“ထစမ်း။ ဘာလို့လိုက်ချင်ရတာလဲ” လို့ မေးပါတယ်။
“ကျနော် ကွန်မြူနစ်ပဲ။ ထောက်လှမ်းရေးက လိုက်ဖမ်းလို့ ထွက်ပြေးလာတာ။ ပါတီဆီ ပို့ပေးဖို့ အကူအညီတောင်းချင်လို့ လိုက်ချင်တာပါ”
လို့ ဖြေလိုက်ရတယ်။ သူ ခဏတော့ ကြောင်သွားတယ်။ ပြီးမှ …
“မဖြစ်ဘူး။ ဒီအတိုင်း ဆက်လိုက်သွား။ ရှေ့မှာ နမ့်တင်းစခန်း ရှိတယ်။ အဲဒီမှာပြော။ KIA ကတော့ ဖားကန့် မရောက်မချင်း တွေ့နေမှာပဲ။ မတွေ့ချင်ဘူးဆိုပြီး ရှောင်သွားလို့တောင် မရဘူး”
လို့ ခပ်ရင့်ရင့် ပြောပါတယ်။
သူတို့တတွေ ဆိုင်ထဲမှာ သိပ်ကြာကြာမနေ။ တခြားဆိုင်ဘက် ကူးသွားပါတယ်။ တချို့ဈေးသည်တွေ ဆက်ထွက်ဖို့ပြင်နေ တာတွေ့ရလို့ လွယ်အိတ်ကလေး ကပျာကယာဆွဲပြီး ထလိုက်ရပါတယ်။ ၁၀ ယောက် အုပ်ပါ။ အလှမ်း ၃ဝ လောက် တောင် မလှမ်းရသေး၊ လမ်းပေါ်မှာ ‘ပင်လယ်ဓားပြတံဆိပ် လူရိုးခေါင်းပုံကြီး’ ဆွဲထားတာ တွေ့လိုက်ရတယ်။ အောက်မှာလည်း မြေဖြူနဲ့ စာတမ်းတတမ်း ရေးထိုးထားပါသေးတယ်။
‘သတိ - လမ်းမပေါ်က မသွားနဲ့၊ မိုင်းမြှုပ်ထားတယ်’ တဲ့။
ဆက်တိုက် မြားကြီးနဲ့ပြပြီး ‘ဤ တောလမ်းအတိုင်းလျှောက်’ ဆိုတဲ့ အမိန့်ပေး လမ်းညွှန်တာကလည်း ရှိသေးတယ်။ ဘယ်သူမှ မမိုက်ဝံ့။ တောလမ်းအတိုင်း လျှောက်ကြပါတယ်။ ဈေးသည်တွေကတော့ ဘာမှထူးခြားပုံ မပြ။ ညနေချိန် နေအေးအေးမို့ သီချင်းတောင် ဆိုနေကြလေရဲ့။
‘နမ့်တင်း စခန်း’ ဆိုတဲ့ ဆိုင်းဘုတ်က ဂိတ်ဝသစ်ပင်မှာ ကန့်လန့်ဖြတ်သံနဲ့ ရိုက်ထားတယ်။ ဂိတ်ပေါက်မှာ အစောင့် ၂ ယောက်ရှိတယ်။ စခန်းထဲကို တယောက်စီ ဝင်ရပါတယ်။ ကျနော်က နောက်ဆုံးမှဝင်ပြီး အစောင့်တပ်သားအား …
“ကျနော် ဗမာပြည်ကွန်မြူနစ်ပါတီ ကပါ။ ခင်ဗျားတို့တာဝန်ခံနဲ့ တွေ့ပါရစေ” လို့ ပြောလိုက်ပါတယ်။
သူလည်း အံ့သြဟန်ပြပါတယ်။ နောက်မှ သစ်ပင်ကြီးတပင်အောက်ရှိ တဖက်ရပ် တဲတတဲဆီ ခေါ်သွားပါတယ်။ တဲထဲမှာ ဗိုလ်ကြီးတယောက်ထိုင်နေတာ တွေ့ရတယ်။ ခေါ်လာသူက အလေးပြုပြီး သတင်းပို့ပါတယ်။ အဲဒီဗိုလ်ကြီးဘေးမှာ ထိုင်နေတာက ကချင်ဓားကြီးလွယ်ပြီး ဂိတ်တွေမှာ ဆင်းဆင်းလျှောက်တဲ့ ပုဂ္ဂိုလ်ပါပဲ။
၂ ယောက်ချင်းရှိတော့မှ ကျနော်က အခြေအနေကို အကျဉ်းချုံးပြီး တင်ပြပါတယ်။ နောက်က ရဲဘော်တယောက်နဲ့ ရဲဘော်မတယောက်လည်း လိုက်လာပါလိမ့်ဦးမယ် လို့လည်း တင်ပြပါတယ်။
သူကတော့ အတော်ရည်မွန်တဲ့ အရာရှိပါ။
“ဒီစခန်းမှာပဲ နေပါဦး။ သင့်တော်သလို အကူအညီပေးပါ့မယ်”
လို့ တုံ့ပြန်ပြီး ဆလံကဘာ(ဒေသန္တရ အုပ်ချုပ်ရေးတာဝန်ယူရသူ) တဦးရဲ့ တဲဆီခေါ်သွားပြီး အပ်ထားခဲ့ပါတယ်။
ဆက်လက်ဖော်ပြပါမည်။
No comments:
Post a Comment