Friday, March 18, 2011

‘၈၈’ မတ်လ ကျောင်းသားလှုပ်ရှားမှု

၂၀၀၅ ခုနှစ် မတ်လမှာ ဒီမိုကရက်တစ်မြန်မာ့အသံ (DVB) က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ်ကို ပြန်လည်ဖော်ပြပါတယ်။

ဒီကနေ့ မတ်လ ၁၃ ရက်နေ့ဟာ ရန်ကုန် စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော် ကျဆုံးခဲ့ရတာ ၁၇ နှစ်ပြည့်ခဲ့တဲ့နေ့ ဖြစ်ပါတယ်။ ဒီကနေ့ ဖြစ်ပျက်နေတဲ့ နိုင်ငံရေး အခင်းအကျင်းများတွေကလည်း လွန်ခဲ့တဲ့ ၁၇ နှစ်၊ မတ်လ ကိုဖုန်းမော် ကျဆုံးခဲ့ရတာနဲ့ တိုက်ရိုက် ဆက်စပ်နေသည်ဆိုရင်လည်း မမှားပါဘူး။

ဒါပေမယ့် သတင်းလွတ်လပ်ခွင့်မရှိတဲ့ နိုင်ငံ၊ ဒီမိုကရေစီ ဆိတ်သုဉ်းနေတဲ့ မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ၁၇ နှစ်ကာလက ဘာတွေဖြစ်ပျက်ခဲ့တယ်ဆိုတာကို ဒီကနေ့ခေတ် လူငယ်မျိုးဆက်သစ် ကျောင်းသူကျောင်းသားတွေက သိချင်မှ သိရပါလိမ့်မယ်။

အဲဒီအတွက် လွန်ခဲ့တဲ့ ၁၇ နှစ်က ကျောင်းသားလှုပ်ရှားမှုတွေကို အဓိက ဦးဆောင်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင်တွေနဲ့ ဆက်သွယ်မေးမြန်းပြီး မတ်လ ကျောင်းသားလှုပ်ရှားမှု အထူးအစဉ်အဖြစ် ထုတ်လွှင့်ပေးသွားမှာ ဖြစ်ပါတယ်။

ကျောင်းသားခေါင်းဆောင်တွေရဲ့ ပြန်ပြောင်းပြောပြချက် သုံးသပ်ချက်တွေကို ထုတ်လွှင့်မပေးခင်မှာ မတ်လရဲ့ ထူးခြားတဲ့ ဝိသေသကို ကျနော်တို့ လေ့လာကြည့်ရအောင်လား ခင်ဗျ။


“နွေဦးပဲဗျ။ မတ်လ ဆိုတာတော့ နွေပေါက်စပေါ့ဗျာ။ နွေ အစကတော့။ အဲဒီတော့ ပန်းအဟောင်းတွေ ကြွေတယ် အသစ်တွေ ဝေတယ် ဟိုးရှေးခေတ်ကတည်းက သုံးခဲ့တယ့် ဂန္ထဝင်ခေတ်ကတည်းက ပြောင်းလဲခြင်းရဲ့ သင်္ကေတပဲဗျ၊ ကျနော်တော့ ‘မတ်လ တော်လှန်ရေး’ ဆိုပြီး ကျနော် ကဗျာရေးတာလည်း ဒီသဘောပဲ။ ပြောင်းလဲခြင်း ဆိုတာ အဟောင်းတွေ ကြွေ အသစ်တွေ ဝေ … အဲဒါပဲ။ အဲဒါကို ‘နှင်းယွန်းဟေမာန်’ ဆိုပြီးတော့ ကျနော် ကဗျာဖွဲ့ဖူးတယ်။ အဲဒီတာ့ မတ်လ ကျနော့် ခံစားမှုကတော့ ပြောင်းလဲခြင်း ပြောင်းလဲတာကို ခေါ်တာ”

မတ်လရဲ့ အမှတ်အသားဟာ ပြောင်းလဲခြင်းပါလို့ ဆရာ ဒဂုန်တာရာ က တင်စားခဲ့ပါတယ်။ ဆရာ ဒဂုန်တာရာ တင်စားခဲ့သလို မတ်လဟာ မြန်မာ့နိုင်ငံရေးသမိုင်းမှာ ပြောင်းလဲခြင်းတွေ တော်လှန်ခြင်းတွေ ဖြစ်စေခဲ့တာတော့ အမှန်ပါ။ မတ်လ ၂၇ ရက် ဖက်ဆစ်တော်လှန်ရေးကနေ မြန်မာ့လွတ်လပ်ရေးကို ရရှိစေခဲ့ပါတယ်။ အလားတူ လွန်ခဲ့တဲ့ ၁၇ နှစ် မတ်လ ၁၃ ရက်နေ့က စတင်ခဲ့တဲ့ ကျောင်းသားလှုပ်ရှားမှုတွေကရော … ။

“ကျနော်တို့ဘက်က သွေးနဲ့ စပြီး ရင်းခဲ့ရတာချည်းပဲဗျ။ ကျောင်းသားသမိုင်းကို ပြန်ကြည့်လိုက်မယ်ဆိုရင် ကိုအောင်ကျော်တို့ ခေတ်ကလည်း ဒီလိုပဲ သွေးမြေကျပြီး ရင်းခဲ့ရတာပဲ။ ကျနော်တို့ ဒီဘက်ခေတ်မှာလည်း ဒီလိုပဲ အရေးတော်ပုံတွေ အများကြီးရှိခဲ့ပါတယ်။ ကျနော်တို့ မမီလိုက်တဲ့ ငယ်တဲ့အရွယ်တွေမှာလည်း ဒီလိုပါပဲ။ အဲဒီတော့ ကိုဖုန်းမော် ကျဆုံးရတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ ဒါဟာ ၈၈ အရေးတော်ပုံကြီးအတွက် အရင်ဆုံး ခင်းလိုက်ရတဲ့ အရိုးတချောင်း၊ အရင်ဆုံး သွန်းလောင်းလိုက်ရတဲ့ သွေးတစက်ပါ”

“ကိုဖုန်းမော် ကျဆုံးခဲ့တယ်။ အဲဒီကနေပြီး ဆက်တိုက်ပေါ့လေ။ မြန်မာနိုင်ငံ ဒီမိုကရေစီရေး လှုပ်ရှားမှုကြီး၊ ပြည်သူ့အရေးတော်ပုံကြီးတရပ် ပေါ်ပေါက်လာခဲ့တယ်ပေါ့။ ဒီကနေ့ကို အမှတ်တရ ကျနော်တို့က ‘မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့’ လို့ သတ်မှတ်ထားတယ်လေ။ ၁၉၈၈ ခုနှစ်ကာလ အဲဒီကာလမတိုင်ခင်မှာ မဆလ တပါတီစနစ် အောက်မှာ ဖြတ်သန်းခဲ့ရသူတိုင်း ကျနော်တို့ သိကြတယ်ပေါ့လေ။ 

အဲဒီအချိန်တုန်းမှာ ဘာတွေဖြစ်နေကြသလဲ။ တိုင်းပြည်မှာ လူငယ်တွေမှာ အနာဂတ် မရှိဘူး။ ကျောင်းတွေသာ တက်နေရတယ် တက္ကသိုလ်တွေက ထွက်လာကြတယ် အာမခံချက် ဘာမှမရှိဘူး။ အဲဒီအတိုင်းပဲ မြန်မာနိုင်ငံရဲ့ ၈ဝ ရာခိုင်နှုန်းသော လယ်သမားတွေ တာဝန်ကျေစပါးတွေ သွင်းနေရတယ်။ အဖက်ဖက်မှာ ပိတ်ဆို့မှုတွေ အများကြီးရှိတယ်။ ဆန်ကအစ တနယ်နဲ့တနယ်ကို မှောင်ခိုသယ်နေရတာမျိုး ကျနော်တို့ဆီမှာ ယိုးဒယား နယ်စပ်က အိန္ဒိယနယ်စပ်က တရုတ်နယ်စပ်က မှောင်ခိုပစ္စည်းတွေကို ကျနော်တို့ အားပြုနေရတာမျိုး၊ 

ဒီနိုင်ငံမှာ ထုတ်လုပ်ရေးတွေကလည်း ဘာမှမရှိ လူတွေရဲ့ အနာဂတ်လည်း မရှိ။ အလုပ်လက်မဲ့ ဦးရေကလည်းများ အဲဒီလို ပိန်းပိတ်အောင်မှောင်နေတဲ့ အနာဂတ် ပျောက်နေတဲ့ နိုင်ငံတခုရဲ့ စတင်ပြီးတော့ လှုံ့ဆော်လိုက်တဲ့ မီးပွားတခု အဲဒီမီးဟာ ၁၉၈၈ ခုနှစ် မတ်လ ၁၃ ရက်နေ့ပဲ”

ရှစ်လေးလုံး ကျောင်းသားခေါင်းဆောင်တွေဖြစ်တဲ့ ကိုမင်းကိုနိုင်နဲ့ ကိုဌေးကြွယ်တို့ ပြောပြချက်တွေပါ။

သူတို့ နှစ်ဦး အပါအဝင် တခြားကျောင်းသားခေါင်းဆောင်တွေဖြစ်တဲ့ ကိုမင်းဇေယျာ ကိုဇော်မင်းနဲ့ ကိုပြုံးချိုတို့ ပြန်ပြောင်း သုံးသပ်ချက်တွေကို ဆက်လက်ထုတ်လွှင့်ပေးဖို့ စီစဉ်ထားပါတယ်။

ဒါပေမယ့် ပြည်တွင်းက လူငယ် မျိုးဆက်သစ်တို့ရဲ့ မေတ္တာရပ်ခံချက်အရ လွန်ခဲ့တဲ့ ၁၇ နှစ် မတ်လ ၁၃ ရက်နေ့က ရန်ကုန်စက်မှု တက္ကသိုလ်မှာ ဘာတွေဖြစ်ပျက်ခဲ့တယ်ဆိုတာကို အရင်တင်ပြပေးလိုပါတယ်။

“၉ နာရီ ကျော်ကျော်လောက်မှာပဲ ကျနော့်သူငယ်ချင်းတွေက ကျနော့်ကိုလာခေါ်တော့မှ ဆင်းမေးတဲ့အခါကျတော့ ခဲနဲ့တော့ အပြန်အလှန် ပစ်နေကြတယ်ပေါ့ဗျ။ အရပ်သားနဲ့ ကျနော်တို့ ကျောင်းသားတွေနဲ့ လူငယ်စိတ်ဓာတ်နဲ့ဆိုတော့ ဝင်ပါတယ်ပေါ့ဗျ။ ခဲနဲ့ပစ် ဘာညာ အဲဒီလိုဖြစ်ရင်းနဲ့ ကျနော်တို့က လိုက်သွားလိုက် သူတို့က ပြန်ဆုတ်လိုက် ဘီပီအိုင် လမ်းထဲမှာပေါ့။ 

အဲဒီအချိန်မှာပဲ လုံထိန်းတွေက ရောက်လာတယ်။ မီးသတ်ကားတွေနဲ့လည်း ထပ်ရောက်လာတယ်။ ၅ စီး ၆ စီးလောက် ရှိတယ်။ အဲဒီအချိန်မှာကတော့ အရပ်သားနဲ့ ကျောင်းသားနဲ့က တကန့်စီ ဖြစ်သွားပြီလေ။ အင်းစိန်လမ်းမ အလယ်မှာ လုံထိန်းတွေနဲ့ ခြားသွားပြီ အရပ်သားတွေက အရှေ့က ဘီဘီအိုင် လမ်းကြားတွေမှာ ကျနော်တို့က ကျောင်းဝင်းထဲမှာပေါ့။ 

ကျောင်းဆရာ ဦးတင်ထွန်းအောင်တို့ ဘာတို့က ကျနော်တို့ကို ကျောင်းဝင်းထဲကို ဝင်ဖို့ပြောတာပေါ့။ ကျနော်တို့က ကျောင်းဝင်းထဲကို ဝင်တယ်၊ အဲဒီမှာ အရပ်သားတချို့က ပစ်လိုက်တဲ့ ခဲတွေလား မသိဘူး၊ ဦးတင်ထွန်းအောင်တို့ ဘာတို့ ထိသေးတယ်။ အဲဒီတော့ ကျနော်တို့လူစု စပြီးတော့ခွဲတယ်။ အဲဒီအချိန်မှာပဲ သိပ်မကြာခင်အချိန်မှာ ၉း၄၅၊ ၁ဝ နာရီပတ်ဝန်းကျင်လောက်ရှိမယ် ထင်တယ်၊ မျက်ရည်ယိုဗုံးတို့ သေနတ်တို့နဲ့ စပြီးပစ်တာပေါ့” 

“ဒါကြီးတွေက အင်မတန် အရုပ်ဆိုးတယ်။ အဲဒီအချိန်မှာပဲ တဘုန်းဘုန်းနဲ့ မီးခိုးလုံးတွေ ကျလာတယ်။ ဒီ မီးခိုးလုံးတွေ အလိပ်လိုက် အလိပ်လိုက် တက်လာပြီးတော့ ပတ်ဝန်းကျင်တခုလုံး မှောင်မဲသွားတော့မှ အဲဒါ မီးခိုးဗုံးပါလားဆိုတာ အဲဒီတော့မှ သိရတာ။ မျက်လုံးထဲကိုလည်း မီးခိုးဗုံးတွေ ဝင်။ အဲဒီလိုနဲ့ အပြိုပြိုအလဲလဲ ဖြစ်ပြီးတော့နောက်မှ ‘ထိန်း ထိန်း ထိန်း’ ဆိုပြီးသေနတ် ပစ်သံတွေကြားရတယ်။ 

အဲဒီနောက်တော့ ကျနော်တို့အားလုံး ထွက်ပြေးကြတာပေါ့။ ပင်မ အဆောင်ကြီးရဲ့ အုတ်တံတိုင်းကြီးတွေ ကြားထဲမှာ ပြန်စုဝေးကြတယ်။ အဲဒီလိုစုဝေးပြီးတဲ့အချိန်မှာ အားလုံးလိုလိုပဲ ဒဏ်ရာ ဒဏ်ချက်တွေနဲ့ကြီးပဲ။ တချို့လဲ ငိုကြွေးနေကြတာပေါ့။ အဲဒီအထဲမှာမှ သွေးအိုင်ထဲ လဲနေတဲ့ ကျောင်းသား ၃ ယောက် ရှိတယ်၊ သေနတ်ဒဏ်ရာနဲ့။ 

ကျနော့်တသက်မှာ တခါမှဒီလို သေနတ်ဒဏ်ရာ ရတဲ့သူတယောက်ကို အဲဒီအချိန်ထိပေါ့နော် တခါမှ ဒီလို မတွေ့ခဲ့ဖူးဘူး။ ဟို ရုပ်ရှင်ထဲက လွဲရင်ပေါ့။ အခုတော့ ကျနော့် မျက်စိအရှေ့မှာတင်ပဲ သေနတ်ဒဏ်ရာနဲ့ အပြိုင်းသားနဲ့ ကျနော့်သူငယ်ချင်း ၃ ယောက်ကို တွေ့နေရတယ်။ ကိုဖုန်းမော်ရယ်၊ ကိုစိုးနိုင်ရယ်၊ ကိုမြင့်ဦးရယ်”

ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတွေဖြစ်တဲ့ စက်မှုတက္ကသိုလ်ကျောင်းသား ကိုအောင်ဒင် နဲ့ ကိုကျော်ထင်တို့ ပြောပြထားတာပါ။

ဆက်လက်ဖော်ပြပါမယ်။


No comments: