“ခင်ဗျားတို့ ဗမာစကားဟာ ဒါလောက် ဆင်းရဲသလား၊ ဒီစကားလုံးလေးတွေလောက်ကိုတောင်မှ ကိုယ့်ဘာသာစကားနဲ့ မရှိဘူးလား” စသဖြင့် အမေးခံရမှာကို တွေးရှက်မိပါတယ်။ ဒီအထဲမှာ အင်္ဂလိပ်စာလုံးပေါင်း မှားတာတွေကလည်း မနည်းလှတော့ နှစ်ခါပြန်ရှက်ရတာပေါ့။
ရုပ်ရှင်မင်းသမီး အင်တာဗျူးကအစ နိုင်ငံတကာရေးရာအလယ် သဘောတရားအသစ်တွေအကြောင်း ရေးရာအထိ ဗိုလ်စာတွေ ပွစာကျဲနေပါတယ်။ ပြောသူ (အင်တာဗျူး)၊ ရေးသူများကလည်း ဒီလိုပြောလိုက်ရ ရေးလိုက်ရလို့ အတော်လေးအာတွေ့၊ လက်တွေ့နေတဲ့သဘောတွေ တွေ့ရတဲ့အပြင် အယ်ဒီတာများကလည်း အင်္ဂလိပ်စာနဲ့ တင်လိုက်ရတာကို ကျေနပ်နေဟန် ရှိပါတယ်။
ဒါကြောင့် “ရေချမ်းချမ်းတခွက် ပေးပါ”ဆိုတဲ့ အသုံးအနှုန်းမျိုးတွေ မကြာခင်တွေ့ရတော့မလား တွေးနေမိပါတယ်။
ကျွန်တော် ခပ်ငယ်ငယ်က ကျွန်တော်တို့ သတင်းစာတိုက်ကို နေ့စဉ်လိုလို မပြတ်လာနေကြတဲ့ လူငယ်တွေ ရှိပါတယ်။ စာပေ အနုပညာရှင် ပညာတတ်တွေပါ။ သူတို့ဟာ အယ်ဒီတာအခန်းထဲက လူတွေနဲ့ လေပစ်လိုက်၊ အမေ့အခန်းထဲဝင် စကားပြောလိုက်၊ ဆွေရင်းမျိုးရင်းလို ရင်းနှီးသူတွေဖြစ်ကြပါတယ်။ သူတို့က အဲဒီလို မြိန်ရေရှက်ရေပြောကြရင်း သူတို့စကားထဲမှာ အင်္ဂလိပ်စကားတွေ ညှပ်ပြောတတ်ပါတယ်။
အဲဒီလိုပြောတာများလာရင် အမေက “မောင် … ရယ် မင်းပြောတဲ့ အင်္ဂလိပ်စကားတွေကို ဗမာလိုပြောရင်လည်း ရတယ်ထင်ပါတယ်” လို့ သတိပေးလေ့ရှိတာကို မှတ်မိနေပါတယ်။ အမေက သတိပေးတာဆိုတော့ အဲဒီလူတွေက (အခုထက်ထိ စာတွေ ရေးနေကြပါသေးတယ်) “အကျင့်ဖြစ်နေလို့ပါ ဒေါ်ဒေါ်ရယ်၊ ဆောရီးပါ” လို့ ဆိုလို့အမေက “ဟော လာပြန်ပြီ တခွန်း” လို့ သတိပေးရပြန်ပါသေးတယ်။
ဆိုလိုတာက အရင်က ဗမာပြည်လူ့အဖွဲ့အစည်းမှာ အင်္ဂလိပ်လို ညှပ်, ညှပ်ပြောတာကို လူတွေက အထင်မကြီးဘူး၊ တချို့ဆိုရင် လက်တောင်မခံချင်ဘူးဆိုတဲ့အကြောင်း ဖြစ်ပါတယ်။ ဒါ့အပြင် အဲဒီလိုပြောသူကို သာမန်လူထုကရော၊ တကယ့်ပညာတတ်တွေကပါ နှာခေါင်းရှုံ့တာလည်း မကြာမကြာ ကြုံရဖူးပါတယ်။
ဒါပေမယ့် အခုတော့ ဘယ်လိုဖြစ်ကုန်တာလဲ။ ဗမာပြည်မှာ အင်္ဂလိပ်စကား ဒါလောက် တွင်ကျယ်လာတာကို ထောက်ရင် ဒီနိုင်ငံမှာ အင်္ဂလိပ်စာရေချိန် တိုးတက်လာလို့လား။ ကြည့်ပါဦး။ လူနာမည်၊ ဆိုင်နာမည်။ ဟိုတယ်နာမည် စတာတွေတင်မကဘဲ မဂ္ဂဇင်း ဂျာနယ်တွေရဲ့ အမည်တွေပါ အင်္ဂလိပ်လိုဖြစ်နေကြပါလား။ နအဖ စစ်တပ်ကထုတ်နေတဲ့ ဂျာနယ်တခုရဲ့နာမည်ကတောင်မှ ‘နော့သင်း စတား’ တဲ့။ အဲဒါကြီးကို ဗမာလို ဘာသာပြန်လို့ မရဘူးလား။
ပြန်စဉ်းစားလိုက်ပါ။ ၁၉၈၈ ခုနှစ် မတိုင်ခင်က ဗမာပြည်စာနယ်ဇင်းသမိုင်းမှာ အင်္ဂလိပ်နာမည်နဲ့ ထုတ်ဝေတဲ့ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းရယ်လို့ ဘယ်နှစ်စောင်များ ရှိဖူးလို့လဲ။ တိုးတက်ရေး၊ သူရိယ၊ ရန်ကုန်၊ ကြေးမုံ စတဲ့ နာမည်တွေထက် အခု ဘိုနာမည်တွေက ပိုပြီးနားထောင် ကောင်းတယ်၊ သားနားတယ်လို့ ထင်နေကြဟန် တူပါတယ်။
ဒီနေရာမှာ ‘ကွန်ပြူတာ’ ‘မော်တော်ကား’ ‘ဘရိတ်’ စတဲ့ တွင်ကျယ်ပြီးသား မွေးစားဝေါဟာရတွေကိစ္စကို မဆိုလိုဘူးဆိုတာ အထူးပြောဖို့ မလိုဘူး ထင်ပါတယ်။ အခုပြောနေတာက - “music ဟာ beat တခုတည်းနဲ့ ဖန်တီးလို့ မရသလို lyric တခုတည်းနဲ့ ဖန်တီးလို့မရဘူးဆိုတာ သိရပါမယ်” ဆိုတဲ့ ရေးနည်းမျိုးပါ။ အဲဒီ အင်တာဗျူး စာတကော်လံကို အင်္ဂလိပ် စာလုံး ၅ဝ ကျော်ပါပါတယ်။ တလုံးမှ ဗမာလို ဘာသာပြန်မထားပါဘူး။
ဘာကြောင့် ဒီလိုတမင်လုပ်နေတယ်ဆိုတာကို ဒီနေရာမှာ မစောကြောလိုပါဘူး။ ဒါပေမယ့် ကိုလိုနီခေတ်တုန်းက ဗမာပြည်က စာပေပညာရှင်တွေရော၊ စာရေးသူတွေပါ ဗမာစာနဲ့ အင်္ဂလိပ်စာကို ရောရေးတာ လုံးဝ မလုပ်ဘူးဆိုတဲ့ အချက်ကိုတော့ ထောက်ပြလိုပါတယ်။
ပီမိုးနင်း၊ ရွှေဥဒေါင်း၊ ဇော်ဂျီ၊ မင်းသုဝဏ် စတာတို့လို အဲဒီတုန်းက ဆရာကြီးတွေဟာ အင်္ဂလိပ်စာအရာမှာ အခုဘိုလို ညှပ်ရေးနေသူတွေထက် မညံ့ဘူးလို့ ထင်ပါတယ်။ ဒါနဲ့တောင်မှ သူတို့ရေးသမျှဟာ မြန်မာနံ့ ထုံမွမ်းပြီး မြန်မာ့ဟန် မြန်မာ့အသံ လွှမ်းမိုးနေကြတာကို အားလုံး သတိရကြပါလိမ့်မယ်။
ခေတ်နောက်ကျလှတဲ့ ပဒေသရာဇ်လူ့အဖွဲ့အစည်းထဲကို နောက်ဆုံးပေါ် အရင်းရှင်စနစ်၊ ဆိုရှယ်လစ်စနစ်က အရာတွေ တင်သွင်းပေး၊ မိတ်ဆက်ပေးရာမှာ သူတို့ဟာ ဝေါဟာရတွေကို မြန်မာမှုပြုတာ၊ ဘာသာပြန်တာကို တာဝန်တခုလို ဂရုစိုက်လုပ်ခဲ့ကြပါတယ်။
အဲဒီခေတ်တုန်းကအသစ်ဆိုတာဟာ အခုခေတ်အသစ်ဆိုတာထက် အများကြီးပိုများပါတယ်။ တခုတော့ ပြောစရာ ရှိပါတယ်။ အဲဒီတုန်းက ဝေါဟာရတွေကို မြန်မာမှုပြုတယ်၊ ဘာသာပြန်တယ်ဆိုရာမှာ ပညာတတ်တွေကချည်း လုပ်တာမဟုတ်ဘဲ၊ လူထုကလည်း နေ့စဉ်ဘဝထဲမှာ လုပ်နေကြတာ ဖြစ်ပါတယ်။
ဒါကြောင့်လည်း ပညာရှင်မဆန်တဲ့ အသုံးတည့်တဲ့ စကားလုံး ဝေါဟာရတွေ အမြောက်အမြား ပေါ်ထွက်ခဲ့ပြီး ‘ဓာတ်ပြား’ ‘ဓာတ်လှေကား’၊ ‘စက်ဘီး’၊ ‘လေယာဉ်ပျံ’ စတာတွေဟာ လူထု ပါးစပ်ထဲကနေ လျှောခနဲ၊ လျှောခနဲ ထွက်လာနေတာပါ။
သူတို့ရင်ထဲ၊ ခေါင်းထဲမှာက “ဗမာစာသည် ဒို့စာ၊ ဗမာစကားသည် ဒို့စကား”ဆိုတဲ့ စိတ်ဓာတ်ဟာ သံမှိုနှက်သလို စွဲနေပြီးဖြစ်ပါတယ်။ ကိုယ်က သူတို့လို ခေတ်မီသင်္ဘောကြီးတွေ၊ လေယာဉ်ပျံကြီးတွေ မလုပ်နိုင်သေးပေမယ့် သူတို့လို စကားလုံးဝေါဟာရတော့ တီထွင်နိုင်ရမှာပေါ့ဆိုတဲ့ စိတ်ထားမျိုးရှိကြပါတယ်။ အခုတော့ “ဗမာစာသည် လူညံ့တွေရဲ့စာ၊ အင်္ဂလိပ်စာသည် (ငါတို့)လူတော်တွေရဲ့စာ” လို့များ ပြောချင်နေကြသလား မသိပါဘူး။
တကယ်ဆိုရင် စကားလုံးတခုကို ကိုယ်ဘာသာပြန်ရာမှာ ကိုယ်မကျေနပ်လို့ရှိရင် အင်္ဂလိပ်မူရင်းကို နံဘေးမှာ ကွင်းစကွင်းပိတ်နဲ့ ထည့်ပေးတာမျိုး လုပ်နိုင်ပါတယ်။ အခုတော့ ဗိုလ်လိုမှ ဗိုလ်လိုလုံးလုံး၊ နည်းနည်းမှ ရေမရောဘူး။ ဗမာစာလုံး တလုံးမှမပါဘဲ ရေးထားတာတွေ တွေ့နေရပါတယ်။ နောက်ပြီး လူနာမည်တွေကိုတောင်မှ အင်္ဂလိပ်လိုပဲ ရေးပါတယ်။ ဗမာလို အသံထွက်လေးတောင် မရေးဘူး၊ ဒါလောက်လေးမှ မဖတ်တတ်ရင် သူတို့ရေးတဲ့စာကို မဖတ်နဲ့လို့ ဆိုနေသလိုပါပဲ။
တကယ်တော့ ဒီနေ့ဖြစ်နေတာဟာ ဗမာစာပေလောကမှာ ရေကာတာကြီး ကျိုးပေါက်သလို အင်္ဂလိပ် ဝေါဟာရတွေ မလိုအပ်ဘဲ ဒလဟော ထိုးဆင်းလာနေတာပါ။ ဒါကို အခုတ်အထစ် နာမည်ကြီးလှတဲ့ နအဖရဲ့ စာပေကင်ပေတိုင် ဆိုတာက မတားပါဘူး။ သူတို့နဲ့မဆိုင်သလို လက်ပိုက်ကြည့်နေပါတယ်။ ဗိုလ်သန်းရွှေတို့ ထိပ်သီးပိုင်းကကော ဒါတွေကို မမြင်ဘူးလားဆိုတော့ သူတို့ ထိပ်ပိုင်းမှာ ဘယ်နှယောက်ကများ ပြည်တွင်းထုတ် စာပေတွေကို ဖတ်ကြသလဲ စဉ်းစားစရာဖြစ်ပါတယ်။
ဗမာစာပေရဲ့သမိုင်းကြောင်းသဘောနဲ့ ပြောရရင်တော့ ဒီလိုဖြစ်လာတာဟာ ဘာမှ မကြာလှသေးပါဘူး။ နအဖ တက်လာပြီးတဲ့နောက်ပိုင်းမှ ပေါ်ပေါက်လာတဲ့ပြဿနာပါ။ ဒါပေမယ့် ဒါဟာ နအဖခေတ်မှာ ဗမာနိုင်ငံသားတွေရဲ့ အင်္ဂလိပ်စာ ရေချိန်တိုးတက်လာတဲ့ လက္ခဏာတော့ မဟုတ်တာ သေချာပါတယ်။ လူငယ်တွေ နိုင်ငံရေးမလုပ်ရင်ပြီးရော မူးယစ်ဆေးဝါး သုံးသုံး၊ လောင်းကစား လုပ်လုပ်၊ ကြည့်သာနေလိုက်ဆိုတဲ့ သဘောထားနဲ့ တနွယ်ထဲဆက်နေတဲ့ စီမံချက်တွေကနေ နောက်ဆက်တွဲ ဖြစ်ပေါ်လာတာတွေ ဖြစ်ပါတယ်။
နအဖ ခွင့်ပြုထားတဲ့အကြောင်းတခုက ဗမာစာပေလောကကို အဲဒီလို ပြဿနာအသေးအမွှားလေးတွေထဲမှာ လုံးလားထွေးလား ရစ်ပတ်ရှုပ်ထွေးနေစေချင်တာရယ်၊ နောက်တချက်က အဲဒီလို ဝေါဟာရညှပ်ထားတဲ့ ဗမာစာနဲ့ရေးထားတဲ့ အကြောင်းအရာတွေဟာ သူတို့အတွက် အကျိုးရှိနေတာရယ်တို့ကြောင့် ဖြစ်ပါတယ်။
နအဖခေတ်မှာ ဗမာစာရေချိန် တိုးတက်လာသလား၊ ကျဆင်းနေသလားဆိုတာကတော့ အလွယ်ပြောလို့ရတဲ့ကိစ္စ မဟုတ်ပါဘူး။ ဒါပေမယ့် ဗမာစာဟာ ကပြားရုပ်ပေါက်လာတာကတော့ တကယ် တွေ့နေရပါပြီ။ ဗမာနိုင်ငံသားတွေဟာ တပတ်ရစ်ကားတွေပဲ စီးနေကြရသလို စာပေယဉ်ကျေးမှု အနုပညာမှာလည်း တပတ်ရစ် စာပေအနုပညာနဲ့ ကျေနပ်နေရတာဟာ အမှန်ပဲ ဝမ်းနည်းစရာကောင်းလှပါတယ်။
အရေးတော်ပုံ ဂျာနယ် အတွဲ ၁၊ အမှတ် ၁ မှ ပြန်လည်ကူးယူ ဖော်ပြပါတယ်။
No comments:
Post a Comment