ဒေါနတောင်ခြေနဲ့ မလှမ်းမကမ်းက ရွာတရွာက ဘုန်းကြီးကျောင်းမှာ စတည်းချပါတယ်။ ဘုန်းတော်ကြီးက အုန်း၊ ငှက်ပျော က အစ မုန့်မျိုးစုံ ချကျွေးပါတယ်။ ဝမ်ခသွားမှာမှန်းသိတော့ ဘုန်းကြီးက တွေးတွေးဆဆ ဖြစ်လာပါတယ်။ အစိုးရတပ်တွေ ဒေါနတောင်ဘက် တက်ကြတာ နေ့စဉ်ရက်ဆက်ပဲ။ ဖြစ်ပါ့မလား လို့ ပြောတယ်။ မကြာလိုက်ပါဘူး။ ညနေစောင်းတာနဲ့ တိုက်လေယာဉ် ၅ စင်း ပျံတက်လာကာ ဒေါနတောင်ခြေတလျှောက် ပစ်ခတ်ဗုံးကြဲနေတာ ကျောင်းဝင်းထဲက လှမ်းမြင်နေရပါတယ်။
ပထမဆုံးအတွေ့အကြုံမို့ စိတ်ဝင်တစား ရပ်ကြည့်နေမိပါတယ်။ ပစ်သံ ခတ်သံ သဲ့သဲ့ကြားရတယ်။ လေယာဉ်တွေဟာ လာလမ်းအတိုင်း ပြန်သွားလိုက်၊ ပြန်လာပြီးပစ်လိုက် လုပ်နေတာပါ။ မှောင်ရိပ်သန်းလာမှ ရပ်သွားပါတယ်။ ရှေ့မှာတော့ တိုက်ပွဲတွေ ဖြစ်နေပါပြီ။ ဘယ်လိုလုပ်မလဲ။
“ညီလေးရေ ပြန်မှဖြစ်မယ်ထင်တယ်ကွာ”
လို့ ဖထီးက ပြောပါတယ်။ ကျနော်က လက်တကမ်းရောက်နေတဲ့ အခွင့်အရေးကို လက်လွတ်မခံချင်ပါ။
“တခြားလမ်း မရှိဘူးလား” ဆိုတော့ …
“မရှိဘူး” ... တဲ့။
“ ၃/၄ ရက် စောင့်ကြည့်ပြီး ချောင်မှ သွားတာပေါ့” ပြောတော့လည်း …
“ တိုက်ပွဲသဘောအရ ပိုတောင်ကျပ်လာလိမ့်မယ်။ တယောက်တည်းဆိုရင် သွားရဲတယ်။ ညီလေး တခုခုဖြစ်သွားရင် ညီလေးတို့ပါတီကို ဘယ်လိုပြောရမလဲ။ မစွန့်စားချင်ပါနဲ့”
လို့ ပိတ်ပြောတာ ခံလိုက်ရတယ်။ နောက်တနေ့ အပြန်လမ်း သံလွင်ဘက် ဆင်း၊ ပဲ့ချိတ်တစင်း တားစီးပြီး စုန်လာခဲ့ကြတယ်။ ရွှေဂွန်းဆိပ်ရောက်တော့ အလာတုန်းကနဲ့မတူ ရေရေလည်လည် အစစ်အဆေး အမေးအမြန်းခံရပါတယ်။
ရိုင်းစိုင်းမောက်မာတဲ့ မဆလ တပ်သားတွေရဲ့ အပြုအမူ အပြောအဆိုတွေကြည့်ပြီး ကရင်ပြည်သူတွေရဲ့ဘဝကို စာနာ နားလည်မိလိုက်ပါတယ်။ ဖထီးကပဲ ချိုချိုသာသာ အောက်ကျို့တောင်းပန်ပြီး ဖြေပါတယ်။ ကျနော့်ကိုတော့ သိပ် စိတ်ဝင်စားပုံ မပြပါ။
“အလုပ်သွားလုပ်မလို့၊ တိုက်ပွဲတွေဖြစ်နေလို့ ပြန်လှည့်လာတာပါ”
ပြောရုံနဲ့ ပြီးသွားပါတယ်။ သူတို့ ဂိတ်ကိုကျော်တာနဲ့ စက်လှေသမားနဲ့ ခရီးသည်တချို့ရဲ့မေတ္တာပို့သံတွေ ဆူဆူညံညံထွက်လာပါတယ်။ ဒါပေမယ့် နောက်ဆိပ်ကမ်းက ပိုကြမ်းတာ တွေ့ရပါတယ်။ စက်လှေပေါ် တက်ကြည့် လှန်လှောရှာဖွေ ဆဲဆိုကြိမ်းမောင်းပြီးမှ ဆင်းသွားပါတယ်။
ဒီလိုနဲ့ ကျနော့်ခရီးလည်း အောင်မြင်စွာဆုတ်ခွာပြီး ရန်ကုန်ကို ပြန်ရောက်ခဲ့ပြန်တယ်။ သည်ခရီးက ဆိုးတော့ မဆိုး။
(၁) ငယ်ရွယ်စဉ်အခါက ပဉ္စမတန်း ဒေါင်းဖတ်စာထဲမှာပါတဲ့ ကျိုက်ထီးရိုးဘုရားကိုလည်း ဖူးတွေ့ခဲ့ရတယ်။
(၂) ဗမာပြည်မှာ အရှည်လျားဆုံးမြစ်ကို ဖြတ်ဖူးပြီ။
(၃) လက်နက်ကိုင်ထားတဲ့ သူပုန်စစ်သားဆိုတာကို ပထမဆုံး မြင်ဖူးပြီ။
(၄) ပထမဆုံးအကြိမ် ဗုံးကြဲတာလည်း မြင်ဖူးခဲ့ပြီကိုး။
မူလကျောင်းကို ပြန်မသွားတော့ပါ။ မြို့စွန် တခြား ဘုန်းကြီးကျောင်း တကျောင်း ပြောင်းနေပါတယ်။ အရင်ကျောင်းနဲ့ လုံးဝ ဆန့်ကျင်ဘက်ကျောင်း ဖြစ်ပါတယ်။ အတော်ဆင်းရဲတဲ့ ကျောင်းပါ။
ကျောင်းထိုင်ဘုန်းကြီးနဲ့ ဦးပဇင်း ၂ ပါးပဲ ရှိပါတယ်။ သို့သော် နံနက်စာလောက်တော့ ကျောင်းက ကျွေးနိုင်ပါတယ်။ ညနေစာကိုတော့ လမ်းဘေးဆိုင် ထွက်စားရတယ်။ ဒီခေတ်နဲ့မတူတာ တွေ့ရပါမယ်။ ဘုန်းကြီးကျောင်းမှာတည်းရင် ခုခေတ်လို အစစ်အဆေး အမေးအမြန်း မခံရပါ။ ထမင်း တနပ်ကလည်း (၂ ကျပ်/၃ ကျပ်)နဲ့ ပြီးနိုင်တယ်။ တံခွန်ဂျာနယ်ကို တမတ် (၂၅ ပြား) ပေးဖတ်နိုင်တယ်။
ဆက်လက်ဖော်ပြပါမည်။
No comments:
Post a Comment