အာအက်ဖ်အေ သောတရှင်များခင်ဗျား။
ဒီလပိုင်းကတော့ မဲဆောက်ကိုအခြေပြုပြီး လာရောက်နေထိုင် လုပ်ကိုင်စားသောက်နေကြတဲ့ မြန်မာပြည်သားတွေ ပြဿနာပေါင်းစုံကို နည်းလမ်းမျိုးစုံနဲ့ ဖြေရှင်းကြရတဲ့လလို့ပဲ ပြောရပါလိမ့်မယ်။
အထူးသဖြင့် အလုပ်လုပ်ခွင့်လက်မှတ်လုပ်ကြမယ့် တနည်းအားဖြင့် မြန်မာအလုပ်သမားတွေ စကားအရ ဆိုရင်တော့ အသက်ဆက်ခွင့်လက်မှတ် လုပ်ကြရတော့မှာကိုး။
သူတို့ပြောတဲ့ အသက်ဆက်ခွင့်ဆိုတာ မနှစ်က ကိုင်ဆောင်တဲ့ အလုပ်လုပ်ခွင့်လက်မှတ်ကို ဒီနှစ်ဆက်ပြီး အသက်ဆက်တာက အနက်တမျိုး။ လက်လှုပ်မှ ပါးစပ်လှုပ်ရမှာဆိုတော့ အူစိုမှ အသက်ကဆက်ရှင်သန်မှာ မဟုတ်ဘူးလားလို့ ဖွင့်ဆိုတဲ့ အဓိပ္ပာယ်က တသွယ်။
ဒီတော့ ဗြောင်းဆန်အောင် တောင်းလှန်ပြီး ရှာနေရတယ်ဆိုတဲ့ အသံတွေဟာ ထိုင်းမြန်မာနယ်စပ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲကြီးငယ်တွေက ပေါက်ကွဲ မြည်ဟီးနေတဲ့အသံတွေထက် ပိုပြီး ကျယ်လောင်လှပါတယ်။
အထူးသဖြင့် စက်ရုံ အလုပ်ရုံမှာ အတည်တကျ လုပ်ကိုင်နေကြသူတွေကတော့ ပြဿနာ သိတ်မရှိလှပါဘူး။ မလုပ်ချင် လုပ်ချင် အလုပ်ရှင်က စာရင်းဇယားနဲ့ သတ်မှတ်တဲ့ရက်မှာ ကားကြီး ကားငယ် အသွယ်သွယ်နဲ့ ပို့ဆောင်လုပ်ကိုင်ပေးကြတာကိုး။ အလုပ်လုပ်ခွင့်လက်မှတ်လုပ်မယ့် ငွေကိုလည်း ကြိုရှာထားပေရော့ပဲ။
မလုပ်နိုင်ရင် စက်ရုံကထွက် တခြားအလုပ်ရှာ၊ လမ်းမှာ ကံဆိုးမိုးမှောင်ကျရင် ရဲနဲ့ ငြိ၊ အသိက ရွေး ဆိုတဲ့ ဇာတ်လမ်းတွေက မဲပြာပုဆိုးနဲ့ ဂျာအေးသူ့အမေရိုက်ဆိုရမလိုပါပဲ။ စည်းကမ်းစနစ်ကျနတဲ့ စက်ရုံ အလုပ်ရုံ ပိုင်ရှင်တွေက ဒါကိုပဲ အလေးထားဆောင်ရွက်ကြတာပါ။ သူ့စက်ရုံအတွင်းအပြင် အလုပ်သမားပြဿနာ၊ ရဲပြဿနာ၊ လူဝင်မှုကြီးကြပ်ရေးပြဿနာ ဘယ်လို ပြဿနာကိုမှ မဖြစ်စေချင်ကြပါဘူး။
ဒီတော့ သူ့စက်ရုံက အလုပ်သမားတွေ၊ အလုပ်သမတွေဟာ ဥပဒေနဲ့အညီ နေထိုင်လုပ်ကိုင်ကြသူတွေ ဖြစ်တယ်ဆိုတဲ့ အာမခံချက်နဲ့ စက်ရုံကို လည်ပတ်ချင်ကြသူတွေပါ။ ဒီလိုစက်ရုံမျိုးဆိုတာကလည်း မဲဆောက်မှာ စက်ရုံ ၂၀၀ နီးပါးမှာ စက်ရုံ နှစ်ဆယ်၊ အစိတ်လောက်ပဲ ရှိပါတယ်။ ကျန်စက်ရုံတွေကတော့ တရွာတပုဒ်ဆန်း၊ ကိုယ့်စည်းကမ်း ကိုယ်ထုတ်တဲ့ စက်ရုံတွေချည်းပါပဲ။
အကြောင်းရင်းကတော့ ဈေးပေါပေါနဲ့ အလုပ်သမားရရေးမူလို့ ဆိုရမှာပေါ့။ ဒီလိုစက်ရုံမျိုးတွေက ဝင်ရောက်စစ်ဆေးတော့မယ်ဆိုရင် စက်ရုံကို ယာယီပိတ်လိုက်တာတို့၊ အလုပ်သမားတွေကို ရှောင်တိမ်းခိုင်းထားတာတို့နဲ့ နှစ်ရှည်လများ စခန်းသွားလာကြတာချည်းပါ။
ဒီထက်အခြေအနေ ဆိုးရွားတာကတော့ အိမ်တွင်းစက်မှုသာသာ အလုပ်ရုံတွေပါ။ ပရိဘောဂအလုပ်ရုံတွေ အပါအဝင် ဖယောင်းတိုင်၊ အမွှေးတိုင်၊ အသားတု၊ ကျောက်စီ ပန်းချီ၊ ဘောက်အုတ်၊ မြေအုတ်၊ ဆောက်လုပ်ရေးလုပ်ငန်းခွင် စတဲ့ အလုပ်ရုံတွေ အုတ်ကျင်းတွေနဲ့ လုပ်ငန်းခွင်တွေ ဆိုပါတော့။
အလုပ်ရုံပိုင်ရှင်တွေဘက်က ရှုမြင်တဲ့အမြင်က ဘယ်အလုပ်သမားမှ သူ့လုပ်ငန်းမှာ သေတပန်သက်တဆုံး လုပ်မယ့်လူလို့ မယုံကြည်သလိုပဲ၊ အလုပ်သမားတွေကလည်း ဒီအလုပ်ကြမ်းမျိုးတွေကို ယာယီအလုပ်တခု လိုပဲ သဘောထား လုပ်ကိုင်နေကြလို့ပါ။ ဒီတော့ အလုပ်လုပ်ခွင့်ပါမစ်ကို စိတ်မဝင်စားကြသလို အလေးထားရကောင်းမှန်းလည်း မသိပါဘူး။ လမ်းမှာ ရဲနဲ့ငြိလည်း အသိကို ဖုန်းဆက်၊ လာရွေး၊ ကြွေးမှတ်၊ စက်ရဟတ်ရယ်တဲ့ ချာချာလည်လို့ပဲ ဆိုပါရစေတော့။
နောက် အလုပ်လုပ်ခွင့်လက်မှတ် ကိုင်ဆောင်ကြတဲ့ လူတန်းစားတရပ်ကတော့ ကိုယ်ထူကိုယ်ထ ထူထောင်ထားတဲ့ ကျောင်းတွေမှာ ဆရာ ဆရာမ လုပ်ကြတဲ့သူတွေ၊ လူထုကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေ ဆောင်ရွက်တဲ့အဖွဲ့တွေက ကျန်းမာရေး လုပ်သားတွေ၊ အလုပ်သမားအရေး ဆောင်ရွက်ကြတဲ့ သူတွေပါ။ ဒီလူအားလုံးလိုလိုကလည်း ရဲလက်က ပြေးလွတ်ဖို့ရာက အလုပ်လုပ်ခွင့်လက်မှတ်က ထိုင်းနိုင်ငံ မဲဆောက်မှာတော့ အာမခံချက် အပြည့်ရှိတယ်လို့ ပြောရမှာပါပဲ။
သို့ပေမယ့် သူလည်းလေ မြန်မာပြည်သားရယ်မို့ စာချိုးလို့ရနိုင်တယ် မဟုတ်ပါလား။ စောစောကပြောတဲ့ အသက်ဆက်ဖို့အတွက် ငွေ ၅,၀၀၀ လောက်တော့ အကြမ်းဖျင်း ရှာကြဖွေကြရပါပြီ။ တချို့ ကျောင်းတွေက တာဝန်ရှိသူတွေက ဆရာ ဆရာမတွေရဲ့ အခက်အခဲကိုနားလည်တော့ ကျသင့်ငွေကို ကြိုစိုက်ပေးထားပြီး လစဉ် အရစ်ကျ ပြန်ဖြတ်တဲ့စနစ်နဲ့လုပ်ကြပေမယ့် နွမ်းပါးချို့တဲ့ တဲ့ကျောင်းတွေက ဆရာ ဆရာမတွေ ကတော့ ရှာပေအုန်းတော့ ထမင်းထုပ်ကြီးနဲ့ တွေ့လိမ့်နိုးနိုး ထင်သည်လို့ စပ်ဆိုထားတဲ့ မန်ဒါလီ တေးသီချင်းကိုပဲ ညည်းကြရပါတယ်။
အကျိုးဆက်ပြဿနာတွေကတော့ မြန်မာအများစုနေထိုင်ကြတဲ့ ရပ်ကွက်တွေမှာ၊ အထူးသဖြင့် ဆင်ခြေဖုံးနေရာတွေမှာ ခိုးဝှက်မှုတွေ၊ အပေါင်အနှံကိစ္စတွေ၊ လောင်းကစားဝိုင်းတွေ၊ လိမ်စား ရိုက်စား ပြဿနာတွေက ကြီးထွားလာတာပါပဲ။ မနက် ရေနွေးအိုးလေးတည်မယ်လုပ်တော့ ထမင်းအိုးပါ ပျောက်နေတာ။
အလုပ်သွားမယ် ကြည့်လိုက်တော့ စက်ဘီးကို မမြင်ရတော့တာ၊ အဆိုးဆုံးကတော့ လုပ်ငန်းခွင်သုံး တန်ဆာပလာတွေ ခိုးဝှက်ခံရတာပါ။ တူလေး လွှလေးက အစ ရေပေါ်စက်၊ လွှစက်၊ ဂဟေစက်တွေ ပါသွားပြီဆိုလို့ကတော့ သေပြီဆရာရေလို့ အော်ရုံကလွဲလို ပြန်ရစရာ ဘာမှကိုမရှိတဲ့ အဖြစ်သနစ်တွေပါ။
ဆောက်လုပ်ရေးလုပ်ငန်းခွင် မကြီးမသေးမှာ ကြီးကြပ်လုပ်ကိုင်နေတဲ့ အလုပ်ကြပ်ကြီး တယောက်ကတော့ အလုပ်လုပ်စားရတာ အရင်တုန်းကလို မကောင်းတော့ပါဘူး၊ ဥပဒေကလည်း အမျိုးမျိုး၊ ကိုယ့်အောက်မှာ လာလုပ်နေတဲ့သူတွေကလည်း တနေ့ တယောက်၊ တယောက် တမျိုး၊ ကံထရိုက်ကလည်း တနေ့ ရွှေ တနေ့ ငွေ၊ တနှစ်တခါ အသက်ဆက်နေရတာနဲ့ပဲ ရွာပြန်ရက်ကိုမတွက်နိုင်တာ ကြာလှပေါ့ဆိုတဲ့ စကားက စာရေးသူနားထဲကို အတောင့်လိုက် ဝင်လာပါတယ်။ နားဆင်တဲ့အတွက် ကျေးဇူးတင်ပါတယ်။
မောင်လွမ်းဏီ
၂၆-၁-၂၀၁၁
လွတ်လပ်တဲ့ အာရှအသံ (RFA) မှ ပြန်လည်ကူးယူ ဖော်ပြပါတယ်။
သရုပ်ဖော် ပန်းချီ - မောင်မောင်တင်
No comments:
Post a Comment