မင်္ဂလာဒုံလေဆိပ်မှာ ချိန်းထားတဲ့ ရဲဘော်ကို တွေ့ရတယ်။ ကျွန်းရဲဘော်တယောက်နာမည်နဲ့ တူနေလို့ အတော်အားရှိသွားပါတယ်။ လေဆိပ်မှာ အတူတပူးတွဲတွဲ မနေပါ။ ကျနော်က တံခွန် အားကစားဂျာနယ် တစောင်ဝယ်ပြီး ရေတပ် တပ်ကြပ်ကြီးတယောက် ထိုင်ခုံဘေးမှာထိုင်ပြီး ဖတ်နေပါတယ်။ တပ်ကြပ်ကြီးက ကျနော့် တံခွန်ဂျာနယ်ကို ကြည့်ပါရစေ ခွင့်တောင်းလို့ ပေးလိုက်ရာက အားကစား ဝါသနာရှင် ၂ ဦး မိတ်ဆွေဖြစ်သွားပါတယ်။ သူလည်း စစ်တွေကို လိုက်မှာတဲ့။
တစင်းပြီးတစင်း ဆင်းလာတဲ့ လေယာဉ်တွေ …။ နောက် တက်သွားတဲ့ လေယာဉ်တွေကို တမေ့တမော ကြည့်နေမိတယ်။ တောသားဆိုတော့ အမျိုးအစား မခွဲတတ်။ ကောင်းမှန်း ဆိုးမှန်း မသိ။ တရုတ်ပြည်က ဂျက်လေယာဉ်ကြီး ဆင်းလာတော့ တခြားလေယာဉ်တွေထက် ကြီးနေတာတွေ့ရပြီး အားရနေမိတယ်။ မကြာလိုက်ပါဘူး၊ အမေရိကန် ဂျက်လေယာဉ်ကြီး တစင်း မြေတုန်အောင်ဆင်းလာတော့ ပီတိစိတ်တွေ ပျောက်သွားပြန်တယ်။
ရခိုင်ဘက်ပျံသန်းမယ့် ဗမာ့လေကြောင်းပိုင် လေယာဉ်ကလည်း ဂျက်လေယာဉ်ပဲ။ တပြည်လုံး ၂ စီးပဲရှိတယ်။ ဝယ်တာ မကြာသေးဘူးလို့ တပ်ကြပ်ကြီးက ကျနော့်ကို ရှင်းပြနေပါတယ်။
လေယာဉ်ပျံပေါ်တက်ကြတော့ တပ်ကြပ်ကြီးက ကျနော့်ဘေးမှာကျတယ်။ လက်မှတ်ဝယ်ကတည်းက ခွဲဝယ်ထားတဲ့ ကျနော့်ရဲဘော်က ခပ်လှမ်းလှမ်းမှာ ရှိတယ်။ တပ်ကြပ်ကြီးဘေးမှာထိုင်နေရလို့ တလမ်းလုံး စိတ်ထဲမှာလုံခြုံသလို ခံစားမိတယ်။ လေယာဉ်ပေါ်ပါလာတဲ့ ခရီးသည်တဝက်ကျော်က နိုင်ငံခြားသား တိုးရစ်စ်တွေဖြစ်နေတော့ လူတွေအာရုံက သူတို့ အပေါ်မှာ ရောက်နေတာကလည်း ကောင်းတာပဲ။
ဧရာဝတီတိုင်းပေါ် ဖြတ်ပျံနေစဉ် တပ်ကြပ်ကြီး လက်ညှိုးတညွှန်ညွှန်နဲ့ မိတ်ဆက်ရှင်းလင်းပြတာတွေကို နားထောင်နေမိတယ်။ စစ်တွေအကြောင်း၊ ရခိုင်အကြောင်းကိုလည်း မသိမသာ မေးမိတယ်။
စစ်တွေလေဆိပ်ကို ရောက်ပါပြီ။ ရည်မှန်းချက် တဆင့်ပေါက်ခဲ့ပြီ။ ဒီနေရာကစပြီး အရာရာကို၊ ခေါင်းဆောင်မှုကို ပါလာသူ ရဲဘော်အား လွှဲလိုက်ရပါတယ်။ ကျနော် ဘာမှမသိ၊ ဘာမှမကျွမ်း။ သူစီစဉ်သမျှ လိုက်နာရုံပဲရှိတယ်။
ထမင်းဆိုင် တဆိုင်သွားပြီး တည်းခိုကြတယ်။ ထမင်းလည်းစား အိပ်လို့လည်းရ။ ဒီခေတ်လို တခြား ဝန်ဆောင်ခငွေ ကုန်စရာတယ် မရှိလှ။ နာမည်ကြီး ရခိုင်ငပိထောင်း။ ငရုပ်သီးစပ်စပ်နဲ့ စားလို့ကောင်းပါဘိ။
၁၄-၅ ယောက်အိပ်နိုင်တဲ့ အိပ်စင်ကြီးပေါ် ဧည့်သည် ၆ ယောက်လောက် ခပ်ခွာခွာ အိပ်ကြပါတယ်။ ရှေ့ အခက်အခဲ ဘယ်လောက်ရှိမယ်ဆိုတာ မခန့်မှန်းတတ်။ ပါလာသူ ရဲဘော်အပေါ် အရာရာပုံအပ်လိုက်ပြီမို့ နှစ်နှစ်ခြိုက်ခြိုက် အိပ်လိုက်မိတယ်။
(၃)
ပြောက်ကျားဒေသ
ပြောက်ကျားဒေသ
နောက်တနေ့ ပုဏ္ဏားကျွန်းဘက်ထွက်မယ့် သင်္ဘောတစင်း ပေါ်တက်ခဲ့ကြတယ်။ ကုလားတန်မြစ်အတိုင်း ကွေ့လိုက် ကောက်လိုက် မြစ်လက်တက်တွေထဲ ဝင်လိုက်ထွက်လိုက်နဲ့ ညနေစောင်းမှ ပုဏ္ဏားကျွန်းကို ရောက်ပါတယ်။
ဘုန်းကြီးကျောင်းတကျောင်းမှာ တည်းပါတယ်။ အထူးအထွေ တင်လျှောက်စရာလည်း မလို။ လှူဖွယ်တန်းဖွယ် ပါစရာမလို (ကျနော့် ရဲဘော်ကတော့ ကန်တော့စရာ ငှက်ပျောဖီး၊ ဖယောင်းတိုင် စသည် ဝယ်လာခဲ့တယ်) ခရီးသွားများဖြစ်၍ တညတာ တည်းခိုခွင့်ပြုပါမည့်အကြောင်းလောက်သာ တင်လျှောက်လိုက်ရုံနဲ့ စိတ်ချမ်းသာစွာ အိပ်ခွင့်ရပါတယ်။
ခရီးကြမ်းက နောက်နေ့ကျမှ စပါတော့တယ်။ ပြောက်ကျားဒေသကို စ’တိုးရတော့မယ်လို့ ပါလာသူရဲဘော်က သတိပေးထားပြီး ဖြစ်တယ်။ ဗမာစစ်တပ်ကလွှတ်တဲ့ သူလျှိုဒလန်တွေ ရှိတတ်တာမို့ ဒီနယ်ထဲ ဗမာတွေဝင်လာရင် ဒေသခံလူထုက သံသယနဲ့ ကြည့်တတ်ကြောင်းလည်း သိရပါတယ်။
ပုဏ္ဏားကျွန်းမြို့ပေါ်က စားစရာသောက်စရာတချို့ ဝယ်ပါတယ်။ ကျနော့်မှာ အဝတ်အစားထည့်ဖို့ လွယ်အိတ်တလုံးပဲ ပါ,ပါ တယ်။ ကျနော့်ရဲဘော်ကတော့ ခါးဝတ်ခါးစားနဲ့ပဲ လိုက်လာသူ ဖြစ်တယ်။ ဒါကလည်း ကောင်းပါတယ်။ ပစ္စည်းပစ္စယ မရှုပ်တော့ ဘေးလူက သင်္ကာမကင်း သိပ်မဖြစ်တော့ပါ။
ဆက်လက်ဖော်ပြပါမည်။
No comments:
Post a Comment