Tuesday, November 23, 2010

ကဲ ... ကျွန်တော်တို့ ဘာတွေ ချန်ထားခဲ့ကြမှာလဲ (လူထုစိန်ဝင်း)

လူတိုင်းပါးစပ်ဖျားမှာ လွယ်လွယ်ပြောတတ်ကြတဲ့ ရှေးရိုးစဉ်လာ စကားတချို့ကို သဘောမကျနိုင်ကြောင်း မကြာခဏဆိုသလို ရေးဖြစ်ခဲ့တယ်။ ဘုရားတောင် အမှီရှိမှပွင့်တယ်ဆိုတဲ့ စကားမျိုးဟာ ‘အတ္တာဟိ အတ္တနောနတ္ထော’ မိမိကိုယ်သာ ကိုးကွယ်ရာဆိုတဲ့ မြတ်စွာဘုရားသခင်ရဲ့ အဆုံးအမနဲ့ ဆန့်ကျင်နေရုံမျှမက ဘုရားသခင်ရဲ့ သဗ္ဗညုတ ရွှေဉာဏ်တော်ကိုပါ သေးသိမ်အောင်ပြုသလို ဖြစ်နေကြောင်း ရေးခဲ့ဖူးတယ်။

သီလကြောင်တွေက ခုတုံးလုပ်

အလားတူပဲ ‘အူမတောင့်မှ သီလစောင့်နိုင်တယ်’ ဆိုတဲ့ စကားကို အကျင့်ပျက် သီလကြောင်တွေက ခုတုံးလုပ်ပြီး ထင်ရာစိုင်းတတ်တဲ့အကြောင်းလည်း ရေးဖူးတယ်။ မကြာခင်လေးကတောင် ‘ရေကိုသားလို့ အကြားမထင်’ ဆိုတဲ့ တသွေးတည်း တသားတည်း စည်းလုံးညီညွတ်ရေး အညွှန်းစကားဟာ လူအမျိုးမျိုး စိတ်အထွေထွေ လောကမှာ မဖြစ်နိုင်ရုံသာမက ဒီမိုကရေစီရဲ့ သဘောနဲ့လည်း ဖီလာဆန့်ကျင်ဖြစ်နေတဲ့အကြောင်း ရေးဖြစ်လိုက်သေးတယ်။

စကားနောက် တရားပါ

အစိုးရဆိုတာ မိဘသဖွယ် တိုင်းသူပြည်သားများကို ရင်ဝယ်သားကဲ့သို့ စောင့်ရှောက်ရမယ်ဆိုတဲ့ စကားဟာ ပဒေသရာဇ် မင်းရှင်ဘုရင်များ အုပ်ချုပ်တဲ့ခေတ်နဲ့ လိုက်လျောညီထွေ ဖြစ်ပေမယ့် အစိုးရကို ပြည်သူလူထုက ရွေးကောက် တင်မြှောက်တဲ့ ဒီမိုကရေစီခေတ်မှာ မဲဆန္ဒရှင် ပြည်သူလူထုကသာ အကြွင်းမဲ့ အာဏာပိုင်စိုးသူ အကြီးအမှူး နာယက မိဘနေရာက ထားရမှာဖြစ်ပြီး အစိုးရနဲ့ အစိုးရဝန်ထမ်းများက (Public Servant) ပြည်သူ့အစေခံများသာ ဖြစ်ကြောင်းကိုလည်း ‘အစိုးရက မိဘလား၊ ပြည်သူက မိဘလား’ ဆိုတဲ့ ခေါင်းစဉ်နဲ့ ၁၁- ၁၁- ၂၀၁၀ နေ့ထုတ် ပြည်သူ့ခေတ်ဂျာနယ်မှာ ရေးခဲ့တယ်။

တချို့စကားတွေက ‘ပညတ်သွားရာ ဓာတ်သက်ပါ’ ဆိုသလို ဖြစ်နေတတ်တယ်။ တချို့ကျတော့ စကားလုံးကြောင့် ဝန်ထုပ်ဝန်ပိုးကြီးတခု ထမ်းထားရသလို လေးလံဖိစီးနေလေ့ ရှိတယ်။ အထက်မှာ ပြောခဲ့တဲ့ ‘ရေကိုသားလို့ အကြားမထင်’ တဲ့ ညီညွတ်ရေးဆိုတဲ့ စကားမျိုးဆိုပါတော့ တသွေးတသားတည်း ပေါင်းစည်း ညီညွတ်ရေးဆိုတဲ့ စကားလုံးကြီး ခေါင်းစဉ်ထဲမှာ အမြစ်တွယ်နေလေတော့ သဘောထားမတူ ကွဲပြားခြားနားတာကို နည်းနည်းလေးမှ သည်းမခံနိုင်တော့ဘဲ မတူတာမှန်သမျှ ရန်ဘက်ပဋိပက္ခလို့ မှတ်ယူလိုက်တော့တယ်။

ပညတ်နောက် ဓာတ်လိုက်

လူတကိုယ် စိတ်တမျိုးဆိုတာ သဘာဝတရားက ဖန်တီးပေးလိုက်တာပဲ။ မိဘနဲ့ သားသမီးတောင်မှ စိတ်ဓာတ် တထပ်တည်းကျတယ်လို့ ရှိမှမရှိတာ။ ဒါကို လူတိုင်းသိနေကြတယ်။ သိပေမယ့် တသွေးတသားတည်း ရေကိုသားလို့ အကြားမထင်သလို ပေါင်းစည်းညီညွတ်ရမယ် ဆိုတဲ့ ပညတ်နောက်ကို ဓာတ်ကလိုက်သွားတဲ့ သဘောကြောင့် မတူကွဲပြား ခြားနားမှုကို လက်မခံနိုင်အောင် ဖြစ်နေကြတယ်။ သည်းမခံနိုင်ရာက တဆင့်တက်တော့ ‘ငါနဲ့မတူ ငါ့ရန်သူ’ ဖြစ်သွားကြရော။ ဒီလိုနဲ့ပဲ ကမ္ဘာကြီးတခုလုံးမှာ ပဋိပက္ခတွေ ကြီးသထက် ကြီးထွားပြီး စစ်မီးတွေ မငြိမ်းနိုင်အောင် ဖြစ်နေကြတာ။

မြန်မာမှန်းသိအောင်

ရှေးရိုးစဉ်လာ ဓလေ့စရိုက်တွေနဲ့ ယဉ်ကျေးမှုတွေကို ထိန်းသိမ်းစောင့်ရှောက်ရမယ် ဆိုတာမှန်တယ်။ ဒါပေမယ့် ရှေးရိုးစဉ်လာတွေအတိုင်း အားလုံး လိုက်လုပ်ရမယ်၊ ပြောဆိုရမယ်၊ ကျင့်သုံးရမယ်လို့တော့ အဓိပ္ပာယ် မကောက်သင့်ဘူး။ ပြတိုက်ထဲမှာ ထိန်းသိမ်းထားသင့်တာတချို့ကို ထိန်းသိမ်း စောင့်ရှောက်ပြီး တချို့ကိုတော့ ကျမ်းစာအုပ်တွေထဲမှာပဲ သိမ်းထားသင့်တယ်။ ၂၁ ရာစုခေတ်အထိ ခေတ်မီနေသေးတဲ့ ရှေးရိုးစဉ်လာတွေ၊ ယဉ်ကျေးမှုတွေကိုတော့ မြန်မာပီသအောင်၊ မြန်မာမှန်းသိအောင် ဆက်လက် သုံးစွဲပြီး ရှင်သန်နေအောင် လုပ်ကြရမယ်။ ဒါမှ ကမ္ဘာ့အလယ်မှာ မြန်မာဆိုပြီး တင့်တယ် ဝင့်ကြွားနိုင်မှာ ဖြစ်တယ်။

ဆင်ခြေမပေးနဲ့

၂၁ ရာစုကို အမီလိုက်ဖို့ဆိုပြီး တိုးတက်တဲ့ သူများနိုင်ငံတွေဆီက အရာမှန်သမျှကို စကားအသုံးအနှုန်းကစ ယူသုံးနေလို့ မဖြစ်ပါဘူး။ နောက်ဆုံးပေါ်ခေတ်မီ နည်းပညာတွေနဲ့ပတ်သက်တဲ့ စကားလုံး ဝေါဟာရတွေကို ဘာသာပြန်လို့မရဘူး ဆိုတဲ့ ဆင်ခြေမျိုးပေးပြီး ဆင်ဝှေ့ရန်ရှောင်လုပ်ဖို့ မစဉ်းစားပါနဲ့။ ဒီ ဆင်ခြေမျိုးတွေနဲ့ပတ်သက်ပြီး လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက ဆရာကြီး ဦးဖေမောင်တင်က ပြောခဲ့ပြီးသားပါ။ အင်မတန် ခက်ခဲနက်နဲလှတဲ့ ဗုဒ္ဓမြတ်စွာဘုရားရဲ့ တရားတော်တွေကိုတောင် မြန်မာလို ဘာသာပြန်နိုင်ပါလျက်နဲ့ လောကီပညာရပ် တွေကို ဘာသာပြန်လို့ မရဘူးဆိုတာ မရှိပါဘူးလို့ ဆရာကြီးက ပြောခဲ့ပါတယ်။

ဘာချန်ထားခဲ့မှာလဲ

ကျွန်တော်တို့ အပျင်းထူပြီး ကြိုးစားအားထုတ်မှု မပြုကြလို့သာ ဘာသာမပြန်နိုင် တာပါ။ ရှေးစကားတွေ၊ စကားပုံတွေဆိုတာ ရှေးခေတ်က ပညာရှိကြီးတွေ ပြောခဲ့ကြ ရေးခဲ့ကြတာတွေပါ။ ကာလကြာညောင်းတော့ နောက်လူတွေက စကားပုံတွေလို့ သတ်မှတ်လိုက်ကြတာ ဖြစ်တယ်။ ရှေးလူကြီးတွေ သူ့ခေတ် သူ့အခါမှာ သူတို့ တာဝန်ကျေခဲ့ကြသလို အခု ၂၁ ရာစု လူသားတွေလည်း နောင်လာနောက်သားတွေအတွက် ဆိုရိုးစကားတွေ၊ စကားပုံတွေ ချန်ထားရစ်ကြ ရမှာ မဟုတ်ဘူးလား။ ကဲ ကျွန်တော်တို့ ဘာတွေ ချန်ထားခဲ့ကြမှာလဲ။

http://www.news-eleven.com/ မှ ပြန်လည်ကူးယူ ဖော်ပြပါတယ်။

No comments: