Sunday, March 20, 2011

ဂျပန်ရောက် မြန်မာများအတွက် ဂုဏ်ပြုစကား (လူထုစိန်ဝင်း )

ဂျပန်ငလျင်ကြီးလှုပ်ပြီး သုံးရက်မြောက်နေ့မှာ တိုကျိုရောက် တပည့်မတယောက်က ဖုန်းဆက်ပြီး ဘေးမသီရန်မခ ရှိနေတဲ့အကြောင်း သတင်းပေးတယ်။ တိုကျိုမှာနေကြတဲ့ သူငယ်ချင်းတွေ အားလုံးလည်း ဘာမှ မဖြစ်ကြဘူးလို့ ပြောကြတယ်။

ဖုန်းလေးတဆက်ကြောင့်

ကျောင်းသူကျောင်းသား တပည့်တွေ အများစုက တိုကျို၊ တိုင်ပေနဲ့ အမေရိကမှာ ရှိနေကြလေတော့ ငလျင်သတင်းကြားတာနဲ့ သူတို့တတွေအတွက် စိတ်ပူရတယ်။ အင်တာနက်နဲ့ ဖုန်းအဆက်အသွယ်တွေ ပြတ်တောက်နေတော့ ပူရုံအပြင် ဘာမှမတတ်နိုင်ဘူး။ မိသားစု တချို့ကလည်း စိတ်ပူပြီး အဆက်အသွယ်များ ရသလားလို့ လှမ်းမေးကြတယ်။

တပည့်မလေးက ဖုန်းဆက်အကြောင်းကြားလို့ ဝမ်းသာရသလို ကျေးဇူးလည်း တင်မိတယ်။ လက်လှမ်းမီရာ မိသားစုများကိုလည်း မြန်မာတွေ ဘေးမသီရန်မခ ရှိကြတဲ့အကြောင်း သတင်းကောင်းပါးရတယ်။ ဒါကြောင့် ဖုန်းဆက်တဲ့ တပည့်မကို ကျေးဇူးတင်မိတယ်လို့ ပြောရတာ ဖြစ်တယ်။ သူ့ဖုန်းလေ တဆက်က ကြောင့်ကြစိတ်တွေနဲ့ ပူပင်သောက ရောက်နေကြရှာတဲ့ မိသားစုပေါင်းများစွာရဲ့ ရင်တွေကို အေးသွားစေတယ်လေ။


အရေးကြီးတော့ သွေးနီးကြ

ဒါတင်မကသေးပါဘူး။ တပည့်မ ဖုန်းဆက်ပြောတဲ့အထဲမှာ တိုကျိုမှာရှိတဲ့ မြန်မာတွေ အတော်များများဟာ နီးစပ်ရာ အချင်းချင်းစုပြီး မြန်မာတွေ အနေများတဲ့ ရပ်ကွက်တွေကို လှည့်ပြီး သတင်းမေးကြတယ်။ လိုအပ်တဲ့ အကူအညီတွေ ပေးကြတယ်။ တချို့ကတော့ ဂျပန်ရုပ်မြင်သံကြားက ထုတ်လွှင့်ပေးနေတဲ့ ဓာတ်ရောင်ခြည် ကာကွယ်ရေး သတိပေးချက်တွေကို မြန်မာလိုပြန်ပြီး မြန်မာရပ်ကွက်တွေကို လိုက်လံ ဖြန့်ဝေပေးနေကြတယ်။

ရထားတွေ၊ ဘတ်စ်ကားတွေ ဘာမှမရှိတော့ ခြေကျင်လျှောက် ဝေနေကြရတယ်။ သိပ်ချီးကျူးဖို့ ကောင်းတယ်လို့ ပြောပြတယ်။ ဈေးဆိုင်တွေလည်း ဝယ်မရတော့လို့ တချို့ စားစရာပြတ်ကြတယ်။ အပိုရှိတဲ့ လူတွေက ဆန်နဲ့ခေါက်ဆွဲခြောက်တွေ မျှဝေပေးကြတယ်။ တချို့များ သောက်စရာရေတောင် မရှိကြတော့ဘူးလို့လည်း ပြောပြပါတယ်။ အရေးကြီးတော့လည်း သွေးနီးကြသားပဲကိုးဆိုပြီး ဝမ်းသာပီတိဖြစ်ရတယ်။

ဂုဏ်ယူရတဲ့စရိုက်

အချင်းချင်း သွေးစည်းကြရုံသာ မဟုတ်ဘူး။ စီးစရာ ယာဉ်ရထားမရှိလို့ အဝေးကြီးလမ်းလျှောက်ပြီး အိမ်ပြန်ကြရတဲ့ သက်ကြီးရွယ်အိုတွေနဲ့ ကလေးအမေတွေ တွေ့ရင်လည်း မြန်မာတွေက အထုပ်ကူဆွဲပေး၊ ကလေးချီ ပေးနဲ့ တတ်နိုင်သမျှ ၀ိုင်းကူကြလို့ ဂျပန်တွေကတောင် ချီးကျူးကျေးဇူးတင်ကြတယ်လို့လည်း တပည့်မက ထည့်ပြောသွားသေးတယ်။ လူတစ်ဖက်သားကို ကြင်နာတတ်၊ စေတနာထားတတ်တဲ့ မြန်မာ့စရိုက်ကတော့ ခေတ်တွေဘယ် လောက်ပြောင်းပြောင်း၊ ပြောင်းလဲမသွားပါလားလို့ တွေးပြီး အခြောက်တိုက် ၀င်ပြီး ဂုဏ်ယူလိုက်ရသေးတယ်။ အမျိုးဂုဏ်မြှင့်တင်ပေးတဲ့ လူငယ်တွေကို ချီးကျူးမိပါတယ်။

ဓာတ်ရောင်ခြည်ယိုစိမ့်

ဂျပန်ကတပည့်မ ဖုန်းချသွားပြီး မကြာမီမှာပဲ ဆန်ဖရန်စစ္စကိုမှာနေတဲ့ တပည့်တစ်ယောက်က ဖုန်းဆက်ပြီး ဂျပန်မှာ နျူကလီးယားဓာတ်ပေါင်းဖိုတွေ မီးလောင်လို့ ဓာတ်ရောင်ခြည် ယိုစိမ့်နေပြီ။ အမြဲတမ်းဖွင့်ထားတဲ့ ပြတင်းပေါက်တွေ ပိတ်ထားပါ။ မိုးရွာရင် အိမ်သားတွေ အပြင်မထွက်ပါစေနဲ့။ မိုးရေအထိမခံပါနဲ့လို့ စိုးရိမ်တကြီးနဲ့ သတိပေးတယ်။ ဆူနာမီ လှိုင်းလုံးကြီးတွေရဲ့အရှိန်က သူတို့ ဆန်ဖရန်စစ္စကို အထိ ရိုက်ခတ်တယ်လို့လည်း ပြောပြတယ်။ သူတို့ဆီမှာလည်း မုန်တိုင်းကြောက်ရ၊တောမီးလောင်တာ ကြောက်ရနဲ့ နေလို့မကောင်းတော့ဘူးလို့လည်း ညည်းတယ်။ မြန်မာပြည်ကို လွမ်းတယ်ဆရာရယ်လို့ တမ်းတရှာတယ်။

တွံတေးသိန်းတန်အခွေမှာ

သူဟိုရောက်နေတာ နှစ်အစိတ်လောက်ရှိပြီ။ ပြန်လာချင်တယ်လို့ ခဏခဏပြောပေမဲ့ ပြန်မလာနိုင်ပါဘူး။ ဟိုမှာသားတွေ၊ သမီးတွေနဲ့ အခြေကျနေပြီ ဖြစ်တော့ ပြန်လာဖြစ်မယ် မထင်ပါဘူး။ ခဏတဖြုတ် အလည်အပတ် သဘောလောက်သာ လာနိုင် တော့မှာပါ။ လွန်ခဲ့တဲ့ ငါးနှစ်လောက်က တစ်ခါသူပြန်လာပြီး တစ်ပတ် ရဟန်းခံသွားသေးတယ်။ သူက ရန်ကုန်ပေါက် တရုတ်လူမျိုးပါ။ ဒါပေမဲ့ မြန်မာစာအဓိကနဲ့ ဘွဲ့ရပြီးမှ ထွက်သွားတာ ဖြစ်တယ်။ ဟိုရောက်ပြီး လေး၊ ငါးနှစ်လောက်ကြာတော့ လူကြုံတိုင်း တွံတေးသိန်းတန် အခွေတွေချည့် မှာလေ့ရှိတယ်။ အခုနောက်ပိုင်းကျတော့ တရားခွေတွေပါ ပို့ပေးပါလို့ မှာတတ်တယ်။ မြန်မာပြည်မှာမွေး၊ မြန်မာပြည်မှာကြီးတဲ့ မြန်မာလူမျိုး မဟုတ်သူတွေတောင် မြန်မာပြည်ကို မလွမ်းဘဲ မနေနိုင်ပါလားလို့ တွေးမိပြီး သူတို့အားလုံးအတွက် စိတ်မကောင်းဖြစ်ရတယ်။

သြဘာနိမိတ်ထွန်း

မြန်မာလူမျိုးတွေသာ မြန်မာပြည်ကိုလွမ်းတာ မဟုတ်ဘူး။ အကြောင်းအမျိုးမျိုးနဲ့ မြန်မာပြည်မှာ တစ်နှစ်တန်သည် နှစ်နှစ်တန်သည် လာနေဖူးတဲ့ နိုင်ငံခြားသားတွေလည်း မြန်မာပြည်က မပြန်ချင်ကြဘူး။ မတတ်သာလို့ ပြန်သွားရရင်တောင် မြန်မာပြည်ကို အမြဲတမ်း တသသ ဖြစ်နေတတ်ကြတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း သုံး၊ လေးဆယ်လောက်က မြန်မာပြည်မှာ နေဖူးခဲ့တဲ့ နိုင်ငံခြားက မိတ်ဆွေတွေဆို ခုချိန်ထိ မြန်မာကို လွမ်းလို့ မဆုံးနိုင်ကြသေးဘူး။ အဆက်အသွယ်မပြတ် လုပ်ကြတယ်။ အခါအခွင့်သင့်တိုင်း ပြန်လာလည်ကြတယ်။ တချို့ဆို ဆွေမျိုးရင်းချာလိုတောင် အပြန်အလှန် သံယောဇဉ် ဖြစ်နေကြရတယ်။ ကိုယ့်ငါးချဉ်မို့ ကိုယ်ချဉ်တာ မဟုတ်ဘူး။ မြန်မာလူမျိုးတွေက ချစ်စရာကောင်းသလို မြန်မာနိုင်ငံကလည်း အင်မတန် နေချင်စရာကောင်းတဲ့နိုင်ငံ ဖြစ်တယ်။ ဇမ္ဗူဒီပါလက်ျာတောင်ကျွန်း သြဘာနိမိတ်ထွန်းတဲ့ ဒေသလို့တောင် ဆိုရိုးရှိခဲ့တာ မဟုတ်လား။

သယံဇာတကြွယ်ဝ

မြန်မာပြည်က ဥတုသပ္ပာယ မျှတတယ်။ အပူအအေး လွန်ကဲမှု မရှိဘူး။ နှင်းတွေကျ ရေတွေခဲ ဆိုတာမျိုး မရှိသလို ပူလွန်းလို့ ဧကသိန်းချီပြီး တောမီးလောင်ကျွမ်းတယ် ဆိုတာမျိုးလည်း မရှိဘူး။ စားနပ်ရိက္ခာ ကောက်ပဲသီးနှံနဲ့ မြေပေါ်မြေအောက် သယံဇာတ မျိုးစုံပေါကြွယ်ဝတယ်။ ရေနံနဲ့ဓာတ်သတ္တုမျိုးစုံလည်း ရှိတယ်။ အခြေခံ စားဝတ်နေရေးအတွက် လောက်ကတော့ ဘယ်နိုင်ငံခြားကိုမှ အားကိုးနေဖို့ မလိုဘူး။ ကိုယ့်ဟာကို လိုလေသေးမရှိ ပြည့်စုံတယ်။ ဒါကြောင့်လည်း ရှေးက အင်္ဂလိပ်၊ ပြင်သစ်၊ စပိန်၊ ဒတ်ခ်ျ၊ ပေါ်တူဂီ စတဲ့ နယ်ချဲ့နိုင်ငံကြီးတွေ အားလုံးက အငမ်းမရ သူ့ထက်ငါဦးအောင် မြန်မာပြည်ကို သိမ်းပိုက်ချင်ခဲ့ကြတာ ဖြစ်တယ်။

ကန်သမ္မတရဲ့ မှတ်ချက်

မြန်မာ့ကျွန်းသစ်ဆိုတာ ကမ္ဘာပေါ်မှာ သူ့လောက်ကောင်းတဲ့သစ်မျိုး ဘယ်မှာမှ မရှိဘူး။ နယ်ချဲ့သမားတွေ နှစ်ပေါင်းတစ်ရာကျော် ခုတ်လှဲရောင်းချခဲ့တာ မကုန်နိုင်ဘူး။အဲဒီလောက်ပေါတာ။ ဒုတိယကမ္ဘာစစ် မတိုင်မီကဆိုရင် မြန်မာနိုင်ငံဟာ ကမ္ဘာ ပေါ်မှာ နံပတ်တစ် ဆန်တင်ပို့ ရောင်းချတဲ့နိုင်ငံ ဖြစ်ရုံမက ငွေနဲ့ခဲ ဓာတ်သတ္တုအများဆုံး တင်ပို့တဲ့နိုင်ငံလည်း ဖြစ်ခဲ့တယ်။ လူတွေကလည်း အင်မတန် စိတ်နှလုံးနူးညံ့သိမ်မွေ့ပြီး သဒ္ဓါ ရက်ရောကြတယ်။ ခွင့်လွှတ်သည်းခံစိတ် ကြီးမားတယ်။ စိတ်ယဉ်ကျေးမှု အင်မတန် အထက်တန်းကျတယ်။ မြန်မာပြည်က နမ္မတူ ဘော်တွင်းမှာ အင်ဂျင်နီယာအဖြစ် လာရောက် အမှုထမ်းဖူးပြီး နောင်တော့ အမေရိကန်နိုင်ငံရဲ့ ၃၁ ဦးမြောက် သမ္မတဖြစ် သွားခဲ့တဲ့ ဟားဘတ်ဟူးဗား (Herber Hoover 1847-1964)က ''မြန်မာလူမျိုးများဟာ အာရှတိုက် တစ်ခုလုံးမှာ ပျော်ရွှင်ချမ်းမြေ့မှု အစစ်အမှန်ကို ရရှိထားတဲ့ တစ်ခုတည်းသောလူမျိုး ဖြစ်တယ်''လို့တောင် မှတ်ချက်ချခဲ့ဖူးပါတယ်။

လှိုက်လှိုက်လှဲလှဲ

ရေကြည်ရာမြက်နုရာ ရှာဖွေရင်း ကမ္ဘာ့နေရာအနှံ့အပြားမှာ ရောက်ရှိနေကြတဲ့ မြန်မာတွေဟာ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးကို မချစ်လို့ ကျောခိုင်းစွန့်ခွာသွားကြတာ မဟုတ်ပါဘူး။ အခြေအနေက တွန်းပို့လို့သာ မလွှဲမရှောင်သာ သွားကြရတာပါ။ ကိုယ့်ရပ် ကိုယ့်ရွာကို မလွမ်းတဲ့လူ၊ မပြန်ချင်တဲ့သူ ဘယ်ရှိမှာလဲ။ သူတို့အားလုံးရဲ့ အမျိုးချစ်စိတ်က ဂျပန်ငလျင်ကြီးလို ကိစ္စကြီးကြုံတွေ့လာတော့ အထင်းသား ပေါ်ထွက်လာခဲ့တာပဲ မဟုတ်လား။ မြန်မာအချင်းချင်းပဲဆိုပြီး ကူညီစောင့်ရှောက်ကြ၊ ရိုင်းပင်းကြတယ်လေ။ ဒီအတွက် လူငယ်တွေကို ချီးကျူးမိတယ်။ မြန်မာချင်းသာမက အကူအညီ လိုအပ်နေတဲ့ ဂျပန်လူမျိုးတွေကိုလည်း ကူညီကြတယ်ဆိုလို့ ပိုပြီး ၀မ်းသာရတယ်။ ဘိုးစဉ်ဘောင်ဆက် စိတ်ယဉ်ကျေးမှု အထက်တန်းကျခဲ့တဲ့ မြန်မာတို့ရဲ့ စရိုက်ကို ဆက်ခံပြီး မြှင့်တင်ပေးခဲ့ကြတဲ့အတွက် လူငယ်လုံမငယ်လေးတွေ အားလုံးကို လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုလိုက်ပါတယ်။

http://www.news-eleven.com/ မှ ကူးယူဖော်ပြပါတယ်။

 

No comments: