သူ ပြောရင် မငြင်းဝံ့တဲ့သူတွေ ဖြစ်ပါတယ်။ အဲဒီတုန်းက အခြေအနေနဲ့ အခုအခြေအနေက အများကြီး ကွာပါတယ်။ အခုကာလက အဲဒီလို မဟုတ်ဘူး၊ ကြားဝင်နိုင်တဲ့ ဆရာကြီးလို သြဇာရှိတဲ့ပုဂ္ဂိုလ် မရှိဘူး၊ အခု ကြားဝင်တယ်ဆိုတာက ရာဇာလီလို ပုဂ္ဂိုလ်ဖြစ်နေတယ်။ သူက နိုင်ငံခြားသား၊ နောက် သူ့ကိုယ်ကျိုးကလည်း တလှေကြီး ရှိတယ်။
သူ့ကို ဘယ်ဘက်ကမှ တကယ်ယုံကြည်တာ မဟုတ်ဘူး။ သူဟာ ဒီနေ့ဆိုရင် ပဋိပက္ခရဲ့ ဆန့်ကျင်ဖက်မှာ ရှိနေသူတွေ ဘယ်သူကမှ သူနဲ့ တိုက်ဖော်တိုက်ဖက် မဟုတ်ဘူး။ ဆရာကြီးဟာ တောထဲကလူတွေနဲ့ရော ဦးနုတို့နဲ့ရော တိုက်ဖော်တိုက်ဖက် လုပ်ဖော်ကိုင်ဖက်၊ ရာဇာလီဟာ ဘယ်သူနဲ့မှ သံယောဇဉ် မရှိဘူး။ သူ့ကိုယ်သူကလွဲပြီး ဘာသံယောဇဉ်မှ မရှိတဲ့သူဖြစ်တယ်။
တကယ်လို့သာ ဆရာကြီးရှိတုန်းမှာ ငြိမ်းချမ်းရေးကိစ္စကို ဖိဖိစီးစီး ဆက်လိုက်မတ်တပ် လုပ်မယ်ဆိုလို့ရှိရင် ကျနော် ထင်တယ်၊ ဗမာပြည်ရဲ့သမိုင်းဟာ ပြောင်းလဲသွားနိုင်ပါတယ်။ ၁၉၆၃ ခု ငြိမ်းချမ်းရေးဆွေးနွေးပွဲဟာ ဦးနုလက်ထက်မှာသာဆိုရင် ပြေလည်နိုင်ပါတယ်။
ဘာကြောင့်လဲဆိုတော့ အဲတုန်းက ပဋိပက္ခဖြစ်နေတဲ့သူတွေ အထူးသဖြင့် ခေါင်းဆောင်တွေပေါ့လေ၊ ပြန်ကြည့်ပါ။ ဦးနုဆိုတာက သူ့ကို ဆရာကြီးက ခွေးမသား လို့ မခေါ်တာကိုပဲ ဟာ … ဆရာကြီးက ငါ့အပေါ် စိတ်ဆိုးနေသလားလို့ စဉ်းစားခဲ့သူမျိုးပါ၊ နောက်ပြီး ဆရာကြီးက တပိုးတည့်တည့်ထမ်းခဲ့ကြတဲ့ သုံးထပ်တန်း ဆိုတဲ့ အထဲက သခင်သန်းထွန်း ဆိုတာကတော့ ပြောစရာတောင် မလိုပါဘူး။
၁၉၆၃ ခုနှစ် ကွန်မြူနစ်ပါတီရဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့က ဆရာကြီးအတွက် ဒေါင်းနဲ့ ပျားရည် ယူလာတဲ့ နမိတ်ပုံကိုပဲ ကြည့်ပါ။ ဒေါင်း ဆိုတာက ဗမာနိုင်ငံသားတွေရဲ့ နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားရေး လက္ခဏာပါ။ ဒါ အထူးရှင်းပြနေစရာ မလိုပါဘူး။
ပျားရည်ကကော ပျားရည်ဆိုတာက ဆရာမြို့မငြိမ်းရဲ့ ငြိမ်းချမ်းရေး သီချင်းထဲက ငြိမ်းချမ်းရေးသည် ပျားရည်ကဲ့သို့ ရှိတယ်၊ တမာပင် သရက်ပင် ဘာပင်ပဲစွဲစွဲ ချိုမြိန်တဲ့ အရသာ မစွန်သည်သာပင် ဆိုတဲ့ အဓိပ္ပာယ်ကို ဆောင်ပါတယ်။ ငြိမ်းချမ်းရေးဟာ အမြဲတမ်း ချိုမြနေတယ်ဆို တဲ့လက္ခဏာပါ။ အဲဒီ လက္ခဏာနဲ့ သခင်သန်းထွန်းက ဆရာကြီးဆီ လက်ဆောင်ပို့လိုက်တာပါ။
အဲလို လူနှစ်ဦးနှစ်ဖက်ကြားမှာ ဆရာကြီးဝင်ရင် အခြေအနေတွေဟာ ပြောလို့ဆိုလို့ရနိုင်တဲ့ဟာပါ။
ဒါပေမယ့်ဖြစ်ချင်တော့ ၁၉၆၃ ခုနှစ် အဲဒီအချိန်မှာ အာဏာရနေတာက ဆရာကြီးကို အာခံထွက်ထားတဲ့ ဂေါ့သမိန် ဗစိန်တို့ရဲ့ နောက်လိုက် ဗိုလ်နေဝင်း ဖြစ်နေပါတယ်။
ဒီနေ့အခါမှာ ငြိမ်းချမ်းရေးအဖွဲ့တွေရထားတဲ့ ငြိမ်းချမ်းရေးဟာ ဆရာကြီး သက်စွန့်ကြိုးပမ်းဆောင်ရွက်ခဲ့တဲ့၊ မျှော်မှန်းခဲ့တဲ့ ငြိမ်းချမ်းရေးမျိုး မဟုတ်သေးကြောင်းဘဲ ကျနော်တော့ ပြောချင်ပါတယ်။ ကျနော်တို့ ဆရာကြီးရဲ့ မပြီးသေးတဲ့ လုပ်ငန်းစဉ်၊ ဆရာကြီးရဲ့ မျှော်မှန်းချက်တွေအတွက် ဆက်ပြီး အများကြီး လုပ်ရဦးမှာရှိပါသေးတယ်။
အဲ့ဒီ ၆၄ ခုနှစ်တုန်းက ဆရာကြီးရဲ့ဈာပနကို ကျနော် တက်ခဲ့ပါတယ်။ ကျနော်အနေနဲ့ ဆရာကြီးကို အသက်ရှည်လျက်ရော၊ အသက်မဲ့ ခန္ဓာကိုယ်အဖြစ်နဲ့ရော ကျနော် အကြိမ်ကြိမ် ကန်တော့ဖူးပါတယ်။ အခု သူ့မွေးနေ့မှာ ကျနော် အခုလို ဂါဝရပြုရတာကို အင်မတန်မှ ဝမ်းမြောက်ဝမ်းသာ ကြည်နူးမိပါတယ်။
တချိန်တည်းမှာ ကျနော်လို့ပဲ ဆရာကြီးရဲ့ ကျေးဇူးကိုသိ၊ ဆရာကြီးကို ကြည်ညိုလေးစားသူတွေကို အထူးသတိရမိပါတယ်။ ဒီနေ့အခါမှာ ကျနော်တို့ နိုင်ငံမှာက ဆရာကြီးကို ကြည်ညိုလေးစားကြောင်း ဖော်ပြရတာကိုပဲ မင်းပြစ်မင်းဒဏ်သင့်တော့မလိုလိုဖြစ်နေတာ ကျနော် အားလုံး သိပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ဆရာကြီးရဲ့မွေးနေ့ ဒါမဟုတ် ဆရာကြီး ကွယ်လွန်တဲ့နေ့တွေမှာ ဆရာကြီးကို ကျနော်တို့ ဂုဏ်ပြုကြရင်း တချိန်တည်းမှာ ဆရာကြီး မျှော်မှန်းတဲ့ ငြိမ်းချမ်းတဲ့ နိုင်ငံကြီးတည်ဆောက်နိုင်ရေးအတွက် ကျနော်တို့ ဆက်လက်ပြီးတော့ ချီတက်ကြရမယ်လို့ ထင်ပါတယ်။
နောက်ဆုံးအနေနဲ့ ကျနော်ပြောချင်တာက ၁၉၅၅ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့တုန်းက ကဗျာဆရာအသင်းချုပ်ရဲ့ သင်းလုံးကျွတ်အစည်းအဝေးမှာ ဆရာကြီး ပြောခဲ့တဲ့ စကားတွေကိုပဲ ကိုးကားပြုခဲ့ပါတော့မယ်။
“တို့ဗမာပြည်ဟာ အမှန်အားဖြင့် မကောင်းတဲ့ခေတ်ပဲ၊ တို့တတွေ ကမ္ဘာပျက်ခါနီးမှာ လူလာဖြစ်ရသလိုပဲ”
၂၀၀၄ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့ ဒီမိုကရက်တစ်မြန်မာ့အသံမှ ထုတ်လွှင့်ချက်ကို ပြန်လည် ဖော်ပြပါတယ်။
No comments:
Post a Comment