မှားတတ်တဲ့ အမှားများ
နိုင်ငံရေးစကားဝိုင်းတွေမှာ အများဆုံးမှားတတ်ကြတာက မလိုအပ်ဘဲ လေရှည်နေတာ ဖြစ်တယ်။ ရှေ့က လူတချို့ ပြောပြီးသားတွေကို ထပ်ပြောနေတာ။ အချိန်ကို မတွက်တတ်တာ။ စီစဉ်သူရဲ့ အရိပ်အကဲကို နားမစွင့် ကိုယ်ပြောချင်တာတွေကို ရေပက်မဝင်အောင် စွတ်တင်နေတာ ဖြစ်တယ်။ ကိုယ်ညံ့တာကို အထုပ်ဖြည်ပြသလို ဖြစ်တတ်တယ်။ စီစဉ်သူက အတင်းကိုစကား ဖြတ်တောက်ခံရတာ ရှက်စရာလည်း ဖြစ်တယ်။
ဥပမာ-စီးပွားရေးအကြောင်း စကားဝိုင်း ဆိုပါစို့။ နိုင်ငံခြားကို ပို့ကုန်များများ တင်ပို့နိုင်အောင် ဘယ်လို နည်းလမ်းတွေ ရှိနိုင်မလဲဆိုတာကို ဆွေးနွေးကြပါလို့ စီစဉ်သူက လမ်းကြောင်း ပေးတယ်။ ဆွေးနွေးသူတွေက ကုန်ဈေးနှုန်းတွေ ကြီးမားနေတာ၊ အလုပ်လက်မဲ့တွေ များနေတာ၊ ကုန်ထုတ်လုပ်မှုကို အထောက်အကူပြုတဲ့ ပညာရေးကို အားပေးသင့်တာတွေ လျှောက်ပြောနေရင် တလွဲတွေဖြစ်ကုန်ပြီ။ အဲဒါတွေဟာ မှားလားဆိုတော့ မမှားပါဘူး။
ဒါပေမယ့် ခုတော့ ဆွေနွေးရမယ့်ခေါင်းစဉ်နဲ့ တိုက်ရိုက် မသက်ဆိုင်ဘူး။ ပြီးတော့ လူတွေတော်တော်များများ သိနေပြီးဖြစ်တဲ့ အကြောင်းတွေကို စကားဝိုင်းမှာ ပြောနေဖို့မလိုပါဘူး။ တချို့က သမားဂုဏ်ပြချင်လို့ ပြောတာ။ တချို့က ကိုယ်က တမတ်ဖိုးလောက်သိတာကို တကျပ်ဖိုးလောက်ထင်ပြီး လူတွင်ကျယ်လုပ်တာ။ တော်တော်များများကတော့ စကားဝိုင်းမှာ အပေးအယူမျှမျှ ပါဝင်ပြောဆိုနည်းကို နားမလည်လို့ မှားနေကြတာ ဖြစ်တယ်။
သတိထားရန်
(၁) စကားဝိုင်းမှာ ပါဝင်ပြောဆိုသူဟာ အရိပ်သုံးပါး နားလည်ရမယ်။ စီစဉ်သူရဲ့စကားကို နားစွင့်ပြီး
ပြောဆိုရမယ်။ ကြားဖြတ်မေးချင်ရာ မေးမှာပေါ့။ မေးတာကို ဖြေရမယ်။
(၂) တယောက်တည်း အကြာကြီး မပြောရပါဘူး။
(၃) သူများကို အလှည့်ပေးရမယ်။ သူများပြောတာကို သေချာ နားထောင်ရမယ်။
(၄) မိမိ ပါဝင်ဆွေးနွေးတဲ့ ဘာသာရပ်ကို နားလည်အောင် လေ့လာပြီးမှ ပြောသင့်တယ်။
(၅) အကောင်းဆုံးကတော့ ပြောချင်တဲ့ အချက်အလက်တွေကို မှတ်စုလေးတေးပြီး ပြောသင့်တယ်။
အရည်အချင်း လိုအပ်ချက်
ကျွန်တော်တို့နိုင်ငံမှာ နိုင်ငံရေး စိတ်ဝင်စားသူ၊ နိုင်ငံရေးပါဝင်ဆောင်ရွက်သူတွေ အရေအတွက်ကော အရည်အချင်းကော လိုအပ်နေပါတယ်။ နိုင်ငံရေးကို ဖာသိဖာသာနေတဲ့သူတွေ များနေရင် လုံးဝ မကောင်းပါဘူး။ နိုင်ငံရေးကို ကိုယ်ကျိုးစီးပွားအတွက် ဝင်ရောတဲ့ အချောင်သမားတွေ များလာရင် လုံးဝ မကောင်းပါဘူး။
ကိုယ်ကျိုးစီးပွားမရှာတဲ့ နိုင်ငံရေးကို စိတ်ဝင်စားပြီး မိမိနိုင်ငံမှာ ဘာတွေဖြစ်နေလဲ၊ ဘယ်သူတွေက အုပ်ချုပ်နေတာလဲ၊ ဘာစနစ်နဲ့ အုပ်ချုပ်နေတာလဲ၊ တိုးတက်နေသလား၊ ဆုတ်ယုတ်နေသလား၊ မချောင်လည်ဘူးလား စသည်ဖြင့် အကဲခတ်လေ့လာ၊ မိမိတတ်နိုင်တဲ့နေရာက ကိုယ်စွမ်း ဉာဏ်စွမ်းရှိသလောက် ပါဝင်ဆောင်ရွက်သူတွေကို အရေအတွက်အားဖြင့် အရင်ဆုံး လိုပါတယ်။ ပြီးတော့မှ အရည်အချင်းပိုင်း ဖြည့်ဆည်းရင် ဖြစ်ပါတယ်။
အရည်အချင်းပိုင်းမှာပထမ အရေးကြီးဆုံးကတော့ ရိုးသားဖြောင့်မတ်မှု (Sincerity) ပါပဲ။ ရိုးသားဖြောင့်မတ်မှု လို့ အပြည့်အစုံပြောမှ တိကျမှာပါ။ Sincerity ကို The Quality or condition of being sincere; genuineness honesty, and freedom from duplicity လို့ The American Heritage Dictionary က အဓိပ္ပာယ်ဖွင့်တာကို သဘောကျလို့ပါ။
ကျွန်တော်တို့နိုင်ငံမှာ နိုင်ငံရေးပါတီတွေ အများကြီး ပေါ်ခဲ့ဖူးတယ်။ ဟိုး … အာဏာရ ဖဆပလ ခေတ်ကနေ မြန်မာ့ဆိုရှယ်လစ်ခေတ်အထိ လေ့လာကြည့်ရင် ရိုးသား ဖြောင့်မှန်မှုနဲ့ နိုင်ငံရေး ဝင်လုပ်သူထက် အခွင့်အရေး မျှော်ကိုးပြီး ဝင်လုပ်သူတွေက အရေအတွက်များခဲ့တာ တွေ့ရမှာပါ။
လမ်းစဉ်ပါတီ စတင်တည်ထောင်ချိန်က ကျွန်တော်တို့ တက္ကသိုလ်အပြင်တောင် ရောက်နေပြီမို့ ကောင်းကောင်းကြီး သိပါတယ်။ အဲဒီအချိန်က အလုပ်အကိုင် သိပ်မရှားသေးပါဘူး။ တက္ကသိုလ်ဘွဲ့ရတွေဟာ ကုန်သွယ်ရေး မန်နေဂျာ၊ သစ်လုပ်ငန်း လက်ထောက်မန်နေဂျာ၊ နိုင်ငံခြားရေးရုံး တတိယ အတွင်းဝန် စသည်ဖြင့် ရာထူးဝန် စာမေးပွဲတွေ ဖြေဆိုနိုင်တယ်။ ရာထူးရတဲ့သူ များတယ်။ နောက်တမျိုးက ATO လို့ခေါ်တဲ့ လက်ထောက်မြို့ပိုင် ရာထူး။ နောင် မြို့ပိုင် နယ်ပိုင် ခရိုင်ဝန် စသည်ဖြင့် တက်သွားတာပဲ။
မိုးထဲရေထဲမှာ
အဲဒီကာလမှာပဲ သူငယ်ချင်းတချို့က လမ်းစဉ်ပါတီ ကေဒါများ အဖြစ် ဝင်ခဲ့ကြတယ်။ လမ်းစဉ်ပါတီကို ပမညတ ဟောင်းနဲ့ ဗကပ ဟောင်းတွေ ဝင်တာ များတယ်။ ဖဆပလ နဲ့ ပထစ ဟောင်းတွေ ဝင်တာ နည်းတယ်။
ယခင်နိုင်ငံရေး မလုပ်ခဲ့ဖူးဘဲ လမ်းစဉ်ပါတီထဲဝင်တဲ့ လူသစ်တွေဟာ ဆိုရှယ်လစ်လမ်းစဉ်ကို တကယ်ယုံကြည်လို့ ဝင်သူတွေရှိသလို ရေရှည်မှာ စားသာတယ်ဆိုပြီး တွက်ကိန်းနဲ့ဝင်သူတွေ အတော်များတယ်။
ကျွန်တော်တို့ ကျောင်းမှာတုန်းက နိုင်ငံရေး စိတ်ဝင်စားဖို့မပြောနဲ့ သမဂ္ဂထဲတောင် မရောက်ဖူးသူတွေ အတော်များများ လမ်းစဉ်ပါတီထဲ ရောက်ကုန်တယ်။ နောင် မိုးထဲရေထဲလည်း ရောက်ရော ပါတီဝင် ကတ်ပြားတွေ မီးရှို့ပြီး ကိုယ်လွတ်ရုံးကြတဲ့အခါ သူတို့ ရှေ့ဆုံးကပဲဗျ။
ကျွန်တော်တို့တိုင်းပြည်ရဲ့ အနာဂတ်နိုင်ငံရေးမှာ အဲသလိုလူတွေကိုတော့ ကျပ်ကျပ်ကြီး သတိထား ရှောင်ဖို့လိုပါတယ်။ အခွင့်အရေးမျှော် နိုင်ငံရေးသမားနဲ့ ရိုးသားဖြောင့်မှန်တဲ့ နိုင်ငံရေးသမားကို ခွဲခြားအားပေးဖို့ကတော့ ပြည်သူများရဲ့တာဝန်ဖြစ်ကြောင်းပါ ခင်ဗျာ။
ပြည်သူ့ခေတ် ဂျာနယ် အတွဲ ၁၊ အမှတ် ၂၅
ဇန်နဝါရီ ၃၊ ၂၀၁၁
ဇန်နဝါရီ ၃၊ ၂၀၁၁
No comments:
Post a Comment