Monday, January 24, 2011

ကိုယ်ကျိုးရှာသမားများနဲ့ မအပ်စပ်တဲ့အလုပ် (လူထုစိန်ဝင်း)

လတ်တလော ထုတ်ဝေနေတဲ့ ဂျာနယ်ပေါင်း ၁၇၀ လောက်ရှိတယ်လို့ သိရတယ်။ အဲဒီ ၁၇၀ လောက်ထဲက စတုတ္ထ မဏ္ဍိုင်ထဲ အကျုံးဝင်တဲ့ သတင်းဂျာနယ်ပေါင်း ၆၀ လောက်ရှိတယ်။

အခါမလပ်စောင့်ကြည့်

သတင်းဂျာနယ် ၆၀ လောက်ပဲ စတုတ္ထမဏ္ဍိုင်ထဲမှာ အကျုံးဝင်တယ်လို့ ဆိုခဲ့လေတော့ ကျန်တာတွေကို စတုတ္ထမဏ္ဍိုင်ထဲ ထည့်သွင်းမထားဘူးလားလို့ မေးစရာရှိတယ်။ ဘယ်နိုင်ငံမှာမဆို သတင်းစာနဲ့ သတင်းဂျာနယ်၊ မဂ္ဂဇင်းများကိုပဲ စတုတ္ထ မဏ္ဍိုင်ထဲ ပါဝင်တယ်လို့ သတ်မှတ်ပါတယ်။

ဘာကြောင့်လဲဆိုတော့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရားစီရင်ရေးဆိုတဲ့ မဏ္ဍိုင်ကြီးသုံးရပ်ရဲ့လုပ်ရပ်တွေကို နေ့စဉ်အခါမလပ် စောင့်ကြပ်ကြည့်ရှုပြီး နိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင်ဖြစ်တဲ့ ပြည်သူလူထုကြီးကို အစီရင်ခံတင်ပြတဲ့ တာဝန်ကိုထမ်းဆောင်နေရတဲ့အတွက်ဖြစ်တယ်။ ဒါကြောင့် သတင်းစာနဲ့ သတင်းမီဒီယာတွေကို ‘watch dog’ အိမ်စောင့်ခွေးလို့ ခေါ်ခဲ့ကြတာဖြစ်တယ်။

ဘဝချင်းမတူ

စတုတ္ထမဏ္ဍိုင်ထဲမှာ အကျုံးမဝင်ဘူးလို့ဆိုတဲ့အတွက် ကျန်တဲ့ဟာတွေက အလကားပဲ အသုံးမကျဘူးလို့ ဆိုလိုတာ မဟုတ်ဘူး။ နိုင်ငံတိုင်း၊ လူမျိုးတိုင်းအတွက် ပညာရေး၊ ကျန်းမာရေး၊ အားကစားကဏ္ဍများ အရေးကြီးသလို ဖျော်ဖြေရေးလည်း လိုအပ်တယ်။

ဒါပေမယ့် အဲဒီကဏ္ဍများရဲ့သဘာဝက အဓိကမဏ္ဍိုင်ကြီးသုံးရပ်ကို စောင့်ကြပ်ကြည့်ရှုတဲ့ ‘watch dog’ သဘာဝမဟုတ်ဘူး။ သတင်းစာနဲ့ သတင်းမီဒီယာလုပ်ငန်းတွေကသာ စောင့်ကြည့်ပြီး ပြည်သူကို အစီရင်ခံ တင်ပြတဲ့အလုပ်ကို လုပ်တာဖြစ်လို့ စတုတ္ထမဏ္ဍိုင်လို့ ခေါ်တာဖြစ်တယ်။

လူသူတော်ကောင်းကြီးတွေ

စတုတ္ထမဏ္ဍိုင်လို့ သတ်မှတ်ထားတဲ့အတွက် သတင်းမီဒီယာအလုပ်ဟာ အင်မတန်မှကို တာဝန်ကြီးတယ်။ နိုင်ငံသားတိုင်း လိုက်နာကျင့်ကြံရတဲ့ နိုင်ငံသားကျင့်ဝတ်အပြင် အင်မတန်တင်းကြပ်တဲ့ သတင်းသမားကျင့်ဝတ်တွေကိုလည်း လိုက်နာစောင့်ထိန်းရတယ်။ သတင်းသမားကျင့်ဝတ်တွေကို အတိအကျ အမှန်အကန် လိုက်နာစောင့်ထိန်းနိုင်ရင် အဲဒီ ပုဂ္ဂိုလ်ဟာ အလွန့်အလွန်ဖြူစင်တဲ့ ပုဂ္ဂိုလ်တယောက်လို့ သတ်မှတ်နိုင်ပါလိမ့်မယ်။

ဆရာ ဂျာနယ်ကျော် ဦးချစ်မောင်လို၊ ဆရာ လူထုဦးလှလို ပုဂ္ဂိုလ်များဟာ လူတွေကြားမှာ အင်မတန်ရှားတဲ့ လူသူတော်ကောင်းကြီးတွေပါ။ အင်မတန် ထူးချွန်ထက်မြက်တဲ့ သတင်းစာဆရာကြီးများလည်း ဖြစ်ကြတယ်။ ဒီလိုပုဂ္ဂိုလ်မျိုးက ဒီခေတ်မှာ ရှားတယ်။ ကမ္ဘာမှာကို ရှားတာ။ တော်သူတွေ ပေါပါတယ်။ တော်လည်းတော်ပြီး လူသူတော်ကောင်းကြီးတွေလို့လည်း ခေါ်နိုင်တဲ့ ပုဂ္ဂိုလ်မျိုးကတော့တွေ့ဖို့ မလွယ်ပါဘူး။

လူတော်ဆိုတာ

လူတော်လူကောင်းလို့ ပြောတဲ့အခါမှာ အကျယ်ဝိတ္တာရချဲ့ပြီးပြောဖို့ နည်းနည်းတော့ လိုအပ်တယ်။ လူတော်ဆိုတာနဲ့ ပတ်သက်လို့ကတော့ ပြောစရာမရှိပါဘူး။ ပညာရပ်နယ်ပယ်တခုခုမှာ ထူးထူးချွန်ချွန် ကျွမ်းကျင်တတ်မြောက်ထားသူကို လူတော်လို့ ခေါ်ကြတာပါပဲ။ နိုင်ငံလူမျိုး ကွဲပြားခြားနားမှု မရှိ၊ စံနှုန်းတခုတည်းပါပဲ။

တောင်အာဖရိကနိုင်ငံသား နှလုံး အစားထိုးခွဲစိတ်ကုသမှုလုပ်ခဲ့တဲ့ ဆရာဝန်ကြီး ခရစ္စတီယန်ဘားနာ့ဒ်ဟာ အမေရိကန်ရောက်တော့လည်း နှလုံးခွဲစိတ်ကုသ ဆရာဝန်ကြီးအဖြစ် အသိအမှတ်ပြုကြတာပါ။ အင်္ဂလန်က တွေးခေါ်ပညာရှင်ကြီး ဘာထရန်ရပ်ဆဲလ်ကို ကမ္ဘာတခုလုံးကလည်း တွေးခေါ်ပညာရှင်ကြီးအဖြစ် လေးစားကြပါတယ်။

လူကောင်းဆိုတာ

လူကောင်းဆိုတာကျတော့ ပြောစရာနည်းနည်းရှိလာတယ်။ ဘာကြောင့်လဲဆိုတော့ လူကောင်းလို့ သတ်မှတ်တဲ့နှုန်းစံက လူမျိုးတမျိုးနဲ့တမျိုး၊ နိုင်ငံတခုနဲ့တခု မတူကြလို့ဖြစ်တယ်။ အလွယ်ဆုံး ဥပမာပေးရရင် အရက်ကိစ္စကို ပြချင်တယ်။ အရက်သောက်တာကို ကမ္ဘာ့လူမျိုးတိုင်းလိုလိုက အပြစ်ကြီးတခုလို့ မယူဆကြတော့ဘူး။ အရက်သောက်တတ်လို့ လူကောင်းမဟုတ်ဘူးလို့ မသတ်မှတ်ဘူး။

ဗုဒ္ဓဘာသာ လက်ခံကျင့်သုံးတဲ့ မြန်မာလူမျိုးတွေကတော့ အရက်သောက်တာကို အပြစ်ကြီးတခု၊ သီလပျက်ယွင်းမှုတခုလို့ သဘောထားတယ်။ အရက်သောက်သူကို လူကောင်းလို့ မမြင်နိုင်ကြဘူး။ ဘုရားဂေါပကရွေးရင် တခြားစာရိတ္တပိုင်းမှာ ဘယ်လောက်ပဲကောင်းကောင်း၊ အရက်သေစာ သောက်စားသူဆိုရင် ဝင်ရောက် အရွေးခံခွင့်တောင် မရှိပါဘူး။ ဂေါပကအဖွဲ့တိုင်းရဲ့စည်းမျဉ်းမှာ ရှင်းရှင်းလင်းလင်း ဖော်ပြထားကြတယ်။

တောင်ပေါ်မြေပြန့် ခြားနားမှု

ဒါပေမဲ့ မြန်မာပြည်မှာလည်း တောင်ပေါ်နဲ့ မြေပြန့် မတူတာမျိုးတော့ ရှိသေးတယ်။ မြေပြန့်သားတွေက အရက်သောက်တာကို သီလပျက်ယွင်းမှုအဖြစ် ရှုမြင်ပေမယ့် အလွန်ချမ်းအေးတဲ့ တောင်ပေါ်ဒေသတွေမှာတော့ ဒီလို မမြင်တော့ဘူး။ အအေးဒဏ်ကို ကာကွယ်ဖို့ လူကြီး လူငယ် ကျားမ မရွေး အရက်သောက်ကြတယ်။

အနောက်နိုင်ငံတွေမှာလည်း ဒီလိုကွဲပြားမှုတွေရှိကြတာပဲ ဖြစ်တယ်။ အင်္ဂလိပ်ဘောလုံးသမားတွေ အိမ်ထောင်ဖက်အပေါ် သစ္စာမစောင့်မှုကြောင့် ပြဿနာဖြစ်ရတဲ့သတင်းတွေ အမြဲမပြတ်သတင်းစာတွေမှာ ဖတ်နေရတယ်။ အင်္ဂလိပ်တွေက ဒီကိစ္စကိုတော်တော် ရေးကြီးခွင်ကျယ် သဘောထားတယ်။

ပြင်သစ်ဘောလုံးလောကမှာတော့ ဒါမျိုးတွေကို သတင်းစာတွေက ရေးကြီးခွင်ကျယ် လုပ်ပြီးရေးလေ့ မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ ပြင်သစ်နိုင်ငံမှာက အိမ်ထောင်ဖက်အပြင် ချစ်သူ(Lover)ထားတာမျိုးက မဆန်းတော့တဲ့ကိစ္စအဖြစ် သဘောထားကြလို့ ဖြစ်တယ်။ ယောက်ျား၊ မိန်းမ ဘယ်သူမဆို 'ချစ်သူ' ထားကြတာပဲလို့ ပြောလေ့ရှိတယ်။

မတားပါဘူး

အတိအကျ အခိုင်အမာ ပြောချင်တာတခုတော့ ရှိတယ်။ မြန်မာလူမျိုးအဖြစ်နဲ့ မြန်မာနိုင်ငံမှာ နေထိုင်နေသမျှ ကာလပတ်လုံး မြန်မာလူမျိုးတို့ရဲ့ ရိုးရာအစဉ်အလာ ဓလေ့ထုံးစံတွေနဲ့ ယဉ်ကျေးမှုတွေကို စောင့်ထိန်း လိုက်နာရမယ်ဆိုတဲ့ အချက်ဖြစ်တယ်။

မျက်စိရှက်လို့

အထက်မှာပြောခဲ့တဲ့ စတုတ္ထမဏ္ဍိုင်ကိစ္စမှာလည်း နိုင်ငံနဲ့လူမျိုးအလိုက် ကွဲပြားခြားနားတဲ့ နှုန်းစံတွေရှိကြတယ်။ သတင်းသမားဆိုတာ အဖြစ်မှန်၊ သတင်းမှန်ကို အတိအကျ အမှန်အကန် ရေးသားတင်ပြရတယ်။ ဒါပေမဲ့ နိုင်ငံနဲ့ လူမျိုးရဲ့ ဓလေ့ထုံးစံ ယဉ်ကျေးမှုအလိုက် ခြားနားချက်တော့ ရှိကြတယ်။

မှုခင်းသတင်းတပုဒ်ကိုဖော်ပြရာမှာ အနောက်နိုင်ငံများက မှုခင်းကျူးလွန်သူရော၊ ကျူးလွန်ခံရသူကိုပါ နာမည်လိပ်စာ အတိအကျ ဖော်ပြလေ့ရှိတယ်။ ဂျပန်နိုင်ငံမှာတော့ သတင်းမီဒီယာ အများစုက နာမည်နဲ့ လိပ်စာနေရာမှာ ကွက်လပ်ထား ဖော်ပြကြတယ်။

အနောက်နိုင်ငံ သတင်းစာတွေမှာ မျက်နှာဖုံးသတင်းအဖြစ် အသားပေးဖော်ပြလေ့ရှိတဲ့ သတင်းတမျိုးဆိုရင် မြန်မာလူမျိုးတယောက်အနေနဲ့ ရေးသားဖော်ပြဖို့ဆိုတာ ထား။ ဖတ်ရမှာတောင် မျက်စိရှက်လို့ ကျော်ဖတ်သွားရတယ်။

စာနယ်ဇင်းကျင့်ဝတ်နဲ့ ပတ်သက်လို့ မကြာခဏ လာမေးကြတဲ့ လူငယ်တွေကို မြန်မာနိုင်ငံမှာ စာနယ်ဇင်းသမားကောင်းတယောက် အခေါ်ခံရဖို့က နိုင်ငံခြားမှာထက် ပိုခက်တဲ့အကြောင်း အမြဲပြောပြဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဗုဒ္ဓဘာသာရဲ့ သြဇာရိပ်ကြီးမားတဲ့ နိုင်ငံဖြစ်တော့ မြန်မာတွေက 'သီလ' ပိုင်းကို သိပ်အလေးထားတဲ့အတွက် ဖြစ်တယ်။

သာသနာပြုနဲ့တူတဲ့ အလုပ်

အရက်သောက်တာကြောင့် စာနယ်ဇင်းသမားကောင်း မဟုတ်ဘူးလို့ မပြောနိုင်ပါဘူး။ အရက် လုံးဝ မသောက်ပေမယ့် တခြားနည်းမျိုးစုံနဲ့ ပျက်စီးနေတဲ့ စာနယ်ဇင်းသမားတွေလည်း အများကြီးရှိပါတယ်။

အဓိကအကျဆုံးကတော့ စာနယ်ဇင်းသမားအလုပ်ကို ခုတုံးလို အသုံးချပြီး ကိုယ်ကျိုးစီးပွားရှာတဲ့အလုပ်မျိုး မလုပ်ဖို့ ဖြစ်ပါတယ်။ စာနယ်ဇင်းအလုပ်ဆိုတာ သာသနာပြုလုပ်ငန်းနဲ့တူတဲ့ မွန်မြတ်တဲ့အလုပ် ဖြစ်တယ်၊ ကိုယ်ကျိုးရှာသမားများနဲ့ လုံးဝ မအပ်စပ်တဲ့ အလုပ်ဖြစ်တယ်လို့ပဲ ဆိုလိုက်ချင်ပါတယ်။

http://www.news-eleven.com/ မှ ပြန်လည်ကူးယူ ဖော်ပြပါတယ်။

No comments: