အရှိကို အရှိအတိုင်းကြည့်
သမိုင်းကို မေ့မပစ်ရ၊ ဖျောက်မပစ်ရသလို ဖျက်လည်း မပစ်ရဘူး။ ကိုယ်ကြိုက်သလို ပြုပြင်တာလည်း မလုပ်ရဘူး။ အရှိကိုအရှိအတိုင်း တန်ဖိုးထားထိန်းသိမ်း စောင့်ရှောက်ရတယ်။ သမိုင်းကို ပြန်လည်လေ့လာသုံးသပ်တဲ့အခါမှာ သူ့ခေတ် သူ့အခါက အခြေအနေအတိုင်း သုံးသပ်ရတယ်။ ကိုယ့်ခေတ် ကိုယ့်အခါကအမြင်နဲ့ သမိုင်းကိုဆုံးဖြတ်ရင် အမှန်ကို မရနိုင်ဘူး။ သမိုင်းကို ကိုယ့်အတ္တနောမတိနဲ့ မကြည့်ရပါဘူး။
ဆိုရှယ်လစ်စကား လူတိုင်းပြောနေတဲ့အချိန်က သမိုင်းဝတ္ထုရေးဆရာများက ရှေးဘုရင်များရဲ့ပါးစပ်က လုပ်သားပြည်သူတို့၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးတို့၊ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေးတို့ ဆိုတဲ့စကားတွေ တွင်တွင်ကြီး ပြောခိုင်းကြတာတွေ ဖတ်ခဲ့ရတယ်။ ပုဂံခေတ် ပဒေသရာဇ်ရှင်ဘုရင်တပါးရဲ့ အမြင်တွေက နှစ်ဆယ်ရာစု လူမှုတော်လှန်ရေးသမားတယောက်ရဲ့ အမြင်တွေဖြစ်ပြီး၊ ရှင်ဘုရင့်ပါးစပ်က ဆိုရှယ်လစ်စကားတွေ ထွက်နေတော့ ဖတ်ရတာ ပေါ့ပျက်ပျက်ဖြစ်ပြီး ဝတ္ထုအနေနဲ့လည်းမကောင်း၊ သမိုင်းအနေနဲ့လည်း အသုံးမကျဖြစ်သွားတော့တယ်။
အကွဲတွေ မီးမောင်းထိုးပြ
အသုံးမကျရုံဆို တော်သေးတယ်။ တချို့က မြန်မာ့သမိုင်းကို နောင်လာနောက်သားတွေ အထင်သေး အမြင်သေးဖြစ်ပြီး ယုံတမ်းစကားတွေအဖြစ် ပြက်ရယ်ပြုအောင် တမင်လုပ်သလို ဖြစ်နေတယ်။ အခုခေတ်မှာလည်း သမိုင်းကို ပြန်လည် ဖော်ထုတ်နေကြတယ်။ ရည်ရွယ်ချက်အမျိုးမျိုး၊ ပုံစံအမျိုးမျိုးနဲ့ တင်ပြကြတယ်။
အများအားဖြင့် စစ်မဖြစ်မီနဲ့ စစ်ပြီးခေတ် မြန်မာ့နိုင်ငံရေးအကြောင်းတွေကို ဖော်ပြကြတယ်။ အဲဒီလိုဖော်ပြရာမှာ ကောင်းတဲ့အပိုင်းကို မဖော်ပြကြဘဲ မကောင်းတဲ့ အပိုင်းကိုချည့် ဆွဲထုတ်ဖော်ပြနေကြတယ်။ ဖက်ဆစ်ဆန့်ကျင်ရေး၊ နိုင်ငံလွတ်လပ်ရေး ဆောင်ရွက်ချက်တွေကိုတော့ ချန်ထားပြီး၊ ဖဆပလနဲ့ ကွန်မြူနစ် အကွဲ၊ ကွန်မြူနစ်ပါတီ အကွဲ၊ တည်မြဲသန့်ရှင်း အကွဲ၊ ဦး ဗိုလ် သခင် အကွဲ စတဲ့ အကွဲအပြဲတွေကိုချည့် မီးမောင်းထိုးပြနေတယ်။
မြန်မာမျိုးချစ်ကြီးများရဲ့ ဝံသာနု
ဖဆပလ မတိုင်မီ ဝိုင်အမ်ဘီအေ၊ ဂျီစီဘီအေခေတ်တွေ အကြောင်းဖော်ပြတော့လည်း ရှေးမြန်မာ မျိုးချစ်ကြီးများရဲ့ ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုးအတွက် ဆောင်ရွက်ခဲ့ကြတဲ့ ဝံသာနုရက္ခိတ စိတ်ဓာတ်များကို လျစ်လျူရှုထားပြီး၊ အကွဲအပြဲတွေအကြောင်းချည့် တူးဆွရှာဖွေ ဖော်ထုတ်နေကြတယ်။
သင်ခန်းစာထုတ်ယူဖို့ဆိုပြီး သုံးသပ်ပြသူများကလည်း၊ သုံးသပ်တဲ့ခေတ်ရဲ့ အခြေအနေကို ထည့်မစဉ်းစားဘဲ အခု ၂၁ ရာစုအမြင်နဲ့ ရှုမြင်သုံးသပ်တာမျိုးပဲ လုပ်လေ့ရှိကြတယ်။ ဘာကြောင့် ကွဲတာ ပြဲတာတွေကိုချည့် မီးမောင်းထိုးပြနေကြတာလဲလို့မေးတော့ အကွဲအပြဲတွေကြောင့် တိုင်းပြည် ဘယ်လောက် ဒုက္ခရောက်ခဲ့ရတယ် ဆိုတာ သင်ခန်းစာယူကြစေချင်လို့၊ ညီညွတ်စေချင်လို့ဆိုတဲ့ အဖြေပဲ ခပ်လွယ်လွယ်ပေးကြတယ်။
ခုတ်ရာတခြား ရှရာတခြား
ဒီလိုဖော်ပြချက်တွေက လက်တွေ့မှာ ခုတ်ရာတခြား ရှရာတခြား ဖြစ်သွားတယ်ဆိုတာတော့ သူတို့ သတိမထားမိကြဘူး။ သူတို့ဖော်ထုတ်တာတွေကိုဖတ်ပြီး စာဖတ်သူများရဲ့အမြင်မှာ နိုင်ငံရေးသမားမှန်သမျှ ဘယ်သူမှ မကောင်းဘူး၊ နိုင်ငံရေးဆိုတာလည်း ကလိမ်ကကျစ် လုပ်နေကြတာပဲ။ အချင်းချင်း အာဏာလုပြီး ခွက်စောင်းခုတ်နေကြတာပဲဆိုတဲ့ အမြင်တွေပဲ ပေါ်ထွက်လာစေတယ်။
ဒီနေ့ဂျာနယ်တွေမှာ ဖော်ပြနေတဲ့ သမိုင်းကြောင်းစာတွေ၊ ကာတွန်းတွေကိုကြည့်ပြီး၊ ကလေးတွေကတောင် နိုင်ငံရေးသမားတွေကို ရယ်သွမ်းသွေးကြ၊ ပြက်ရယ်ပြုကြ လုပ်တာတွေ့ရတယ်။ ရင်နာစရာ သိပ်ကောင်းတယ်။ မြန်မာလူမျိုးမှန်သမျှ ဦးညွတ်အလေးပြုကြတဲ့ ‘ရဲဘော်သုံးကျိပ်’ ဆိုတာ အားလုံး နိုင်ငံရေးသမား သခင်တွေဘဝက ဗိုလ်ဖြစ်လာကြတယ်ဆိုတာ ကလေးတွေ မသိနိုင်ကြတော့ဘူး။ နိုင်ငံရေးသမားတွေ ဘယ်သူမှ မကောင်းဘူးဆိုတဲ့ စကားကို ဟိုးတချိန်တုန်းက ဂိုဏ်းအုပ်စုတခုက လူပုဂ္ဂိုလ်တချို့နဲ့ စာရေးဆရာတချို့က ရည်ရွယ်ချက်ရှိရှိနဲ့ တမင်တကာ ကြွေးကြော်လွှင့်ထုတ်ခဲ့ကြတာ ဖြစ်တယ်။
မတူညီမှုများဖြင့် ပေါင်းစည်းမှု
ညီညွတ်ကြစေချင်လို့ဆိုတဲ့ စကားကလည်း မစဉ်းစားဘဲ ခပ်ပေါ့ပေါ့ပြောရင် အဓိပ္ပာယ်ကောက်လွဲပြီး တလွဲဆံပင်ကောင်း ဖြစ်သွားစေနိုင်တာကြောင့် သတိထားပြောသင့်တယ်။ သဘာဝတရားကြီးကိုက လူ့လောကကို အသွင်သဏ္ဍာန်အမျိုးမျိုး ကွဲပြားခြားနားမှုတွေနဲ့ ဖန်တီးပေးထားတာ ဖြစ်တယ်။ မတူညီမှုများ၏ ပေါင်းစည်းမှုကို အခြေခံထားတာဖြစ်တယ်။
ဒါကြောင့်လည်း လူ့လောကဟာ ဖွံ့ဖြိုးတိုးတက်ပြီး အရောင်စုံ အသွေးစုံတွေနဲ့ လှပသာယာတဲ့ နေရာကြီး ဖြစ်နေတာပါ။ တရောင်တည်းခြယ်တဲ့ လောကကြီးဆိုရင် ဘယ်ဒီလိုသာယာလှပနေတော့မှာလဲ။ ကွဲပြားခြားနားခြင်းဆိုတာ သဘာဝဖြစ်လို့ မလိုလားအပ်တဲ့အရာ မဟုတ်ဘူး။ ကြောက်စရာမဟုတ်သလို စက်ဆုပ်စရာလည်းမဟုတ်ဘူး။ ကွဲပြားခြားနားခြင်းကြောင့် တိုက်ခိုက်ကြတာမဟုတ်ဘူး။ ‘မတူညီမှုများ၏ ပေါင်းစည်းမှု’ သဘောကို လူတွေက နားမလည် သဘောမပေါက်လို့ တိုက်ကြ ခိုက်ကြတာ ဖြစ်တယ်။
ရန်ဖြစ်တာ မပြည့်ဝလို့
အယူအဆမတူတာ သဘောထား ကွဲပြားခြားနားတယ်ဆိုတာ သဘာဝပဲ။ အယူအဆမတူလို့ ရန်ဖြစ်တယ်ဆိုတာက မပြည့်ဝတဲ့သဘော၊ မရင့်ကျက်တဲ့ သဘောဖြစ်တယ်။ လူတိုင်း ကိုယ်ယုံချင်တာ လွတ်လပ်စွာ ယုံခွင့်ရှိတယ်။ အခိုင်အမာ ကိုင်စွဲထားခွင့်ရှိတယ်ဆိုတာကို နားလည်သဘောပေါက်ပြီး မငြိုမငြင် လက်ခံနိုင်ခြင်းဟာ စိတ်ယဉ်ကျေးမှု အထက်တန်းကျသူများရဲ့ အခြေခံလူ့ကျင့်ဝတ်တခု ဖြစ်တယ်။ ဒီမိုကရေစီရဲ့ အနှစ်သာရလည်း ဖြစ်တယ်။
ရေကိုတားလို့ အကြားမထင်ဆိုတဲ့ ညီညွတ်ရေးမျိုးဟာ စကားအဖြစ်သာ ပြောလို့တင့်တယ်တာ။ တကယ် လက်တွေ့တော့ မရှိနိုင်ဘူး။ တသွေး တသံ တမိန့် ဆိုတဲ့ ညီညွတ်ရေးစကားမျိုးနဲ့ တသားတည်း ညီညွတ်ရေးဆိုတဲ့ စကားမျိုးဟာ၊ အဓိပ္ပာယ်ကောက် အယူလွဲရင် တလွဲဆံပင်ကောင်းဖြစ်ပြီး အကြွင်းမဲ့အာဏာရှင်စနစ်ကို ဦးတည်ရောက်ရှိသွားစေနိုင်တယ်။ သတိထား သုံးသင့်တယ်။
အစွဲတွေ ချွတ်ပစ်ရမယ်
လက်ရှိမြန်မာနိုင်ငံရဲ့ အခြေအနေဟာ နှစ် ၅၀ နီးပါး တပါတီ၊ တဖွဲ့တစည်းရဲ့ အုပ်ချုပ်မှုကနေ ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်ဆီ ကူးပြောင်းဖို့တာစူနေတဲ့ အချိန်ကာလ ဖြစ်တယ်။ ဒီအချိန် ဒီကာလမှ လူတိုင်းရဲ့ခေါင်းထဲမှာ ရိုက်သွင်းခံထားရတဲ့ (brain washed လုပ်ခံထားရတဲ့) နိုင်ငံရေးဆိုတာ ကိုယ်နဲ့မဆိုင်ဘူး၊ အုပ်ချုပ်သူ လူတစုနဲ့ပဲ ဆိုင်တယ်၊ ဝင်မစွက်နဲ့ ဝင်မပါနဲ့၊ ကြောက်စရာ ကောင်းတယ်၊ စက်ဆုပ်စရာ ကောင်းတယ်၊ နိုင်ငံရေးသမားဆိုရင် ဘယ်သူမှ မကောင်းဘူးဆိုတဲ့ အစွဲအယူအဆတွေကို ချေးချွတ်ပစ်ဖို့ အများကြီး ကြိုးစားကြရမယ်။
တိုင်းသူပြည်သားအားလုံး လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် အားတက်သရော တက်တက်ကြွကြွ ပါဝင်မလာသရွေ့ ဘယ်လိုဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးမှ မအောင်မြင်နိုင်ဘူး။
ကျေးဇူးမမေ့သင့်
ဒီလိုအခြေအနေမှာ သမိုင်းဖြစ်စဉ်တွေထဲက မကောင်းတဲ့ အစိတ်အပိုင်းတွေကို ဆွဲထုတ်ပြီး မီးမောင်းထိုးတင် ပြနေကြတာမျိုးတွေကို ဆင်ခြင်သင့်ကြတယ်လို့ သဘောရပါတယ်။ ရှေးက နိုင်ငံရေးသမားကြီးတွေနဲ့ နိုင်ငံရေး ပါတီကြီးတွေရဲ့ ကြိုးပမ်းအားထုတ်မှုတွေကြောင့် လွတ်လပ်တဲ့ မြန်မာနိုင်ငံရယ်လို့ ဖြစ်တည်လာရတာကို ကျေးဇူးမကန်းသင့်ဘူး။
နှစ်ပေါင်းတရာကျော် နယ်ချဲ့ဆန့်ကျင်ရေး တိုက်ပွဲများအတွင်း၊ ဖက်ဆစ်ဆန့်ကျင်ရေး တိုက်ပွဲများအတွင်း၊ အသက်စွန့်ခဲ့ကြရတဲ့ မျိုးချစ် အာဇာနည်သူရဲကောင်းများရဲ့ ကျေးဇူးကိုလည်း မမေ့သင့်ကြပါဘူး။
အောက်တိုဘာလ ၁၀ ရက်၊ ၂၀၁၀ ပြည့်နှစ်။
No comments:
Post a Comment