တဦးတည်းသော အမျိုးသမီး မြင့်မြင့် ကျန်သေးတယ်။ သူ ဘယ်နေရာမှာရှိတယ် ဆိုတာလဲ သိပြီးသား။ ရခိုင်ကပေးလိုက်တဲ့ လမ်းပေါက်က နီးနီးလေးရယ်။ မေမြို့ကနေ ကံကြီးရွာဘက်ဆင်း။ ဒုဌာဝတီကူးတို့ကို ဖြတ်။ ဟိုဘက်မှာ ဘယ်လိုဆက်သွယ်ဆိုပြီး အသေးစိတ် အစီအစဉ် ကျနော့်ဆီ ပါလာခဲ့ပြီ။
ဒါ့ကြောင့် မြင့်မြင့်ကို နောက်မှ ပြန်ခေါ်မယ်။ ခု မေမြို့ ကံကြီးလမ်းပေါက်အောင် အရင်ဖောက်လိုက်ဦးမယ် … ပေါ့။
နှစ်ယောက်သား မန္တလေးကိုဖြတ်ပြီး မေမြို့ကို တက်ခဲ့ကြတယ်။ တည်းခိုခန်းမှာ တညအိပ်တယ်။ နောက်တနေ့ ကံကြီးဘက်ကို ကားကြုံနဲ့လိုက်ပြီး ဆက်လျှောက်လာကြတယ်။ မောလို့ မောမှန်းမသိ။ လူတွေက ပေါ့ပါးနေကြတယ်။ ညနေခင်း ဒုဌာဝတီကမ်းနားက ရွာကို ရောက်ကြပြီပေါ့။
ကူးတို့သမားကို တဖက်ကမ်းကို ပို့ဖို့ပြောတော့ မျက်စိမျက်နှာပျက်နေတယ်။
“ထိုးစစ်ဝင်နေတယ်။ မင်းတို့ မသိဘူးလား။ ကူးတို့တွေ ပိတ်ထားတယ်”
လို့ သတိပေးပါတယ်။
အမျှော်ကြီး မျှော် အပျော်ကြီး ပျော်လာပြီးမှ ရင်ဝဆောင့်ကန်ခံရသလို ခံစားလိုက်မိတယ်။ ဟိုဘက်ကမ်းကိုလည်း မြင်နေရပြီ။ ဒါလေးကျော်လိုက်ရင် လွတ်မြောက်ပြီပဲလို့ လက်တွေ့မကျတဲ့ စဉ်းစားမှုက ပေါ်နေတယ်။
ကျနော် လှည့်မပြန်ချင်တော့ဘူး။ သူကြီးအိမ် သွားအိပ်မယ်။ တရက် နှစ်ရက် အခြေအနေ စောင့်ကြည့်ပြီး ကူးချင်တယ်လို့ ရဲဘော်လှဝင်းနဲ့ တိုင်ပင်ကြည့်မိတယ်။ သူက ကန့်ကွက်ပါတယ်။ ကူးတို့သမားက သူကြီးအိမ်မှာလည်း စစ်သားတွေရောက်နေတယ်လို့ ပြောပြန်တယ်။ နည်းနည်းတော့ ဖြုံသွားမိတယ်။ ဒါပေမယ့် ကူးလိုက်ချင်တဲ့ အာသာက တစိုးတစိမှ လျော့မသွားသေး။
ဘာပဲဖြစ်ဖြစ် နောက်ဆုံးတော့ လက်လျှော့လိုက်ပါတယ်။
လာစဉ်ကလျှောက်ခဲ့တဲ့ လမ်းမအတိုင်း မပြန်။ တခြားလူသွားလမ်းလေးက လျှောက်ပြန်ခဲ့ရင်းက တောမီးရှို့ထားတဲ့ အကွက်တကွက်ကို ရောက်လာပါတယ်။ တချို့သစ်ငုတ်တွေက မီးခိုးအူအူ ထွက်နေသေးတယ်။ မှောင်ကလည်း မှောင်လာပြီ။ ဒီမှာပဲအိပ်မယ်လို့ ကိုလှဝင်းက ပြောပါတယ်။ ညမှာ လမ်းပျောက်သွားနိုင်တာမို့ ပြာပုံပဲ တိုးရပါတော့တယ်။
တမျိုးကောင်းတာက မြေကြီးက နွေးနေတယ်။ မီးငြိမ်းနေပြီဖြစ်တဲ့ သစ်ငုတ်တငုတ်ကို ဟိုဘက် ဒီဘက်မှီ … ခြေဆင်းပြီး အိပ်လိုက်ကြပါတယ်။ ကောင်းကောင်း အိပ်ပျော်ကြတာတော့ မဟုတ်။ မေ့သိ မေ့သိပါပဲ။
မနက်မိုးလင်တော့ ထလျှောက်ကြတယ်။ ကားတစီးလာသံကြားလို့ လမ်းမဘက် ပြန်ဆင်းပြီး ကားကိုတားကြတယ်။ အမိုးမပါ ထရပ်ကားတစီးပဲ။ ရွာသားတချို့ပါလာတယ်။ အတော်ပါပဲ။ ကံကြီး သွားမယ်ဆိုလို့ တက်လိုက်ကြတယ်။ ကံကြီး ရောက်ရင် မေမြို့တက်မယ့်ကား မရှားတော့ဘူးပေါ့။
ခရီးသည်တွေကတော့ ပြာပုံထဲကထလာတဲ့ (ဖီးနစ်ငှက် ပြောမလား? သုနက္ခ ပြောမလား?) လူစိမ်း ၂ ယောက်ကို တထူးတဆန်း ဖြစ်နေပုံရတယ်။ ဒီအရပ်ကို မရောက်ဘူးပေမယ့် ရေစိမ်း မြေစိမ်း မဟုတ်။ စကားကလည်း ပေါက်နေလေတော့ ဘာပဲဖြစ်ဖြစ် ပိုင်ပိုင်နိုင်နိုင် ဆုံးဖြတ် အကောင်အထည်ဖော်နိုင်ခဲ့ကြပါတယ်။ မေမြို့တည်းခိုခန်းမှာပဲ တညအိပ်ကြတယ်။
နောက်နေ့ မန္တလေးပြန်ဆင်းလာခဲ့ကြတယ်။ မန္တလေးပြန်ဝင်တော့မယ်ဆိုတော့ သတိပြန်ထားလာရတယ်။ အသိအကျွမ်းကလည်း များ၊ အမှုတွဲကိုင်ထားတဲ့ ဒေသခံ ထောက်လှမ်းရေးက ရှိနေလေတော့ မြို့ထဲအထိ လိုက်မသွားဘဲ မြို့စွန်မှာ ဆင်း လိုက်ကြပါတယ်။ ပစ္စည်းပစ္စယတွေနဲ့ ရှုပ်ပွေနေတဲ့ ရဲဘော်ကို...
“ခင်ဗျားကြည့်ရတာ MI ကကြည့်လိုက်ရုံနဲ့ သတိထားမိမယ့် ပုံပဲ”
လို့ မှတ်ချက်ပေးလိုက်ပါတယ်။ သူကလည်း ပြန်တွက်ပါတယ်။
“ကျနော်ကလည်း ခင်ဗျားကိုကြည့်ပြီး အဲဒီလိုထင်နေတာ” တဲ့။
မန္တလေးမှာ ၃-၄ ရက် ခိုနေလိုက်ကြပါတယ်။
သူနဲ့ကျနော် သေနင်္ဂဗျူဟာ ညှိကြရပါတယ်။ နေရေးထိုင်ရေး အစီအစဉ်ဆွဲကြတယ်။ ဒီလမ်းက မပေါက်ရင် ရခိုင်ဘက်က သိလာတဲ့ နောက်လမ်းတွေ ရှိသေးတယ်။ မူဆယ်လမ်းကို ပြန်သွားချင်သွားရမယ်။ ပိုင်ပိုင်နိုင်နိုင်သွားဖူးသူ ရှာမယ်။ တယောက်ရောက်သွားရင် ရပြီ။ ပြန်ခေါ်ဖို့ပဲရှိတယ်လို့ တွက်မိတယ်။ အခြေအနေပေးရင်တော့ တခါတည်းသွားကြတာပေါ့ လို့ပြောပြီး ရန်ကုန်ကိုပြန်ဆင်းလာခဲ့ပါတယ်။
ဆက်လက်ဖော်ပြပါမည်။
No comments:
Post a Comment