ ယောက်နဲ့ မိတ်ဆက် ပေးတယ်။ နောက်တော့ ပြောတယ်။

“ဒီကောင်တွေကို မယုံဘူး။ ဒါကြောင့် ရုံးခန်းမှာ တာဝန်ပေးထားတာပဲ” တဲ့။

ကျနော့်အဖို့တော့ ပညာတွေ ရနေပါတယ်။

ဒီအချိန်က KIA ရဲ့ပထမဆုံး ဗိုလ်သင်တန်းဆင်းပွဲနဲ့ ကြုံခဲ့တာဖြစ်တယ်။ ကျောင်းအုပ်ဗိုလ်မှူးကြီး ဇော်မိုင်း ဦးစီးပြီး သင်တန်းဆင်း ဗိုလ်လောင်းတွေကို ယခုတပ်ရင်း ၆ နဲ့ပေါင်းပြီး တိုက်ပွဲနဲ့စတင် သံခဲတင်ခဲ့တယ်။ ကျနော်ဖြတ်လာတဲ့ စစ် မြေပြင်ဟာ သူတို့နွှဲခဲ့တဲ့နေရာ ဖြစ်တယ်။ ရန်သူ့ဘက်က သေကျေ ဒဏ်ရာရ ရာချီရှိတာမို့ ဗမာပြည်ခြုံခိုတိုက်ပွဲမှာ စံချိန် သစ်ပဲလို့ မိတ်ဆက်ပေးပါတယ်။

ဒါကြောင့်လည်း သူတို့တတွေကြည့်ရတာ ဝံ့ဝံ့ကြွားကြွား ဖြစ်နေတာပါကလား။ အတူနေ RSM ရဲ့ Report တွေ မှန်မှန်တက်နေတာ ကျနော် မသိ။

‘အကဲမဖြတ်နိုင်သေး’ ဆိုတာတွေချည်းပဲ တဲ့။

ဆက်လက်ဖော်ပြပါမည်။


 

No comments: