Monday, January 10, 2011

သိက္ခာကို စွန့်လိုက်ရင် ဘာကျန်တော့မှာလဲ (လူထုစိန်ဝင်း)

"မြင်တာကို မြင်တဲ့အတိုင်း ကြားတာကို ကြားတဲ့အတိုင်း ဖြစ်တာကို ဖြစ်တဲ့အတိုင်း တိတိကျကျ၊ မှန်မှန်ကန်ကန် ရေးပြကြရတယ်။ လူမုန်းခံရမှာစိုးလို့ မရေးဘဲ မနေရဘူး။ အန္တရာယ်ပြုမှာ ကြောက်လို့ ဖုံးကွယ်မထားရဘူး။ ဒါမှ သတင်းသမား တာဝန်ကျေမယ်။ ဘယ်သူကမှ ရိုက်ခိုင်းလို့ လုပ်ကြတာ မဟုတ်ဘူး။ ကိုယ့်ရွေးချယ်မှုနဲ့ကိုယ် လုပ်ကြတာ ဖြစ်တယ်။ ကြောက်ရင် အစကတည်းက ဝင်မလာနဲ့။ အားနာတတ်ရင်လည်း သတင်းသမား မလုပ်နဲ့ ... "

နှစ်သစ်တခုကူးပြောင်းတော့ အသက်လည်း တနှစ် ကြီးသွားတယ်။ လူကြီး မဟုတ်တော့ဘဲ လူအို ဖြစ်သွားပြီ။ မအိုခင်က နာခဲ့ပြီးသားဆိုတော့ သိပ်သိသိသာသာကြီးတော့ ပြောင်းလဲသွားတာ မရှိဘူး။ ရုပ်ပိုင်းရော၊ စိတ်ပိုင်းရော ဆိုပါတော့။

မသိမသာပြောင်း

စာရေးအားလည်း ကျမသွားဘူး။ ပုံမှန်ရေးနေကျ နှုန်းအတိုင်း တနေ့ နှစ်ပုဒ် မှန်မှန်ရေးဖြစ်တယ်။ တချို့ရက်တွေဆိုရင် သုံးပုဒ်တောင် ဖြစ်ချင်ဖြစ်သွားတယ်။ သိသိသာသာကြီး ပြောင်းလဲတာ မရှိဘူးဆိုပေမယ့် မသိမသာ ပြောင်းလဲတာလေး တချို့တော့ရှိတာ သတိထားမိတယ်။ အထူးသဖြင့် စိတ်ပိုင်းဆိုင်ရာက နည်းနည်း ပြောင်းလာတယ်။ အသက်က စကားပြောတယ်ဆိုတာမျိုး ထင်ပါရဲ့။

စိတ်က အရင်ကလောက် မမြန်တော့ဘူး။ နှေးလာတယ်။ အတွေးလည်းနှေးပြီး တုံ့ပြန်နှုန်းလည်း နှေးတယ်။ အရင်က ဝမ်းသာစရာရိရင် ချက်ချင်း ဝမ်းသာသွားသလို ဝမ်းနည်းစရာရှိရင်လည်း ချက်ချင်း ဝမ်းနည်းသွားတယ်။ ဒေါသဖြစ်စရာ တွေ့ရင်လည်း ရှုးခနဲ ဒိုင်းခနဲ ချက်ချင်း မီးပွင့်ထွက်မတတ် ဒေါသကြီးတော့တာပဲ။ အခုတော့ တော်ရုံတန်ရုံ ကိစ္စလောက်ဆို သိပ်မတုန်လှုပ်တော့ဘူး။ လျစ်လျူရှုပြီး နကမ္မတိ သဘောထားလိုက်နိုင်တယ်။

လူ့သဘာဝပဲ

မျက်စိထဲ အမြင်မတော် ထော်လော်ကန့်လန့် ဖြစ်တာတွေတွေ့လည်း ဒါတွေဟာ လူ့သဘာဝပဲ။ နောက်ကျတော့ တမျိုးပြောင်းသွားကြမှာပါလို့ သဘောထားလိုက်နိုင်တယ်။ မကြားချင်တာတွေ ကြားနေရတဲ့အခါလည်း မောရင် သူတို့ ရပ်သွားကြမှာပဲဆိုပြီး လျစ်လျူရှုထားလိုက်နိုင်တယ်။

အရှက်မရှိ မျက်နှာပြောင်တိုက်ပြီး ဘယ်သူသေသေ ငတေမာပြီးရော လုပ်နေသူတွေကို တွေ့ရ၊ မြင်ရမှသာ ဝင်ပြောလိုက်ချင်တော့တယ်။ ဒီခေတ်မှာက ဒီလိုလူစားမျိုးတွေကလည်း အများသားဆိုတော့ ခဏခဏ ဝင်ပြောဖြစ်နေတယ်။ အထူးသဖြင့် အများအတွက်၊ အများအတွက်လို့ ပါးစပ်က အမြှုပ်ထွက်အောင် အော်ရင်းနဲ့ နောက်ကွယ်က ကိုယ်ကျိုးရှာနေတဲ့ လူမျိုးတွေကြောင့် ခဏခဏ ပြောနေရတာ ဖြစ်တယ်။

စာဖတ်ပရိသတ်ရဲ့ နားမျက်စိ


ကျန်းမာရေးကလည်း နုံချာလာတော့ အေးအေးဆေးဆေး စာကလေးဖတ်ပြီး နေချင်တော့တယ်။ နေရာတကာ ဝင်ပါ၊ ဝင်ပြော မလုပ်ချင်တော့ဘူး။ ဒါပေမယ့် ကိုယ်လုပ်နေတဲ့အလုပ်က အဲဒီလို လုပ်လို့ရတာမျိုး မဟုတ်ဘူး။ စာနယ်ဇင်း အလုပ်ဆိုတာက စာဖတ်ပရိသတ်များရဲ့ နားမျက်စိအဖြစ် လုပ်ရကိုင်ရတာ ဖြစ်လေတော့ မမြင်ချင်၊ မကြားချင်ပြုနေလို့ မရဘူး။

'သတင်းစာသမားဆိုတာ ပြည်ကြီးပခုံး၊ ပြည်ကြီးလက်ရုံး ဖြစ်တယ်' ဆိုတဲ့ ရှေးဆရာများရဲ့ အဆုံးအမအတိုင်း ထမ်းစရာရှိတဲ့ဝန်ကို ထမ်း၊ တိုက်စရာရှိတဲ့ ရန်ကိုတိုက်မှ တာဝန်ကျေမှာ ဖြစ်လေတော့ မလုပ်ချင်လည်း လုပ်၊ လုပ်ချင်လည်း လုပ်၊ မသေမချင်း လုပ်နေရဦးမှာပဲ။

လူလိမ္မာတွေများ

မလုပ်၊ မရှုပ်၊ မပြုတ်ဆိုတဲ့ 'မသုံးလုံး' ခေတ်ထဲမှာ လူမျိုးဆက်တဆက် သက်တမ်းမက နေခဲ့ကြရလေတော့ ဒီဘက်ခေတ်မှာ လူလိမ္မာတွေ တော်တော်များတယ်။ ''ကိုယ့်ထမင်းကိုယ်စားပြီး ကြီးတော်နွား အလကား မကျောင်းဘူး'' ဆိုပြီး ဘာဖြစ်ဖြစ် မျက်နှာလွှဲနေလေ့ရှိကြတယ်။ တချို့ကလည်း ''အူမတောင့်မှ သီလစောင့်နိုင်တယ်'' ဆိုတဲ့စကားကို လက်သုံးထားပြီး သီလကို ပစ်ပယ်ထားကြတယ်။ တချို့ကျတော့ ပါးစပ်က ဘုရားဘုရားနဲ့ တတွတ်တွတ်ရွတ်ပြီး လက်ကတော့ ကားရား၊ ကားရားနဲ့ ရသမျှ သိမ်းကြုံးယူနေတတ်ကြတယ်။

ဖုံးကွယ်မထားရ

သတင်းအလုပ်ဆိုတာက လူတွေကို သတင်းပေးတဲ့အလုပ် ဖြစ်တယ်။ လူတွေ သိချင်တာ၊ သိသင့်သိထိုက်တာ မှန်သမျှကို ရှာဖွေဖော်ထုတ် ရေးပေးကြရတယ်။ မမြင်ချင်ယောင်၊ မကြားချင်ယောင်ဆောင်နေလို့ မရဘူး။ မြင်တာကို မြင်တဲ့အတိုင်း ကြားတာကို ကြားတဲ့အတိုင်း ဖြစ်တာကို ဖြစ်တဲ့အတိုင်း တိတိကျကျ၊ မှန်မှန်ကန်ကန် ရေးပြကြရတယ်။ လူမုန်းခံရမှာစိုးလို့ မရေးဘဲ မနေရဘူး။ အန္တရာယ်ပြုမှာ ကြောက်လို့ ဖုံးကွယ်မထားရဘူး။ ဒါမှ သတင်းသမား တာဝန်ကျေမယ်။ ဘယ်သူကမှ ရိုက်ခိုင်းလို့ လုပ်ကြတာ မဟုတ်ဘူး။ ကိုယ့်ရွေးချယ်မှုနဲ့ကိုယ် လုပ်ကြတာ ဖြစ်တယ်။ ကြောက်ရင် အစကတည်းက ဝင်မလာနဲ့။ အားနာတတ်ရင်လည်း သတင်းသမား မလုပ်နဲ့။

ဘယ်လောက်ပဲဟန့်ဟန့်

သတင်းသမား အလုပ်ကို စုံရေမက်ရေ ရှိလွန်းလို့ လုပ်လာခဲ့တာ ရာစုတဝက် တိုင်ခဲ့ပြီ။ မသေမချင်း လုပ်နေဦးမှာပဲ။ ဇရာနဲ့ ဗျာဓိက ဘယ်လောက်ပဲဟန့်ဟန့် သတင်းအလုပ် လုပ်သမျှတော့ မြင်တာကို မြင်တဲ့အတိုင်း၊ ကြားတာကို ကြားတဲ့အတိုင်း၊ ဖြစ်တာကို ဖြစ်တဲ့အတိုင်း ရေးနေဦးမှာပဲ။ ဒါတင်မက အမြင်မတော်တာ၊ အကြားမတော်တာ မှန်သမျှကိုလည်း တွေ့တိုင်းတွေ့တိုင်း ထောက်ပြနေရမှာပဲ။ အနာပေါ်တုတ်ကျလို့ နာတဲ့သူတွေရှိလည်း မတတ်နိုင်ဘူး။ သတင်းသမား အလုပ်ကိုတော့ တာဝန်ကျေအောင် လုပ်ရမှာပဲ ဖြစ်တယ်။

ဝယ်ဖတ်တာ သိချင်လို့


အမြင်မတော်၊ အကြားမတော်တာ တွေ့တိုင်း ထောက်ပြနေလို့ကတော့ မောရုံသာရှိမယ်။ ကိုယ်က ဘာတတ်နိုင်တာမှတ်လို့ ဆိုပြီး ပြောသူတွေလည်း ရှိပါတယ်။ သတင်းသမားရဲ့အလုပ်က သတင်းပေးဖို့ပဲ။ စာဖတ်ပရိသတ်က ပိုက်ဆံပေးပြီး သတင်းစာ ဝယ်ဖတ်တာက မှန်ကန်တိကျတဲ့ သတင်းတွေ သိချင်လို့ ဖြစ်တယ်။ ဒါကို ပေးနိုင်ရင် တာဝန်ကျေတယ်။ ပြုပြင်တာ မပြုပြင်တာက သတင်းစာသမားရဲ့အလုပ် မဟုတ်ဘူး။ ဆိုင်ရာဆိုင်ရာ ကာယကံရှင်များရဲ့ ကိစ္စဖြစ်တယ်။ ပြင်တာ တွေ့ရင် ပြင်တယ်လို့ သတင်းသမားက ရေးမယ်။ မပြင်ရင် မပြင်ဘူးလို့ ရေးမယ်။ ဒါပဲ။

အားနာသလိုလို


အသက်ကလည်း ရလာ။ မြန်မာလူမျိုးကလည်းဖြစ်ဆိုတော့ တခါတခါ အမြင်မတော်တာ၊ အကြားမတော်တာ တွေ့တိုင်းပြောရမှာ အားနာသလိုလို ဖြစ်မိတယ်။ အဲဒီအခါ သတင်းသမားရဲ့ ကျင့်ဝတ်နဲ့ ထိပ်တိုက်တိုးမိတာမျိုးတွေ ရှိလာတယ်။

နောက်ဆုံးကျတော့ နှစ်ပေါင်း ငါးဆယ်လုံးလုံး စွဲစွဲမက်မက် လုပ်လာခဲ့တဲ့ သတင်းသမားအလုပ်ကိုပဲ တာဝန်ကျေအောင် ဆက်လုပ်ဖို့ ဆုံးဖြတ်ခဲ့တယ်။ တသက်လုံး လုပ်လာခဲ့တဲ့အလုပ်ကို သေခါနီးမှ ရေရောလိုက်မယ်ဆိုရင် တသက်လုံး လုပ်ခဲ့သမျှ အလကား ဖြစ်သွားတော့မှာပေါ့။ ကိုယ့်မှာ 'သိက္ခာ' ဆိုတာ တခုကလွဲပြီး ဘာများရှိလို့လဲ။ ဒီတခုတည်းရှိတဲ့ သိက္ခာကို စွန့်ပယ်လိုက်ပြီဆိုရင် ဘာများကျန်တော့မှာလဲ။

http://www.news-eleven.com/ မှ ပြန်လည်ကူးယူ ဖော်ပြပါတယ်။


No comments: