Sunday, March 6, 2011

ချစ်သော ရဲဘော်များ ပြည်သူများ နှင့် မဟာမိတ်များ - ၁၂

ထင်ထားတဲ့အတိုင်းပါပဲ။ ကမ်းစပ်မှာ ယူနီဖောင်းဝတ်တွေ တထွေးကြီး မြင်ရပါတယ်။ ကျနော်က ကောက်ရိုးပုံပေါ်မှ မထ။ စစ်ဆေးသူ ၄-၅ ယောက်က လှမ်းမေးပါတယ်။ လှေသမားတယောက်က ကျနော် ပြောထားတဲ့အတိုင်း ဖြေလိုက်တော့ အလန့်တကြားဖြစ်သွားပြီး …

“ဒီနား မကပ်နဲ့။ ဟို … ဘက်သွားကပ်”

လို့ အမိန့်ပေးပါတယ်။ တဒုန်းဒုန်းခုန်နေတဲ့ ရင်ခုန်သံဟာ ဒီအချိန်ကျမှ ပုံမှန်ဖြစ်သွားဟန် ရှိပါတယ်။ ခပ်လှမ်းလှမ်း ကမ်းစပ်တနေရာမှာ လှေဆိုက်လိုက်ပြီး ငုတ်တငုတ် ရိုက်။ လှေကြိုး ချည်။ ကျနော့်ကို လှေပေါ်က တွဲချ။ တဖက်စီ ဖေးမခေါ်ကာ ဖြည်းဖြည်း ဖြည်းဖြည်းနဲ့ မြို့ဘက်ကို လမ်းလျှောက် လာခဲ့ကြပါတယ်။ လက်တဖက်စီက တက်ကြီးတွေကိုလည်း သူတို့တတွေ ထမ်းလာရပါသေးတယ်။


အချိုးအကွေ့တခုရောက်တာနဲ့ မကောင်းဆိုးဝါးတွေ မြင်ကွင်းက လွတ်ခဲ့ပြီ။ ကျနော့်ခန္ဓာကိုယ်လည်း မတ်သွားပြီ။ သူတို့ကို ထမင်းစားဖို့ငွေပေးပြီး နေ့ခင်း ၁၂ နာရီ ဈေးထဲ တခေါက်လာခဲ့ကြပါလို့ မှာလိုက်ရသေးတယ်။ ကျနော်က ထမင်းဆိုင် ပြန်နား။ ထမင်းစား။ ဆိုင်ရှင်ကိုလည်း လေယာဉ်ပျံလက်မှတ် ဘယ်လိုဝယ်ရသလဲ စနည်းနာမိတယ်။

ဘာမှပူစရာ မလို။ ဆိုင်ဘေးမှာရပ်နေတဲ့ ဆိုက်ကားဆရာကို မှတ်ပုံတင်နဲ့ ငွေအစိတ်ပိုပေးလိုက် - ကျန်တာ သူ့ဘာသာ ကြည့်လုပ်လိမ့်မယ် တဲ့။ အဲဒီခေတ်က လွယ်လိုက်ပုံများ။

နေ့ခင်းဈေးဘက်ထွက်ပြီး ဟန်မပျက် ဟိုဟာလေး ဝယ်လိုက်၊ ဒီဟာလေး ဝယ်လိုက်လုပ်နေမိတယ်။ ၁၂ နာရီလောက်အရှိမှာ တက်ကြီးတွေထမ်းပြီး ဈေးတနေရာမှာ တလည်လည်ဖြစ်နေတဲ့ ကျေးဇူးရှင် ရွာသား ၂ ယောက်ကို လှမ်းမြင်လိုက်ရပါတယ်။

ဒါပေမယ့် စိတ်ချရအောင် ဆိုင်တဆိုင်ဘေးကနေ သူတို့အမူအရာကို အကဲခတ်ကြည့်နေမိတယ်။ ၁ဝ မိနစ်လောက်ရှိမှ အားရဝမ်းသာ ထွက်တွေ့ပြီး နှုတ်ဆက်လိုက်ပါတယ်။

“ခွဲမှူး မောင်ထွန်းစိန်ကို ပြောပါ။ အားလုံး ချောချောမောမော ရှိပါတယ်” …

လို့ မှာလိုက်ပါတယ်။

သူတို့လည်း အတော်ဝန်ပေါ့သွားဟန်နဲ့ ခပ်သွက်သွက် ထွက်သွားကြပါတယ်။ အချိန်ကလည်း ရှိသေးတယ်။ ထမင်းဆိုင်မှာ ထိုင်နေတာထက်စာရင် တနေရာသွား အချိန်ဖြုန်းတာကမှ ကောင်းဦးမယ်လို့ စဉ်းစားမိတယ်။ ကျနော် အမှတ်မထင် UG စည်းကမ်းတခုကို ချိုးဖောက်လိုက်မိတာကို နောင်မှသိရတယ်။

ရဲဘော်ကံမြင့်နဲ့တွေ့စဉ် ရခိုင်ရဲဘော်တွေ ဘယ်သူ ဘယ်မှာနေလဲ မေးမိတယ်။ ကျွန်းမှာ တခန်းထဲနေပြီး ကျနော် သံယောဇဉ်ရှိတဲ့ ရဲဘော်တယောက် စစ်တွေမြို့ပေါ်မှာပဲ ရှိတယ်။ ဘယ်ရပ်ကွက်မှာ နေတယ်။ စိတ်ကတော့ မမှန်တော့ဘူးလို့ သိခဲ့ရတယ်။

ဆိုက်ကားတစီး,စီးပြီး သူ့အိမ်ရောက်သွားမိတယ်။ သူက အိမ်ရှေ့မှာ လမ်းလျှောက်နေပါတယ်။ ပါးစပ်ကလည်း တတွတ်တွတ် ရွတ်နေပါတယ်။ ကျနော်က အပြေးအလွှားသွားနှုတ်ဆက်တော့ ကြောင်ကြည့်နေတာ အကြာကြီးပါပဲ။

နောက်မှ ...

“မင်း AN ကိုး” … တဲ့။

ပြီးတော့ ဘာမှမပြောတော့ဘဲ ခေါင်းတရမ်းရမ်းနဲ့ လမ်းပဲ ဆက်လျှောက်နေပြန်တယ်။ ကျနော့်ဘက်လည်း လှည့်မကြည့်တော့ပါ။ ၁၉၆၇ ခု စစ်တွေ ဆန်လုပွဲတုန်းက ‘ပြုတ်ဆန်မစား ရခိုင်သား’၊ ‘တော်လှန်ရေး ကောင်စီ -ီး ကောင်စီ’ လို့ ကြွေးကြော် ခေါင်းဆောင်ခဲ့သူကြီး …။

ဝမ်းပန်းတနည်းနဲ့ ကျနော် လှည့်ပြန်ခဲ့ရပါတယ်။ တကယ်က သံယောဇဉ်တခုနဲ့ တခြားအကျိုးဆက်တွေ မကြည့်ဘဲ စိတ်မမှန်တဲ့သူတယောက်ကို (ဒီလိုပြေးလွှားနေရတဲ့ အချိန်မျိုးမှာ) သွားမတွေ့သင့်ပါ။

ဆက်လက်ဖော်ပြပါမည်။


No comments: