Thursday, January 20, 2011

ချစ်သော ရဲဘော်များ ပြည်သူများ နှင့် မဟာမိတ်များ - ၈

ငှက်ပျောသီးလေး စားလိုက်၊ ထန်းလျက်ခဲ ကိုက်လိုက်၊ ပဲကြီးလှော် ဝါးလိုက်၊ ထမင်းချိန်မှာ ပေါင်မုန့်စားလိုက်နဲ့ တရွာဝင် တရွာထွက် စနည်းနာရပါတယ်။ ဒီခေတ်လို ရေသန့်ဘူး မရှိ။ ဆာတဲ့အချိန် တွေ့တဲ့ရွာ ရေဝင်တောင်း သောက်ကြတယ်။

ဘယ်ရွာကမှ သတင်းမရ။ တချို့အိမ်တွေက ဝင်လိုက်တာနဲ့ တံခါးပိတ်ပြီး ငြိမ်နေကြတယ်။ အသံပေးလည်း ထွက်မလာ။ တချို့အိမ်တွေက ပြတင်းပေါက်တွေက ချောင်းကြည့်နေတာ ရိပ်ခနဲ တွေ့လိုက်ရတယ်။

ညနေလည်း စောင်းလာပြီ။ ဆာကလည်း ဆာ။ တနေကုန် လျှောက်နေရလို့ လူတွေကလည်း ပန်းလှပြီ။ ကျနော့်ရှေ့က ဦးဆောင်နေသူ ရဲဘော်တောင် ခြေဒရွတ်ဆွဲနေရာက “ခက်တာပဲ” လို့ ညည်းစပြုနေပြီ။ ရွာတရွာကို လှမ်းဝင်ကြရပြန်ပြီ။ ဒီစဉ် ရွာထဲက ခွေးတအုပ် ပြေးထွက်လာပါတယ်။

ရဲဘော်က “ဟာ … ခွေးတွေနဲ့တော့ မဖြစ်ဘူး။ ကျနော်က ခွေးတော့ ကြောက်တယ်” ဆိုပြီး ကျနော့်ဆီ လာကပ်ပါတယ်။

ကျနော်လည်း သူရဲကောင်း မဟုတ်။ ခွေးတွေကလည်း ဆွဲတော့မလို တဟုန်တိုး ပြေးလာနေကြပြီ။ ဒေါသတွေက ဘယ်ကြို ဘယ်ကြားက ထွက်လာတယ်မသိ။

“ဖယ်စမ်း၊ ဖယ်စမ်း။ ဒီလောက်တောင် ကိုက်ချင်ကြတဲ့ကောင်တွေ လာ … ကိုက်စမ်း”

ဆိုပြီး ကျနော်က ခွေးအုပ်ဆီ ခပ်သွက်သွက်ထွက်ပြီး ရင်ဆိုင်လိုက်ပါတယ်။ ခွေးတွေက ဘာလုပ်လို့ ဘာလုပ်ရမှန်း မသိ၊ ခဏကြောင်ရပ်သွားပြီးမှ နောက်ပြန်လှည့်သွားကာ ခပ်လှမ်းလှမ်းကနေ ဟောင်နေပါတော့တယ်။

ရဲဘော်က ကျနော့်ကို အထင်ကြီးသွားပြီး …

“ဟာ … ခင်ဗျား တယ်စွမ်းပါလား”

လို့ အမှတ်ပေးပါတယ်။

ကျနော်က …

“ခင်ဗျားနှယ် ဘာဆန်းလို့လဲ၊ သူတို့ကကိုက်ရင် ကျနော်ကလည်း ပြန်ကိုက်မှာပေါ့ဗျ”

လို့ အဖြေပေးလိုက်တော့ သူက ကျနော့် မျက်နှာကိုစိုက်ကြည့်လိုက်ပြီး …

“ဟုတ်တယ်၊ ခင်ဗျားမျက်နှာက တကယ်ကိုက်မယ့်ပုံပဲ” တဲ့။

ရွာသား ၃-၄ ယောက် ထွက်လာပါတယ်။ ရဲဘော်က ခရီးသွားနေတာ အချိန်လည်း မရှိတော့ဘူး၊ ရွာမှာ တည်းခိုပါရစေ။ ထမင်းလည်း ဝယ်စားချင်တယ်။ ဆိုတော့ “ရပါတယ်” လို့ ပြောတယ်။ တကယ်က သူတို့ ရခိုင်သံကို ကျနော် အဓိပ္ပာယ် မပေါက်ပါ။ ရဲဘော်ကပဲ ဦးဆောင်ပြောဆိုနေခြင်း ဖြစ်ပါတယ်။

အိမ်တအိမ်မှာ ထမင်းကျွေးပါတယ်။ ပိုက်ဆံပေးတာ လက်မခံပါ။ စားပြီးလို့ လက်ဆေးခါရှိသေး။ သေနတ် ၂ လက် လွယ်ထားတဲ့လူ ၂ ယောက် ဝင်လာပါတယ်။ စကားများများ မပြော။ “လာ … လိုက်ခဲ့” ဆိုလို့ လိုက်သွားရပါတယ်။ ရွာအပြင် တောစပ်မှာ သေနတ်လွယ်ထားတဲ့ နောက် ၂ ယောက်ကို တွေ့လိုက်ရပြန်ပါပြီ။

တယောက်က ဘာကိစ္စလာသလဲလို့ မေးပါတယ်။ ‘ ပါတီကို လာရှာကြောင်း၊ ပါတီက ရဲဘော်တွေဖြစ်ကြောင်း’ ဖြေရတယ်။ ဘာအထောက်အထားပါသလဲ လို့ မေးပြန်ပါတယ်။ ကျနော့်ရဲဘော်က အားလုံးရှေ့မှာပဲ အောက်ခံဘောင်းဘီတို ခါးရှုံ့လိုင်းထဲက စာလိပ်လေးတလိပ် ဆွဲထုတ်ပြီး ပေးလိုက်ပါတယ်။

ခေါင်းဆောင် ရခိုင်ရဲဘော်က မှောင်ပျပျ လက်ကျန် နေရောင်လေး အကူအညီနဲ့ မျက်မှောင်ကုပ်ကြည့်နေပြီးမှ …

“ဟုတ်တယ်၊ အတွင်းရေးမှူးရဲ့လက်ရေးပဲ” တဲ့။

တယောက်က “ဘာတွေ ရေးထားသလဲ” လို့ မေးလိုက်တယ်။

“ဟာ … ဖတ်မရလို့ အတွင်းရေးမှူးရဲ့လက်ရေးလို့ ပြောတာပေါ့” တဲ့။

သူ့အဖြေ တိကျလိုက်ပုံက အတွင်းရေးမှူး ရဲဘော် ကျော်မြနဲ့ တွေ့တော့မှ အဓိပ္ပာယ်ပေါက် ပါတယ်။ ခုအထိ ဦးနှောက်စားရဆဲ။ (နာမည်ကျော် လက်ရေးပါ)

ပါလာသူရဲဘော်က ရှင်းလင်းပြောပြတယ်။ ကျနော့်ကို ရခိုင်ရဲဘော်တွေ လက်ထဲအပ်လိုက်ကာ နှုတ်ဆက်ပြီး ရွာသားတယောက်နဲ့အတူ လိုက်သွားပါတယ်။

သူတို့ခေါ်ရာ လိုက်ခဲ့ပါတယ်။ မိုးဖွဲဖွဲလေး ကျလာတယ်။ မှောင်မှောင်မဲမဲထဲမှာ အားစိုက်လိုက်ရင်း စဉ်းစားနေမိတယ်။ တောင်ယာတဲထဲ အိပ်ရမှာလား။ စိတ်ချရတဲ့ ရွာတရွာမှာ အိပ်ရမလား။ ပါတီပြောက်ကျားစခန်းကို တန်းခေါ်သွားမှာလားပေါ့။

ဆက်လက်ဖော်ပြပါမည်။


No comments: