ကရင်ပြည်နယ်ခရီး
ခင်ဗျား လိုက်မလားလို့ မေးပါတယ်။ ရေရှည်မှာ ငွေရေးကြေးရေး ကိစ္စ။ ပြန့်ကျဲ ရောက်နေတဲ့ ရဲဘော်တွေကို ကောက်သင်း ကောက်ရဦးမယ့်ကိစ္စ။ လုံခြုံရေးကိစ္စ။ သူတို့ကို စောင့်ရှောက်ပေးနေရတဲ့ ရဲဘော်တွေ မိတ်ဆွေတွေအတွက် တာဝန်ဖိစီးနေတာတွေကြောင့် ကျနော်က မြန်မြန် အကောင်အထည်ဖော်ချင်နေပါတယ်။ ဒါ့ကြောင့် ဒီခရီးကို စမ်းကြည့်ဖို့ ဆုံးဖြတ်ချက်ချလိုက်ပြီး စီစဉ်ခိုင်းပါတယ်။
မနက်ကတည်းက အခန်းထဲမှာ လူဝတ်လဲထားပြီး လူရှင်းချိန် စောင့်နေရပါတယ်။ လစ်တာနဲ့ သပ်သပ်ရပ်ရပ်ပဲ ထွက်လာနိုင်ခဲ့ပါတယ်။ ကရင်ကြီးနာမည်က ဦးထွန်းအောင်။ ကျနော့်နာမည်က သိန်းဝင်း။ ဒါကလည်း ကျွန်း ၅၃ ရက်တိုက်ပွဲမှာ ပထမဆုံးကျတဲ့ ရဲဘော် သိန်းကြည်နဲ့ နောက်ဆုံးကျတဲ့ ရဲဘော်ထွန်းဝင်း နာမည်တွေပေါင်းပြီး မှည့်တာပါ။
မွန်ပြည်နယ်ဘက် ဦးတည်လိုက်ကြတယ်။ ကျိုက်ထီးရိုးတောင် တက်ရပါတယ်။ တောင်ပေါ်မှာ အဆက်အသွယ် လုပ်နိုင်မယ့် KNU ရဲဘော်တွေကို စောင့်ကြတယ်။ ၂ ရက်နဲ့မပေါ်လာလို့ ပြန်ဆင်းလာခဲ့ကြတယ်။ ရထားတတန် ကားတတန်နဲ့ သထုံ၊ ပေါင်ဘက် ရောက်ကြတယ်။ နောက်မှ ဘားအံဘက် ကူးကြတယ်။ ဘားအံမှာ ထမင်းစားဖို့ဆိုင်ထဲဝင်ကြတယ်။
ဦးထွန်းအောင်က ဟင်းတွေမှာနေစဉ် ကျနော်က ကြေးမုံသတင်းစာကို လှန်လှောကြည့်လိုက်မိတယ်။ နာရေးကြော်ငြာမှာ အဖေ့နာမည်ကို တွေ့လိုက်ရတယ်။ မန္တလေးက ဆရာဝန်ကြီး ပြောလိုက်တဲ့အတိုင်းပါပဲ။ သူနဲ့တွေ့အပြီး ၆ လအကြာမှာ ကွယ်လွန်ပါတယ်။ ကျနော် ထမင်း မစားနိုင်တော့ပါ။
စက်လှေတစင်းနဲ့ သံလွင်မြစ်ကို ကူးကြပြန်တယ်။ ကုလားရွာတရွာမှာ တည်းကြတယ်။ အိမ်ရှင်ကုလားနဲ့ ဦးထွန်းအောင်က မိတ်ဟောင်းဆွေဟောင်းတွေပါ။ သူ့နာမည် ကိုမြင့်ဆွေ။ အင်မတန် ပျူငှာပါတယ်။ ကျနော့်ကိုလည်း ဦးထွန်းအောင် ခေါ်သလို ညီလေးလို့ပဲ ခေါ်ပါတယ်။ ဦးထွန်းအောင်ကိုတော့ ဘကြီးလို့ ခေါ်ပါတယ်။
မူဆလင်တွေရဲ့ အစ်နေ့နဲ့ သွားတိုက်ဆိုင်နေလို့ စားလိုက်ရတဲ့ အမဲသား။ သွားတွေကို နာနေပါရော။ ဦးထွန်းအောင်က အခြေအနေကို ထောက်လှမ်း စနည်းနာနေပါတယ်။ တညမှာ ငိုရမှာလား၊ ရယ်ရမှာလား မသိတဲ့အဖြစ်တခုကို ကြုံလိုက်ရတယ်။
ည ၈ နာရီလောက်မှာ ရွာထဲက အော်သံဟစ်သံ ပြေးသံလွှားသံတွေ ကြားလိုက်ရတယ်။ ကျနော်တို့အိမ်က ရွာစွန်မှာရှိတယ်။ ကိုမြင့်ဆွေ ပြေးဆင်းသွားပါတယ်။ ချက်ချင်းလိုပဲ ပြန်တက်လာပြီး ...
“ပေါ်တာဆွဲနေပြီ။ ပြေး … ပြေး”
လို့ အော်ရင်း ရှေ့က ပြေးပါတော့တယ်။
ရွာပြင်လယ် ကွင်းရိုးပြတ်တွေထဲ လွှားခနဲ၊ လွှားခနဲပါပဲ။ ကျနော်တို့ကလည်း နောက်မကျပါဘူး။ ဖဝါးခြေထပ် လိုက်ပါတယ်။ လယ်ကွင်းထဲမှာ ခဏနဲ့ ကုလားတွေ ဖွေးသွားပါတယ်။ ရွာထဲမှာတော့ ခွေးဟောင်သံရယ်၊ ကလေးငိုသံရယ်၊ ကုလားမတွေရဲ့အော်သံဟစ်သံတွေပဲ ညံနေပါတယ်။ ရွာထဲက အသံတွေကလည်း တဖြည်းဖြည်း ငြိမ်ကျသွားတယ်။
ဆက်လက်ဖော်ပြပါမည်။
No comments:
Post a Comment