Sunday, November 21, 2010

ဘယ်သူ နိုင်ငံရေးသမားလဲ

နိုင်ငံရေးမလုပ်တဲ့သဘော မဟုတ်ဘူး

ဒီလို မယူဆတာက နိုင်ငံရေးကို စိတ်မဝင်စားလို့ မဟုတ်ဘူး။ မနှစ်သက်လို့လည်း မဟုတ်ဘူး။ နိုင်ငံရေးနဲ့ လုံးဝ ကင်းကင်းရှင်းရှင်း နေလို့လည်း မဟုတ်ဘူး။ သတင်းစာ အလုပ် လုပ်ရင်းနဲ့ နိုင်ငံရေး သတင်းတွေရေးသလို သုံးသပ် ဝေဖန်ချက်၊ ထင်မြင် ယူဆချက်တွေလည်း ရေးခဲ့တယ်။ နိုင်ငံရေးသမားမျိုးစုံနဲ့လည်း ထိတွေ့ ဆက်ဆံခဲ့တယ်။ နိုင်ငံရေး ပါတီတခုထဲ ပါဝင်ပြီး အချိန်ပြည့် နိုင်ငံရေးလုပ်သူ မဟုတ်တာကြောင့် နိုင်ငံရေးသမား မဟုတ်ဘူးလို့ ယူဆထားတာ ဖြစ်တယ်။ လုံးဝ နိုင်ငံရေး မလုပ်ဘူးဆိုတဲ့သဘော မဟုတ်ပါဘူး။

လှေခါးထမ်း ကော်ပုံးဆွဲ

တကယ်ကတော့ အရွယ်မရောက်မီကတည်းက နိုင်ငံရေး လုပ်ခဲ့တာပါ။ ကောလိပ်ရောက်တော့ အသက် ၁၆ နှစ် ပြည့်ခါစပဲ ရှိပါသေးတယ်။ မဲပေးနိုင်တဲ့အရွယ် မရောက်သေးပါဘူး။ အဲဒီခေတ်က အစဉ်အလာတိုင်း ကောလိပ်ရောက်တာနဲ့ တပ်ဦး အဖွဲ့ဝင် တန်းဖြစ်သွားပြီး လှေခါးထမ်း ကော်ပုံးဆွဲ အလုပ်တွေ လုပ်ခဲ့ပါတယ်။ သတင်းစာတိုက်ရောက်တော့လည်း တကသ ရွေးကောက်ပွဲ သတင်းတွေ ရေးလိုက်၊ ဖဆပလ၊ ပမညတ ဌာနချုပ်တွေသွားလိုက်နဲ့ နိုင်ငံရေးကိစ္စတွေနဲ့ ထွေးလုံး ရစ်ပတ် ဖြစ်နေခဲ့ရတယ်။ ကျောင်းနေဖက်တွေ ပမညတထဲ ရောက်သူရောက်၊ ဖဆပလထဲ ရောက်သူရောက်၊ ဗကပဖြစ်သူဖြစ်၊ အလံနီဖြစ်သူဖြစ် နောက်ဆုံး မဆလဖြစ်သူတွေ ဖြစ်သွားခဲ့ကြပေမယ့် ကိုယ်တိုင်ကတော့ ဘယ်ထဲမှ ရောက်မသွားခဲ့ဘူး။ စာနယ်ဇင်းလောကထဲမှာပဲ ရှိနေခဲ့တယ်။

နိုင်ငံဝန် ထမ်းတာချင်းအတူတူ


ပါတီဆိုင်းဘုတ်တခုအောက် ရောက်သွားပြီး အချိန်ပြည့် နိုင်ငံရေးသမား မဖြစ်ပေမယ့် ကိုယ့်ဟာကိုယ်တော့ နိုင်ငံရေး လုပ်နေတယ်လို့ပဲ ခံယူထားတယ်။ စာနယ်ဇင်း လုပ်ငန်းဆိုတာ၊ နိုင်ငံရဲ့လေးခုမြောက်မဏ္ဍိုင် မဟုတ်လား။ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးဆိုတဲ့ တခြားမဏ္ဍိုင်များနည်းတူ နိုင်ငံ့ဝန်ကို အတူတကွ ထမ်းဆောင်နေရတာပဲ ဖြစ်တယ်။ အဲဒါကြောင့် စာနယ်ဇင်းသမားဆိုတာလည်း အစိုးရအဖွဲ့ထဲက ဝန်ကြီး ဝန်ကလေးတွေလို၊ တရားလွှတ်တော်ချုပ်က တရားသူကြီးတွေလို၊ လွှတ်တော်ထဲက အမတ်တွေလို နိုင်ငံရေး လုပ်နေကြသူတွေပဲလို့ ယူဆတယ်။ ခေတ်အဆက်ဆက်မှာ နိုင်ငံရေးသမားတွေ ထောင်ထဲရောက်ကြသလို၊ စာနယ်ဇင်းသမားတွေလည်း ထောင်ထဲရောက်ကြရတာပါပဲ။

ကိုယ်ပိုင်ယုံကြည်ချက်ဖြင့် အလုပ် လုပ်တတ်စေချင်

အချိန်အခါ တခုက ကျောင်းဆရာ အလုပ်ကို နှစ်ပေါင်း နှစ်ဆယ်လောက် လုပ်ခဲ့ဖူးပါတယ်။ ဒီကျောင်းဆရာ အလုပ် လုပ်တာလည်း နိုင်ငံရေးလုပ်တယ်လို့ သဘောထားပြီး လုပ်ခဲ့တာဖြစ်ပါတယ်။ လူငယ်တွေကို ထမင်းစား ရေသောက် အင်္ဂလိပ်စကား တတ်ရုံလောက် သင်ပေးတာမဟုတ်ဘဲ မျက်စိပွင့် နားပွင့်ပြီး အရာရာကို ကိုယ်ပိုင် ဦးနှောက်နဲ့ ခွဲခြမ်း စိတ်ဖြာဝေဖန် သုံးသပ်တတ်အောင် ကူညီပေးတာ ဖြစ်တယ်။

ဖော်ဂွတ်သွားသူတွေ


အဲဒီခေတ် အင်္ဂလိပ် စကားပြော သင်တန်းလာတက်လာသူ အများစုက နိုင်ငံရပ်ခြား တိုင်းပြည် အသီးသီးကို အပြီးတိုင် ပြောင်းရွှေ့နေထိုင်ဖို့ (Far good) သွားရောက်ကြမယ့်သူတွေ များတယ်။ အခုခေတ်လို ကျောင်းတက်ဖို့၊ အလုပ်လုပ်ဖို့ ပတ်စပို့ ထုတ်ပေးလေ့ မရှိပါဘူး။ အဲဒီလို အပြီးအပိုင်သွားကြမယ့်သူတွေကို မြန်မာနိုင်ငံရဲ့ ချစ်စရာကောင်းတဲ့အချက်တွေ အသေးစိတ်ပြောပြပြီး "Home Sweet Home" ကိုယ့်အိမ်ကိုယ့်ယာထက် ကောင်းတဲ့နေရာ၊ ဘယ်မှာမှမရှိဆိုတဲ့ကဗျာကို တသုတ်ပြီး တသုတ် အဆက်မပြတ် သင်ကြားပေးခဲ့တယ်။ သူတို့ နိုင်ငံခြားထွက်တဲ့အခါမှာလည်း "Home Sweet Home" ဆိုတဲ့ ကောက်ရိုး ပန်းချီကားကို လက်ဆောင်ပေးလေ့ရှိတယ်။ တချို့တပည့်တွေရဲ့အိမ်မှာ အခုချိန်ထိ အဲဒီ ပန်းချီကားလေးတွေ ချိတ်ဆွဲထားကြတာကို သူတို့က ဂုဏ်ယူစွာနဲ့ ဓာတ်ပုံ ရိုက်ပို့ကြတယ်။ အဝေးရောက်နေကြပေမယ့် မြန်မာပြည်ကို မမေ့ကြသေးပါလားဆိုပြီး ကြည်နူးပီတိ ဖြစ်ရတယ်။

နိုင်ငံရေးသမားဆိုတာ


နိုင်ငံရေးလုပ်တယ်ဆိုတာ နိုင်ငံရေးပါတီဝင်မှ ရွေးကောက်ပွဲဝင်ပြီး အမတ်လုပ်မှ မဟုတ်ပါဘူး။ အများအကျိုးဆောင်ချင်တဲ့ ပရဟိတစိတ် ရှိသူမှန်သမျှ ဘယ်နေရာ ရောက်ရောက်၊ ဘာအလုပ် လုပ်လုပ် နိုင်ငံရေးလုပ်လို့ ရပါတယ်။ စကားလုံး ကြီးကြီးကျယ်ကျယ်တွေ ပြောဖို့ မလိုပါဘူး။ လူနားလည်ရခက်တဲ့ ဝေါဟာရတွေ မသုံးဘဲနဲ့ နိုင်ငံအတွက်တို့၊ ပြည်သူအတွက်တို့ ဆိုတဲ့ စကားမျိုးတွေ မပြောဘဲနဲ့ အများအတွက် အလုပ်လုပ်တဲ့သူမျိုးကိုမှ နိုင်ငံရေးသမားကောင်းလို့ ခေါ်နိုင်တာ ဖြစ်တယ်။ သူတော်စင် သူတော်ကောင်း ကျွတ်တမ်းဝင်ပုဂ္ဂိုလ်မြတ်များဟာ ကိုယ့်ကိုယ်ကိုယ် ရဟန္တာပဲလို့ ဘယ်တော့မှ ထုတ်ဖော်ပြောကြားလေ့ မရှိပါဘူး။ ကိုယ့်ဂုဏ်ကိုယ်ဖော် မသူတော် ဆိုတဲ့စကား အရှိသားမဟုတ်လား။

ညံ့တဲ့စာရေးဆရာ

စာတွေ ပေတွေရေးတဲ့အခါမှာလည်း အချစ်ဆိုတာ ဒါမျိုးပါ။ ကျွန်တော်ဆိုလိုတဲ့ အချစ်ဆိုတာက ဒီလိုဟာမျိုး ဖြစ်ပါတယ်လို့ စာရေးဆရာက ရေးပြနေရင်၊ အဲဒီ စာရေးဆရာဟာ တော်တော်ညံ့တဲ့ စာရေးဆရာ ဖြစ်တယ်။ ကျွမ်းကျင်တဲ့ စာရေးဆရာဆိုရင် အချစ်ဆိုတဲ့ စကားလုံးတလုံးမှ မသုံးဘဲနဲ့ အချစ်အကြောင်း ပြောပြနိုင်ရမယ်။ ရှေးအခါက ဇာတ်သဘင် ပညာရှင်ကြီးများဟာ ခုခေတ်လို ပစ္စည်းကိရိယာတွေရဲ့ အကူအညီ မပါဘဲနဲ့ အဆိုအပြော အမူအရာတွေနဲ့တင် ဇာတ်ရုပ်မျိုးစုံကို ပီပြင်အောင် သရုပ်ဆောင် သွားနိုင်ကြတယ်။ ဇောတိက သူဌေးကြီးအဖြစ် သရုပ်ဆောင်ရတဲ့အခါမှာလည်း ဇာတ်သေတ္တာကြီးပေါ် ထိုင်ရင်းနဲ့ ပွဲကြည့် ပရိသတ်က သူဌေးကြီးအဖြစ် မြင်သွားအောင် သရုပ်ဖော်နိုင်ကြတယ်။ ခုခေတ်လို မော်တော်ကားကြီးတွေ၊ မော်တော်ဆိုင်ကယ်ကြီးတွေ ဇာတ်ခုံမှာတင်ပြီးပြစရာ မလိုပါဘူး။

စံပြုအပ်တဲ့ ပန်းသာမစာအု

ဆင်းရဲသား ကာကဝလိယ အဖြစ် သရုပ်ဆောင်တဲ့အခါမှာလည်း တောင်ရှည်ပုဆိုးနဲ့ ဖဲအင်္ကျီလက်တို ဝတ်ပြီး အဆိုအပြောနဲ့ ဆင်းရဲသားသဏ္ဍာန်ထွက်အောင် သရုပ်ဆောင်သွားကြတယ်။ ခုခေတ်လို သရုပ်မှန်ဖြစ်ဖို့ ဆိုပြီး နံငယ်ပိုင်းနဲ့ စုတ်ပြတ် ဖာထေးထားတဲ့ အင်္ကျီဝတ်ပြီး သရုပ်ဆောင်ပြတာမျိုး မလုပ်ပါဘူး။ ခုခေတ်က ဝတ်တာ စားတာသာ ဆင်းရဲသားနဲ့ တူတာ၊ ပြောပုံဆိုပုံနဲ့ မျက်နှာပေးကတော့ ဆင်းရဲသား သရုပ်နည်းနည်းမှ မပေါ်ပါဘူး။ မှန်တာ ပြောရရင် ဒီခေတ်မှာ ဇာတ်ကောင်စရိုက် ပီပြင်အောင် ရေးနိုင်တဲ့ စာရေးဆရာ မရှိသလောက် ရှားတယ်လို့တောင် ဆိုနိုင်တယ်။ ရှေးက ဆရာသခင်ဘသောင်းရဲ့ ‘ပန်းသာမစာအု’ ဝတ္ထုကြီးဟာ နိုင်ငံခြားဝတ္ထုကို ဆီလျော်အောင် မြန်မာပြန်ထားတဲ့ဝတ္ထု ဖြစ်တယ်။ ဒါပေမယ့် ဇာတ်ကောင်စရိုက်တွေ ပီပြင်လွန်းလို့ ဖတ်သူတိုင်းက မြန်မာဝတ္ထုလို့ပဲ မှတ်ထင်ခဲ့ကြရတယ်။

ကြယ်နီ၊ အောင်စိုးတို့စာတွေ

အလားတူပဲ ကြယ်နီရဲ့ တံငါဝတ္ထုတွေထဲက ကိုဒေါင်းစိန် ဆိုရင်လည်း တကယ့်ကို တံငါလိုတွေး၊ တံငါလို ပြောပြီး၊ တံငါလိုပဲ ပြုမူတာကြောင့် ဒီနေ့အထိ တံငါဝတ္ထုတွေထဲမှာ တံခွန်စိုက်နေနိုင်ခဲ့တယ်။ အညာသား စာရေးဆရာ အောင်စိုးရဲ့ ညောင်ဦးနယ် တက်မရွာက အဘဖိုးစံရုံနဲ့ ရွာသူရွာသားတွေရဲ့ကုန်းခေါင်ခေါင် အညာဒေသက တောသူတောင်သားတွေရဲ့ စရိုက်တွေဟာလည်း ပီပြင်လွန်းတာကြောင့် ရှုမဝ ခေတ်အခါက နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲလို့ဆိုကြရတဲ့ တင့်တယ်တို့ ဝတ္ထုတွေနဲ့အပြိုင် စာဖတ်ပရိသတ်က စွဲမက်ခဲ့ကြရတယ်။

ဇာတ်ကောင်နဲ့ စရိုက်တခြားစီ

ခုခေတ် ဝတ္ထုတွေ ဖတ်ကြည့်လိုက်ရင်တော့ ဖတ်ပြီးစိတ်ပျက်ရတာပဲ များတယ်။ ကိုဒေါင်းစိန်တို့၊ ဖိုးစံရုံတို့လို ရင်ထဲမှ စွဲနေရစ်တာမျိုး မတွေ့ရဘူး။ ကျေးလက်က ဆင်းရဲသား လယ်သမား၊ ဒါမှမဟုတ် လယ်သူမလေးအကြောင်း ရေးတော့ရေးတာပဲ။ ဒါပေမယ့် ဇာတ်ကောင်နာမည်က စပြီး ကျေးလက် မဆန်တော့ဘူး။ မြို့က တက္ကသိုလ်ကျောင်းသူ ကျောင်းသားတွေလို နာမည်ဆန်းဆန်းတွေဖြစ်ပြီး ပြောကြတဲ့စကားတွေကလည်း ကဗျာဆန်ဆန်နဲ့ ရုပ်ရှင်ထဲက စကားတွေလိုဖြစ်နေတော့ ဇာတ်ကောင်နဲ့ စရိုက်က ဘာမှကို မဆိုင်တော့ဘူး။ အဲဒီတော့ ဘယ်လိုလုပ်ပြီး ရင်ထဲ စွဲတော့မှာလဲ။ နောက်ပြီး ပိုဆိုးတာက အချစ် အချစ် ဆိုတဲ့ စကားလုံးတွေ ဘုံးဘောလအော ပါနေပေမယ့် တကယ့် အချစ်ဆိုတာ မတွေ့ရခြင်း ဖြစ်တယ်။ စကားအနေနဲ့သာ အချစ် အချစ်နဲ့ ဇာတ်ကောင်တွေက ပြောနေကြတာ၊ စာရေးဆရာ ကိုယ်တိုင် အချစ်ဆိုတာ ဘာမှန်းသိပုံမရဘူး။

ဘယ်သူ နိုင်ငံရေးသမား စစ်စစ်လဲ

စာရေးဆရာက သူတို့သိပ်ဆင်းရဲကြပါတယ်လို့ တခွန်းမှဝင်မပြောဘဲနဲ့ ဆင်းရဲခြင်းအကြောင်းပေါ်အောင် ရေးနိုင်မှ အချစ်ဆိုတဲ့စကားလုံး တလုံးမှမပါဘဲနဲ့ အချစ်အကြောင်း ပေါ်အောင်ဖွဲ့နိုင်မှ စာရေးကောင်းလို့ သတ်မှတ်ပါတယ်။ အလားတူပါပဲ နိုင်ငံရေးလုပ်တဲ့နေရာမှာလည်း နိုင်ငံရေးစကားတွေ တခွန်းမှမပြောဘဲနဲ့ နိုင်ငံရေးလုပ်တတ်ဖို့ လိုပါတယ်။ အခု ခေတ်မှာ နိုင်ငံရေးသမားနာမည်ခံပြီး နိုင်ငံရေးမလုပ်ဘဲ ကိုယ့်အရေးကိုသာလုပ်တဲ့သူမျိုးရှိသလို နိုင်ငံရေးသမား နာမည်မခံပေမယ့် ကိုယ့်အရေးကို လစ်လျူရှုပြီး လူအများအရေး၊ နိုင်ငံအရေးကို လုပ်တဲ့သူမျိုးတွေလည်း ရှိပါတယ်။ ဘယ်သူဟာ နိုင်ငံရေးသမားစစ်စစ်လဲဆိုတာ ဘေးက အကဲခတ်ကြည့်လိုက်ရင် သိသာပါတယ်။

လူထုစိန်ဝင်း

ပေဖူးလွှာ မဂ္ဂဇင်း၊ အောက်တိုဘာလ ၂၀၁၀ မှ ပြန်လည်ကူးယူ ဖော်ပြပါတယ်။


No comments: